အပြင်းစား ယုံကြည်ခြင်း 13 Sunday 2021

အပြင်းစား ယုံကြည်ခြင်း

+++++++++++++++

ဒီတစ်ပတ်ဧဝံဂေလိကျမ်း ရှင်မာကု (၅ း ၂၁ - ၄၃)မှာ သခင်ယေဇူးက တရားဇရပ်မှုး ဂျိုင်းရုရဲ့ သမီးငယ်လေးကို အသက်ပြန်ရှင် စေခြင်းနှင့် သွေးသွန်နာစွဲကပ်နေတဲ့ အမျိုးသမီးကို ရောဂါပျောက်ကင်းစေတဲ့အကြောင်းကို ထောက်ရှုရပါတယ်။ တချို့သော သူတွေအတွက် ယုံကြည်ဖို့အတွက် သက်သေအထောက်ထားတွေ လိုအပ်တယ်။ ယုံကြည်ဖို့အတွက် တွေ့မြင်ဖို့လည်း လိုတယ်လို့ ဆိုကြတယ်။ တရားဇရပ်မှုးနှင့် ရောဂါသည် အမျိုးသမီးတို့အတွက်တော့ ယုံကြည်ဖို့အတွက် ဘာမှ တွေ့မြင်စရာ မလိုခဲ့ပါဘူး။ ဘုရားရှင်ရဲ့ တန်ခိုးလက္ခဏာ ကို မြင်တွေ့ဖို့အတွက်သာ သူတို့ ယုံကြည်ခဲ့ကြတယ်။ နှစ်ဦးစလုံးက ယုံကြည်ခြင်း၌ ပြင်းထန်ခဲ့ကြတာ မှန်ပေမဲ့ မတူညီတဲ့ အချက်ကလေးတွေ အနည်းငယ်ရှိပါတယ်။

တရားဇရပ်မှုးမှာတော့ ဂျိုင်းရုလို့ ခေါ်တဲ့ နာမည်ရှိတာကိုတွေ့ရပြီး အမျိုးသမီးကိုတော့ နာမည် မဖော်ပြ ထားပါဘူး။ သခင်ယေဇူးရဲ့ ခေတ်အချိန်အခါတုန်းက လူ့အသိုင်းဝိုင်းမှာ ဒီလို ခွဲခြား ဆက်ဆံမှုတွေရှိခဲ့တယ်။ အမျိုးသမီးနှင့် ကလေးငယ်တွေဆိုတာ လူ့အသိုင်းအဝိုင်းမှာ နေရာမရှိ၊ အရာမရောက်ပါဘူး။ သေအံ့ဆဲဆဲဖြစ် နေတဲ့ ဂျိုင်းရုရဲ့သမီးကိုလည်း နာမည်ထုတ်ဖော်မပြထားပါဘူး။ သခင်ယေဇူးက လူရာမသွင်းခံရတဲ့သူတွေကို ဂရုတစိုက်နဲ့ လူရာသွင်းပြခဲ့ပါတယ်။ ဂျိုင်းရုဆိုတာ တရားဇရပ်မှုးတစ်ယောက်ဖြစ်တယ်။ သူ့ကလေးနဲ့ သူ့ဘ၀ ကို သူထောက်ပံ့နိုင်စွမ်းရှိတယ်။ သွေးသွန်နာစွဲကပ်နေတဲ့ အမျိုးသမီးကတော့ ရောဂါပျောက်ကင်းဖို့အတွက် ရှိသမျှအကုန် ရောင်းချခဲ့ရတယ်။ ရောဂါဖိစီးလို့ ချွတ်ခြုံကျနေတဲ့အပြင် ဘယ်သမားတော်မှလည်း ကုသပေးခြင်း မရှိတော့ဘူး။ အားကိုးစရာဆိုလို့ သခင်ယေဇူး တစ်ပါးသာ ကျန်ရစ်တော့တယ်။ ဂျိုင်းရုမှာက တခြား နည်းလမ်း တွေ ရွေးချယ်စရာရှိပေမဲ့ သူမမှာတော့ ကိုယ်တော်မှ တစ်ပါး အခြားမရှိနိုင်တော့တဲ့အတွက်ကြောင့် ခရစ်တော်ရဲ့ တန်ခိုးလက္ခဏာကို အကြွင်းမဲ့ ယုံကြည်ခဲ့ပါတယ်။ ဒီအဖြစ်ပျက်ကို ကြည့်ပြီး ကျနော်တို့ကို စဉ်းစားစေတာက လောကမှာ ပိုက်ဆံရှိရှိ၊ မရှိရှိ၊ ပြည့်စုံလို့ပဲဖြစ်ဖြစ်၊ ချို့တဲ့လို့ပဲဖြစ်ဖြစ် အရာအားလုံးထက် ဘုရားသခင်ကို ယုံကြည်အပ်နှံဖို့ လိုတယ်ဆိုတာပါပဲ။

