လွိုင်ကော် ဆရာတော်ကြီး ချဲလ်ဆို ဘရွှေ၏ ဆရာတော်သိက္ခာတင်ပွဲအတွက် ကာဒီနယ်ချားစ်လ်ဘိူ ၏ ဩဝါဒ တရား‌တော်

လွိုင်ကော် ဆရာတော်ကြီး ချဲလ်ဆို ဘရွှေ၏ ဆရာတော်သိက္ခာတင်ပွဲအတွက် ကာဒီနယ်ချားစ်လ်ဘိူ ၏ ဩဝါဒ တရား‌တော်

ခရစ်တော်၌ ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့

ဘုရားသခင်ရဲ့ မေတ္တာတော်နဲ့ မိတ်သဟာယတော် တို့ဟာ သင်တို့အားလုံးနှင့်အတူ ရှိပါစေ။

ဒီနေ့ဟာ တန်ခိုးအာနုဘော်တော်နေ့ရက်ဖြစ်ပါတယ်၊ မျှော်လင့်ခြင်းရဲ့ နေ့ရက်ဖြစ်ပါတယ်၊ ဒီနေ့ဟာ ဝိညာဉ်တော်ရဲ့ အောင်ပွဲ ဖြစ်ပါတယ်၊ အမှောင်အပေါ် အနိုင်ယူတဲ့အလင်းတော်၊ စိတ်ပျက် အားငယ် ခြင်းအပေါ် အနိုင်ယူတဲ့ မျှော်လင့်ခြင်း၊ ဒဏ်ရာအနာတွေအပေါ် အနိုင်ယူတဲ့ ကုသခြင်း စတဲ့ အောင် မြင်ခြင်းတွေ အများကြီးရဲ့ဝိညာဉ်တော် နေ့ရက်ဖြစ်ပါတယ်။ ဒီအချိန်နာရီအတွက် ဘုရား သခင်ရဲ့ ဘုန်းဂုဏ်တော်ကို ချီးမွမ်းပါတယ်။ ဒီနေ့ ဒီနေရာ လွိုင်ကော်မြို့မှာ ဘုရားသခင်ရဲ့ ကြီးမားသော တန်ခိုးတော်ကို မျက်ဝါးထင်ထင်တွေ့မြင်ဖို့ ရောက်လာကြတဲ့ သင်တို့အားလုံးကို ကြိုဆိုပါတယ်။

မဝေးတဲ့ အတိတ်တစ်ခုမှာ ဘုရားသခင်ရဲ့ လူမျိုးတော်တွေအနေနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့တဲ့ အဖြစ် အပျက်တွေအားလုံးနဲ့ ပြန်လည်တည်ဆောက်ခြင်း၊ ပြန်လည်သင့်မြတ်ခြင်းဆိုတဲ့ အရာတွေအတွက် ကျွန်ုပ်တို့ဒီနေရာမှာ စုဝေးနေကြပါတယ်။ ဒီနေရာမှာ ဒီလိုအခမ်းအနားကို ကျင်းပနိုင်ခြင်းဟာ ဘုရားသခင်ကျေးဇူးတော်ရဲ့ မဟာတန်ခိုးတော်တစ်ခုဖြစ်ပါတယ်။

သမ္မာကျမ်းမှာ ဖတ်ရတဲ့ ထွက်မြောက်ရာကျမ်းက အာရုံမှာ ပေါ်လာပါတယ်။ တောကန္တာရထဲမှာ အစ္စရာအဲလ် လူများရဲ့ခရီးကြမ်းကြီးထက်မှာ ဘုရားသခင်က သူတို့နဲ့အတူ ခရီးသွားခဲ့တယ်။ ကျောက် ဆောင်ထဲကနေ ရေထွက်စေတယ်၊ ကောင်းကင်ကနေ မန်နာမုန့်ကိုချပေးတယ်။ အဲ့ဒီအဖြစ်မျိုးက ဒီသာသနာနယ်မှာ ယနေ့ ဖြစ်နေပါတယ်။ လွိုင်ကော်သာသနာမှ သားသမီးများနဲ့ မြန်မာပြည် နေရာအနှံ့မှာ ရှိနေကြတဲ့ သားသမီးတို့ ကျွန်ုပ်ရဲ့နှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာ၊ သနားကရုဏာ ကြီးစွာဖြင့် သင်တို့အတူ ကျွန်ုပ်ခရီးပြုနေပါတယ်။ ကျေးဇူတင်ခြင်း၊ မျှော်လင့်ခြင်းတို့နဲ့ လျှောက်လှမ်း သွားနေရတဲ့ ယုံကြည်ခြင်း ခရီးဟာ ကြမ်းတမ်းရှည်လျား လွန်းလှပါတယ်။ ယခုအချိန်မှာ သင်တို့နဲ့ အတူ ဆရာတော်တစ်ပါးရရှိပါပြီ။ တောကန္တာရခရီးကြမ်းထက်မှာ ဦးဆောင်ခဲ့တဲ့ မိုးဇယ်နဲ့ အာရုန်တို့ လို ဆရာတော်ကဦးဆောင်ပေးမှာဖြစ်ပါတယ်။ မှန်ပါတယ် ဆရာတော်အသစ်က ကျွန်ုပ်တို့အားလုံးကို ငြိမ်းချမ်းခြင်းနဲ့ ပြန်လည် သင့်မြတ်ခြင်း နိုင်ငံဆီ ဦးဆောင်ခေါ်သွားပေးမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဆရာတော်အသစ်က သူ့လူတွေနဲ့ ကားတိုင်လမ်းကို အတူ လျှောက်လှမ်းခဲ့တဲ့သူ ဖြစ်ပါတယ်။

