ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ စာချွန်တော် Summorum Pontificum အား ဂုဏ်ပြုခြင်း

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ စာချွန်တော် Summorum Pontificum အား ဂုဏ်ပြုခြင်း

၂၀၀၇ ခုနှစ် ဇူလိုင်လ ရ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ သည် သမိုင်းဝင် စာချွန်တော် Motu Proprio Summorum Pontificum အား ရေးသားခဲ့သည်။ စာချွန်တော် အရ လက်တင် မစ္ဆားတရား ကျင်းပရန် ကန့်သတ်ချက်များ အားလုံးမဟုတ်ပင်လျှင် ကန့်သတ်ချက် အများစုအား ဖြေလျှော့လိုက်သည်။ စာချွန်တော် အရ ထိုသို့ ဖြေလျှော့လိုက်ခြင်းကြောင့် ဆယ်စုနှစ် တစ်ခုကျော်ကြာ ထုံးတမ်းအစဉ်အလာ လှုပ်ရှားမှုများ သိသိသာသာ တိုးပွားလာသည်။

https://www.catholicarena.com/.../14-years-of-summorum...

ပုပ်ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ စာချွန်တော် အရ

အပိုဒ် ၁ - ပုပ်ပေါလ် ၆ ပြဋ္ဌာန်းကြေညာလိုက်သည့် ရိုမန် မစ္ဆားသည် ကက်သလစ် အသင်းတော် လက်တင် ဝတ်ပြုအခမ်းအနား Latin Rite ၏ Lex Orandi (ဝတ်ပြုကိုးကွယ်ခြင်း ဆိုင်ရာ စည်းမျဉ်း Rule of Prayer)အား ပုံမှန် ဖော်ပြချက် Ordinary expression ဖြစ်သည်။ ၁၆ ရာစု၌ ပုပ် စိန့် ပီအူး ၅ က ပြဋ္ဌာန်းကြေညာခဲ့ပြီး ပုပ် စိန့် ယောဟန် ၂၃ က ပြင်ဆင်ခဲ့သည့် ရိုမန် မစ္ဆားသည် အသင်းတော်၏ Lex Orandi အား တမူထူးခြားစွာ ဖော်ပြချက် Extraordinary expression အဖြစ် သတ်မှတ်နေဆဲ ဖြစ်ကာ ၎င်း၏ မွန်မြတ်သော ဝတ်ပြုကိုးကွယ်မှု ပုံစံ၊ ရှေးကျသော ပုံစံကြောင့် ထိုက်တန်စွာ တန်ဖိုးထားရပေမည်။ အသင်းတော်၏ Lex Orandi (ဝတ်ပြုကိုးကွယ်ခြင်း ဆိုင်ရာ စည်းမျဉ်း) နှင့် ဆက်စပ်၍ ဖော်ပြချက် ပုံစံ ၂ မျိုး (Ordinary/ Extraordinary) ရှိပါသော်လည်း ၎င်းတို့သည် ရိုမန် ဝတ်ပြုအခမ်းအနားအား ပုံစံ ၂ မျိုးသာ ဖြစ်သဖြင့် ၎င်းသည် အသင်းတော်၏ Lex Credendi (ယုံကြည်ခြင်း ဆိုင်ရာ စည်းမျဉ်း Rule of Faith) နှင့် ဆက်စပ်၍ အကွဲအပြဲ အဖြစ်သို့ ဦးတည်ခြင်း မရှိရပေ။

၁၉၆၂ ခုနှစ်တွင် စိန့် ပုပ်ယောဟန် ၂၃ ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် ရိုမင် မစ္တား ပြင်ဆင်ချက်တွင် အသင်းတော် ဝတ်ပြုခြင်း၏ တမူထူးခြားသော ပုံစံ Extraordinary အား မည်သည့် အခါမျှ ပယ်ဖျက်ခြင်း မရှိခဲ့သဖြင့် တမူထူးခြားသော ပုံစံဖြင့် မစ္ဆား ယဇ်ပူဇော်ခြင်းအား ကျင်းပရန် ခွင့်ပြုလိုက်သည်။ တမူထူးခြားသော ပုံစံဖြင့် မစ္ဆားတရား ကျင်းပခြင်း အပေါ် သတ်မှတ်ထားသော စည်းကမ်း ထုတ်ပြန်ချက်နှင့် ဆက်စပ်သည့် စာ Quattuor Abhinc Annos နှင့် Ecclesia Dei တို့အား အောက်ဖော်ပြပါ အချက်များဖြင့် အစားထိုးသည်။

