သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲတော်နေ့ ၊ ကာဒီနယ်ချားစ်၏ဩဝါဒ

သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲတော်နေ့ ၊ ကာဒီနယ်ချားစ်၏ဩဝါဒ

သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲတော်နေ့ ၊ ကာဒီနယ်ချားစ်၏ဩဝါဒ

(၂၃၊၅၊၂၀၂၁)

ငြိမ်းချမ်းခြင်းနဲ့ လွတ်လပ်ခြင်းအရှင် ဝိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့အပေါ် သက်ရောက်ပါစေ။

တမန်တော်ဝတ္ထု ၂: ၁-၁၁

တမန်တော်ကြီးများအပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ဆင်းသက်တော်မူ၏

ဆာလံကျမ်း ၁၀၄: ၁ ၂၄ ၂၉-၃၁ ၃၄

ဝိညာဉ်တော်ဘုရားသည် မြေကြီးကို အသစ်ပြုပြင်တော်မူ၏

၁ ကော် ၁၂: ၃ခ-၇ ၁၂-၁၃

ငါတို့အားလုံးသည် ခရစ်တော်၌ တလုံးတဝတည်းဖြစ်ကြ၏

ရှင်ယောဟန် ၂ဝး ၁၉-၂၃

ခရစ်တော်ဘုရားသည် သူတို့ကိုထင်ရှားပြတော်မူ၍ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ကျေးဇူးတော်များကို ပေးတော်မူ၏

 

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့

 

ကြီးမြတ်တဲ့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ဆင်းသက်တဲ့ ပွဲနေ့ပါလို့ ဦးစွာပထမ နှုတ်ဆက်ပါရစေ.. ဒီနေ့ဟာ အသင်းတော်ရဲ့ မွေးနေ့ပွဲလည်း ဖြစ်ပါတယ်။ ဒီနေ့ပဲ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဟာ ဂျေရုစလင်မှာ တမန်တော်ကြီးများအပေါ် ဆင်းသက်ခြင်းအားဖြင့် လည်းကောင်း၊ အားဖြည့်ပေးခြင်း အားဖြင့် အသင်းတော်မွေးဖွား ခဲ့ပါတယ်။ ဒီဝိညာဉ်တော်ကပဲ သင်တို့ကို စိန်ခေါ်မူတွေ အားလုံး အလယ်မှာ အားဖြည့်ပေးပါစေ။ ခွန်အားသတ္တိပေးပါစေ။ ကာကွယ်စောင့်ရှောက်ပါစေ။ ကျွန်ုပ်တို့ နှလုံးသားထဲမှာ ဝိညာဉ်တော်ဘုရားရဲ့ ကျေးဇူးတော်တွေနဲ့ ပြည့်နှက်နေတယ် ဆိုတာ ယုံကြည်လက်ခံ ကြပါတယ်။ ဝိညာဉ်တော်ဘုရားကပဲ ကျွန်ုပ်တို့ကို နှစ်သိမ့်မှုပေးနေပါတယ်။ ကုသမှုပေးနေပါတယ်။ ကွဲပြားမှုတွေကို စည်းလုံးစေပါတယ်။ အမှောင်ထုကိုလည်း ဖြိုခွင်းစေပါတယ်။ 

 

ဒီနေ့ကျင်းပနေတဲ့ ပွဲတော်ကြီးဟာ သင်တို့ ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲမှာ၊ ကျွန်ုပ်တို့ရဲ့ နိုင်ငံအပေါ်မှာ၊ အရုဏ်ဦးထွန်းလင်း သက်ရောက်ပါစေ။ ကျွန်ုပ်တို့ကို ကုသပါစေ။ စည်းလုံးမှုပေးပါစေ။ အကြောက်တရားများနဲ့ အမှောင်ထုကြီးကို ဖယ်ထုတ်ပေးပါစေ။ ဤပွဲတော်ကြီးဟာ ကျွန်ုပ်တို့ အယောက်တိုင်းစီအတွက် လည်းကောင်း၊ ကျွန်ုပ်တို့နိုင်ငံတော်ကြီး အတွက်လည်းကောင်း မျှော်လင့်ချက်တစ်ရပ် ဖြစ်ပါစေ။ ဤပွဲတော်ကြီးကပဲ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးကို ခွန်အားကျေးဇူးနဲ့ ကုသခြင်းအဖြာဖြာ သယ်ဆောင် ပေးပါစေ။ ဒီနေ့ဟာဖြင့် မြန်မာပြည်ကြီးအတွက် မျှော်လင့်ခြင်းကို ကျင်းပနေခြင်းပဲ ဖြစ်ပါတယ်။

 