မွန်ဆီညော် ချဲလ်ဆို ဘရွှေကို ဆရာတော်တစ်ပါးအဖြစ် ပေးသနားတဲ့ ဘုရားသခင်ရဲ့ ကြီးမြတ်တဲ့ လက်ဆောင်အတွက် ကျွန်ုပ်တို့ ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းကြပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပြောလေ့ရှိပါတယ် “သိုးထိန်းဟာ သိုးတွေနဲ့ရောထွေးနေလို့ သိုးတွေရဲ့အနံ့စွဲနေတယ်” ဆရာတော်အသစ်ဟာ သိုးတွေနဲ့အတူရော သူတို့ရဲ့ အနံ့တင်မကဘူး သူတို့ရဲ့ မျက်ရည်တွေ၊ သူတို့ရဲ့ ချိုးဖဲ့ခံရခြင်းတွေ၊ သူတို့ရဲ့ အစိတ်စိတ်အမွှာအမွှာ ဖြစ်နေရခြင်းတွေကို မျှဝေတွေ့ကြုံခံစားနေသူ ဖြစ်ပါတယ်။ ဘုရားသခင်က သူ့ကိုရွေးကောက်တာဟာ အဟောအပြောကောင်းလို့မဟုတ်ဘူး၊ စာပေ ကျမ်းဂန်တွေ တတ်ကျွမ်းလွန်းနေလို့မဟုတ်ဘူး၊ သူက နာမည်ကြီးတက္ကသိုလ်ကြီးထဲက ဆင်းလာတာ မဟုတ်ဘူး။ ဆရာတော်အသစ်က ဒုက္ခမျိုးစုံခံစားနေရတဲ့ လူတွေနဲ့အတူ ကားတိုင်လမ်းကိုလျှောက်ပြီး ဒီနေရာကို ရောက်လာခြင်းဖြစ်တယ်။ ဒီကားတိုင်လမ်းကနေ မျှော်လင့်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ပြန်လည် သင့်မြတ်ခြင်း၊ အသင်းတော်ကိုပြန်လည်တည်ဆောက်ခြင်းတွေရဲ့ ရှင်ပြန်ထမြောက်ခြင်းဆီကို ဘုရားက ခေါ်ဆောင်သွားပေးမယ်ဆိုတာ သူယုံကြည်တယ်။

2

မြန်မာပြည် ကက်သလစ်အသင်းတော်ရဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် လွိုင်ကော်က တောင်ပေါ်မှာ တည်သောမြို့နဲ့တူပါတယ်။ သူ့ရဲ့အလင်းဟာ တော်တော်ကို ထူးထူးခြားခြားလင်းခဲ့ပါတယ်။ ဒီသာ သနာရဲ့ ယုံကြည်ခြင်းဟာ ကျောက်ဆောင်ပေါ်မှာတည်လို့ ဝမ်းနည်းခြင်းလှိုင်းတွေရဲ့ ရိုက်ခတ်မှုတွေ၊ ဖျက်စီးခြင်းရဲ့ သေခြင်းတွေကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်နေပါတယ်။ ဒီသာသနာရဲ့ ရင်သွေးငယ်တွေဟာ စွန့်လွှတ်အနစ်နာခံပြီး ရဟန်း၊ သူတော်စင်တွေ အဖြစ်နဲ့ ကမ္ဘာအနှံ့သွားရောက်ပြီး ဧဝံဂေလိ သတင်းကောင်း သယ်ဆောင်သူတွေဖြစ်နေပါတယ်။ ဒီသာသနာမှာ အသင်းတော်ကို တည်ဆောက် ခဲ့တဲ့ ဆရာတော်ကြီး ဆိုတေးရို ရှိခဲ့တယ်။ ယခုလည်း ကျွန်ုပ်တို့အလယ်မှာ ရှိနေပါတယ်။ သာသနာရဲ့ ထွန်းလင်းတောက်ပချိန် နဲ့ ဝမ်းနည်းကြေကွဲစရာအချိန်တွေကို ရင်ဆိုင်ဖြတ်ကျော်နေတဲ့ သိုးထိန်းတစ် ပါးဖြစ်ပါတယ်။ ဒါပေမဲ့ ရှင်ပေါလူး မိန့်ဆိုခဲ့သလိုပဲ “ငါဟာ အကောင်းဆုံးသော တိုက်ပွဲကို ဆင်နွှဲခဲ့ပြီ” လို့ သူလည်းခိုင်မာစွာ ပြောနိုင်သူဖြစ်ပါတယ်။ ဆရာတော်ကြီး ဆိုတေးရိုဟာ ပရောက်ဖက်တစ်ပါးလို ဖြစ်ခဲ့ပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော် ပေါင်းစုစည်းခြင်းကို သူ့ဘဝမှာ တွေ့မြင်ရနိုင်ပါတယ်။

