အပြစ်မဲ့ သန္ဓေယူတော်မူသောသခင်မ ပွဲတော်ကြီး (ဒီဇင်ဘာလ ၈ ရက်နေ့)

အပြစ်မဲ့ သန္ဓေယူတော်မူသောသခင်မ ပွဲတော်ကြီး

(ဒီဇင်ဘာလ ၈ ရက်နေ့)

လူ့သမိုင်းအစကနဦးမှာကတည်းက ကျွန်စနစ်ဆိုတာ ရှိခဲ့ဖူးတယ်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ပွဲတွေတိုက်ကြလို့ အရေးနိမ့်ပြီး ရှုံးသွားတဲ့ နိုင်ငံက လူတွေကို အကျဉ်းသမားအဖြစ်၊ ကျွန်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားလေ့ရှိတယ်။ လူကို လူလို့ မမြင်ဘဲ အဆင့်နိမ့်တဲ့ အစေခံ၊ ခိုင်းဖက် ရိုင်းရိုင်းပြောရရင် ကျွန်အဖြစ် သွတ်သွင်းလိုက်ကြတာပဲ။ လူတွေကို ကျွန်အဖြစ် ရောင်းကြ၊ ၀ယ်ကြ၊ အလဲလှယ် လုပ်ကြနဲ့ သက်မဲ့ရုပ်ကလေးတွေလို ကြိုးဆွဲရာ ကကြရတဲ့ဘဝတွေ။ အရုပ်ကမှ တော်သေးတယ်၊ ကြည့်ပျော် ရှုပျော်ရှိပါသေးတယ်။ ကျွန်ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်က လူတွေခင်မျာ ဂုဏ်သိက္ခာတွေ တစ်ပြားတစ်ချပ်မှကို မကပ်နိုင်ရှာ။ အီစရာအဲလ်လူမျိုးတွေလည်း ဘာဘီလုံပြည်ကို ကျွန်အဖြစ်၊ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရဆိုတာ ကျမ်းစာထဲမှာ တွေ့နိုင်တယ်။ ကျွန်မိဘကနေ မွေးလာတဲ့ သားသမီးတွေလည်း မိဘက ကျွန်ဖြစ်သမို့ အလိုလိုနေရင်း ကျွန်မျိုးဆက်ကို ရရှိသွားပါတယ်။ အဖေကျွန် ၊ အမေကျွန်၊ သားသမီးမြေးမြစ်ထိ ကျွန်ဆိုပြီး ခေါင်းစဉ်တွေ တပ်လိုက်ကြတယ်။

ကျွန်ဖြစ်သွားတဲ့သူကို တခြားသူက ပိုက်ဆံပေး၀ယ်ပြီး လွတ်မြောက်အောင်လုပ်လို့ရတယ်။ ၀ယ်ယူလွတ်မြောက်ခံရတဲ့ ကျွန်ဟာ လွတ်လပ်တဲ့သူတစ်ယောက်ပြန်ဖြစ်သွားပါတယ်။ အရင်တုန်းက ကျွန်တွေကို အဲ့လိုမျိုး လွတ်မြောက်အောင် လုပ်ပေးခဲ့တာတွေရှိတယ်။ တချို့ဆိုရင် ကျွန် ကလေးတွေကို ၀ယ်တယ်။ ပြီးရင် လွတ်မြောက်ခွင့်ပေးတယ်။ တချို့ဆို မမွေးဖွားသေးတဲ့ကျွန်ကလေး၊ ဗိုက်ထဲမှာ ရှိနေတဲ့ ကလေးတွေကိုပါ ပိုက်ဆံပေး၀ယ်ပြီးလွတ်မြောက်စေတယ်။ ဘယ်လောက်တောင် အံ့သြဖို့ကောင်းလဲဆိုရင် မွေးတောင် မမွေးရသေးဘူး၊ သန္ဓေမတည်သေးတဲ့ ကလေးကို မမွေးခင်ကတည်းက ကြိုတင်ဘွတ်ကင်လုပ်ပြီး လွတ်မြောက်အောင် လုပ်ယူကြတယ်။ ဒီသဘောတရားကို ကျွန်ုပ်တို့ နားလည်ကြမယ်ဆိုရင် အမိမယ်တော်သခင်မရဲ့ အပြစ်မဲ့သန္ဓေယူခြင်းကို သဘောပေါက် လက်ခံနိုင်ပါလိမ့်မယ်။

