လူငယ်များအတွက်ဓမ္မဟောင်းမှဆယ်လီများ

လူငယ်များအတွက်ဓမ္မဟောင်းမှဆယ်လီများ

လူငယ်များအတွက်ဓမ္မဟောင်းမှဆယ်လီများ
============
Fr. Raymond Than SDB

"ကျွန်တော့်ရဲ့ ဖေ့စ်ဘွတ် အကောင့် (FB account) မှာဆိုရင် ဆယ်လီအားလုံးကို ကျွန်တော် follow လုပ်ထားတယ်။ ဒါမှပဲသူတို့နဲ့ပတ်သက်တဲ့အကြောင်းတွေ၊ သူတို့ရဲ့ ဝတ်ပုံ၊ စားပုံ၊ သွားပုံ၊ လာပုံ၊ ပြောဆိုဆက်ဆံပုံတွေကိုတွေ့ပြီး ကိုယ်လည်း ဂေါ်ထွက်လို့ ရတာပေါ့ – ဒါကျွန်တော်တို့ရဲ့ အခုလက်ရှိ trend (ခေတ်ရေစီး) ပဲလေ" လို့လူငယ်တစ်ယောက်ကပြောပြဖူးတယ်။

ဘဝမှာ မိမိရဲ့ရည်ရွယ်ချက်တွေကို ရယူဆွတ်ခူးနိုင်ဖို့ အတွက် စံနမူနာ ယူထိုက်တဲ့သူတွေဆို တာရှိပါတယ်။ ဒါကြောင့်လည်း လူငယ်တွေက ဆယ်လီတွေ၊ အိုင်ဒေါတွေကို စိတ်ဝင်စားကြတယ်ဆိုတာ အထူးဆန်းကြီးမဟုတ်ပါဘူး။သူတို့ရဲ့trend လို့ပဲဆိုရမလား။ ဆယ်လီတွေက ပလူပျံပြီး ရှေ့မှာ တင်ပဲမြင်ရ၊ ကြားရနေတော့ ချက်ချင်းဆိုသလို လူငယ်တွေက ဂလု ဂလု။ ပြီးတော့ ကောင်းကောင်း ဆိုးဆိုး သူတို့အတွက် အတုယူရတာ လွယ်တာပေါ့။ ဒါပေမဲ့ အဲ့ဒီအတုယူတဲ့နေရာမှာ ဂျင်းမမိဖို့တော့ လိုလိမ့်မယ်။ အကောင်းနဲ့အဆိုးဟာ စပါးနဲ့မြက်ရိုင်းလို အမြဲ ဒွန်တွဲနေတာမို့ မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုကို ပြုနိုင်ဖို့ဆိုတာ လူငယ်တိုင်းအတွက် မလွယ်ကူလှပါဘူး။ ခက်ခဲပေမဲ့လည်း ဆန္ဒသာရှိရင် နည်းလမ်းတော့ ရှိစမြဲပါပဲလေ။ ဘယ်အရာတွေကတော့ ဘဝကို တည်ဆောက်တဲ့နေရာမှာ အထောက်အကူ ဖြစ်စေတယ်၊ ဘယ်အရာတွေကတော့ဖြင့် ဘဝတစ်ခုလုံးကိုပါ ငါးပါးမှောက်စေနိုင်တယ်၊ အောင်မြင် ကျော်ကြားခြင်း တစ်ခုထဲနဲ့လလည်း မပြီးသေးဘူး၊ မိမိရဲ့ဝိညာဉ်အသက်တာကိုလည်း ပိုပြီးဂရုစိုက်တတ်ဖို့ တကယ် အရေးကြီးတယ်ဆိုတာ သိနိုင်တဲ့အဖြစ်အပျက်အတွေ၊ အကြောင်းအရာတွေကို ဓမ္မဟောင်းကျမ်းထဲမှာ သာဓကတွေနဲ့ ဖော်ပြထားတာရှိပါတယ်။ ဒါကြောင့် ဓမ္မဟောင်းက ဆယ်လီတွေအကြောင်းကို လေ့လာကြည့်ကြပါစို့။