ဝိညာဉ်တော်ဘုရားဆင်းသက်တဲ့ပွဲတော်။      ။ အသင်းတော်မွေးနေ့

ဝိညာဉ်တော်ဘုရား ဆင်းသက်ခြင်းအားဖြင့် အသင်းတော်ရဲ့ မွေးနေ့ကို ကျင်းပနေကြပါတယ်။ ဒီနေ့ဟာ ယေဇူးဘုရားရဲ့ ကယ်တင်ခြင်း လုပ်ငန်းစဉ်မှာ အသင်းတော် စတင်ပါဝင်တဲ့ နေ့လည်းဖြစ်ပါတယ်။ ဒီနေ့ဟာ မျှော်လင့်ခြင်း နေ့ကြီးလည်း ဖြစ်ပါတယ်။ ပထမဆုံး ဝိညာဉ်တော် ဆင်းသက်တုန်းက ဆင်းရဲသားတွေ၊ ပညာမတတ်သူတွေ၊ အာဏာမရှိသူတွေ၊ စိတ်ပူပန်နေတဲ့ သူတွေအဖြစ်ကနေ ရုတ်တရက် ခွန်အားတွေ ရကြပါတယ်။ အကြောက် တရားတွေ ကင်းကြပါတယ်၊ သတ္တိတွေရှိတဲ့ တမန်တော်များ ဖြစ်လာကြ ပါတယ်။ ရောမအင်ပါရာရဲ့ နေရာအသီးသီးမှာ ခရစ်တော်ရဲ့ အသင်းတော်ကို တည်ဆောက်ကြပါတယ်။ စစ်မှန်တဲ့ ဝိညာဉ်တော်ဘုရားဟာ နှစ်ပေါင်း နှစ်ထောင်ကျော် အဓွန့်ရှည်တည်တံ့ခဲ့ပါပြီ။ ကျွန်ုပ်တို့လည်း ဆင်းရဲကြပါတယ်။ စိတ်ပူပန်မူတွေနဲ့ ပြည့်နေကြပါတယ်။ မစစ်မှန်တဲ့ အာဏာတွေရဲ့ လွှမ်းမိုးမှုတွေခံနေ ကြရပါတယ်။ ဒီအခြေအနေတွေမှာ ဝိညာဉ်တော်ဘုရားက ကျွန်ုပ်တို့ထဲမှာ ခွန်အားတန်ခိုးတွေနဲ့ လုပ်ဆောင် နိုင်ခြင်းများ ပေးဖို့ မျှော်လင့်ကြစို့။

 

ဤပွဲနေ့ကြီးဟာ မြန်မာပြည်အတွက် ကြီးမားတဲ့သတင်းကို ပေးနေပါတယ်။ ဒီနေ့ဖတ်ရ တဲ့ကျမ်းစာတွေက မြန်မာပြည်အတွက် ကြီးမားတဲ့မျှော်လင့်ခြင်း သင်္ကတသုံးခုကို ပေးနေပါတယ်။

၁။ တမန်တော်ကြီးများက ဘာသာစကား မျိုးစုံဖြင့်ပြောဆိုကြသော်လည်း လူတွေက ကောင်းမွန်စွာ နားလည်သဘောပေါက်ကြတယ်။

၂။ လေမုန်တိုင်းသည် တိုက်ခတ်လျက် တပည့်တော်ကြီးများအပေါ် ဆင်းသက်တော် မူလေ၏။

၃။ မီးလျှံသည် တပည့်တော်ကြီးများအပေါ် ဆင်းသက်လေ၏။

ဘာကြောင့် ဘာသာစကား မျိုးစုံပြောကြရတာလဲ။ မြန်မာပြည်သူ ပြည်သားတွေဟာ ဒီပွဲတော်ကြီးမှာ ပါဝင်ခဲ့ကြတဲ့လူတွေဆီက ဆင်းသက် လာသူများလား မေးစရာဖြစ်လာတယ်။ Babel ဘေဘယ် မျှော်စင်ကြီးရဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် မာနတွေကြောင့် ကွဲပြားခဲ့ကြတယ်။ မိုးကောင်းကင်ကို ထိနိုင်မယ့် မျှော်စင်တွေ တည်ဆောက်ဖို့ ကြိုးစားခဲ့ ကြတယ်။ သူတို့ရဲ့ မာနတွေကို ရိုက်ချိုးဖို့ ဘုရားက အပြစ်ပေးခဲ့တယ်။ သူတို့စကားတွေကို ရှုပ်ထွေးစေခဲ့တယ်။ မာနတရားက ရှုပ်ထွေးခြင်းနဲ့ ကွဲပြားခြင်းကို ဖြစ်ပေါ်စေပါတယ်။ ခရစ်တော်ဘုရားဟာ လူသားတွေကို သူရဲ့ အသင်းတော်ထဲမှာ စုဝေးဖို့နဲ့ သူ့ထံပေါင်းစည်းဖို့ ကြွလာခဲ့တာပါ။ ဒီအရာက လူသားမျိုးနွယ်စု ပေါင်းစပ်ဖွဲ့စည်းထားတဲ့ မိသားစု တစ်စုဖြစ်လာစေမယ့် အဖြေတစ်ခုဖြစ်ပါတယ်။