အပိုဒ် ၂ - ဘာသာဝင် ပရိသတ်များ မပါဝင်ဘဲ မစ္ဆားတရား ကျင်းပရာ၌ လက်တင် ဝတ်ပြုနည်းအား အသုံးပြုသည့် ကက်သလစ် ရဟန်းတိုင်းသည် အီစတာ သန့်ရှင်းသော ရက်သတ္တပါတ် Easter Triduum မှ လွဲ၍ ၁၉၆၂ ခုနှစ်တွင် စိန့် ပုပ်ယောဟန် ၂၃ က ထုတ်ပြန်ခဲ့သည့် ရိုမန် မစ္ဆားပုံစံအား အသုံးပြု၍ ရနိုင်သလို ၁၉၇၀ ခုနှစ်တွင် ပုပ် ပေါလ် ၆ က ထုတ်ပြန်ခဲ့သည့် ရိုမန် မစ္ဆားပုံစံအားလည်း အသုံးပြု၍ ရနိုင်သည်။ ထိုသို့သော မစ္ဆားအမျိုးအစားအား ကျင်းပရန် အလို့ငှာ ရဟန်းသည် ရဟန်းမင်းကြီး သို့မဟုတ် ဆရာတော် အဖွဲ့မှ ခွင့်ပြုချက် တောင်းခံရန် မလိုအပ်။

အပိုဒ် ၃ - ရဟန်းမင်းကြီး အခြေစိုက် သို့မဟုတ် သာသနာပိုင် ဆရာတော် နယ်ပယ်ရှိ ရဟန်းသီလရှင် ဘရာသာရ် အသင်းဂိုဏ်းများသည် ၎င်းတို့ သက်ဆိုင်ရာ အသင်းအတွင်း ၁၉၆၂ ခုနှစ် ပြင်ဆင်ပြဋ္ဌာန်းထားသည့် မစ္ဆားပုံစံအရ မစ္ဆားကျင်းပလိုလျှင် ၎င်းတို့သည် ကျင်းပခွင့် ရှိသည်။ အကယ်၍ ရဟန်း သီလရှင် အသင်းဂိုဏ်း တစ်ခုလုံး၌ ၁၉၆၂ ခုနှစ်ပြဋ္ဌာန်းချက် မစ္ဆားပုံစံ အတိုင်း မကြာခဏ၊ အလေ့အထအဖြစ် သို့မဟုတ် အစဉ်အမြဲ ကျင်းပလိုလျှင် ၎င်းအား အသင်းဂိုဏ်း အကြီးအကဲများက ဆုံးဖြတ်ချက် ချမှတ်၍ အသင်းတော် ဥပဒေ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်နိုင်သည်။

အပိုဒ် ၄ - အပိုဒ် ၂ တွင် ဖော်ပြထားသည့် ဘာသာသူ မပါဝင်သည့် သန့်ရှင်းသော မစ္ဆားတရားတော်တွင် လူဝတ်ကြောင် ကက်သလစ်များသည် ခွင့်ပြုချက် တောင်း၍ ဥပဒေ ပြဋ္ဌာန်းချက်များ အရ ပါဝင်နိုင်သည်။

