မျှော်လင့်ချက်ဖြင့် လျှောက်သောလမ်း

ပါစကားတတိယတနင်္ဂနွေ
~~~~~~~~~~~~~~

မျှော်လင့်ချက်ဖြင့် လျှောက်သောလမ်း

လမ်းမပေါ်မှာ စိတ်ဓါတ်ကျနေတဲ့ လူနှစ်ယောက် ခရီးသွားနေတယ်။ တိတိကျကျပြောရရင်တော့ တစ်နေရာကို ရှောင်ပြေးဖို့ ထွက်သွားတာပါ။ သူတို့ဦးတည်ထားတဲ့မြို့က ဧမာဦးမြို့။ မျှော်လင့်ချက် ပျောက်ဆုံးခြင်းဆိုတဲ့ အဓိပ္ပါယ်မဲ့မှုကို သူတို့ ဘယ်လိုမှ မတွန်းလှန်နိုင်တော့ဘူး။ ခါးသီးစွာကြုံတွေ့လိုက်ရတဲ့ အဖြစ်ပျက်ကြီးတစ်ခုကို အဲ့နေရာမှာပဲ ပြည့်ဖုံးကားချပြီး နောက်ဆုပ်ခဲ့ကြတယ်။ ရင်ထဲမှာ ဝမ်းနည်းခြင်း၊ လက်မခံနိုင်ခြင်း၊ မျှော်လင့်ချက်တွေဆုံးရှုံးသွားခြင်း ဆိုတဲ့ ခံစားချက်တွေလည်း အပြည့်။ အရင်တုန်းက တော့ သူတို့ရဲ့မျှော်လင့်ချက်တွေက မီးစာလို တောက်လောင်နေခဲ့ကြတာ။ သူတို့ ယုံကြည်အားကိုး ပုံအပ်ထားတဲ့ ခရစ်တော်ဘုရားဆိုတာ ဘုန်းတန်ခိုးတော်တွေနဲ့ လောကကမ္ဘာကို ကယ်ချွတ်ပစ်လိမ့်မယ်လို့ တစ်ထစ်ချ မျှော်လင့်ခဲ့ကြတာလေ။

ခုတော့ အဲ့ဒီမျှော်လင့်ခြင်းတွေလည်း တစ်စစီ ကျိုးပဲ့ပျက်စီးသွားရတယ်။ မထင်မှတ်ထားတဲ့ ကားတိုင်ဆိုတာကြီးက ဗြုန်းခနဲ သူတို့ရှေ့မှာ ပေါ်လာခဲ့တယ်။ အရာအားလုံးတက်နိုင်တယ်ဆိုတဲ့ဘုရားက ကားတိုင်ပေါ်မှာ အစွမ်းအစမဲ့စွာ ခေါင်းငုံ့ခံ အသက်စွန့်ပြီး အဆုံးသတ်သွားမှာကို သူတို့ ဘယ်လိုမှ မလိုလားခဲ့ကြဘူး။ ဒါနဲ့ပဲ တနင်္ဂနွေ မနက်ခင်းမှာ ဂျေရုဆလင်မြို့တော်ကြီးကနေ ထွက်ပြေး ရှောင်တိမ်းခဲ့ကြတယ်။ ပြာကျခဲ့ရတဲ့ အတိတ် ပုံရိပ်တွေ၊ လောင်ကျွမ်းသွားတဲ့ မျှော်လင့်ချက်တွေကို မေ့ပစ်နိုင်ဖို့ ဧမာဦးကို ခရီးထွက်ခဲ့ကြပေမဲ့ ကာလ်ဝါရီမှာ ဖြစ်ပျက်ခဲ့တဲ့ အနိဌာရုံတွေက မျက်လုံးထဲမှာ တဖျပ်ဖျပ်နဲ့ ရှိနေဆဲ။

ခရီးသွားရင်း လမ်းခုလတ်မှာ လူတစ်ယောက်နဲ့ အမှတ်မထင်ဆုံမိတယ်။ အဲ့ဒီလူနဲ့ လမ်းမှာ ဆုံတွေ့ခဲ့ရတာကလည်း အမှတ်တမဲ့ မမျှော်လင့်ထားတာမျိုး။ အတွေး ကိုယ်စီနဲ့ လေးလံစွာ ခရီးဆက်နေတဲ့အချိန်မှာ လူစိမ်းတစ်ယောက်က သူတို့အနား ဘယ်အချိန်ကတည်းက ရောက်နေမှန်း သတိတောင်မထားမိ။ အဲ့ဒီလူဟာ ယေဇူးဘုရားဖြစ်နေတယ်ဆိုတာ လုံးဝ မမှတ်မိကြဘူး။

"ဘာတွေ ဆွေးနွေးနေကြတာလဲ"

ဒီမေးခွန်းစကားနဲ့ သူတို့ကို မိတ်ဆက်လိုက်တယ်။ သူ တကယ်ပဲ မသိတာလား၊ ဒီလောက် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ဒီလူ မသိတာ ဟုတ်မှ ဟုတ်ပါ့မလား လို့ သံသယစိတ်နဲ့လှမ်းကြည့်လိုက်တယ်။

အမှောင်ကျ သေလုနီးပါးဖြစ်နေတဲ့ သူတို့ရဲ့ မျှော်လင့်ခြင်း အလင်းစလေးကို အဲ့ဒီ သူစိမ်းက ထွန်းညှိပေးဖို့ ကြိုးစားဟန်တူပါတယ်။ ဘာဆိုဘာမျှ မသိရှာတဲ့ လူတစ်ယောက်လို ဖြစ်ပျက်နေတဲ့ အကြောင်းအရာ အကုန်အစင်ကို မေးမြန်းနေခဲ့တာ။

“ငါတို့ မျှော်လင့်ခဲ့တာက တစ်မျိုး၊ ဖြစ်ခဲ့တာကကွာ . . ။ သူ့ကို မျှော်လင့်ခဲ့တာ ၊ ဒါပေမဲ့ကွာ . .”