 

၁. ဘာသာစကား မျိုးစုံနဲ့ပြောဆိုခြင်း

မတူတဲ့ဘာသာစကား မျိုးစုံပြောခြင်းဟာလည်း ထင်ရှားတဲ့ လက္ခဏာ တစ်ခုဖြစ်တယ်။ ဝိညာဉ်တော်ဘုရား ဆင်းသက်တဲ့ပွဲဟာ ဘာဘီလုံမျှော်စင်ကို မတည်ဆောက်ဖို့အကြောင်း တစ်ရပ်ပါပဲ။ လူသားတွေဟာ ခေတ်ရှေ့ပြေးချင် ကြတယ်၊ ဘုရားမပါတဲ့ ကမ္ဘာကြီးကို တည်ဆောက်ချင် ကြတယ်။ ဒီလိုသာ သတိမမူပဲ ဆက်သွားနေမယ်ဆိုရင် မကောင်းဆိုးဝါးတွေနဲ့ ပြည့်နှက်တဲ့ ကမ္ဘာကြီးမှာ ရှိနေကြမယ်။ ဘုရားရှင်ရဲ့ ကယ်တင်ခြင်း အစီစဉ်တွေကို လျစ်လျူရှု ပစ်ပယ်ရာလည်းရောက်ပါမယ်။ ကြီးမြတ်တဲ့ ကရုဏာကြောင့် ဘုရားရှင်က သူတို့ကိုစကား ရှုပ်ထွေးစေပြီး သူတို့ရဲ့ မကောင်းတဲ့ အကြံအစည်များကို နှောင့်ယှက်ပျက်စီး စေခဲ့တယ်။ ဝိညာဉ်တော်ဘုရား ဆင်းသက်တဲ့ပွဲမှာ ဘုရားရှင်က ဘာသာပေါင်းစုံ စကားကိုအသုံးပြုပြီး လူတွေကို သူ့ဆီပြန်လည် စုစည်းစေခဲ့ပါတယ်။ ဘာသာစကားကွဲပြားခြင်းက စိတ်ဝမ်းကွဲခြင်းကို ဘယ်တော့မှ မဖြစ်စေရတော့ပါ။ ဘာသာစကား ကွဲပြားသော်လည်း လူတွေအချင်းချင်း နားလည်စေခြင်းအားဖြင့် လူတွေကို စည်းလုံးစေခဲ့တယ်။ ကျွန်ုပ်အားလုံး စည်းလုံးခြင်းအားဖြင့် မကောင်းဆိုးဝါး များကို အရှုံး မပေးရာ ရောက်ပါတယ်။ ဝိညာဉ်တော်ဘုရားရဲ့ မီးလျှံက မကောင်းဆိုးဝါးများကို လောင်ကျွမ်းသွားလိမ့်မယ်။

 

ကျွန်ုပ်တို့ဟာ လူတွေကို နားလည်စေနိုင်တဲ့ ဘာသာစကား ကျေးဇူးတော်တွေ ပိုင်ဆိုင် တတ်ကြပါတယ်။ ထိုအရာက ဝိညာဉ်တော်ဘုရားအားဖြင့် အသက်သွင်းပေးတဲ့ ချစ်ခြင်းမေတ္တာတရား ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာ တရားက စည်းလုံးစေပါတယ်။ ချစ်ခြင်းမေတ္တာတရားဟာ ဘုံဘာသာစကား ဖြစ်ပါတယ်။ ကျွန်ုပ်တို့အားလုံးဟာ ချစ်ခြင်းမေတ္တာတရားကို ဆောင်ထားခြင်း အားဖြင့် ဘာသာစကားပေါင်းစုံကို ပြောဆိုနိုင်ပါတယ်။ ဘာဘီလုံမှာ ကွဲပြားစေတဲ့ ဘာသာစကားမဟုတ်သော၊ ဝိညာဉ်တော်ဘုရား  ဆင်းသက်တဲ့ ပွဲမှာ စည်းလုံးစေသော ဘာသာစကားဖြစ်တဲ့ စည်းလုံးခြင်း ဘာသာစကားကို မြန်မာပြည်မှာ ပြောကြစို့။

 