နောက်တစ်ချက် သူတို့နှစ်ဦးကြားက မတူညီတာလေးတစ်ခုကတော့ ဂျိုင်းရုက တရားဇရပ်မှုးဆိုတော့ ဘုရား ၀တ်ပြုခြင်းတွေ ဗိမ္မာန်တော်မှာ တရားဇရပ်မှာ အချိန်မရွေး လုပ်နိုင်တယ်။ ရောဂါသည်အမျိုးသမီးက သွေးသွန် နာ ဆိုတဲ့ ရောဂါစွဲကပ်နေတာကြောင့် ဘာသာရေး ဝိနည်းအရ မသန့်ရှင်းဘူးလို့ သတ်မှတ်ခံထားရတယ်။ ဒါကြောင့် ဘုရားသွား ကျောင်းတက်ဖို့လည်း မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ရှေ့မျက်မှောက်မှာ သန့်ရှင်း သူတွေ၊ မသန့်ရှင်းသူတွေဆိုတာ မရှိဘူး။ ရဟန္တာရော၊ အပြစ်သားရော အားလုံးက အတူတူပါပဲ။ ဘုရားကို ချဉ်းကပ်ဖို့ သန့်ရှင်းမြင့်မြတ်နေမှ မဟုတ်ပါဘူး။ အပြစ်မကင်းလို့ ဘုရားနဲ့ မထိုက်တန်ဘူးဆိုပြီး ၀န်လေးနေဖို့ မလိုပါဘူး။ ဘုရားရှင်က ကျနော်တို့ကို အရှိအတိုင်း၊ အဖြစ်အတိုင်း လက်ခံတယ်။ ချစ်တယ်။ ကျေးဇူးတော်တွေ ပေးတယ်။ ကျနော်တို့ဘက်က ချဉ်းကပ်ရဲဖို့ပဲ လိုပါတယ်။ ဂျိုင်းရုနဲ့ အမျိုးသမီးတို့ရဲ့ ဘုရားဆီ ချဉ်းကပ်ပုံလည်း မတူကြပါဘူး။ ဂျိုင်းရုက သူ့သမီး အသက်ပြန်ရှင်ဖို့ နှိမ့်ချ ပွင့်လင်းစွာ လူတွေအရှေ့မှာ အသနားခံတယ်။ အမျိုးသမီးကတော့ လူတွေရဲ့ ပယ်ကျဉ်မှုကို ခံထားရတာကြောင့် ချဉ်းကပ်ဖို့တောင် မဝံ့မရဲ ဖြစ်နေရှာတယ်။ လူ မသိ သူမသိ တိတ်တိတ်ကလေး ကိုယ်တော့်ရဲ့ ၀တ်ရုံတော်ကို ထိဖို့ ကြိုးစားခဲ့တယ်။ တိတ်တိတ်လေးဆိုပေမဲ့ ရိုးသားယုံကြည်စွာနဲ့ ထိတွေ့ခဲ့တာပါ။ ဘုရားရှင်ဆီ ချဉ်းကပ်တဲ့အခါမှာ ဂျိုင်းရုလို နှိမ့်ချပွင့်လင်းဖို့ လိုသလို ရောဂါသည်အမျိုးသမီးလို ရိုးသာယုံကြည်ဖို့လည်း လိုပါတယ်။