အပိုဒ် ၅၊ အချက် ၁ - ဘုန်းတော်ကြီးတစ်ပိုင် နယ်မြေများ Parishes တွင် ထုံးတမ်း အစဉ်အလာ မစ္ဆားအပေါ် နှစ်လိုကျင့်သုံးလိုသည့် ကက်သလစ် ဘာသာဝင်များ ရှိလျှင် ထို Parish ဘုန်းကြီးသည် ထိုကက်သလစ် ဘာသာဝင်များ၏ တောင်းဆိုချက် အတိုင်း ၁၉၆၂ ခုနှစ် ရိုမန် မစ္ဆား ဝတ်ပြုသည့် ပုံစံအတိုင်း မစ္ဆားတရားအား ကျင်းပရန် လုပ်ဆောင်သင့်သည်။ ကာနွန်ဥပဒေ အပိုဒ် ၃၉၂ နှင့် အညီ ဒေသန္တာရ ဆရာတော် ဘိရှော့၏ အုပ်ချုပ်မှု အောက်၌ Parish ဘုန်းကြီး အနေဖြင့် ထုံးတမ်း အစဉ်အလာ မစ္ဆားလိုလားသည့် ကက်သလစ်များ၏ ကောင်းကျိုးအတွက် Parish က ပေးသည့် ဝိညာဉ်ရေး လုပ်ငန်းများနှင့် သဟဇာတ ဖြစ်ရမည်။ ပြဿနာ အဖြစ် မခံဘဲ အမိအသင်းတော် တစ်ခုလုံး ပေါင်းစည်းညီညွှတ်ရေးကို ရှေးရှုလုပ်ဆောင်ရမည်။

အပိုဒ် ၅၊ အချက် ၂ - စိန့် ပုပ်ယောဟန် ၂၃ ၏ ထုံးတမ်းအစဉ်အလာ ဝတ်ပြုကိုးကွယ်ခြင်း မစ္ဆားအား ကြားရက် တနင်္လာမှ သောကြာအကြား ကျင်းပနိုင်ပြီး ပွဲနေ့ကြီးများနှင့် တနင်္ဂနွေမစ္ဆားအား ထုံးတမ်း အစဉ်အလာအတိုင်း ကျင်းပနိုင်သည်။

အပိုဒ် ၅၊ အချက် ၃ - အထူး အခြေအနေများ ဖြစ်သော မင်္ဂလာဆောင် လက်ထပ်ခြင်း၊ အသုဘ ချခြင်း သို့မဟုတ် ဘုရားဖူးသွားခြင်း ကဲ့သို့ အခင်းအကျင်းများ၌ ကက်သလစ် ယုံကြည်သူ သို့မဟုတ် ရဟန်းများက ထုံးတမ်းအစဉ်အလာ Extraordinary မစ္ဆားလုပ်ရန် တောင်းဆိုလျှင် တာဝန်ရှိ ရဟန်းသည် ထုံးတမ်းပုံစံ မစ္ဆားအား ကျင်းပခွင့် ပေးသင့်သည်။

အပိုဒ် ၅၊ အချက် ၄ - စိန့် ပုပ်ယောဟန် ၂၃ ၏ မစ္ဆားတရားအား ကျင်းပသည့် ရဟန်းများသည် (idonei) အရည်အချင်း ရှိရမည်၊ အသင်းတော် ဥပဒေ အရ တားဆီးပိတ်ပင်ခြင်း ခံရသူ မဖြစ်စေရ။

အပိုဒ် ၅၊ အချက် ၅ - Parish ထက်ပိုသော ဘုရားကျောင်းများတွင် ထုံးတမ်းအစဉ်အလာ မစ္ဆားပူဇော်ခွင့် ပြုနိုင်သူမှာ ထိုဘုရားကျောင်း၏ Rector ဖြစ်သည်။

အပိုဒ် ၅၊ အချက် ၆ - စိန့် ပုပ်ယောဟန် ၂၃ ပြဋ္ဌာန်းသည့် မစ္ဆားတရားအား ဘာသာတူ အပေါင်းနှင့် ကျင်းပလျှင် ကျမ်းစာဖတ်ရှုခြင်းအား လက်တင်ဘာသာစကားဖြင့် မဟုတ်ဘဲ ဒေသန္တာရ ဘာသာစကားဖြင့် ကျမ်းစာ ဖတ်ရှုနိုင်သည်။ ထိုဒေန္တာရ ဘာသာစကားဖြင့် ရေးထားသည့် ကျမ်းစာအား အမိအသင်းတော်က အသိအမှတ်ပြုရမည်။