(က) ဂျိုးဇက်
+++++++++
ဂျိုးဇက်ဟာ ဘင်ဂျမင် မမွေးခင်အချိန်ထိ ညီအကိုမောင်နှမ အားလုံးထဲမှာ အငယ်ဆုံး ဖြစ်ပါတယ်။ အသက် (၂၀) အရွယ် လောက်မှာ ဘုရားကအိမ်မက်ပေးပြီး မိသားစုအတွက် သာမက နိုင်ငံနဲ့လူမျိုးအတွက်ပါ ကိုယ်ကျိုးစွန့် ဆောင်ရွက်စေခဲ့တယ်။ ကျမ်းစာထဲမှာ နာမည်ကြီးသလောက် သူ့ဘဝဟာ တကယ်ကို ခက်ခဲကြမ်းတမ်း လွန်းလှပါတယ်။ သူဟာ ညီအကိုတွေရဲ့ မနာလို ရောင်းစားခြင်းကိုခံခဲ့ရ တယ်။ တိုင်းတပါးမှာ အစေခံ ကျွန်တစ်ယောက်အဖြစ် အမှုထမ်းပေးခဲ့ရတယ်။ သူက သစ္စာသမာဓိအားကောင်းလို့ အမျိုးသမီးတစ်ဦးရဲ့ ဖျားယောင်း သွေးဆောင်ခြင်းကို ခံခဲ့ရပေမယ့် ကျော်လွှားနိုင်ခဲ့တယ်။ ဒါပေမယ့်လည်း မတရား စွပ်စွဲထောင်ချ ခံခဲ့ရပြန်တယ်။ ထောင်ထဲမှာပဲ ဘဝက မျှော်လင့်ချက်မဲ့ပြီး အဆုံးသတ် သွားတော့မယ်လို့ ထင်ခဲ့ပေမယ့် ဘုရားသခင်ရဲ့အစီအမံဟာ အစ္စရေး (ဂျူး) လူမျိုးကို ငတ်မွတ်ခေါင်းပါးခြင်းဘေးဒဏ်မှ ကယ်တင်နိုင်ဖို့ လူငယ်လူရွယ် အားကောင်း မောင်းသန် ဂျိုးဇက်ကို အသုံးပြုခဲ့တာတွေ့ရပါတယ်။ (ကမ္ဘာဦးကျမ်း ၃၇ – ၄၇)

၂။ ဂီဒီအွန်
+++++++
ဂီဒီအွန်ဟာ ဘဝကို အပေါ်ယံ သကာဆမ်းပြီး အသက်ရှင်တတ်တဲ့ လူငယ်တစ်ယောက်မဟုတ်ပါဘူး။ သူဟာ ရဲစွမ်း သတ္တိနဲ့ပြည့်စုံပြီး၊ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူ ဖြစ်တယ်။ ဘုရားကို ပြန်ပြီးစိန်ခေါ်ခဲ့သူလည်း ဖြစ်တယ်။ "ကိုယ်တော်သာ ကျွန်ုပ်တို့ရဲ့ ယုံကြည် အားကိုးထိုက်သူ ဆိုရင် ကျွန်ုပ်တို့ဟာ ဘာလို့ တိုင်းတပါးရဲ့ လက်အောက် ရောက်နေရတာလဲ။ ပြီးတော့ ဘာလို့ ဒုက္ခအခက်ခဲတွေနဲ့ ရင်ဆိုင်တွေ့ကြုံနေရတာလဲ" ဆိုပြီး ဘုရားကို မေးခွန်းထုတ်ခဲ့သူ ဖြစ်ပါတယ်။ ဘုရားက သူ့ရဲ့ပွင့်လင်းရိုးသားမှုကို အသိမှတ်ပြုပြီး ဂျူးလူမျိုးတွေကို ကယ်တင်ဖို့ သူ့ကိုကယ်တင်ခြင်း သမိုင်းမှာ အသုံးပြုခဲ့တာကို တွေ့ရပြန်တယ်။ (တရားသူကြီးမှတ်စာ ၆ - ၈)

