သေခြင်း၏နက်နဲဖွယ်ရာ

သေခြင်း၏နက်နဲဖွယ်ရာ

ဘ၀ရဲ့ ဖြေရခက်ဆုံး ပဟေဠိတစ်ခုက သေခြင်းတရားပါ။ မြန်မြန်သေချင်တဲ့သူ ဘယ်သူရှိလဲ။ မသေချင်တဲ့သူ တွေ စောစောကြွေလွင့်ကြရတယ်။ သေချင်သူတွေကျ မသေကြ။ သေချင်လို့ပဲဖြစ်ဖြစ်၊ နေချင်လို့ပဲဖြစ်ဖြစ် သေခြင်းတရားကို အနည်းနဲ့အများတော့ ကြောက်ကြတယ်။ ပါးစပ်က ရောင်လို့ သေခြင်းတရားအကြောင်း ပြောထွက်မိရင်တောင် ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေ ပါးစပ်ပုပ်ကြီးနဲ့ ဆိုပြီး ဟန့်တားတတ်ကြတာမျိုး။ တကယ်တော့ သေခြင်းဆိုတာ လူတွေကြောက်တဲ့ နက်နဲသောအရာ။

သေခါနီးအချိန်မှ နောင်ဘ၀ဆိုတာကို သတိရတယ်။ ဘုရား၊တရားတွေ ပိုမြဲလာတယ်။ နောင်တတွေ ရလာတယ်။ သေခါနီးမှ အသိတရားတွေ ဆင်ခြင်ရင်း နောက်ဆုံးတော့ ဘုရားကလွဲပြီး ကျန်တာ အနိစ္စသဘောတရားတွေပါလားဆိုတာ အသိ၀င်လာကြတယ်။ သေမယ့်သူက ပြင်ဆင်၊ ကျန်ရစ်သူက ဆင်ခြင်ရင်း တမလွန်ဘ၀ရဲ့ အဓိပ္ပါယ်ကို ရှာကြတယ်။ နေခြင်းပြီးရင် သေခြင်းနီးတာ မထူးဆန်းဘူး။ ဒါ သဘာ၀။ ဒါပေမဲ့ လူက သေခြင်းတရားကို ရင်ဆိုင်ရတဲ့အခါမှာ ဘုရားကို မေးခွန်းထုတ်တတ်ကြတယ်။ ဘာလို့ လူက သေရတာလဲ။ ဘာကြောင့် ဒါကို ဖြစ်စေတာလဲ။ အထူးသဖြင့် အပြစ်မဲ့ ကလေးတွေ၊ ကိုယ်ပိုင် အလင်းရောင် အစွမ်းအစရှိတဲ့လူငယ်တွေလည်း ဘာကြောင့် သေဆုံးခြင်းကို ရင်ဆိုင်ရတာလဲ။ နာကျင်ဒုက္ခတွေ ခံစားပြီးမှ မရှုမလှ သေခြင်းမျိုးကို ဘုရားက ဘာလို့ ဖြစ်စေတာလဲ။ ခုလတ်တလော ရင်ဆိုင်နေရတဲ့ ကပ်ဆိုးကြီးနဲ့ လူတွေ ဘာကြောင့် သေနေကြတာလဲ။ မေးခွန်းတွေ. . .။

"မျက်မမြင် ဒုက္ခိတကိုတောင် ကုသပေးနိုင်ခဲ့တဲ့ ဒီလူက လာဇရုကို မသေရအောင် တစ်ခုခုတောင် မလုပ် နိုင်တော့ဘူးလား"။ ယုံကြည်တစ်၀က်၊ သံသယတစ်၀က် ရောယှက်နေတဲ့ ဒီစကားသံတွေထဲမှာ မတင်မကျ အားမရခြင်း တွေလည်း ပါတယ်။ ဒီတစ်ပတ်ကျမ်းစာက ကျနော်တို့ မေးနေတဲ့ မေးခွန်းတွေရဲ့ အဖြေပါပဲ။ တစ်နေ့ကျနော်တို့ အားလုံး သေရမှာ။ ခန္ဓာကိုယ်ကြီး ပုပ်ပျက်ယိုယွင်းသွားမယ့် သေခြင်းမျိုးကို မရင်ဆိုင်သေးခင် အကြိမ်ကြိမ် မသေကြဖို့ ပိုအရေးကြီး တယ်။ ခန္ဓာကိုယ်ကြီး အသက်ရှိနေပေမဲ့ စိတ်ပိုင်းဆိုင်ရာ သေသွားတာမျိုး၊ ဝိဉာဉ်ရေးမှာ အသက်မဲ့နေတာမျိုးတွေလည်း ရှိတတ်တယ်။ တချို့ဆို မျှော်လင့်ချက်တွေ သေသွားတယ်။ တချို့ကျ အတွင်းထဲမှာ ခမ်းခြောက်သေနေတာ ကြာပြီ။ ၀မ်းနည်းမှုတွေ၊ နောင်တတွေ၊ ယူကြုံးမရတာတွေ၊ ခွင့်မလွှတ်နိုင်တာတွေနဲ့ ဘ၀က အသက်မရှိတာကြာပြီ။ တချို့ကျ သေလို့ သေမှန်းမသိ။ ရိုးရိုးလေးပဲ အသည်းနှလုံးက အလုပ်မလုပ်တော့တာ။ စိတ်ခွန်အားတွေ၊ အိပ်မက်တွေ သေကြေ ကုန်တာ အမျိုးမျိုးပါပဲ။