အပိုဒ် ၅၊ အချက် ရ - အချက် ၅ တွင် ဖော်ပြထားသော လူဝတ်ကြောင် ကက်သလစ်များ ပါဝင်သည့် အုပ်စုတစ်စုသည် Parish ဘုန်းကြီးထံမှ ထုံးတမ်းအစဉ်အလာ လက်တင် မစ္ဆား တောင်းခံရာ မရရှိလျှင် သာသနာပိုင် ဆရာတော် Diocesan Bishop သို့ အသိပေးရမည်။ ယင်းနောက် ဆရာတော်ထံလည်း လက်တင် မစ္ဆား ကျင်းပခွင့် တောင်းခံရမည်။ အကယ်၍ သာသနာပိုင် ဆရာတော်သည် ၁၉၆၂ ပြဋ္ဌာန်းသည့် ထုံးတမ်းအစဉ်အလာ အတိုင်း လက်တင် မစ္ဆားကျင်းပခွင့် ပေးရန် ဆန္ဒမရှိလျှင် ထိုအရေးကိစ္စအား ရဟန်းမင်းကြီး အခြေပြု ကော်မရှင်ရုံးဖြစ်သော Ecclesia Dei သို့ ကိုးကားတင်ပြရမည်။ ထိုအခါ ရဟန်းမင်းကြီး ကော်မရှင်သည် ထိုဆရာတော်အား အကြံပြု ဆွေးနွေးခြင်း၊ ပံ့ပိုးမှုတို့ ပေးပါလိမ့်မည်။

အပိုဒ် ၉၊ အချက် ၁ - Parish ဘုန်းကြီးသည် ဝိညာဉ်ရေး အကျိုးရှိစေရန် အလို့ငှာ သေချာစွာ စဉ်းစားသုံးသပ်မှု ပြုပြီးလျှင် ဆေးကြောခြင်း၊ လက်ထပ် ထိမ်းမြားခြင်း၊ အာပါတ်ဖြေခြင်းနှင့် ပရိတ်တော် ဆီလူးခြင်း ဆိုင်ရာ စက္ကရမင်တူး ပေးခြင်းတို့အား ရှေးထုံးတမ်း အစဉ်အလာအတိုင်း ဆောင်ရွက်ပေးနိုင်သည်။

အပိုဒ် ၉၊ အချက် ၂ - ဆရာတော်၊ရဟန်းများ Ordinaries သည် ဝိညာဉ်ရေး အကျိုးရှိစေရန် အလို့ငှာ ခရစ္စမား အားပေးခြင်း စက္ကရမင်တူး ပေးခြင်း အခမ်းအနားအား ကျင်းပစဉ် Old Roman Pontifical ရှေးထုံးတမ်း အစဉ်အလာ အတိုင်း ဆောင်ရွက်ပေးနိုင်သည်။

အပိုဒ် ၉၊ အချက် ၃ - သိက္ခာခံယူထားသော ရဟန်းများသည် နေ့တဓူဝ ဆုတောင်းရွတ်ဆိုသည့် Breviary တွင် စိန့် ပုပ်ယောဟန် ၂၃ ထုတ်ပြန်ထားသည့် Roman Breviary အား အသုံးပြုနိုင်သည်။

အပိုဒ် ၁၀ - ဒေသန္တာရ ဆရာတော်၊ ရဟန်းအကြီးအကဲသည် ကာနွန်ပုဒ်မ ၅၁၈ နှင့် အညီ သူ၏ သာသနာနယ် အတွင်း၌ Parish တစ်ခုအား ရှေးရောမ မစ္ဆားအတိုင်း ကျင်းပရန် ဥပဒေ ပြဋ္ဌာန်းချက်များ အတိုင်း သတ်မှတ်ဆုံးဖြတ်နိုင်သည်။

အပိုဒ် ၁၁ - ရဟန်းမင်းကြီး ဆိုင်ရာ ကော်မရှင်ရုံး Ecclesia Dei အား ရဟန်းမင်းကြီး ဂျွန်ပေါလ် ၂ က ၁၉၈၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ထိုကော်မရှင် အဖွဲ့သည် လက်ရှိ အချိန်အထိ လည်ပတ်နေဆဲ ဖြစ်သည်။ ကော်မရှင်ရုံး Eccelsia Dei သည် ပုပ်ရဟန်းမင်းကြီး၏ ညွှန်ကြားချက် အတိုင်း လုုပ်ကိုင်ပုံ၊ တာဝန်နှင့် ဝတ္တရားများ အတိုင်း လုပ်ဆောင်နေသည်။