၃။ ဆာမြူအဲလ်
ဆာမြူအဲလ်ဟာ အသက်အရွယ်အားဖြင့် ငယ်သေးသော်လည်း ဘုရားက သူ့ကို ဆင့်ခေါ်ခဲ့တယ်။ အစပိုင်းမှာတော့ သူ့နာမည်ကို တပ်ပြီးခေါ်တဲ့သူဟာ ဘုရားမှန်း မသိခဲ့လို့ စိတ်ဇဝေဇဝါ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း လူကြီးလူကောင်းဖြစ်သူ "ဧလိ" ရဲ့ အကူအညီနဲ့ ဘုရားရဲ့ခေါ်သံကို ပြန်ထူးခဲ့သူလည်း ဖြစ်တယ်။ ဂျူးလူမျိုးတွေဟာ ဖိလိစတိုင်းလူမျိုးတွေရဲ့ လက်အောက်ရောက်ခဲ့ရပြီး ဖိနှိပ်ချူပ်ခြယ်မှု အမျိုးမျိုးတွေကြောင့် သူတို့တတွေဟာ ထာဝရဘုရားကို စွန့်လွှတ်ပြီး ဖိလိစတိုင်း လူမျိုးတွေရဲ့ နတ်ဘုရားကို ကိုးကွယ်လာခဲ့ကြတယ်။ အဲ့ဒီအချိန်မှာ ဆာမြူအဲလ် ဟာ ပရောဖက်တစ်ဦးအဖြစ် ထာဝရဘုရားရဲ့ ကိုယ်စား "အိုအစ္စရေး လူမျိုးအပေါင်းတို့ ထာဝရဘုရားကို သင်တို့ ယုံကြည်ကိုးကွယ်မယ်ဆိုရင် တိုင်းတပါးသားတွေရဲ့ နတ်ဘုရားတွေကို အကုန်စွန့်ပစ်ကြပါ" လို့ သူကြားဝင် မိန့်မှာခဲ့တယ်။ သူ့ရဲ့စကားကို နားထောင်ခဲ့လို့ ဂျူးလူမျိုးတွေဟာ ဖိလိစတိုင်းလူမျိုးတွေကို အနိုင်ရခဲ့ပြီး သူဟာလည်း ဂျူးလူမျိုးတွေရဲ့တရားသူကြီးအဖြစ် အသက်ဆုံးတိုင် ဆောင်ရွက် ပေးခဲ့တယ်။ လူငယ်ဘဝမှာ ကတည်းက ဘုရားနဲ့ လူတွေကြားမှာဝင်ပြီး အမှုတော် ဆောင်ပေးခဲ့တယ်။
(ဓမ္မရာဇဝင်ပထမစောင် ၃ - ၇)

၄။ ဆောလ်လု
+++++++++
ဆောလ်လုဟာ ရုပ်ရည်ချောမောပြီး တကယ်ကို စမတ်ကျတဲ့ လူငယ်လေးတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကဆို သူ့ရဲ့ ခန့်ညားထည်ဝါမှုကို ယှဉ်နိုင်တဲ့ လူငယ်တစ်ဦးတစ်ယောက်မျှ မရှိ ခဲ့ပါဘူး။ ဘုရားက သူ့ကို ပရောဖက် ဆာမြူအဲလ် မှတဆင့် ဂျူးလူမျိုးတွေရဲ့ ပထမဦးဆုံးသော ဘုရင်ကြီးအဖြစ် တင်မြှောက်ခဲ့တဲ့အချိန်သူဟာ လူငယ်ဘဝလေးမှာပဲ ရှိပါသေးတယ်။ လူငယ်တစ်ယောက်အနေနဲ့ မိမိလူမျိုးစုကို အုပ်ချူပ်ဖို့ဆိုတာ အလွန်ခက်ခဲမှာ ဖြစ်ပေမယ့် ဘုရားရဲ့ အကူအညီနဲ့သူဟာ ဦးဆောင် ပေးခဲ့တယ်။ (ဓမ္မရာဇဝင်ပထမစောင် ၃ - ၇)