စိတ်ဓါတ်ကျနေတဲ့ စကားလုံးတွေ ကိုယ်တော်ရှေ့မှာ ဖွင့်ချခဲ့ကြတယ်။ တပည့်တော်ကြီး နှစ်ပါးလို ဝမ်းနည်းခြင်းတွေ၊ ဆုံးရှုံးခြင်းတွေ၊ မျှော်လင့် ချက်မဲ့ခြင်းတွေ ဘဝမှာ အကြိမ်ကြိမ် ကြုံဖူးကြမှာပဲ။ ယေဇူးဘုရားက စိတ်ဓါတ်ကျပြီး ခေါင်းငိုက်စိုက် နေတဲ့သူတွေနဲ့အတူ ခရီးပြုနေပါတယ်။ မျှော်လင့်ခြင်းတွေ ပြန်ထွန်းညှိပေးဖို့ အနီးအနားမှာ အမြဲ ရှိနေပါတယ်။

မျှော်လင့်ခြင်းဆိုတာ စျေးပေါပေါနဲ့ အလွယ်တကူရနိုင်တာမျိုးမဟုတ်ဘူး။ အရှုံးကို ရင်ဆိုင်၊ အမှောင်ကို ကျော်ဖြတ်ကာ လဲကျမှုတွေကြားက မွေးဖွားလာတဲ့ တန်ဖိုးကြီးတဲ့ပါရမီတစ်ခုပါ။ ဆိုးဝါးခက်ခဲလှတဲ့အခြေ အနေ တွေကို မကြုံဖူးသေးတဲ့သူတစ်ယောက်အတွက် မျှော်လင့်ခြင်းဆိုတာ နားလည်ဖို့ ခက်ပါတယ်။ ခရစ်တော်ကို မမှတ်မိသေးတဲ့ တပည့်တော် ၂ ပါးကို မုန့်ဖဲ့ကာ ပေးလိုက်တော့မှ သူတို့ရဲ့ ဆရာသခင် ဖြစ်မှန်း သိလာခဲ့တယ်။ မုန့်ဖဲ့ပေးတယ်ဆိုတာဟာ ကျိုးပဲ့ခြင်းဆိုတဲ့ အမှတ်လက္ခဏာတစ်ခုပါ။ ပူဇော်ပေးဆပ်ခြင်းမရှိဘဲ စစ်မှန်တဲ့ မေတ္တာ ဆိုတာလည်း ရှိမှာ မဟုတ်ပါဘူး။ မိမိဘဝကို အကျိုးအပဲ့ခံပြီး သူတစ်ပါးနဲ့ ဝေမျှတတ်အောင် ခရစ်တော် က သင်ပေးခဲ့ပါတယ်။

ဧမာဦးသို့ သွားတဲ့လမ်းခရီးမှာ ကိုယ်တော်နဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်က လူ့ဘဝရဲ့ ဖြစ်တတ်တဲ့ သဘောသဘာဝကိုလည်း ဖွင့်ပြပေးခဲ့လိုက်ပါတယ်။ လူဆိုတာ အတိုက်အခိုက် အထိုးအနှက် တွေကြားမှာ ပိတ်လှောင်ငြိမ်သက် ရပ်တန့်နေဖို့ မဟုတ်ပါဘူး။ မျှော်လင့်ချက်တွေ ဘယ်လောက်ပဲ ဆုံးရှုံးနေပါစေ၊ ခရစ်တော်ဘုရားက အမြဲအတူ ခရီးပြုကာကွယ်ပေးနေတယ်ဆိုတာ ယုံကြည်ထားရပါမယ်။

မျှော်လင့်ချက် ဆုံးရှုံးနေတဲ့သူတွေ၊ စိတ်ဓါတ်ကျကာ ဘဝကို အရှုံးပေးချင်နေတဲ့သူတွေနဲ့လည်း ကျွန်တော်တို့တွေက အတူ ခရီးပြုလျှောက်လှမ်းပေးဖို့လိုတယ်။ အခက်ခဲဆုံးအချိန်မှာ လူတွေရဲ့ နှလုံးသားကို မျှော်လင့်ချက်တွေ ရှင်သန်လာအောင် ထွန်းညှိပေးရဦးမယ်။

“ငါသည် သင်တို့နှင့်အတူ အမြဲရှိနေတယ်”

ခရစ်တော်ရဲ့ မှာတမ်းစကားလေးကလည်း မျှော်လင့်ခြင်းတွေအပြည့်နဲ့ပါ။
ခရစ်တော်ရှိရင် မျှော်လင့်ချက်ရှိတယ်။ ခရစ်တော်က တို့နဲ့အတူ အမြဲရှိနေတဲ့အတွက် မျှော်လင့်ခြင်းဆိုတာလည်း အစဉ်ရှိနေပါတယ်။ မျှော်လင့်ချက်ရှိရင် ဘဝဆိုတာလည်း ရှိတယ်။ ဒါကြောင့်မို့ မျှော်လင့်ချက်နဲ့ ဘဝကို ကျွန်တော်တို့ ဆက်ပြီး အသက်ရှင် ကြရဦးမယ်။

သီကိုရှင်း

Add new comment

1 + 14 =