ကျွန်ုပ်တို့ နိုင်ငံမှာ ကြမ်းတမ်းတဲ့ အချိန်ခါများစွာကို ဖြတ်သန်းနေရပါတယ်။ ပြီးခဲ့တဲ့အ ပတ်က အရှင်သူမြတ် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က စည်းလုံးခြင်းမှာ တည်မြဲကြဖို့နဲ့  ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ကြဖို့ အားပေးထားပါတယ်။ ဟုတ်ပါတယ်။ ကြိုးစားမှု ရုန်းကန်မှုများစွာနဲ့ ဖြတ်ကျော်လာပြီးနောက် အချင်းချင်းကြားမှာ မတူညီတဲ့ ယူဆချက်တွေ အမြင်တွေ ရှိလာပါတယ်။ တချို့က ငြိမ်းချမ်းရေးကို လိုလားကြတယ်။ တချို့က ပြည်သူ့ကာကွယ်ရေး တပ်မတော် အားဖြင့် ထိပ်တိုက်ရင်ဆိုင်မှုကို လိုလားကြတယ်။ ဒီလိုပဲ မတူညီတဲ့ ယူဆချက်အမြင်တွေ ပေါ်ပေါက်လာတယ်။ ဒီမိုကရေစီကို တည်ဆောက်ချင်ကြတဲ့အခါ ဘာဘီမျှော်စင်မှာလို မတူညီတဲ့ ဘာသာစကား မဟုတ်ပဲ တူညီတဲ့ဘာသာ စကားတစ်ခုကို ပြောဖို့လိုနေပါပြီ။ ဒါပေမယ့် နားလည်မူတွေ လွဲနိုင်ပါတယ်။ အကြမ်းဖက်မူက ဒီမိုကရေစီကို မမွေးဖွား ပေးနိုင်ပါ။ ငြိမ်းချမ်းခြင်းကပဲ ဒီမိုကရေစီကို မွေးဖွားပေးနိုင်တာပါ။ မကောင်းမူကို တိုက်ထုတ်နေတဲ့အချိန်မှာ အချင်းချင်းအကြား ကွဲပြားခြားနား မူတွေ ရှိနေတဲ့ သဘောဖြစ်နေတယ်။

 

အရှင်သူမြတ် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က မြန်မာပြည်အတွက် မိစ္ဆားပူဇော် ပေးတုန်းက သတိပေးတဲ့စကားကတော့ “ညီအစ်ကိုတို့ သင်တို့ချစ်တဲ့ မြန်မာပြည်မှာ အကြမ်းဖက်မှုတွေ၊ ခိုက်ရန်ဖြစ်မှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ တွေ့ကြုံနေရပါတယ်။ မိမိကိုယ်ကို မေးကြရအောင်။ ငါတို့ဟာ ဘယ်အရာကို ဆုပ်ကိုင်ထားဖို့ လိုနေလဲ၊ ပထမဆုံး ဆုပ်ကိုင်ထားရမှာကတော့ ယုံကြည်ခြင်းပဲ ဖြစ်ပါတယ်။ မျှော်လင့်ချက်များ ပျက်သုဉ်းနေတဲ့ အဆင်မပြေမှုတွေ၊ ဝမ်းနည်းပူဆွေးမှုတွေ၊ စိုးရိမ်မှုတွေကြား ယုံကြည်ခြင်းကို ဆုပ်ကိုင်ထားဖို့ လိုအပ်ပါတယ်။

 

ယုံကြည်ခြင်းကို ဘယ်လိုဆုပ်ကိုင်ရမလဲဆိုရင် အရှင်သူမြတ် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်က ခရစ်တော်ရဲ့ အကောင်းဆုံး ပုံဥပမာအားဖြင့် ပြောပြ ထားပါတယ်။ ယုံကြည် ခြင်းကို ဆုပ်ကိုင်ထားခြင်းသည် ကောင်းကင်ဘုံဆီ အာရုံပြု မော့ကြည့်ခြင်းဖြစ်ပါတယ်။ မြေပြင်ပေါ်မှာ စစ်ပွဲတွေနဲ့ အပြစ်မဲ့ သွေးစွန်းခြင်းတွေသာ တွေ့ရတယ်။ ယုံကြည်ခြင်းကို ဆုပ်ကိုင်ခြင်းသည် အမုန်းတရားနဲ့ ကလဲ့စား ချေခြင်းတွေကို ငြင်းဆိုခြင်း ဖြစ်ပါတယ်။ ချစ်ခြင်းဘုရားဖြစ်တဲ့ ခရစ်တော်အပေါ် အာရုံထားခြင်းသည် တစ်ဦးနဲ့တစ်ဦး ညီအစ်ကိုမောင်နှမ ဖြစ်ကြဖို့ပါ။ အသက်အန္တရာယ်ကြုံတွေ့တဲ့အထိ လူမူရေးရာများနဲ့ နိုင်ငံရေး လုပ်ဆောင်မှုတွေမှာ သော်လည်းကောင်း၊ စစ်ပွဲများ၊ အကြမ်းဖက်ခြင်းများ၊ အမုန်းတရားများ အလယ်မှာ သော်လည်းကောင်း ငြိမ်းချမ်းခြင်းကို တည်ဆောက်သူများအနေဖြင့် ဧဝံဂေလိတရားအပေါ် သစ္စာရှိရှိ တွယ်ကပ်ခြင်းသာလျင် ကျွန်ုပ်တို့ အစဉ်တစိုက် လုပ်ဆောင်သင့်သောအရာ ဖြစ်ပါတယ်။

 