ဆရာတော်စတီးဗင်းဟာလည်း ကျွန်ုပ်တို့ရဲ့နှလုံးသားမှာ ရှင်သန်နေဆဲဖြစ်ပါတယ်။ သူရဲ့ဝိညာဉ်ဟာ ဒီနေရာပဲရှိနေမှာပါ။ သူဟာ ရိုးစင်းပြီးချစ်စရာကောင်းတဲ့ သိုးထိန်းတစ်ပါးပါပဲ။ ဘုရားသခင်က သူနဲ့ အတူရှိနေဖို့ ဆရာတော်ကို ပြန်လည်သိမ်းပိုက်ခဲ့တယ်။ သူ့ရဲ့ တိုတောင်းတဲ့ အမှုတော်ဆောင် သက်တမ်းကို ကြေကွဲစွာ အမှတ်ရနေပေမဲ့ သူ့ကိုဆက်ခံတဲ့ ဆရာတော်ဟာ ထိုက်တန်သူဖြစ်တဲ့ အတွက် သူဟာ ဒီအခမ်းအနားမှာ ပျော်ရွင်ခြင်းနဲ့ မျှော်လင့်ခြင်းတွေနဲ့ ပါဝင်နေတယ်လို့ တွေးမိတဲ့ အတွက် အားရကျေနပ်စရာလည်း ကောင်းပါတယ်။ သူ့ရဲ့ဘာသာဝင်တွေဟာ စိန်ခေါ်မှုများစွာရင်ဆိုင် နေရတဲ့ကြားက ဒီနေ့ အသစ်သော စတင်ခြင်းနဲ့ ခွန်အားယူနေကြတာကို သူမြင်တွေ့နိုင်မှာပါ။

ဆအရာတော်အသစ်ဟာ ဒီနေ့ဒီနေရာအထိ ဘယ်လိုဖြတ်သန်းခဲ့ရသလဲဆိုတာ ကျွန်ုပ်တို့အားလုံး အသိပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ လမ်းမတွေဟာ သူ့ရဲ့ဘုရားစင်ဖြစ်ခဲ့တယ်၊ ဆာလောင်နေတဲ့သူတွေနဲ့ အစာရေဆာ ဝေမျှစားခဲ့တယ်၊ မျှော်လင့်ခြင်းအကြောင်းဟောရတဲ့ နေရာက တောကြိုတောင်ကြားထဲမှာ၊ အိုးအိမ်စွန့်ခွါရသူတွေရဲ့ ယာယီတဲတွေက သာသနာအုပ်စု ဖြစ် လာတယ်။ ဒီစိန်ခေါ်မှုတွေကြားထဲမှာ ကမ္ဘာကြီးက ဘုရားသခင်ရဲ့နှုတ်ကပါတ်တော်နဲ့ ဘုရားသခင်ရဲ့ အသားတော်ကို ချိုးဖဲ့ဝေမျှရတဲ့ ဘုရားကျောင်းဖြစ်လာတယ်။ လူ့အသိုင်းအဝိုင်းရဲ့ အစွန်အဖျားမှာ ရှိနေတဲ့ အသင်းတော်ကို သူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ ထားလေ့ရှိတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆရာတော် ချဲလ်စိုဘရွှေကို ရွေးချယ်ခန့်အပ်ခဲ့တယ်။

ဆရာတော်အသစ်ဟာ သိုးထိန်းတောင်ဝှေးတော်ကို ဒီနေ့လက်ခံယူတဲ့အခါ သူ့အရှေ့မှာ ဘယ်လို စိန်ခေါ်မှုတွေ နဲ့ ကျေးဇူးတော်တွေက သူ့ကို လက်ကမ်းကြိုနေသလဲ?

ဒီနေ့ဖတ်ရှုကြားနာခဲ့ရတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပါဌ်တော်မှာ ဆရာတော်အသစ် လျှောက်လှမ်းရမယ့် ခရီးစဉ်ကို တွေ့မြင်ရပါတယ်။ အမိအသင်းတော်က ဆရာတော်တစ်ပါရဲ့ အခန်းကဏ္ဍကို ရိုးစင်းစွာ ဖေါ်ပြပါတယ်။ သာသနာတစ်ခုရဲ့ ဆရာတော်ဟာ သာသနာအတွင်းမှာ စည်းလုံးညီညွတ်ခြင်းအတွက် အဓိကကျတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်တာအတွင်းမှာ ဆရာတော်လောင်းဟာ ကိုယ်ကျိုး စွန့်ပြီး အစေခံခဲ့တာကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ကြရပါတယ်။ ဒုတိယဗာတီကန်ညီလာခံကြီးက ဆရာတော် တစ်ပါးအနေနဲ့ စည်းလုံးညီညွတ်ခြင်းကို ဖေါ်ဆောင်ခြင်းမှာ လုပ်ငန်းစဉ် သုံးခုကို ဖေါ်ြပ ပါတယ်။ ဆရာတော်ဟာ အယူဝါဒသင်ကြားပေးတဲ့ ဆရာဖြစ်ရမယ်၊ ဝတ်ပြုကိုးကွယ်ခြင်းမှာ ရဟန်းဖြစ်ရမယ်၊ အုပ်ချုပ်ရေးမှာ အမှုတော်ဆောင်ဖြစ်ရမယ်။