၅။ ဒါဝိတ်
+++++++
ဘုရားက ဂျူးလူမျိုးတွေအတွက် နောက်ထပ်ဘုရင်တစ်ပါးရွေးချယ်ဖို့ ပရောဖက် ဆာမြူအဲလ် ကို စေခိုင်းခဲ့တယ်။ သူကလည်း ဒီတစ်ခါတော့ အသက်အရွယ်ပိုင်းရော အတွေ့အကြုံပိုင်းရော ပြောစရာမလိုတဲ့ သူကိုသာ ရွေးချယ်ဖို့ ကြံစီခဲ့ပါတယ်။ ဒါပေမယ့် ဘုရားရဲ့ အလိုတော်က လူတွေနဲ့မတူပါဘူး။ လူတွေက အပြင်ပန်းသဏ္ဍာန်ကို ကြည့်ပြီး တန်ဖိုး ဖြတ်ကြပေမယ့် ဘုရားကလူရဲ့အတွင်းစိတ်ကိုသာကြည့်ပါတယ်။ ဒါကြောင့်လည်း ဂျက်ဆေးရဲ့ သားတွေထဲမှာမှ သိုးကျောင်းသားလည်းဖြစ် အထွေးဆုံးလည်းဖြစ်တဲ့ ဒါဝိတ်ကိုပဲ ရွေးချယ်ခဲ့တယ်။ ဒါဝိတ်ဟာ ငယ်ရွယ်နုပျိုပြီး ခွန်အားဗလနဲ့ပြည့်စုံသူ၊ ရဲစွမ်းသတ္တိရှိသူ တစ်ယောက်ဖြစ်တယ်။ ဘုရားရဲ့ မျက်နှာသာ ပေးခြင်း ခံရသူလည်းဖြစ်တယ်။ သူက ဘုရားကို အကြွင်းမဲ့ ယုံကြည်တယ်၊ အားကိုးတယ်၊ နာခံတတ်တယ်၊ မှားခဲ့တဲ့အပြစ်တွေအတွက်လည်း ဘုရားကို နှိမ့်ချစွာနဲ့ တောင်းပန်တတ်တယ်။ သူရဲ့ယုံကြည်ခြင်း ကြီးမားခြင်းကြောင့် ဘုရားကလည်း ကယ်တင်ရှင်ခရစ်တော်ကို သူ့မျိုးဆက်ကနေ ဆင်းသက်စေခဲ့ပါတယ်။
(ဓမ္မရာဇဝင်ပထမစောင် ၁၆ - ၁၈)

၆။ ဆောလမုန်
+++++++++
ဒါဝိတ်မင်းကြီးဟာ အသက်အရွယ်ကြီးရင့်လာလို့သူရဲ့သား ဆောလမုန်ကို ဘုရင့်အရိုက်အရာကို ဆက်ခံစေခဲ့တယ်။ ဆောလမုန်ကလည်း သူဟာ လူငယ်တစ်ယောက်သာ ဖြစ်နေသေးလို့ ဒီနိုင်ငံနဲ့ ဒီလူမျိုးကိုဘယ်လို ဦးဆောင်ရမလဲဆိုတာစဉ်းစားပြီး သူ့ကိုယ်သူ အားမလိုအားမရ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း သူဘုရားကို ဆုတောင်းခဲ့ပုံက "ကျွန်ုပ်ဟာ လူငယ်တစ်ယောက်သာ ဖြစ်ပါတယ်၊ မိမိနိုင်ငံနဲ့လူမျိုးကို ဦးဆောင်နိုင်တဲ့ အသိပညာကို သော်လည်းကောင်း၊ အကောင်းနဲ့အဆိုးကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ဉာဏ်ပညာကို သော်လည်းကောင်း ပေးသနားတော်မူပါ" လို့တောင်းခံခဲ့ပါတယ်။ သူ့ရဲ့ ဉာဏ်ပညာကြီးမားမှု အကြောင်းဟာ ပတ်ဝန်းကျင်နိုင်ငံတွေထိပါ ဂုဏ်သတင်း ကျော်စောခဲ့ပါတယ်။ သူဟာ ငြိမ်းချမ်းခြင်းနဲ့ နိုင်ငံကို အုပ်ချူပ်နိုင်ခဲ့လို့ တိုင်းပြည်ရဲ့ သာယာဝပြောမှုတွေဟာ ချီးမွမ်းလို့ မဆုံးဖြစ်ခဲ့ရပါတယ်။ (ဓမ္မရာဇဝင်တတိယစောင် ၃ - ၅)