သေချာတာတစ်ခုကတော့ သူတို့နှစ်ဦးစလုံးဆီမှာ ကြီးမားတဲ့ အပြင်းစား ယုံကြည်ခြင်း ရှိခဲ့ပါတယ်။ နှစ်ယောက်စလုံးက ခရစ်တော်က သူတို့ကို ကုစားပေးနိုင်စွမ်းရှိတာကို ယုံကြည်ထားကြတယ်။ အဲ့ဒီယုံကြည်ခြင်းတစ်ခုနဲ့တင်ကို လုံလောက်သွားခဲ့ပါပြီ။ ယုံကြည်ခြင်းကြောင့် ဘုရားရှင်ဆီ တိုး၀င်ချဉ်းကပ်ရဲသလို ဘုရားရှင်ရှေ့ ဒူးထောက် အသနားခံ တောင်းလျှောက်ရဲခဲ့တယ်။ ယုံကြည်ခြင်းကြောင့် ၀တ်လုံတော်လေးထိရုံနဲ့ ပျောက်ကင်းနိုင်မယ်ဆို တာ တပ်အပ်သိနေခဲ့တယ်။ ယုံကြည်ခြင်းသာမရှိရင် တချို့လွယ်ကူတဲ့အရာတွေတောင် မဖြစ်နိုင်ဘူးဆိုပြီး ခက်ခဲကောင်း ခက်ခဲသွားတတ်တယ်။ ယုံကြည်ခြင်းက ကယ်တင်ခြင်းအတွက် အခရာ ကျလွန်းလှတယ်ဆိုတာ ကျနော်တို့ကို ထောက်ရှုခွန်အားပေးနေပါတယ်။

နောက်ထပ် စိတ်၀င်စားဖို့ကောင်းတာတစ်ခုက ခရစ်တော်ဘုရားရှင် မေးလိုက်တဲ့ မေးခွန်းလေးပါ။ “ငါ့ကို ဘယ်သူ တို့ထိလိုက်တာလဲ” တဲ့။ ဒီမေးခွန်းက ထိတ်လန့်အားငယ်နေတဲ့ အမျိုးသမီးကို ပိုပြီးခြောက်ခြား သိမ်ငယ်သွားအောင် အရှက်ရစေအောင် ရည်ရွယ်ပြီး မေးလိုက်ခြင်းမဟုတ်ပါဘူး။ ကိုယ်ကမ္ဘာကျဉ်းကျဉ်းလေး ထဲမှာ အားငယ်ခြင်းကို အကျဉ်းချပြီး မိမိကိုယ်ကို ပိတ်လှောင်ထားတဲ့ အဲ့ဒီအမျိုးသမီးကို လွတ်မြောက်စေချင်လို့ ပါ။ သူမ ခံစားနေရတဲ့ ဝေဒနာတွေ ခံစားချက်တွေကို ကိုယ်တော် သိနားလည်ပါတယ်။ ဘုရားရှင်ဆီ ချဉ်းကပ်ဖို့ ကြောက်ရွံ့ တုန်လှုပ်မနေပါနဲ့။ လွတ်လပ်ယုံကြည်စွာနဲ့ ချဉ်းကပ်လို့ ရတယ်ဆိုတာကို ပြသခဲ့တယ်။ သခင်ယေဇူးက ရောဂါ ကုသတဲ့အခါမှာ ခန္ဓာပိုင်းပဲ ပျောက်ကင်းစေတာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ပိုင်းဆိုင်ရာ၊ လူမှုအသိုင်းဝိုင်းဆိုင်ရာ ဒဏ်ရာတွေအားလုံးကိုပါ ကုသပေးချင်တာဖြစ်ပါတယ်။ ဒါကြောင့် သူမကို ရောဂါပျောက်ကင်းရုံတင်မက လူ့ဘောင်အတွင်းမှာလည်း လူသားတစ်ဦးအဖြစ် လူရာပြန်သွင်း ပေးခဲ့ ပါတယ်။