ကြားနာခဲ့ရတဲ့ နှုတ်ကပါဌ်တော်ကလည်း ဆရာတော်အသစ်အတွက် စိန်ခေါ်ခြင်း သုံးခုကို ဖေါ်ပြပါ တယ်။

Ø ပထမ စိန်ခေါ်ခြင်းက - မကောင်းမှုဒုစရိုက်ကို ဘုရားသခင်၌ရှင်သန်တဲ့ ခိုင်မာသောယုံကြည် ခြင်းနဲ့ ရင်ဆိုင်ဖို့ ဖြစ်ပါတယ်

ပထမဖတ်ရှုတဲ့ကျမ်းစာမှာ ဆိုးယုတ်ခြင်းရဲ့မောက်မာခြင်းအလယ်မှာ ဘုရားသခင်ရဲ့ စွမ်းအားတန်ခိုး ကို တွေ့မြင်ရပါတယ်။ ရှင်ပေတရူးဟာ သတင်းကောင်းဟောကြားလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်သွင်း အကျဉ်းကျခံနေရပြီး သံကြိုးတွေနဲ့လည်း ချည်နှောင်ထားခံရတယ်။ ဘုရားသခင်သာလျှင် ကျွန်ုပ်တို့ရဲ့ အသက်တာကို စီရင်ပိုင်ခွင့်ရှိသူဖြစ်ပါတယ်။ ဟေရုဒ်က ဂျူးလူမျိုးတွေရဲ့ ထောက်ခံမှုရဖို့ ရှင်ပေတရူး ကို အစောင့်တွေ အများကြီးအောက်မှာ ထောင်သွင်း အကျဉ်းချထားခဲ့တယ်။ အခြေအနေက အတော် ဆိုးဝါးနေခဲ့ပါတယ်။ အသင်းတော် တစ်ခုလုံးကတော့ သူပြန်လည်လွတ်မြောက်ဖို့အတွက် အသည်း အသန်ဆုတောင်းနေခဲ့တယ်။ တခါတလေ အဖြစ်အပျက်တွေက အံဩစရာ ကောင်းတတ်ပါတယ်။ ဘုရားသခင်ရဲ့ တမန်တော်ပေါ်လာပြီး အမှောင်ကိုခွင်း အလင်းကိုဆောင်ခဲ့တယ်၊ ရှင်ပေတရူးကို ချဉ်နှောင်ထားတဲ့ ကြိုးတွေ အကုန် မြေပေါ်ပုံကျသွားတယ်။ ကောင်းကင်တမန်တော်က ပေတရူးကို အကျဉ်းထောင် အပြင်ခေါ်ထုတ်သွားခဲ့တယ်။ ဒီအဖြစ်အပျက်က ဘုရားသခင်ဟာ သူ့ရွေးကောက်တဲ့ အစေခံနဲ့အတူ အမြဲရှိနေပါတယ်။ အမှောင်ဆုံးအချိန်တွေမှာတောင် ဘုရားက ရှိနေပါတယ်။

ဆရာတော်ရဲ့ဘဝမှာ ဒီလိုပဲ စိန်ခေါ်မှုတွေ၊ အတားအစီးတွေ အမှန်တကယ်တွေ့ကြုံရပါလိမ့်မယ်။ ဒါပေမဲ့ ဘုရားသခင်နဲ့ ဝိညာဉ်တော်ရဲ့ လမ်းညွှန်မှုရှိနေသရွေ့ ကောင်းကင်တမန်တော်တွေက ကိုယ်တော့်ကို ကာကွယ်စောင့်ရှောက်ကြပါလိမ့်မယ်။ ရှင်ပေတရူးတွေ့ကြုံခဲ့သလိုပဲ အကျဉ်းထောင်ရဲ့ နံရံတွေ ချဉ်နှောင်တဲ့သံကြိုးတွေ အကုန်လုံး လွင့်ပျောက်ကုန်ပါလိမ့်မယ်။ ဘုရားသခင်ရဲ့ တန်ခိုး အာဏာကို ကိုယ်တော့်တွေ့မြင်ရပါလိမ့်မယ်။