၇။ နာမန်၏ အစေခံမ
++++++++++++++
စစ်သူကြီးနာမန်ဟာ အနာကြီးရောဂါ စွဲကပ်နေသူတစ်ဦးဖြစ်တယ်။ သူ့မိသားစုထဲမှာ ဂျူးလူမျိုး အစေခံမတစ်ဦးရှိတယ်။ သူမဟာ ငယ်ရွယ်သူ မိန်းကလေးပါပဲ။ စစ်သူကြီးနာမန်ရဲ့ အနာရောဂါ ပျောက်ကင်းသွားအောင် သူမကပဲ ပရောဖက်ဧလိရှဲထံ ပို့ပေးခဲ့တယ်။ သူမကြောင့်မို့လို့ တိုင်းတပါးသားတွေက ထာဝရဘုရားကို လက်ခံယုံကြည် လာကြတယ်။ (ဓမ္မရာဇဝင်စတုတ္ထစောင် ၅)

၈။ ရုသ
++++++
ရုသဟာ ဂျူးလူမျိုး တစ်ယောက်မဟုတ်ပါဘူး။ သူမဟာ ငယ်ရွယ်နုပျိုချိန်မှာပဲ ဂျူးအမျိုးသား တစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့တယ်။ ခင်ပွန်းဖြစ်သူမှာ သူမနဲ့ သားသမီးမရဘဲ ဆုံးသွားခဲ့တယ်။ ယောက္ခမ ကိုယ်တိုင်ကလည်း မိမိကို လှည့်မကြည့်တော့ဘဲနဲ့ ဘဝသစ်တစ်ခု စဖို့ ရုသကို ပြောခဲ့ပါတယ်။ ဒါပေမယ့်သူမဟာ ယောက္ခမနဲ့အတူ ဂျူးလူမျိုးတွေရဲ့ တိုင်းပြည် ဘက်သလေဟင်မြို့မှာ လိုက်နေထိုင်ခဲ့တယ်။ ယောက္ခမကို လိုက်ပြုစုပေးခဲ့တယ်။ သူမရဲ့ ရက်ရောတဲ့စေတနာတွေကြောင့် သူမဟာ ဂျူးလူမျိုးတစ်ယောက်မဟုတ်ပေမယ့်လည်း ထာဝရဘုရားက သူမရဲ့ မျိုးဆက်တွေကနေပြီးတော့ ဒါဝိတ်မင်းကြီးကို ဆင်းသက် လာစေခဲ့ပါတယ်။ (ရုသဝတ္ထု ၁ – ၄)

ဓမ္မဟောင်းက ဆယ်လီတွေကို ကြည့်လိုက်မယ်ဆိုရင် ဘုရားကို ကြောက်ရွံ့ ရိုသေတဲ့သူ၊ ပညာအလိမ္မာနဲ့ ပြည့်စုံတဲ့သူ၊ စီမံခန့်ခွဲမှု ကောင်းတဲ့သူ၊ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့သူ၊ ရုပ်ရည် ချောမောလှပတဲ့သူ၊ သဘောထားပြည့်ဝတဲ့သူ၊ ကြားဝင် ဖြန်ဖြေပေးတတ်တဲ့သူတွေ ဆိုပြီး အမျိုးမျိုးတွေ့ရပါတယ်။ ဒါကြောင့်လည်း ထာဝရဘုရားက ဒီလူငယ်တွေရဲ့ နုပျိုလန်းဆန်းခြင်းနဲ့ ရက်ရောတတ်ခြင်းတွေကို ကယ်တင်ခြင်း သမိုင်းမှာ အသုံးပြုခဲ့တာကို တွေ့ရပါတယ်။