ဒီနေ့ ကျင်းပတဲ့ပွဲတော်က ချစ်ခြင်းမေတ္တာ ဘာသာစကားဖြစ်တဲ့ အသစ်သော ဘာသာစကားကို ယူဆောင်လာပေးပါစေ။ ချစ်ခြင်းမေတ္တာသာလျှင် လူတွေကို စည်းလုံးစေနိုင်တဲ့ ဘာသာစကားဖြစ်ပါတယ်။ အမုန်းတရားဟာ ရှုပ်ထွေးစေတဲ့ ဘာသာစကားဖြစ်ပါတယ်။ အမုန်းတရားဟာ ရှုပ်ထွေးမှုတွေက အနိုင်ယူပြီး အစီအစဉ်တွေကို ကျရှုံးစေတဲ့ ဘာဘီလုံမျှော်စင် ဘာသာစကား ဖြစ်ပါတယ်။ 

  

မြန်မာနိုင်ငံတော်ကြီးဟာ တိုင်းရင်းသား ၈ မျိုး၊ လူမျိုးစု ၁၃၅ မျိုး၊ ဘာသာ စကားတစ်ရာကျော်နဲ့ ရောင်စုံခြယ်ဖွဲ့စည်းထားတဲ့ နိုင်ငံတော်ကြီးဖြစ်ပါတယ်။ ဘာသာ စကားများပေမယ့် ကျွန်ုပ်တို့မှာ တူညီတဲ့ပန်းတိုင်နဲ့ တူညီတဲ့ မျှော်လင့်ခြင်း၊ ချစ်ခြင်း မေတ္တာတရား ဘာသာစကားရှိကြမယ်ဆိုရင် ကျွန်ုပ်တို့ အောင်ပွဲဆင်နိုင်မှာပါ။ ချစ်ခြင်းမေတ္တာ ဘာသာစကားမှာ သေခြင်းဆိုတာ မရှိပါ။ အရှင်သူမြတ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အားပေးထားပါတယ်။ မြန်မာပြည်သူပြည်သားများ၊ မကောင်း ဆိုးဝါးတွေ အနိုင်ပိုင်းနေတယ်ထင်ရတဲ့ ဝမ်းနည်းပူဆွေးမှုအမှောင်ထဲ ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်း မပျက်ကြပါနဲ့တဲ့။ ဒါက ဝိညာဉ်တော်ဘုရား ဆင်းသက်တဲ့ပွဲတော်ရဲ့ သတင်းစကား ဖြစ်ပါတယ်။

 

၂။ လေ- ငြိမ်းချမ်းခြင်းအောက်စီဂျင်သည် လေကဲ့သို့ လက်ရှိအခြေအနေတွေမှာ ရှိပါစေ။

 

လက်တင်ဘာသာစကားမှာ လေကို စပီရိတူးစ်လို့ ပြောထားပါတယ်။ အဓိပ္ပါယ်က အသက် ဖြစ်ပါတယ်။ လေဟာ ဝိညာဉ်တော်ဘုရားရဲ့ ပုံဆောင်ခဲဖြစ်ပါတယ်။ တပည့်တော်ကြီးများ အပေါ် လေသဏ္ဌာန်အားဖြင့် ရစ်ဝဲခဲ့တဲ့ ဝိညာဉ်တော်ဘုရားဟာ ဖန်ဆင်းခြင်း အစတုန်းက ဟင်းလင်းပြင်မှာ ရှိခဲ့တဲ့ ဝိညာဉ်တော်ဘုရားနဲ့ အတူတူပါပဲ။  အဖြစ်အပျက် နှစ်ခုစလုံးမှာ ဝိညာဉ်တော်ဘုရားက စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်ဝမ်းမြောက်မှုတွေနဲ့ ခမည်းတော် ဘုရားလုပ်ဆောင်မည့် အသစ်သော အရာတွေမှာ ပါဝင်ခဲ့တာပါ။ လေဆိုတာ ဝိညာဉ်တော်ဘုရားရှိနေတာကို ပြသခဲ့တာပါ။ အသစ်သော ဖန်ဆင်းခြင်းဆိုတာ ခရစ်တော်အားဖြင့် ပုံသွင်းထုဆစ်ထားတဲ့ လူသားမျိုးနွယ် အသစ် ပေါ်ထွက်လာတော့မယ်ဆိုတာကို ပြသနေတာပါ။ လေဆိုတာ လေပြေလေညင်းလည်း ဖြစ်ပါတယ်။ လေပြေလေညင်းဆိုတာ အသက်ကို ပေးတဲ့ အောက်စီဂျင်ဖြစ်ပါတယ်။ ခမည်းတော်ဘုရားကပဲ သူ့ရဲ့ အသက်တော်ကို ပထမလူသားဖြစ်တဲ့ အာဒံအထဲ မှုတ်သွင်းခဲ့ပါတယ်။ အိန္ဒိယမှာ ဖြစ်နေတဲ့ ကိုဗစ်ရောဂါအခြေနေတွေမှာ အောက်စီဂျင်ဟာ အသက်ရှင်သန်ဖို့ ဘယ်လောက်အရေးကြီးကြောင်း ပြသနေပါတယ်။ အိန္ဒိယအခြေအနေမျိုး ကျွန်ုပ်တို့ဆီမှာ မရှိသေးတာ ကျေးဇူးတင်စရာပါ။ ဒါပေမယ့် ငြိမ်းချမ်းရေးအောက်စီဂျင် ပြတ်လပ်နေတဲ့ အခြေအနေ ဆိုးကြီးကိုတော့ ကြုံနေရပါတယ်။ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းခြင်း မရှိတော့ အသက်ရှင်သန်ဖို့ ပင့်သက်တွေ ရှိုက်နေကြရပါတယ်။ ခရစ်တော် ဘုရားက ငြိမ်းချမ်းခြင်းကို ငါပေးခဲ့၏လို့ ပြောထားပါတယ်။ ခရစ်တော်ပြောတဲ့ ငြိမ်းချမ်းရေးအောက်စီဂျင်ကတော့ ကျွန်ုပ်တို့မြေမှာ ပျောက်ကွယ် ပြတ်လပ် နေပါတယ်။ ဝိညာဉ်တော် ဘုရားက ကျွန်ုပ်တို့နိုင်ငံကို ထိခိုက်နစ်နာစေတဲ့ ပဋိပက္ခတွေ၊ ရန်လိုခြင်းတွေ၊ ကိုဗစ်ကပ်ရောဂါတွေကို တွန်းလှန် တိုက်ထုတ်နိုင်တဲ့ မျှော်လင့်ချက်အောက်စီဂျင်၊ ကုသခြင်းအောက်စီဂျင်၊ ငြိမ်းချမ်းရေး အောက်စီဂျင်တွေ မှုတ်သွင်းတော်မူပါစေ။