အပိုဒ် ၁၂ - ထိုကော်မရှင်သည် အထက်ဖော်ပြပါ ထုံးတမ်းအစဉ်အလာ ဆိုင်ရာ မစ္ဆားပုံစံများအား ကျင့်သုံးခြင်းနှင့် ဆက်စပ်၍ ရဟန်းမင်းကြီး၏ သြဇာအာဏာကို အသုံးချပိုင်ခွင့် ရှိသည်။

ဤ ရဟန်းမင်းကြီး စာချွန်တော်အရ ထုတ်ပြန်ရေးသားချက်များသည် စက်တင်ဘာလ ၁၄ ရက်နေ့၊ ကားတိုင် ပွဲနေ့တွင် အသက်ဝင်မည် ဖြစ်ပြီး ဤထုတ်ပြန်ချက်နှင့် ကွဲလွဲ ထိပ်တိုက်ဖြစ်မှုများအား ပယ်ဖျက်သည်။

ဆရာတော် ဘိရှော့နှင့် ရဟန်းများက ရှေးပုံစံ လက်တင် မစ္ဆားမကျင်းပရန် တားမြစ်ခဲ့သည့် နေရာများတွင် ရှေးပုံစံ လက်တင်မစ္ဆားသည် မည်သည့် အခါမျှ တရားဝင် ပယ်ဖျက်ခဲ့ခြင်း မရှိသဖြင့် လွတ်လပ်စွာ ကျင်းပနိုင်မည် ဖြစ်သည်။

ပုပ်ဘက်နဒစ်၏ Summorum Pontificum စာချွန်တော် ထုတ်ပြန်ပြီးသည့် အချိန်မှ စ၍ ရှေးပုံစံ အတိုင်း မစ္ဆားကျင်းပသော FSSP ရဟန်းအသင်းနှင့် Institute of Christ the King ရဟန်းအသင်းတို့သည် တိုးတက်အားကောင်းလာခဲ့သည်။ သာသနာနယ် Dioceses များတွင် ရှေးပုံစံ မစ္ဆားတရားအား ကျင်းပလာကြသည်။ ပြင်သစ်တွင် သိက္ခာ ခံယူခဲ့သည့် ရဟန်းငယ်များသည် ရှေးပုံစံ လက်တင် မစ္ဆားကိုသာ ဟောပြောလာပြီး ဆယ်စုနှစ် အတွင်း ပြင်သစ်၌ လက်တင်မစ္ဆားဟောသည့် ရဟန်းများသည် အများစု ရှိနိုင်ကြောင်း ခန့်မှန်းကြသည်။

ပုပ်ဘက်နဒစ်သည် စိန့်ပီအူး ၁၀ အသင်းဂိုဏ်း SSPX အား အသင်းတော်မှ ကြဉ်ပယ်သည့် ဒဏ်ခတ်မှု Excommunication မှ ပယ်ဖျက်ပေးခဲ့ပြီး ပုပ်ဘက်နဒစ်၏ Summorum Pontificum စာချွန်တော်ကြောင့် ဗာတီကန်နှင့် စိန့်ပီအူး ၁၀ အသင်းဂိုဏ်း SSPX တို့ အကြား ဆက်ဆံရေးသည်လည်း အလွန် တိုးတက်ကောင်းမွန်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ပုပ်ဖရန်စစ်သည် SSPX ၏ တရားဝင်မှုနှင့် အာပါတ်ဖြေပေးခွင့်ကိုလည်း တရားဝင် အသိအမှတ်ပြုခဲ့သည်။