Ø ဒုတိယ သင်ခန်းစာက ဒုက္ခဆင်းရဲခံရခြင်းက ကယ်တင်ခြင်းပေးနိုင်တဲ့ အကြောင်းဖြစ်ပါတယ်

ရှင်ပေါလူးက သူ့ရဲ့အသက်တာကို သူ့လူတွေရဲ့ ကယ်တင်ခြင်းအတွက် ပူဇော်သက္ကာရအဖြစ် တင်ပူ ဇော်တယ်ဆိုတာ ကျွန်ုပ်တို့ ဒုတိယဖတ်ရှုခြင်းမှာ ကြားနာခဲ့ရပါတယ်။ ယေဇူးခရစ်တော်ဟာ ကျွန်ုပ်တို့ရဲ့ စံနမူနာဖြစ်ပါတယ်။ ကယ်တင်ခြင်းပေးလိုတဲ့ သူ့ရဲ့အချစ်က လက်ဝါးကားတိုင်ပေါ်မှာ အဆုံးသတ်ခဲ့တယ်။ ဆရာတော်ဟာ လူတွေရဲ့ မျက်ရည်တွေ လူတွေရဲ့ ဝမ်းနည်းကြေကွဲခြင်းတွေကို သိခဲ့တယ်။ ဒါအဆုံးမဟုတ်သေးပါဘူး။ ဆရာတော်ဟာ အခုလို ဝမ်းနတည်းကြေကွဲနေရတဲ့အချိန်မှာ သတင်းကောင်း သယ်ဆောင်သူသာမက သူကိုယ်နှိုက်က သတင်းကောင်းဖြစ်ပေးရပါလိမ့်မယ်။ ခရစ်တော်ရဲ့ လူသားတွေအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာက သူ့ကို လက်ဝါးကားတိုင်ပေါ်ရောက်စေခဲ့ တယ်။ အဲဒါဟာ ဆရာတော်အတွက် စိန်ခေါ်မှုဖြစ်ပါလိမ့်မယ်။

မုန်းတီးခြင်းများစွာနဲ့ ရှင်သန်ခဲ့ရတဲ့ လူတွေအတွက် ချစ်ခြင်းမေတ္တာကို ဘယ်လိုပေးနိုင်မှာလဲ?

ရှင်ပေါလူးရဲ့ သစ္စာတည်ကြည်ခြင်းနဲ့ ဆက်ကပ်အပ်နှံခြင်းကို သူ့ရဲ့စကားလုံးတွေထဲမှာ မြင်တွေ့ နိုင်ပါတယ်။ ဒီနေ့ဒီစကားတွေဟာ ဆရာတော်တိုင်း စံနမူနာယူကြဖို့ ဖိတ်ခေါ်နေပါတယ်။ ရှင်ပေါလူးက သူဟာ ပူဇော်ခြင်းခွက်ထဲက ရေစက်လို သွန်ချခံခဲ့တယ် သူ့အချိန်တွေကို သာသနာပြု လုပ်ငန်းအတွက် ပေးဆပ်ခဲ့တယ်။ ရှင်ပေါလူးက သူ့ဘက်မှာ ရပ်တည်ပေးပြီး ခွန်အားပေးတဲ့ဘုရား သခင် အမျိုးစုံသော တိုက်ခိုက်ခြင်းတွေထဲကနေ သူ့ကိုကယ်တင်ခဲ့တဲ့ဘုရားသခင်ကို ခိုင်ခိုင်မာမာ ယုံကြည်ခဲ့တယ်။ ဆရာတော်တစ်ပါးရဲ့ အသက်တာဟာ မှန်ကန်ခြင်းနဲ့ ဖြောင့်မတ်ခြင်းအတွက် တိုက်ပွဲဝင်နေရတဲ့ အသက်တာဆိုတာကို သိမြင်စေပါတယ်။ ဒီတိုက်ပွဲအတွက် ခိုင်မာသောဇွဲနဲ့ စိတ်ဓါတ်၊ သစ္စာတည်ကြည်ခြင်း၊ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်ခြင်းအပေါ် နောက်မတွန့်ဘဲ ခိုင်မာတဲ့ ယုံကြည်ခြင်း လိုအပ်ပါတယ်။ ဆရာတော်အဖြစ် သိက္ခာခံယူတယ်ဆိုတာ အရှေ့မှာ တွေ့ကြုံ လာမယ့် စိန်ခေါ်မှုတွေကို ခိုင်မာသော ယုံကြည်ခြင်းနဲ့ ပွေ့ဖက်ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဝမ်းနည်း ကြေကွဲခြင်းတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ ရှင်ပေါလူးရဲ့ စကားလုံးများကို သတိရ လိုက်ပါ။ အဲဒါက “သခင်ဘုရားသည် ငါ့ဘက်၌နေ၍ ငါ့ကိုခွန်အားနှင့်ပြည့်ဝစေတော်မူ၏၊ မကောင်းမှု ဒုစရိုက်တို့၏ ထိုးနှက်ခြင်းဒဏ်မှ ငါ့ကို ကာကွယ်တော်မူ၏” ဒီလိုဝမ်းနည်းစရာ အချိန်တွေမှာ ဘုရား သခင်ဟာ ကိုယ်တော့်ရဲ့ ကောင်းသောသိုးထိန်းဖြစ်ပါစေ။

Ø တတိယစိန်ခေါ်မှုကတော့ ကျော်ဖြတ်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ရပါလိမ့်မယ် - အဲ့ဒါက ထွက်မြောက်ခြင်း ခရီးလမ်းပေါ်က အသင်းတော်ကို ဘယ်လိုပြန်တည်ဆောက်မလဲ?