 

၃။ မီးလျှံ- တရားမျတတဲ့မီးလျှံက တပါးသူအပေါ် ထိခိုက်နစ်နာစေတဲ့ နှလုံးသားတွေ တကိုယ်ကောင်းဆန်တဲ့ နှလုံးသားတွေကို လောင်ကျွမ်းပါစေ။

 

နောက်ဆုံးအချက်အနေနဲ့  မီးလျှံဆိုတာ အသက်ရှင်သန်မူအတွက် ပဓာန ကျတဲ့ အရာတခု ဖြစ်ပါတယ်။ တပည့်တော်ကြီးတွေအပေါ် ဆင်းသက်တဲ့ မီးလျှံဘာသာစကားဟာ သူတို့ကို ဥဿုံပြောင်းလဲ စေပါတယ်။ ဝိညာဉ်တော် ဘုရား ဆင်းသက်ခြင်းဟာ အဖြစ်အပျက်တခုမျှသာ မဟုတ်ပါ။ ကြိုတင်ပြီး နှစ်ပေါင်းများစွာကို မီးထွန်းညှိပေးပါတယ်။  ရှင်ယောဟန်ဘတ္တိဇံက သူ့လုပ်ငန်းစဉ်တွေ မစတင်ခင်ကတည်းက မီး စတင်ထွန်းညှိပေးမယ့်သူနဲ့ ရှေ့ဆက်လုပ်ဆောင် ရမယ့် လုပ်ငန်းစဉ်တွေအကြောင်းကို ကြိုတင်ဟောပြော ခဲ့ပါတယ်။ ထိုအခါ ယောဟန်က “ငါသည် သင်တို့ကို ရေဖြင့် ဆေးကြော၏။ ငါ့ထက် ကြီးမြတ်သောသူသည် ကြွလာလိမ့်မည်။ သူ၏ ခြေနင်းတော်ကြိုးကိုမျှ ဖြေခြင်းငှာ ငါမထိုက်တန်။ သူသည် သင်တို့ကို ဝိညာဉ်တော်မြတ်ဖြင့် လည်းကောင်း၊ မီးဖြင့်လည်းကောင်း ဆေးကြောတော်မူလိမ့်မည်။” (လုကာ ၃: ၁၆)

 

ခရစ်တော်က မီးကို ထွန်းညှိခဲ့ပါတယ်။ မီးစတင်သူဖြစ်တဲ့ ဝိညာဉ်တော် ဘုရားရှင်က ခရစ်တော်ဘုရားရဲ့ လုပ်ငန်းတွေကို ပြောပြသလို သူ့ရဲ့ မီးလျှံ ဘယ်လိုဘယ်ပုံ တောက်လောင်မည်ကို စိတ်လှုပ်ရှား ခဲ့ပါတယ်။ ကမ္ဘာ မြေပေါ်တွင် မီးတောက်လောက်စေခြင်းငှာ ငါလာ၏။ ယခုပင် မီးတောက် လောင်နေစေရန် ငါအလိုရှိလေပြီ။ (လုကာ ၁၂: ၄၉) ခရစ်တော်က ဘယ်လို မီးမျိုး ယူဆောင် ပေးခဲ့တာလဲ။ ကျမ်းစာထဲမှာ မီးလျှံရဲ့ အရည်အသွေးတွေကို တွေ့ရပါတယ်။ သန့်ရှင်းစင်ကြယ် စေခြင်း၊ ဘုရားတည်ရှိခြင်းနဲ့ အားအင်တန်ခိုးတို့ ဖြစ်ပါတယ်။ ကျမ်းစာတော်မြတ်ကပေးတဲ့ အထက်က အရာသုံးခုကို နားလည်သဘောပေါက်ခြင်းအားဖြင့် ဒီနေ့ ကျင်းပတဲ့ပွဲတော်မှာ ဝိညာဉ်တော်ဘုရားက ဘာတွေပေးနေသလဲဆို  နားလည်ကြရမှာပါ။