နိဂုံးချုပ်အနေနဲ့ ဧဝံဂေလိကျမ်းစာရဲ့ ထူးခြားချက်တစ်ခုကို ဆက်လက်ဝေမျှချင်ပါတယ်။ အဲ့ဒါကတော့ ၁၂ ဆိုတဲ့ နံပါတ် ကိန်းဂဏန်းတစ်ခုပါပဲ။ အမျိုးသမီးက သွေးသွန်နာကို ၁၂ နှစ်တိုင် ခံစားခဲ့ရတယ်။ သေအံံ့ဆဲဆဲ ဂျိုင်းရုရဲ့ သမီးက ၁၂ နှစ်အရွယ်သာ ရှိသေးတယ်။ ၁၂ ဆိုတာ အီစရာအဲလူမျိုး ၁၂ မျိုးကို ကိုယ်စားပြုထား တယ်။ တရားဇရပ်မှုးက ဂျူးလူမျိုးမဟုတ်ဘူး။ အမျိုးသမီးက ဂျူးဆိုပေမဲ့ အပယ်ခံရတဲ့ ဂျူးလူမျိုး။ ပြောချင်တာက ဘုရားရှင်ရဲ့ လောကသို့ကြွလာခြင်းဟာ ဂျူး လူမျိုးတွေအတွက် သီးသန့်မဟုတ်ပါဘူး။ လူအားလုံးအတွက် ဖြစ်ပါတယ်။ ခရစ်တော်က သင့်အတွက် ဖြစ်တယ်။ တို့အားလုံးအတွက်ဖြစ်ပါတယ်။ လူအားလုံးကို ပျော်ရွှင်စေချင်တယ်။ အသက်တာကို အပြည့်၀ ခံစားစေချင်တယ်။ ဒါကြောင့်မို့ ပထမကျမ်းစာ ဉာဏ်ပညာတော်ကျမ်းမှာ ဘုရားသခင်က သေခြင်းတရားကို ဆောင်ကျဉ်းတဲ့သူ မဟုတ်ဘူး။ အပြစ်နဲ့ နတ်ဆိုး ကြောင့် သေခြင်းတရားက ၀င်လာခဲ့တယ် ဆိုတာကို ပြောပြထားတယ်။ ဟုတ်ပါတယ်။ ဘုရားရှင်ဟာ သူနဲ့ အတူ ရွှေပုံသဏ္ဍာန်အတိုင်း ဘုရားရဲ့ အသက်တာမှာ စံစားစေဖို့ လူကို ဖန်ဆင်းခဲ့တာပါ။ ဒုက္ခဝေဒနာ ခံစားရတာ၊ သေခြင်းတရားကို ရင်ဆိုင်ရတာတွေဟာ ဘုရားရှင်ရဲ့ မူလ အစီမံထဲမှာ မပါ၀င်ခဲ့ပါဘူး။ ဘုရားရှင်ရဲ့ စီမံကိန်းက အသက်တာကို ပြည့်၀စုံလင်စွာ ခံစားရရှိစေဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဆင်းရဲ ဒုက္ခတွေ ကြားမှာ စိတ်ပျက်အားမငယ်ဘဲ ဂျိုင်းရုလို၊ ရောဂါသည် အမျိုးသမီးလို ဘုရားရှင်ပေါ်မှာ ယုံကြည်ခြင်း မပျက်ဖို့ပဲ အရေးကြီးပါတယ်။ ဘုရားကို ယုံကြည်ခြင်းက မဖြစ်နိုင်ဘူးထင်တဲ့ အရာတွေကိုတောင် ဖြစ်စေနိုင်ပါတယ်။ နှိမ့်ချ၊ ပွင့်လင်း၊ ရိုးသားစွာ ယုံကြည်လိုက်ပါ။ ဘုရားရှင် ပြုမယ့် တန်ခိုးလက္ခဏာတွေကို သင်တွေ့ရ ပါလိမ့်မယ်။

သီကိုရှင်း

Add new comment

5 + 0 =