ယုံကြည်သူတွေရဲ့ အသင်းတော်ကို ဘယ်လိုပြန်တည်ဆောက်မလဲ? ကိုယ်ခန္ဓာမှာ၊ ဝိညာဉ်မှာ၊ စိတ် ထဲမှာ ဒဏ်ရာဒဏ်ချက်တွေက နာကျင်စွာထိုးနှက်နေကြဆဲဖြစ်တော့ ဘယ်လိုလုပ်ပြီး ပြန်လည်ကျေး နိုင်မှာလဲ၊ ဘယ်လိုလုပ်ပြီးတော့ ပြန်လည်တည်ဆောက်နိုင်မှာလဲ?

သခင်ခရစ်တော်နဲ့ ကနဦးအသင်းတော်ဟာ ဒီလို အကျပ်အတည်းတွေရင်ဆိုင်ဖြတ်ကျော်ခဲ့ရပါတယ်။ မကောင်းမှုဒုစရိုက်တွေရဲ့တိုက်ခိုက်မှုအောက်မှာ ခရစ်တော်ကိုယ်တိုင် ကားတိုင်ပေါ်တင် အသတ်ခံ ခဲ့ရပါတယ်။ ဒါပေမဲ့ အသတ်မခံရခင်မှာ တပည့်တော်ကြီးတွေကို ကျောင်ဆောင်ပေါ်တည်တဲ့ ခိုင်မာ သော ယုံကြည်ခြင်းနဲ့ အသင်းတော်ကို တည်ဆောက်ဖို့ ခွန်းအားပေးခဲ့ပါတယ်။ ရှင်မာတေဦးရဲ့ ဧဝံ ဂေလိကျမ်းမှာ ကျွန်ုပ်တို့ကြားနာခဲ့ရပါတယ်။ သခင်ယေဇူးက တပည့်တော်ကြီးက “ငါဘအယသူ ဖြစ်တယ်လို့ သင်တို့ဆိုကြသလဲ” လို့မေးတဲ့အခါ ပေတရူးက “ကိုယ်တော်ဟာ မက်ဆီးယားသခင် ဖြစ်တယ်၊ အသက်ရှင်သော ဘုရားသခင်ရဲ့သားတော်ဖြစ်တယ်” လို ဖြေကြားခဲ့တယ်။ ပေတရူးဝန်ခံ ချက်ပြီးတဲ့အခါ ခရစ်တော်က သူ့ကို အပြစ်ကိုလွှတ်ပိုင်ခွင့် ချည်နှောင်ပိုင်ခွင့်ကို ပြသတဲ့ ကောင်းကင် နိုင်ငံရဲ့သော့ကို သူ့အားပေးခဲ့ပါတယ်။

မှန်ပါတယ် - အဲ့ဒီမေးခွန်းက ယနေ့ကျွန်ုပ်တို့ရဲ့နားထဲမှာ တဖန်ပြန်ပြီး ပဲ့တင်ထပ်နေပါတယ်။ အသင်းတော်ထဲမှာ ဆရာတော်တစ်ပါးဟာ ဒဏ်ရာတွေနဲ့ နာကြင်နေပြီဆိုရင် သခင်ယေဇူးက ဒီမေးခွန်းကိုပဲ မေးပါတယ်။ “ငါအဘယ်သူဖြစ်တယ်လို သင်ဆိုမလဲ” “Who do you say that I am” သခင်ယေဇူးနဲ့ ပေတရူးကြားမှာတွေ့ရတဲ့အဖြစ်က ယုံကြည်ခြင်းအပြင် ယုံကည်ခြင်းကို ဝန်ခံဖို့နဲ့ အသင်းတော်အတွင်းမှာ ခေါင်းဆောင်မှုရဲ့ အရေးပါမှုကို မီးမောင်းထိုးပြပါတယ်။ အသက်ရှင်သော ဘုရားသခင်ဖြစ်တဲ့ ယေဇူးခရစ်တော် အပေါ်မှာထားတဲ့ ယုံကြည်ကို တည်တည်ကြည်ကြည် ဝန်ခံ မှသာ ကျွန်ုပ်တို့ဟာ ကျောက်ဆောင် လို့အခေါ်ခံထိုက်မှာဖြစ်ပါတယ်။ အသင်းတော်ကို ကျွန်ုပ်တို့ တည်ဆောက်တာမဟုတ်ဘူး၊ တည်ဆောက်သူဟာ ခရစ်တော် ဖြစ်တယ်။ အဲ့ဒါကြောင့် ခွန်အားယူပါ၊ ဒီလို ကြမ်းတမ်းတဲ့ အခြေအနေမှာ ခရစ်တော်ဟာ ကျွန်ုပ်တို့ရဲ့ လက်တွဲဖေါ် ကျွန်ုပ်တို့ကို ဝန်းရံပေးသူ ကျွန်ုပ်တို့ရဲ့ ဆရာသခင် ဖြစ်ပါတယ်။