 

ခရစ်တော်ပေးတဲ့မီးလျံဟာ သန့်ရှင်းစင်ကြယ်စေတဲ့မီး ဖြစ်ပါတယ်။ အပြစ်ကနေ သန့်ရှင်း စေပါတယ်။  လက်ဝါးကပ်တိုင်မှာ တစ်ကြိမ် အသေခံခြင်းအားဖြင့် လူသားထုရဲ့ အပြစ်ကို ဆေးကြော သန့်စင်စေပါတယ်။ အပြစ်က နာကျင်ခြင်းကို ဖြစ်စေပါတယ်။ ကျွန်ုပ်တို့ကို နာကျင်စေတဲ့ အရာများကနေ လွတ်မြောက်စေခြင်းငှာလည်းကောင်း၊ သူ့ဆီကနေ ဝေးကွာ စေတဲ့ အရာများကနေလည်းကောင်း၊ ဘုရားရှင်က အယောက်တိုင်းစီရဲ့ စိတ်ထဲမှာ လုပ်ဆောင်ပေး နေပါတယ်။ မြန်မာပြည်ကြီး တစ်ခုလုံး အနေနဲ့သော်လည်းကောင်း၊ တစ်ဦးတစ်ယောက်စီအနေနဲ့ သော်လည်းကောင်း၊ အဖွဲ့အစည်း လိုက်သော်လည်းကောင်း  သန့်ရှင်းစင်ကြယ်ကြဖို့ လိုအပ်နေ ပါတယ်။ အမုန်းတရားများနဲ့ ရှင်သန်နေတဲ့ လူတွေကို ထိုဝိညာဉ်တော်မီးက သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ပါစေ။ ခရစ်တော်ဘုရားရဲ့မီးလျံဟာ ဘုရားအစဉ်တည်ရှိခြင်းကို ဖော်ပြနေပါတယ်။ ဘုရားက သူ့ရဲ့ လူမျိူးတွေကို အီဂျစ်ပြည် ကျွန်ဘဝကနေ ကယ်ထုတ်ဖို့ မိုဇက်ကိုခေါ်တဲ့အခါ ခြုံထဲတွင် မီးတောက်လောင်ခြင်းအားဖြင့် ထင်ရှားပြခဲ့ပါတယ်။  အီစရာအဲလ် လူမျိုးတွေ အီဂျစ်ပြည်ကို စွန့်ခွါတဲ့အခါ ဘယ်ဆီကိုသွားကြမယ် မသိကြပါ။ ဘုရားက နေ့အချိန် မိုးတိမ်အားဖြင့် ညအချိန် မီးလျှံအားဖြင့် ထင်ရှားပြ လမ်းညွန်ခဲ့ပါတယ်။ ကန္တာရထဲ သူ့လူမျိုးတွေကို မီးတောင် သဏ္ဌာန်အားဖြင့် ထင်ရှားပြခဲ့ပါတယ်။ ကျွန်ုပ်တို့ဟာ ပြီးခဲ့တဲ့ လေးလ ကတည်းက ဖြတ်သန်း လာခဲ့တဲ့ နာကျင်ခံစားမူတွေ ဆင်းရဲဒုက္ခတွေကြောင့် ကျခဲ့တဲ့ ဝမ်းနည်း ငိုကြွေခြင်း မျက်ရည်များအလယ် ဘုရားရဲ့အစဉ်တည်ရှိခြင်းကို ခံစားသိမြင်ဖို့ လိုအပ်ပါတယ်။ ဘုရားရှင်ဟာ ကျွန်ုပ်တို့ကို ဘယ်တော့မှ မစွန့်ပစ်တဲ့ဘုရား၊ မမေ့လျော့တဲ့ ဘုရားပါ။ ဘုရားရှင်ဟာ စစ်သဲကန္တာရများ၊ ရန်လိုတိုက်ခိုက်ခြင်း သဲကန္တာရများမှ  လွတ်မြောက်ခြင်းကိုပေးတဲ့ မီးလျှံပါ။

 

