သူငယ်တော်အားကျောင်းတော်၌အပ်နှံပူဇော်ခြင်းပွဲ

သူငယ်တော်အားကျောင်းတော်၌အပ်နှံပူဇော်ခြင်းပွဲ

ဖေဖော်ဝါရီလ ၂ ရက်နေ့ ၂၀၂၀

ဓမ္မမိတ်ဆွေတို့ ဖေဖော်ရီလ ၂ ရက် တနင်္ဂနွေနေ့မှာ သူငယ်‌တော်အားကျောင်းတော်၌ အပ်နှံပူဇော်ခြင်းပွဲကို အမိသာသနာတော်ကြီးက ကျင်းပနေပါတယ်။

ဒီကနေ့ပွဲတော်ဟာ ကမ္ဘာလူသားတို့ ကယ်တင်ခြင်းခံရရေးအတွက် သခင်ခရစ်တော်၏ ဒုက္ခခံခြင်း၊ သက်တော်စွန့်ခြင်းနှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းတို့ကို အဖခမည်းတော်ထံ ပြည့်ဝသော ဆက်ကပ်ပူဇော်မူ အဖြစ် ပြုလုပ်ခြင်းဖြစ်တယ်။

ဒီပွဲနေ့ဟာ ဂျူးလူမျိုးတို့၏ထုံးစံအရ မီးဖွားပြီးသူမိခင်တိုင်း ဖြူစင်ခြင်းအတွက် ဆက်ကပ်ပူဇော်ရသော ပွဲလည်းဖြစ်တယ် ၊ အမိမယ်တော်ဟာ သူငယ်တော်ကို‌ ကျောင်းတော်မှာ အပ်နှံပူ‌ဇော်ခြင်းသည် လူသားအားလုံးကယ်တင်ခြင်းအတွက် ဒီသူငယ်တော်လေးအားဖြင့် ဝယ်ယူလိုက်ခြင်းပင်ဖြစ်တယ်။

ဂျူးလူမျိုးတို့၏ ဓမ္မဟောင်းထုံးတမ်းအစဉ်အလာကို ဖြည့်ဆည်းခြင်းလည်းဖြစ်တယ်၊ ဒီနေရာမှ သခင်ခရစ်တော်က ဓမ္မသစ်ကျမ်း ကိုစတင်သောပုဂ္ဂိုလ်၊ ဓမ္မသစ်ကျမ်း နှင့် ဓမ္မဟောင်းကျမ်းတို့ ဆုံဆည်းရာပွဲနေ့လည်းဖြစ်တယ်၊ အမိမယ်တော်သန့်ရှင်းစင်ကြယ်ကြောင်း ဗိမာန်တော်မှာပူဇော်ခြင်း နှင့် သူငယ်တော်လေးကို ဗိမာန်တော်မှာ ပူဇော်အပ်နှံခြင်းအတွက် ဂျူးလူမျိုးတွေရဲ့ထုံးစံအရချိုးငှက်နှစ်‌ကောင်ကို ပူ‌ဇော်ခဲ့ကြတယ်။

ဒီကနေ့ပဌမကျမ်းစာမှာ ပရောဖက်မာလာခိ က ဂျေရုဇလင် ဗိမာန်တော်ရှိ အကျင့်ပျက်၊ ပျင်းရိသူ၊ ခွဲခြားဆက်ဆံသူ ဗိမာန်တော်တာဝန် ထမ်းဆောင်သည့်ရဟန်းများကို ငွေကိုမီး၌သန့်စင်သကဲ့သို့ သန့်စင်ပစ်မည့်အကြောင်း ကြားသိခဲ့ကြရတယ်။ ဒုတိရကျမ်းစာမှာ တမန်တော်ပေါလုမှ ကာလဝါရီတောင်ပေါ်မှာ လူသားတို့၏ အပြစ်အားလုံးအတွက် ပြည့်ဝစုံလင်သော ပူဇော်သက္ကာရအဖြစ် အဖခမည်းတော်အားပူဇော်ဆက်ကပ်သည့် သခင်ခရစ်တော်အား ထာဝရ ရဟန်းအဖြစ်လည်းကောင်း၊ အသစ်သောပဋိညာဉ်အဖြစ် လည်းကောင်း ဖော်ပြပေးခဲ့တယ်။

ဒီတပတ်တနင်္ဂနွေနေ့ရဲ့ ထောက်ရှုရမည့်ဧဝံဂေလိကျမ်းချက်ဖြစ်တဲ့ ရှင်လုကာ အခန်းကြီး ၂ အငယ် ၂၂ မှ ၄၀ ထိ မှာကျွနုပ်တို့ကြားခဲ့ရသည်က ဓမ္မဟောင်းထုံးစံအရ မိုးဇယ်၏တရားကျမ်းအတိုင်း သားဦးများကိုဘုရားရှင်အား ဆက်ကပ်ပူဇော်ရခြင်း အမှုကိုအမိမယ်တော်နှင့် ရှင်ဇူဇယ်တို့ ထုံးတမ်းအစဉ်အလာအတိုင်း ပြုမူဆောင်ရွက်ခဲ့ကြတာကို ကျွန်‌တော်တို့ ကြားနာခဲ့ရတယ်။