ဆရာတော် ချဲလ်ဆိုဘရွှေ ဒီနေ့ ယေဇူးခရစ်တော်က ကိုယ်တော့်ကို ခေါ်ပြီး ကောင်းကင်နိုင်ငံတော်ရဲ့ သော့ကို အပ်နှင်းတယ်၊ ယုံကြည်သူတွေကို အုပ်ချုပ်လမ်းညွှန်ဖို့ သင့်ကို အာဏာအပ်နှင်းတယ်။ ရှင်ပေတရူးလိုပဲ ခရစ်တော်ရဲ့အမှန်တရားကို ဟောပြောဖို့၊ ယုံကြည်ခြင်းရဲ့ အမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်ဖို့၊ ကိုယ်တော့်ထံအပ်နှံထားတဲ့ သိုးစုကို ဝိညာဉ်ရေးလမ်းညွှန်မှုပေးဖို့ ခေါ်တော်မူခြင်း ခံရပါတယ်။

ဒီနေ့ဖတ်ရှုနာကြားခဲ့ရတဲ့ နှုတ်ကပါဌ်တော်က ဆရာတော် ချဲလ်ဆိုအတွက် အလွန်သင့်လျော် မှန်ကန်တဲ့ ထောက်ရှုချက်တွေကို ပေးပါတယ်။ ဆရာတော်တစ်ပါးရဲ့ လုပ်ငန်းတာဝန်ဟာ စီမံအုပ်ချုပ် ရတဲ့ မန်နေဂျာတစ်ယောက်သာ မဟုတ်ဘဲနဲ့ ယုံကြည်ခြင်း၊ အစေခံခြင်း နဲ့ ခေါင်းဆောင်မှုတွေအပေါ် တည်ဆောက်ထားတဲ့ မြင့်မြတ်သော ခေါ်တော်မူခြင်းတစ်ခုဖြစ်တယ်ဆိုတာကို ထင်ရှားစေပါတယ်။

ဆရာတော်ဘုရား ကိုယ်တော်ဟာ အလင်းတန်းတစ်ခုဖြစ်ဖို့၊ အစေခံခေါင်းဆောင်တစ်ဦးဖြစ်ဖို့၊ ဘုရား သခင်ရဲ့လူများအပေါ် သစ္စာရှိသော ဘဏ္ဏာစိုးတစ်ဦးဖြစ်ဖို့ ခေါ်တော်မူခြင်းခံရသူဖြစ်ပါတယ်။ ကျွန်ုပ်တို့အရှေ့မှာ စံနမူနာကောင်း ပြသခဲ့ကြတဲ့ တမန်တော်ကြီး ရှင်ပေတရူး၊ ရှင်ပေါလူးနဲ့ အခြား အခြားသော ဓမ္မအာဇာနည်များ ရဟန္တာများလိုပဲ ခရစ်တော်၌ရရှိမယ့် ပြည့်ဝသောအသက်တာစီ ရောက်သည်အထိ ယုံကြည်သူများကို သိုးထိန်းတစ်ပါးလို စောင့်ရှောက်ကာကွယ် ကျွေးမွေးဖို့၊ ဦးဆောင်လမ်းညွှန်ဖို့ လုပ်ငန်းတာဝန်ကို ကိုယ်တော့်ထံမှာ အပ်နှင်းထားပါတယ်။ ကိုယ်တော်ဟာ ဒီ တာဝန်နဲ့ ထိုက်တန်သူဖြစ်တယ်ဆိုတာ ရက်ရောသော ပေးဆပ်ခြင်းနဲ့ သက်သေပြခဲ့ပြီးပါပြီ။

ဆရာတော်ကြီး စတီးဗင်း ရုတ်တရက်ပျံလွန်သွားပြီးတဲ့နောက် ကိုယ်တော်ရဲ့ ဦးဆောင်မှုကို အားလုံးက အားရကျေနပ်ခဲ့ကြတယ်။ ကိုယ်တော်ဟာ ကိုယ့်တစ်ကိုယ်ရေ လုံခြုံမှုကိုမရှာဘဲ သိုးတွေရဲ့ အနံတွေကြားမှာ ရဲရင့်ရက်ရောစွာနေထိုင်ခဲ့တဲ့ သိုးထိန်းကောင်းတစ်ပါးဖြစ်ပါတယ်။ ကိုယ်တော်ဟာ ထောင်ပေါင်းများစွာသော ဘာသာဝင်သားသမီးများရဲ့ ဝိညာဉ်၊ ကာယ လိုအပ် ချက်များကိုဖြည့်ဆည်းပေးခဲ့တယ်၊ အသင်းတော်ကို စည်းလုံးညီညွတ်စေခဲ့တယ်၊ ကိုယ်တော်ရဲ့ တည်ငြိမ်ရဲရင့်တဲ့ နေထိုင်ခဲ့ခြင်းက အားလုံးအတွက် အလင်းဖြစ်စေခဲ့တယ်။ ကိုယ်တော်ဟာ ကုသပေး သူ၊ နှစ်သိမ့်ပေးသူ၊ ဆက်ကပ်ပေးဆပ်တဲ့ ရဟန်းတစ်ပါး၊ မျှော်လင့်ခြင်းရဲ့ တမန်တော်တစ်ပါး ဖြစ်ပါတယ်။ ကိုယ်တော်ဟာ ကျွန်ုပ်တို့ရဲ့ဆုတောင်းခြင်းတွေအမှန်တကယ်လိုအပ်ပါတယ်။ သန့်ရှင်း သော ဝိညာဉ်တော်ဘုရားရဲ့ ကျေးဇူးတွေနဲ့ ပြည့်ဝစေဖို့ ဒီနေ့မှာ အထူးဆုတောင်းပေးပါတယ်။ ရဟန်း တော်များကိုလည်း ဆုတောင်းခြင်း ညီညွတ်ခြင်းများနဲ့ ဆရာတော်အသစ်ကို ဝန်းရံကြဖို့ မေတ္တာရပါခံ ပါတယ်။