ကျွန်ုပ်တို့လူတွေဟာလည်း အပြစ်ကြောင့် အပြစ်ရဲ့ ကျေးကျွန်ဖြစ်ကြရတယ်။ မိဘရင်းအပြစ်ဆိုတာ မျိုးရိုးလိုက်ပြီး သားစဉ်မြေးဆက် ဖျောက်ဖျက်မရအောင် စွဲကပ်ပါလာတယ်။ လူတိုင်းဟာ အပြစ်ရဲ့ ကျေးကျွန်တွေဖြစ်လာကြတယ်။ ဒါကို ဘုရားရှင်က သူ့ရဲ့သွေးနဲ့ ပြန်၀ယ်ပြီး အပြစ်ကျွန်ဘ၀ကနေ လွတ်မြောက်စေတယ်။ ဆေးကြောခြင်းမင်္ဂလာခံယူတဲ့အခါမှာ ကျွန်ုပ်တို့တွေဟာ မိဘရင်း အပြစ်ကနေ လွတ်မြောက်ကြတယ်။ အပြစ်ကျွန်ဘ၀ကနေ ဘုရားရဲ့သားသမီးအဖြစ် မွေးစားခံရတယ်။ လူတိုင်းလူတိုင်းက မွေးပြီးမှ ဆေးကြောခြင်းခံပြီးမှသာ အပြစ်ကျွန်ဘ၀ကနေ လွတ်ကြရပေမဲ့ ဘုရားရှင်ရဲ့ မိခင်ဖြစ်လာမယ့် မယ်တော်မာရီယားကိုကျတော့ မမွေးဖွားခင်ကတည်းက ကြိုတင်ပြင်ဆင်ပြီး မိဘရင်း အပြစ်မှ လွတ်ကင်းစေခဲ့တယ်။ အပြစ်မဲ့စွာနဲ့ မယ်တော်ကို မိခင်အာနားရဲ့ ၀မ်းထဲမှာ သန္ဓေတည်စေခဲ့တယ်။ တကယ်လို့သာ မယ်တော်သာ အပြစ်မဲ့ သန္ဓေမယူခဲ့ရင် မိဘရင်းအပြစ်ဆိုတာ ပါလာမှာပဲ။ ဒီလိုဆိုရင် ခရစ်တော်ဘုရားကို ဖွားမြင်တဲ့အခါ မိဘရင်းအပြစ်ဆိုတာကို လက်ဆင့်ကမ်းပေးသွားနိုင်တယ်။ အလွန် သန့်ရှင်းမြင့်မြတ်တဲ့ ဘုရားသခင်က သူကိုယ်တိုင် မြင့်မြတ်သန့်ရှင်းသလို မိမိကို လူအဖြစ်ဖွားမြင်ပေးမယ့် သူ့မိခင်ကိုလည်း ကြိုတင် မြင့်မြတ်စေခဲ့တာ သဘာ၀ကျ ပါတယ်။ တနည်းပြောရရင်တော့ အပြစ်နဲ့ မသက်ဆိုင်သောသူတစ်ယောက် ဖြစ်စေခဲ့တာပါ။

မယ်တော်သခင်မရဲ့ အပြစ်မဲ့သန္ဓေယူခြင်းအကြောင်းပြောရင် ယုံရခက်၊ လက်ခံရခက်နဲ့ နားလည်ဖို့ မလွယ်ပါဘူး။ ဒါကြောင့်လည်း မယ်တော်ရဲ့ အပြစ်မဲ့သန္ဓေယူခြင်းကို ယုံကြည်ရာယုံကြည်ချက်အဖြစ် အမိအသင်းတော်က သတ်မှတ်ပြီး ကြေညာဂုဏ်ပြုထားတာပါ။ မယ်တော်သခင်မနဲ့ စပ်လျင်းပြီး အသင်းတော်တွင်းမှာ အဓိက ယုံကြည်ရာအချက်ကြီး (၄)ခု ရှိပါတယ်။

(၁) မယ်တော်သခင်မသည် ဘုရားရှင်၏ မယ်တော် (၂) မယ်တော်သခင်မသည် ထာ၀ရ ကညာစင်

(၃) မယ်တော်သခင်မသည် အပြစ်မဲ့သန္ဓေယူခြင်း (၄) မယ်တော်သခင်မသည် ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရခြင်း

ဒီ(၄) ချက်ကိုတော့ ယုံကြည်ရာအချက်အဖြစ် သတ်မှတ်ပေးထားတယ်။ ဒီလိုယုံကြည်ရာအချက်တွေကို သတ်မှတ် ကြေညာဖို့အတွက် အမိအသင်းတော်ကြီးက အတိုက်အခိုက်တွေ၊ အယူလွဲမှားခြင်းတွေ၊ အတုအယောင်တွေကို ညီလာခံတွေနဲ့ ဆွေးနွေးဆုံးဖြတ်၊ ရင်ဆိုင်ဖြေရှင်းခဲ့ကြရတာဖြစ်တယ်။ အလွယ်တကူလေး ကောက်ခါငင်ကာ သတ်မှတ်ထားတာမဟုတ်ပါဘူး။ မယ်တော်သခင်မရဲ့ အပြစ်မဲ့သန္ဓေယူတော်မူခြင်းကို ယုံကြည်ရာအချက်အဖြစ် ပုပ်ရဟန်းမင်းကြီး န၀မမြောက် ပီဦးစ်က ၁၈၅၄ ခုနှစ်မှာ တရား၀င် တခမ်းတနား ထုတ်ပြန်ကြေညာတော်မူခဲ့ပါတယ်။