သူငယ်လေးကို ဗိမာန်‌တော်မှာ အပ်နှံပူဇော်တဲ့အချိန်မှာ ၊ သူတော်စင် စီမေအုံ နှင့် သူတော်စင်မ အာနားတို့၏ ဘုရားကိုချီးမွမ်းခြင်း ရှေ့မှာတွေကြုံခံစားရမည့်အရာတွေ ကို ကြိုတင်ဟောကြားပေးခဲ့ကြတယ်။ သူတော်စင် စီမေအုံ က သန့်ရှင်းသောဝိညာဉ်တော်၏ ကျေးဇူးတော်အားဖြင့် ပြည့်နှက်လျက် အီစရာအဲလ်လူမျိုးတို့၏ ကယ်တင်ရှင် မက်ဆီးရားသခင်ကြွလာကြောင်း ဘုရားရှင်၏ စီမံကိန်းလမ်းစဉ်တော်တွင် အမိမယ်တော်တွေ့ကြုံခံစားရမည့် အရာများကို ကြိုတင်ဟောကြား‌ ပေးခဲ့တယ်။

ကျွန်ုပ်တို့ယုံကြည်သူ ဓမ္မမိတ်ဆွေများ ထောက်ရှုရမည့်အချက်က၊ ကျွန်တော်တို့ဆေးကြောခြင်းခံစဉ်က အဖဘုရားသခင်ထံ ကျွန်ုပ်တို့ရဲ့ဘဝတွေကို ဆက်ကပ်ပူ‌ ဇော်ခဲ့ကြတယ်၊ နေ့စဉ်နေ့တိုင်းလည်း မစ္ဆားယစ်ပူဇော်ခြင်းမှာ ကျွန်တော်တို့ ခရစ်တော်နှင့်အတူ နေ့စဉ်ပါဝင်ပူ‌ ဇော်နေကြတယ်ဆိုတာကို သတိရှိရမယ်။ ကျွန်‌တော်တို့ ယုံကြည်သူတွေအနေနဲ့ ဘုရားကိုပူဇော်ဆက်ကပ်ထားသူတွေဖြစ်တယ် ဆိုတာကိုသတိရကြပါ။

ဘုရားကိုယုံကြည်သူ ပူဇော်ဆက်ကပ်ထားသူတို့ နေ့စဥ်ကျင့်ကြံလိုက်နာရမည့် သခင်ခရစ်တော်၏ တရားတော်များအားဖြင့် လက်တွေ့ကျင့်ကြံကာ အသက်ရှင်နေထိုင်ကြရမယ်။ ဆက်လက်ပြီး နေ့စဉ်ဘဝအသက်တာမှာ သခင်ခရစ်တော် ကျွန်တော်တို့၏ ဘဝထဲကိုဝင်လာနေတယ်ဆိုတာ ပရောဖက် စီမေအုံ နှင် သူတော်စဉ်မ အားနားတို့ကဲ့သို့ သတိရှိစွာ သန့်ရှင်းသောဝိညာဉ်တော်၏ ကျေးဇူးတော်များဖြင့် စောင့်ကြိုနေသူ တွေဖြစ်အောင်ကျွန်ုပ်တို့ ကြိုးစားရမယ်။

ကျွန်တော်တို့၏ နေ့စဉ်ဘဝ အသက်ရှင်နေထိုင်ပုံများအားဖြင့် မိမိကိုယ်ကို ဘုရားသခင်အား ဆက်ကပ်ထားသူများ၊ တရားတော်ကိုလိုက်နာ ကျင့်ကြံနေကြသူများ၊ ချစ်ခြင်း မေတ္တာဝေမျှခြင်းအမှု၊ ငြိမ်းချမ်းခြင်း၊ သနားကြင်နာခြင်း၊ နားလည်မှုပေးခြင်း၊ ဘုရားတရားရှိခြင်း စသည့်ခရစ်ယာန် ဘဝအသက်တာအားဖြင့်၊ တစ်ပါးသူများကို ပုံသက်သေကောင်း ပြနေသူများဖြစ်ကြရမယ်။

သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ ကျေးဇူးတော်ကိုနေ့စဉ် တောင်းခံရကြပြီး သခင်ခရစ်တော် ကျွန်ုပ်တို့၏ ဘဝထဲ၌တည်ရှိနေမှုကို၊ မိမိတို့၏ ဘဝအသက်ရှင်နေထိုင်မှု၊ ချစ်ခြင်းမေတ္တာ ဖြန့်ဝေမှုတို့ဖြင့်၊ ခရစ်ယာန်ဘဝအသက်တာကို ရှင်သန်နေထိုင်သွားကြပါစို့။ သူငယ်တော်လေးအား ကျောင်းတော်၌ အပ်နှံပူဇော်ခြင်းပွဲနေ့တွင် ကျွန်ုပ်တို့ယုံကြည်သူအ‌ယောက် စီတိုင်းသည် ဘုရားရှင်ကို မိမိဘဝတခုလုံး ဆက်ကပ်ပူဇော်ထားနိုင်သူများ ဖြစ်ကြပါစေ။

Add new comment

3 + 2 =