နောက်ဆုံးအနေနဲ့ ခရစ်တော်ဘုရားရဲ့ မီးလျှံဟာ ပြန်လည် တည်ဆောက်ခြင်းနဲ့ လွတ်မြောက်ရာလမ်းကို ပေးတဲ့ အားအင်တန်ခိုး ဆိုတာကို ပြသနေပါတယ်။ ခရစ်တော်ဘုရားရဲ့ မီးလျှံထိရှခြင်းခံရသူများသည် လေးစားကြည်ညိုခြင်းခံထိုက်တဲ့ ရာဘီဆရာများ မဟုတ်ခဲ့ပါ။ မထင်မရှား ပုဂ္ဂိုလ်များသာ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ခရစ်တော်ရဲ့မီးလျှံနဲ့ ထိတွေ့ ကြပြီးနောက် တစ်စုံတစ်ခု ဖြစ်ပေါ်လာပါတယ်။ နကဦးပုဂ္ဂိုလ်များ မဟုတ်ကြ တော့ပါ။ ခရစ်တော်က သူတို့ကို ဘဝဟောင်းကနေ သန့်ရှင်းစင်ကြယ်ခြင်း သက်သက် မဟုတ်ပဲ အသစ်သောအရာ ဖြစ်စေပါတယ်။ လုံးလုံးလျားလျား ပြောင်းလဲကြပါတယ်။ ကမ္ဘာအရပ်ရပ်မှာ ဘုရားရှင်ကို သက်သေခံမည့်သူများ ဖြစ်လာကြပါတယ်။ ခရစ်တော်ရဲ့ တရားဒေသနာတော်ကို ရဲရဲဝံ့ဝံ့ ကြေငြာဟောပြောကြပါတယ်။ သူတို့ဟောပြောတဲ့ စကားလုံးတိုင်းဟာလည်းပဲ အံ့ဘြစရာများနဲ့ ပြည့်နှက်နေပါတယ်။  ဝိညာဉ်တော်ဘုရား ဆင်းသက်တဲ့ပွဲမှာ ဆင်းသက်တဲ့မီးလျံဟာ ဘုရားက သူတို့အား လောကကမ္ဘာကို ပြောင်းပြန်ပြုလုပ်နိုင်ဖို့ အသုံးပြုမည့်လက္ခဏာပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် တူညီတဲ့ဆန္ဒတွေ မြန်မာပြည်သားတိုင်းရဲ့ နှုတ်ဖျားမှာ ဆောင်ထားကြလျက် လက်ရှိမတည်ငြိမ်တဲ့ ကျွန်ုပ်တို့ရဲ့ နိုင်ငံတော်ကြီးကို ငြိမ်းချမ်းခြင်းဖြင့် ပြောင်းပြန်လှန်ကြစို့။

 

ဂျေရုစလင်က အပေါ်ထပ် အခန်းကျဉ်းလေးမှာ စတင်ခဲ့တဲ့ ဝိညာဉ်တော်ဘုရား ဆင်းသက်ခြင်းဟာ ဒီနေ့အထိ ဆက်လက်ဆင်းသက် နေပါတယ်။ တပည့်တော်ကြီးများအပေါ် တောက်လောင်ခဲ့တဲ့ မီးလျံဟာ ကျွန်ုပ်တို့ အယောက်တိုင်းစီမှာလဲ ထွန်းညှိတောက်လောင်ပါတယ်။ ကျွန်ုပ်တို့အားလုံး တောက်လောင် နေနိုင်ကြဖို့ ဘုရားရှင်က ကောင်းကြီးပေးပါစေ။ မီးလျှံက ကျွန်ုပ်တို့ကို သန့်ရှင်းစင်ကြယ် ပေးပါစေ။ မီးလျှံက ကျွန်ုပ်တို့ကို ဘုရားရှင်အစဉ်တည်ရှိခြင်းကို သတိပေးပါစေ။ ကျွန်ုပ်တို့အားလုံးကို ဘုရားရှင်ရဲ့ ဘုန်းတော်ဂုဏ်တော်နဲ့ လွှမ်းခြုံပါစေ။

 

ဝိညာဉ်တော်ဘုရား ပေးထားတဲ့ ငြိမ်းချမ်းခြင်းမီးလျှံက မြန်မာပြည်သူပြည်သား အားလုံးအပေါ် သက်ဆင်းပါစေ။ ခရစ်တော်ဘုရား ရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်ဘုံတက်ကြွတော်မူပြီး ရှေ့ဆောင်လမ်းပြပေးသူ ဝိညာဉ်တော် ဘုရားကို ကျွန်ုပ်တို့အတွက် စေလွှတ်ခဲ့ပါတယ်။ အာလေလုယာ၊ ဝိညာဉ်တော်မီးအားဖြင့် ငြိမ်းချမ်းတဲ့ မြန်မာပြည်သစ်၊ ခွင့်လွတ်နားလည်မှုရှိတဲ့ မြန်မာပြည်သစ်ဖြစ်ပါစေ။

Add new comment

7 + 0 =