ဒီကြေညာချက်ထုတ်ပြန်ပြီး ၄ နှစ်အကြာ ၁၈၅၈ ခုနှစ် လုဒ်မြို့လေးမှာ ကလေးမလေး ဘဲနဒက်ကို "ငါဟာ အပြစ်မဲ့ သန္ဓေယူတော်မူတဲ့ သခင်မဖြစ်တယ်" လို့ အထင်အရှားပြပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မယ်တော်သခင်မနဲ့ ဆက်စပ်ပြီး အမိအသင်းတော်ကြီးက ထုတ်ပြန်ကြေညာလိုက်တာကို မှန်ကန်ကြောင်း ပိုပြီး အခိုင်အမာ ဖြစ်စေခဲ့ပါတယ်။

ကျွန်ုပ်တို့တွေ အမိမယ်တော်ရဲ့ အပြစ်မဲ့သန္ဓေယူတော်မူခြင်းပွဲကို ကျင်းပခြင်းအားဖြင့် ဘုရားသခင်ရဲ့ အံ့ဖွယ်ကောင်းသော ကယ်တင်ခြင်း စီမံကိန်းကို ပြန်လည်အောက်မေ့ကြရမှာဖြစ်ပါတယ်။ လူတွေကို အပြစ်ကနေ လွတ်မြောက်ပြီး ကယ်တင်ခြင်း ချမ်းသာပေးဖို့ ဘုရားရှင်ဟာ လူ့အဖြစ်ကို ခံယူဖို့ ရွေးချယ်ခဲ့တယ်။ မိမိကို သန္ဓေလွယ်မယ့် ၀မ်းကြာသိုက်ကိုလည်း အပြစ်ကင်းစေခဲ့တယ်။ မယ်တော်သခင်မ အပြစ်မဲ့သန္ဓေယူခြင်းဟာ ဘုရားသခင်ကြောင့်သာလျှင် ဖြစ်ပါတယ်။ ဘုရားရှင်ကြောင့်သာ မယ်တော်ဟာ အပြစ်ကင်းခဲ့တယ်။ ကျေးဇူးအပေါင်းနဲ့ပြည့်၀ခဲ့တယ်။ မယ်တော်သခင်မ အပြစ်မဲ့သန္ဓေယူခြင်းဟာ ဘုရားသခင်ကြောင့်ဖြစ်ပြီး ကျွန်ုပ်တို့အတွက်ဖြစ်ပါတယ်။ အပြစ်ကျွန်ဘ၀ကနေလွတ်မြောက်ဖို့ ကယ်တင်ရှင်ကို ကျွန်ုပ်တို့အတွက် မွေးဖွားသန့်စင်ပေးခဲ့တယ်။ ဘုရားရှင်ရဲ့ လူ့အဖြစ်ယူခြင်းကို အထိုက်တန်ဆုံး ပြင်ဆင် လက်ခံနိုင်ခဲ့သူဟာ အမိမယ်တော် တစ်ဦးတည်းသာ ရှိပါတယ်။

ယခု ကျွန်ုပ်တို့တွေ အာဒ်၀င်တူးကာလထဲမှာ ရောက်ရှိနေကြပြီး ခရစ်တော်ဘုရားရှင်ရဲ့ ကြွလာခြင်းကို ပြင်ဆင်နေကြတယ်။ ဒီလိုပြင်ဆင်ကြတဲ့အခါမှာ ဘုရားရှင်က မယ်တော်ကို မော်ဒယ်အဖြစ် အတုယူဖို့ စံနမူနာ ချပေးထားခြင်းဖြစ်တယ်။ အမိမယ်တော်လို အပြစ်မဲ့သန္ဓေမယူခဲ့ကြပေမဲ့ အပြစ်ကင်းအောင် ကြိုးစားရှောင်ရှားပြီး မိမိဘ၀ကို အကောင်းဆုံးပြင်ဆင်လျှောက်လှမ်းခြင်းအားဖြင့် ခရစ်တော်ဘုရားရှင်ကို ကျွန်ုပ်တို့ဘ၀ထဲမှာ လက်ခံကြိုဆိုနိုင်ပါလိမ့်မယ်။ အမိမယ်တော်ရဲ့ ပါရမီတွေကို အတုယူပြီး ဘုရားရှင်ကို မထိုက်တန်သော်လည်း ကျွန်ုပ်တို့ အကောင်းဆုံးအနေနဲ့ ကြိုးစားပြင်ဆင်ကြပါစို့လို့ တိုက်တွန်းဖိတ်ခေါ်လိုက်ရပါတယ်။

အပြစ်မဲ့သန္ဓေယူတော်မူသော သခင်မ

ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ ။

အာမင်။

- သီကိုရှင်း -

Add new comment

15 + 2 =