ဒီနှစ်တွေအအတွင်းမှာ ကိုယ်တော်ဟာ ကိုယ်တော့်သိုးစုကို စွန့်ပစ်မထားခဲ့ဘူး။ အသင်းတော်ဆိုတာ အဆောက်အဦးမဟုတ်ဘူး ဘာသာဝင်တဲ့ရှိတဲ့နေရာဟာ အသင်းတော်ပဲဆိုတာကို ကိုယ်တော်သက် သေခံခဲ့တယ်။ ကိုယ်တော်ဟာ ကြီးမားတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါပြီ။ ရှင်ပေါလူးလို ‘ငါဟာ ပြိုင်ပွဲဝင်ခဲ့ပြီးပြီ၊ ပန်းတိုင်ဝင်ခဲ့ပြီ’ လိုပြောနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်တော့်ပြိုင်ပွဲက မပြီးသေးဘူး ဆက်ပြီး ပြေးရပါဦးမယ်။

ဆရာတော်နဲ့အတူ လက်တွဲလုပ်ဆောင်ခဲ့ကြတဲ့ ရဟန်း၊ ကိုရင်၊ သီလရှင် သူတော်စင်တွေကိုလည်း ဂုဏ်ပြုစကား ဆိုချင်ပါတယ်။ သင်တို့အားလုံးဟာ ဒဏ်ရာကိုယ်စီရထားကြပေမဲ့ ကုသသူတွေဖြစ်ခဲ့ ကြတယ်။ သင်တို့ဟာ ခရစ်ယာန်တစ်ဦးရဲ့ ကြီးမားတဲ့ ချစ်ခြင်းမေတ္တာကို သက်သေပြခဲ့ကြတယ်။ သင်တို့ရဲ့ ဆုတောင်းခြင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေဟာ လွိုင်ကော်ကက်သလစ်သာသနာ အုတ်မြစ်တည်ထားတဲ့ ကျောက်ဆောင်ကြီးကို ပိုမိုခိုင်မာစေမှာဖြစ်ပါတယ်။

ကျွန်ုပ်ရဲ့ ချစ်လှစွာသော ဘာသာဝင်သားသမီးအပေါင်းတို့ သင်တို့ဟာ စိန်ခေါ်မှုတွေများစွာ၊ ခံစားချက် တွေ မျိုးစုံနဲ့ ဒီနေရာမှာ လာရောက်စုရုံးနေကြတယ်။ သင်တို့မှာ ဒဏ်ရာအနာတွေ ပြည့်နေပေမဲ့ တူညီ သောယုံကြည်ခြင်းနဲ့ ဒီနေရာမှာ လာရောက်စုရုံးနေကြတယ်။ လွိုင်ကော် ကက်သလစ် ဘာသာ ဝင်တွေကို ခရစ်တော်ရဲ့ ခန္ဓာကိုယ်၌ပါဝင်ဖို့ ဘယ်အရာကမှ ပိတ်ပင်ထားလို့ မရဘူးဆိုတာ သင်တို့ရဲ့ ရက်ရောမှုက ကမ္ဘာကြီးကို သက်သေထူနေခြင်းပဲဖြစ်ပါတယ်။ သင်တို့ဟာ ဒဏ်ရာတွေပြည့်နေတဲ့ ခရစ်တော်ရဲ့ ခန္ဓာကိုယ်ဖြစ်ပါတယ်။ ဒါပေမဲ့ သင်တို့ဟာ ခရစ်တော်လိုပဲ ရှင်ပြန်ထမြောက်ခြင်းရဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားသူတွေဖြစ်တယ်။ သင်တို့ဟာ မြန်မာပြည်ကက်သလစ် အသင်းတော် တစ်ခုလုံးအတွက် စံနမူနာကောင်းဖြစ်ပါတယ်။

ဒီနေ့ ဒီအခမ်းအနားကြောင့် ငြိမ်းချမ်းခြင်းနဲ့ ပြန်လည်သင့်မြတ်ခြင်း ပြန်လည်ရရှိလိမ့်မယ်လို့ ကျွန်ုပ် ယုံကြည်ပါတယ်။ လွိုင်ကော်သာသနာရဲ့ သားသမီးတွေဟာ မိမိတို့ နေရပ်မိသားစုအိမ်တွေကို ပြန်ရောက်ကြပြီး သူတို့ရဲ့ သိုးထိန်းအသစ်နဲ့အတူ ဘုရားသခင်အား ကျေးဇူးတင်ခြင်းတေးကို ဟီဘရူးလူမျိုးတွေလိုပဲ အတူတကွ သီဆိုဧကျူးနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ “အို ယေရုဆလင် ငါတို့၏ခြေတို့သည် သင့်အထဲ၌ ရပ်နေကြပါပြီ”

Add new comment

1 + 0 =