ဝိညာဉ်တော်အားဖြင့် ရှင်သန်ခြင်း

ဝိညာဉ်တော်အားဖြင့် ရှင်သန်ခြင်း
=========
စိုးနိုင် sdb
=======
အစောပိုင်း ရေးသားခဲ့တဲ့ ဆောင်းပါးတွေမှာ စိတ်ပညာကို မှီးငြမ်းပြီး လူငယ်များဘဝမှာ လူပုဂ္ဂိုလ်တစ်ဦး အနေနဲ့ မွေးမြူ ဆောက်တည်ဖို့ လိုအပ်တဲ့ အကြောင်းအရာများ ရေးသားခဲ့ပါတယ်။

လူဆိုတာ ခန္ဓာ၊ ဝိညာဉ်၊ စိတ် ဆိုတဲ့အရာသုံးခုနဲ့ဖွဲ့စည်းထားတယ်လို့ ယူဆခဲ့ကြတယ်။ လူတစ်ယောက်အနေနဲ့ မိမိကိုယ်ကို တည်ဆောက် ခြင်းမှာ ခန္ဓာနဲ့ ဆက်စပ်ပြီး တည်ဆောက်ရမယ့် အရာတွေ ရှိသလို ဝိညာဉ်နဲ့ဆက်စပ်ပြီး တည်ဆောက်ရမယ့် အရာတွေလည်း ရှိပါတယ်။ အဲ့ဒါကြောင့် ရှင်ပေါလုက "ဝိညာဉ်တော် လမ်းညွှန်သည့် အတိုင်း လျှောက်လှမ်းကြလော့။ အသွေးအသား၏ ဆန္ဒရမ္မက်များကို မလိုက်လျောကြနှင့်" (ဂလာတိ ၅း၁၆) လို့ မိန့်ဆိုခဲ့ပါတယ်။ တဆက်တည်းမှာပဲ "ခရစ်တော်ယေဇူးနှင့် သက် ဆိုင်သူများသည် အသွေးအသားနှင့် ယင်း၏ တပ်မက်မှုများ၊ လိုအင်ဆန္ဒများကို လက်ဝါးကပ်တိုင်ပေါ်တွင် သေစေခဲ့လေပြီ။ ငါတို့သည် ဝိညာဉ်တော်
တော်အားဖြင့် အသက်ရှင်ကြပါလျှင် ဝိညာဉ်တော်၏ လမ်းညွှန်မှု အတိုင်းလည်း လျှောက်လှမ်း ကြပါ စို့" (ဂလာတိ ၅း၂၄-၂၅) ။

ဝိညာဉ်တော်အားဖြင့် ရှင်သန်ခြင်းဆိုတာ ဘုရားသခင်ရဲ့ လွတ်လပ်တဲ့ သားသမီး တစ်ဦးအဖြစ်နဲ့ ရှင်သန်ဖို့ ဖိတ်ခေါ်ခြင်း ဖြစ်ပါတယ်။ အဲ့ဒီလွတ်လပ်ခြင်းကို ခရစ်တော်ရဲ့ သွေးနဲ့ရင်းပြီး ရယူပေးခဲ့တာ ဖြစ်ပါတယ်။ " လွတ်လပ်ရေးအတွက် ခရစ်တော်သည်
ငါတို့အား လွတ်မြောက်စေတော်မူခဲ့လေပြီ။ ထို့ကြောင့် တည်ကြည် မြဲမြံစွာ ရပ်တည်ကြလျက် ကျွန်အစေခံ၏ ထမ်းပိုးကို တဖန်ပြန်၍ မထမ်းကြနှင့်" (ဂလာတိ ၅း၁)။

ဝိညာဉ်တော်၌ ရှင်သန်တဲ့ ကျနော်တို့ရဲ့ အသက်တာဟာ ဝိညာဉ်တော်ရဲ့ ကျေးဇူးတော်များနဲ့ ရှင်သန်တဲ့ အသက်တာလည်း ဖြစ်ပါတယ်။ ဝိညာဉ်တော်၌ ရှင်သန်သူတို့မှာ ရရှိမယ့် ကျေးဇူးတော် အသီးအပွင့်များက "ချစ်ခြင်း၊ ရွှင်လန်းခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာရှိခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကို ချုပ်တည်းခြင်း" (ဂလာတိ ၅း၂၂-၂၃) တို့ဖြစ်ပါတယ်။