လူတွေက ပုံစံအမျိုးမျိုးနဲ့ စိတ်ဓါတ်ပိုင်း၊ ခန္ဓာပိုင်း၊ ဝိဉာဉ်ရေးပိုင်းတွေ သေဆုံးနေကြတယ်။ သေဆုံးမှုအမျိုးမျိုးနဲ့ အသက်မဲ့နေတဲ့ လူတွေကို ဘုရားရှင်က ဒီအတိုင်းပဲ ကြည့်နေမယ်လို့ထင်လား။ သေချာတာကတော့ သေဆုံးခြင်းတွေကို တားဆီးပေးမှာ မဟုတ်ဘူး။ သေကြမှာပဲ၊ ဘယ်လိုပဲ သေသေ လူတွေ သေကြရမှာပဲ။ တစ်နည်းနည်းနဲ့တော့ သေကြမှာပဲ လေ။ လာဇရုကိုတောင် သေခြင်းကနေ ခရစ်တော် မတားဆီးပေးခဲ့ပါဘူး။ အဲ့ဒီသေခြင်းကို ရင်ဆိုင်ခိုင်းခဲ့တယ်။ သေခြင်းဆိုတာ လူတိုင်း ကြုံတွေ့ရမယ့်အရာဆိုတာကို ချပြခဲ့တယ်။ ဒါပေမဲ့ ဘုရားက အသည်းနှလုံး မရှိတဲ့သူ မဟုတ်ပါ ဘူး။ လာဇရုအတွက် သူ ငိုကြွေးခဲ့တယ်။ လူသားဆန်ဆန် ခံစားပေးခဲ့တယ်။ လူတွေနဲ့အတူ ၀မ်းနည်းငိုကြွေးခဲ့တယ်။ တခါတလေ ကျနော်တို့ တွေးမိတယ်။ ဘုရားက ငါတို့ရဲ့ ခံစားချက်တွေကို မသိဘူး၊ မျှဝေမခံစားဘူးလို့ ထင်ကောင်း ထင်လိမ့်မယ်။ တကယ်တော့ ဘုရားက လူတွေအတွက် ခံစားကူပေးပါတယ်။ တကယ့် ၀မ်းနည်းစရာကောင်းတဲ့အချိန်မျိုး မှာ ဘုရားသခင်က လူတွေနဲ့အတူ ရှိနေပါတယ်။

လူတွေရဲ့ ၀မ်းနည်းခြင်း မျက်ရည်တွေကို အကြာကြီး ဘုရားသခင် ထိုင်ကြည့်မနေပါဘူး။ လာဇရုကို သေရာကနေ တဖန် ပြန်ရှင်စေခဲ့တယ်။ "လာဇရု၊ ထွက်ခဲ့လော့" ကျယ်လောင်စွာ သူ အော်ဟစ်အမိန့်ပေးခဲ့တယ်။ သခင်ယေဇူးက သူ့ရဲ့ မိတ်ဆွေ လာဇရုကို သေခြင်းကနေ ဘာကြောင့် မတားဆီးခဲ့တာလဲဆိုတာကို ရှင်းပြခဲ့တယ်။ "မပြောခဲ့ဘူးလား၊ ယုံကြည်တယ်ဆိုရင် ဘုရားရဲ့ ဘုန်းတန်ခိုးတော်ကို တွေ့မြင်ရမယ်ဆိုတာလေ" ပုပ်နေတာ အနံ့တောင် ထွက်တော့မယ်လို့ စောဒကတက်ခဲ့တဲ့ မာသားကို သခင်ယေဇူးကို တုန့်ပြန်ခဲ့တဲ့စကားပါ။ သေခြင်းတရားက အဆုံးမဟုတ် ဘူး။ ဘုရားသခင်သာလျှင် အစနဲ့ အဆုံး။ သေခြင်းကို ဘုရားသခင်က အောင်နိုင်တယ်ဆိုတာကို သက်သေပြခဲ့တယ်။ ပုပ် ပျက်သေကြေခြင်းမှာတောင် ထူးဆန်းနက်နဲလွန်းတဲ့အလှတရားတွေ ရှိနေသေးတယ်။

လတ်တလော ရင်ဆိုင်နေရတဲ့ ကူးစက်ရောဂါကြောင့် လူတွေ အများကြီး သေကြတယ်။ လူတွေအများကြီး အသိတရားတွေ ရလာကြတယ်။ ဘုရားသခင်ကို ပိုအားကိုးတတ်လာတယ်။ မိသားစုကို အချိန်ပေး တန်ဖိုးထားတတ်လာ တယ်။ ကျန်းမာရေးကို ဂရုစိုက်ရမယ်ဆိုတဲ့အသိတွေ ၀င်လာတယ်။ သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းစောင့်ရှောက် ကြရမယ်ဆိုတဲ့ သတိလေးတွေ ရှိလာကြတယ်။ ဒီသတင်းစကားတွေကို ခပ်ပါးပါးလေး ပုပ်ပြီး လူတွေကို ဘုရားက အသိပေး နေတာပါ။

အကြောက်မလွန်ဘဲ သတိလေးနဲ့ ဆင်ခြင်ကာကွယ်ရင်း ဘုရားကို ပိုပြီး ယုံကြည်အားကိုး ဆုတောင်းရအောင်။ တပည့်တော်တို့ရဲ့ မျက်ရည်တွေကို သုတ်ပေးပါ။ ကြောက်ရွံ့မူတွေကို ဖယ်ရှာပေးပါ။ ပို၍ လှသော မနက်ဖြန်ကို မျှော်လင့်ရင်း အသက်ကို တန်ဖိုးထားပြီး ရှင်သန်တတ်အောင် သင်ပေးပါ ဘုရား ။ အာမင်။

သီကိုရှင်း

 

Add new comment

1 + 1 =