ဒီလူငယ်တွေရဲ့ နောက်မှာ ဘုရားရှိတယ်။ သူတို့ဟာ အရာရာတိုင်းမှာ ဘုရားကို အားကိုးတတ်ကြတယ်။ ဘုရားရဲ့ ပညတ်တော်တွေကို အရင်ဦးဆုံး လိုက်နာကျင့်ကြံရင်းနဲ့ လောကီနဲ့ ဆိုင်တဲ့အောင်မြင်မှုတွေကို ရယူပိုင်ဆိုင်နိုင်လာကြတာကို တွေ့ရတယ်။ သူတို့ရဲ့အသက်တာမှာ အောင်မြင်မှုတွေရှိသလို၊ ကျရှုံးခဲ့တဲ့အချိန်တွေလည်းမနည်းပါဘူး။ မှားယွင်းမှုတွေကြားမှာနောင်တယူရင်း ပြန်ရုန်းထခဲ့လို့ အောင်မြင်မှု ကြီးကြီးမားမား ရယူသွားတဲ့သူတွေ ရှိသလို၊ ဘုရားရဲ့ ကျေးဇူးတော်တွေ ရှိနေပေမယ့်လည်း ဘဝ အဆုံးသတ်မလှခဲ့တဲ့သူတွေလည်းပါဝင်တယ်။ ဥပမာ – ဆောလ်လုနဲ့ ဆောလမုန်တို့ပဲ ဖြစ်ပါတယ်။

ရုပ်ရည်ချောမောလှပချင်တဲ့၊ ခန္ဓာကိုယ် Fit ြဖစ်ဖို့ ဂျင်ဆော့နေတဲ့၊ တက်တူး ထိုးပြီး ခန္ဓာကိုယ်ကို အလှဆင်တဲ့ လူငယ်များ အတွက် အက်စတာ၊ ဆောလ်လု၊ ဒါဝိတ်တို့ ရှိပါတယ်။ စီးပွားရေးမှာ အောင်မြင်ပြီး စီမံခန့်ခွဲမှု ကောင်းချင်တဲ့လူငယ်များ အတွက်ဆိုရင် ဂျိုးဇက်နဲ့ ဆောလမုန်တို့ ရှိပါတယ်။ သတ္တိရှိပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ လူငယ်များအတွက်ဆိုရင် ဂီဒီအွန် ရှိပါတယ်။ မိမိဘဝကို အများအတွက်၊ သာသနာအကျိုးအတွက် ရက်ရောစွာ ပေးဆပ်ချင်တဲ့ လူငယ်များအတွက် ဆိုရင် ဆာမြူအဲလ်၊ နာမန်၏ အစေခံမ၊ ရုသတို့ဟာ စံနမူနာ ယူထိုက်တဲ့သူတွေပဲ ဖြစ်ပါတယ်။

ရဟန်းမင်းကြီး ဖရန်းစစ်ကလည်း လူငယ်တွေဟာ ခရစ်တော်၌ လန်းဆန်းတက် ကြွ ဖို့လိုအပ်တယ်တဲ့။ ခရစ်တော်ကို ကြည့်လိုက်ရင်သူဟာ အမြဲ နုပျိုလန်းဆန်း တက်ကြွနေပြီး သူသွားတဲ့ နေရာတိုင်း၊ သူထိတွေ့တဲ့သူတွေ၊ သူ့ကိုလာပြီး ထိတွေ့တဲ့သူတွေ ပါမကျန် ပြန်လည်ကျန်းမာလာကြတယ်။ အသက်ပြန်ဝင်လာကြတယ်။ ပျော်ရွင်ခြင်းတွေ၊ ငြိမ်သက်ခြင်းတွေလည်း ရရှိကြတယ်။ ပြီးတော့ အရာရာတိုင်းဟာ ခရစ်တော်၌ နုပျိုလန်းဆန်းလာကြတယ် ဆိုတာတွေ့ရပါတယ်လို့ ပြောထားပါတယ်။

ယခုခေတ်လူငယ်တွေအနေနဲ့လည်း သင်တို့ရဲ့နုပျိုလန်းဆန်းတဲ့ လူငယ်ဘဝကို အလဟဿ မဖြစ်စေဘဲ ဓမ္မဟောင်းက ဆယ်လီတွေလို "သင်တို့ရဲ့နုပျိုလန်းဆန်းတက်ြွကခြင်းတွေဟာ မိသားစု အတွက်သာမက နိုင်ငံနဲ့လူမျိုး၊ သာသနာအကျိုးအတွက် ပေးဆပ် အနစ်နာခံကြတဲ့ သူတော်ကောင်းများဖြစ်နိုင်ကြပါစေ။
(Ref: Christus Vivit – Chapter One )
Fr. Raymond Than SDB

 

Add new comment

3 + 15 =