ကက်သလစ် အသင်းတော်ရဲ့ ‌ဝတ်ပြုကိုးကွယ်ခြင်း ပြက္ခဒိန်အရ ကျနော်တို့ဟာ ပါစကားပွဲတော် အချိန်ကာလကို ပိတ်သိမ်းဖို့အတွက် ဝိညာဉ်တော်ဘုရား ဆင်းကြွခြင်း ပွဲတော်ကို ယနေ့ (မေလ ၃၁ ရက် ၂၀၂၀ ခု) မှာ ကျင်းပကြပါတယ်။ ပါစကား အချိန်ကာလဟာ ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းကို ပွဲကျင်းပခြင်း ဖြစ်ပါတယ်။ ခရစ်ယာန် အသက်တာဟာ ပါစကားပွဲတော်ရဲ့ ခရစ်တော်နဲ့ ရှင်သန်တဲ့ အသက်တာ ဖြစ်ပါတယ်။ ဆိုလိုတာက ကျနော်တို့ရဲ့ဘုရားဟာ သေခြင်းကို အောင်မြင်တဲ့ဘုရား၊ အသက်ရှင်တဲ့ ဘုရားလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ပါစကား ပွဲတော် မတိုင်ခင်မှာ ဝါတွင်းကာလကို ဖြတ်သန်းရပါတယ်။ အဲ့ဒီကာလမှာ အပြစ်ဒဏ်ဆပ်ဖြေခြင်းနဲ့အတူ ခရစ်တော်ရဲ့ ဒုက္ခခံခြင်း အသေခံခြင်းများ ကို ထောက်ရှုကြပါတယ်။ ခရစ်တော်ရဲ့ ကယ်တင်ခြင်း လုပ်ငန်းဟာ ဒုက္ခဆင်းရဲ ခံခြင်းများနဲ့သာ အောင်မြင်စွာ ဖြစ်မြောက် ခဲ့ပါတယ်။ ကျနော်တို့ဟာ ဒုက္ခခံခြင်းအားဖြင့် ခရစ်တော်နဲ့ အတူ ခန္ဓာ၌ သေကြပြီး ဝိညာဉ်တော်၌ ဆက်လက် အသက်ရှင်ကြဖို့ ဖြစ်ပါတယ်။ "သင်တို့သည် သွေးသားအလိုအတိုင်း ရှင်သန် နေထိုင် ကြပါလျှင် သင်တို့သည် သေကြရလိမ့်မည်။ သို့သော် ကိုယ်ခန္ဓာ၏ အကျင့်တို့ကို ဝိညာဉ်တော်အားဖြင့် ချုပ်ငြိမ်းစေကြလျှင်မူ သင်တို့သည် အသက်ရှင်ကြလိမ့်မည်" (ရောမ ၈း၁၃)။ "ငါတို့သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခ ခံထမ်းကြမှသာလျှင် ထိုသခင် နှင့်အတူ ဘုန်းဂုဏ် တော်ကိုလည်း စံစားကြရမည် ဖြစ်၏" (ရောမ ၈း၁၇)။

ယခုအချိန်မှာ ကျနော်တို့ ရှင်သန်တဲ့ အသက်တာဟာ ခရစ်တော်ရဲ့ ဒုက္ခခံခြင်းနဲ့ သေခြင်းမှာ ပါဝင်ခဲ့ပြီး ခရစ်တော်နဲ့အတူ ရှင်သန်တဲ့ အသက်တာ ဖြစ်ပါတယ်။ အဲဒီအသက်တာဟာ ဝညာဉ်တော်၌ ရှင်သန်ခြင်းလည်း ဖြစ်ပါတယ်။ "ခရစ်တော်သည် သင်တို့၌ ရှိတော်မူလျှင် ကိုယ်ခန္ဓာသည် အပြစ်ကြောင့် သေသော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်၏။- ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေသော အရှင်၏ ဝိညာဉ်တော်သည် သင်တို့၌ ကိန်းဝပ်တော်မူလျှင် ယေဇူးခရစ်တော်ကို သေခြင်းမှရှင် ပြန်ထမြောက်စေသော အရှင်သည် သင်တို့၌ ကိန်းဝပ်တော်မူသော မိမိ၏ ဝိညာဉ်တော်အားဖြင့် သင်တို့၏ သေမျိုးဖြစ်သော ကိုယ်ခန္ဓာကိုလည်း အသက်ရှင်စေတော်မူ လိမ့်မည်" (ရောမ ၈း၁၀-၁၁)။

ဝိညာဉ်တော်၌ အသက်ရှင်တဲ့ ကျနော်တို့ဟာ ဘုရားသခင်ရဲ့ အမွေစား အမွေခံတွေ ဖြစ်ကြပြီး ဘုရားသခင်ကို "အဖေ" လို့ ရဲဝံ့စွာ ခေါ်နိုင်ခွင့်ရှိတဲ့သူများ ဖြစ်လာကြပါတယ်။ "သင်တို့သည် ကြောက်ရွံ့စိတ်ပြန်လည် ဖြစ်ပေါ်လာစေရန် ဘုရားသခင်ထံတော်မှ ကျွန်စိတ်ဓာတ်ကို ရရှိခဲ့ကြသည် မဟုတ်ပေ။ သင်တို့သည် အမွေစား အမွေခံ စိတ်ဓာတ်ကို ရရှိခဲ့ကြခြင်းသာဖြစ်၏။ ထိုစိတ်ဓာတ်ဖြင့်ပင် အဗ္ဗ၊ အဖ ဟု သင်တို့ ကြွေးကြော်ကြ၏" (ရောမ ၈း၁၅)။ "ငါတို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြကြောင်းကို ဝိညာဉ်တော် ကိုယ်တိုင်ကပင် ငါတို့၏ ဝိညာဉ် နှင့်အတူ သက်သေခံတော်မူခြင်းဖြစ်၏" (ရောမ ၈း၁၆)။

ဘုရားသခင်ရဲ့ လွတ်လပ်သော သားသမီးများအဖြစ် ဝိညာဉ်တော်အားဖြင့် ရှင်သန်သော အသက်တာကို ပိုင်ဆိုင်နိုင်ကြပါစေ ...
စိုးနိုင် sdb

 

Add new comment

11 + 9 =