အနောက်နိုင်ငံများ၌ ပုပ်ဘက်နဒစ်၏ စာချွန်တော် Summorum Pontificum ကြောင့် လူငယ်များသည် ကိုယ်တော်မြတ်အား လျှာပေါ်တွင် ပင့်ယူခြင်း၊ မစ္ဆားတရား ပူဇော်ချိန်တွင် တလေးတစား နေထိုင်ဝတ်ဆင်ခြင်းနှင့် ဘုရားကျောင်း အတွင်းပိုင်း ဗိသုကာလက်ရာ၏ အရေးပါပုံ၊ မစ္ဆားသီချင်းတို့၏ အရေးပါပုံတို့အား စတင်ကြားသိလာရသည်။ ပုပ်ဘက်နဒစ်၏ စာချွန်တော် Summorum ကြောင့် သာမန် မစ္ဆားကျင်းပသော Parish ဘုရားကျောင်းများတွင် ကိုယ်တော်မြတ်ပင့်ယူရန် ဒူးထောက်စင်များ တပ်ဆင်ခြင်း၊ ၂၀ ရာစုအတွင်း ကက်သလစ် ဘုရားကျောင်းများ အတွင်း ဆင်းတုရုပ်တုတော်များ၊ ပန်းချီ အနုလက်ရာများ အလေးထား မထည့်သွင်းမှုများအား တန်ပြန်လာသလို လက်ဖြင့် ကိုယ်တော်မြတ် ပင့်ယူခြင်း မဟုတ်ဘဲ ဒူးထောက်၍ လျှာဖြင့် ကိုယ်တော်မြတ် ပင့်ယူမှုကို တလေးတစား ပြုလုပ်လာသည်။

လက်ရှိ အမိအသင်းတော်အတွင်း ရှေးပုံစံ လက်တင် မစ္တားနှင့် ပတ်သက်၍ ခေါင်းဆောင်ပိုင်းမှ ဖိနှိပ်မှုများ ရှိလာနေသည်ဟု အချို့က ဆိုပြန်သည်။ မည်သို့ပင် ရှိစေကာမူ လူငယ်တက်သစ်စများသည် ကက်သလစ် အသင်းတော်၏ Extraordinary Form တမူထူးခြားသော ရှေးပုံစံ မစ္ဆားအား ပြန်လည် လက်ခံလာကြသည် ဖြစ်ရာ ဆရာတော် ဘိရှော့၊ ရဟန်းများက ဖိနှိပ်တားဆီးမှု ရှိလျှင်ပင် ရှေးပုံစံ မစ္ဆားအား ကျင်းပမှု အားနည်းသွားမည် မဟုတ်ပေ။

အသင်းတော် အတွင်း၌ အချေအတင်ဖြစ်မှု၊ သဘောထား မတိုက်ဆိုင်မှုများအား အာရုံစိုက်ပါသော်လည်း ရဟန်းမင်းကြီး စာချွန်တော် Summorum Pontificum ၏ နှစ်ပါတ်လည်ပြည့် အခမ်းအနားအား ကျေးဇူးတင်စိတ်ဖြင့် လက်ခံကြိုဆိုကြရပေမည်။ စာချွန်တော် ရေးသားထုတ်ပြန်ခဲ့သည့် ဇူလိုက်လ ရ ရက်၊ ၂၀၀၇ ခုနှစ်မှ ယနေ့အထိ ရှေးထုံးပုံစံ တမူထူးခြားသော မစ္ဆားတရားတော်မြတ်မှ တဆင့် သန်းပေါင်းများစွာသော ကက်သလစ်များထံသို့ ဘုရားသခင်၏ ကျေးဇူးတော် သွန်းလောင်း ရရှိစေခဲ့သည့် အတွက် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ အား ကျေးဇူးတင်ရမည် ဖြစ်သလို ယေဇူးခရစ်တော် သခင်အားလည်း ကျွန်ုပ်တို့ ကျေးဇူးတင်ကြပေသည်။

The Extraordinary Form ရှေးထုံးပုံစံ တမူထူးခြားသော လက်တင် မစ္ဆားတရားတော်မြတ်သည် ဆန်းကြယ်မှု၊ နှိမ့်ချခြင်းနှင့် အရာအားလုံးထက် အရေးပါသော ငြိမ်းချမ်းခြင်းကို ပေးပါသည်။ ဤမစ္ဆားတရားတော်မြတ်မှ ရရှိသော ငြိမ်းချမ်းခြင်းသည် ကမ္ဘာလောက၌ လစ်ဟင်းနေသော ငြိမ်းချမ်းရေးလည်း ဖြစ်ပါသည်။

ကိုးကား

Catholic Arena

Lawrence Jangma Mung Song

Add new comment

3 + 15 =