မေလ ၁၀ ရက်၊ ၂၀၂၀ တနင်္ဂနွေနေ့၊ ပါစကားလ ပဉ္စမပတ်

မေလ ၁၀ ရက်၊ ၂၀၂၀ တနင်္ဂနွေနေ့၊ ပါစကားလ ပဉ္စမပတ်

ပထမကျမ်း
♥ ဤကျမ်းမှာ ဘုံစနစ်နဲ့ အတူတကွနေထိုင်စားသောက်ကြတဲ့ ခရစ်ယန်တွေကြားမှာ အရေအတွက်များလာတဲ့အတွက် အဆင်မပြေမှုလေးတွေရှိလာပါတယ်။
- ၄င်းအဆင်မပြေမှုများကိုဖြေရှင်းဖို့ အမှုတော်ဆောင် ခုနှစ်ဦးကိုရွေးချယ်ခန့်ထား ခဲ့တယ်။
-တမန်တော်ကြီးများကတော့ ဆုတောင်းပတ္ထနာပြုခြင်းနှင့် နှုတ်တော်ထွက်စကားဟော ပြောခြင်းအမှုတော်များ၌သာ မြဲမြံစွာ ဆောင်ရွက်ကြ ခဲ့ကြတဲ့အကြောင်းဖြစ်ပါတယ်။

♥ တမန်တော်ဝတ္ထု 6:1-7
1. ထိုကာလ၌ တပည့်တော်တို့၏ အရေအတွက်သည် တိုးပွားလာလေ၏။ ထိုအခါ နေ့စဉ်အစားအစာ ဝေငှရာ၌ မိမိတို့ထဲမှ မုဆိုးမများသည် လျစ်လျူရှုထားခြင်း ခံရသောကြောင့် ဂရိစကားပြောဆိုသူတို့က ဟေဗြေဦးစကား ပြောဆိုသူတို့ကို အပြစ်တင်ကြ၏။
- 2. ထို့ကြောင့် တစ်ကျိပ်နှစ်ပါးတို့သည် တပည့်တော်အပေါင်းတို့ကို စုဝေးစေ၍ ဆိုကြသည်မှာ ငါတို့သည် ဘုရားသခင်၏ နှုတ်တော်ထွက်စကား ဟောပြောခြင်းအမှုကိုစွန့်၍ ကျွေးမွေးခြင်းအမှုကို ဆောင်ရွက်ရန် မသင့်လျော်ချေ။
- 3. ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ထဲတွင် ဂုဏ်သိက္ခာရှိ၍ ဝိညာဉ်တော်မြတ်နှင့်လည်းကောင်း၊ ပညာအမြော်အမြင်နှင့် လည်းကောင်း ပြည့်စုံသောသူခုနစ်ဦးကို ရွေးချယ်ကြလော့။ ငါတို့သည် ထိုသူတို့အား ဤတာဝန်ကို ထမ်းဆောင်ကြရန် ခန့်အပ်ထားမည်။
- 4. ငါတို့မူကား ဆုတောင်းပတ္ထနာပြုခြင်းနှင့် နှုတ်တော်ထွက်စကားဟော ပြောခြင်းအမှုတော်များ၌သာ မြဲမြံစွာ ဆောင်ရွက်ကြ မည် ဟုဆိုကြ၏။
- 5. စုဝေးနေကြသူအားလုံးတို့သည် သူတို့ပြောသောစကားကို နှစ်သက်ကြသဖြင့် ယုံကြည်ခြင်းနှင့်လည်းကောင်း၊ ဝိညာဉ်တော် မြတ်နှင့်လည်းကောင်း ပြည့်စုံသောစတေဖနု၊ ဖိလိပု၊ ပရိုခိုရု၊ နီကာနော်၊ တီမွန်၊ ပါမေန၊ ဂျူးဘာသာထဲသို့ ဝင်လာသော အန္တီယော့မြို့သား နီကောလတို့ကို ရွေးချယ်ကြ၏။
- 6. သူတို့သည် ဤသူတို့ကို တမန်တော်တို့၏ရှေ့သို့ ခေါ်ဆောင်လာကြ၍ တမန်တော်တို့သည်လည်း ဆုတောင်းပြီး မိမိတို့၏ လက်များကို သူတို့အပေါ်သို့တင်ကြ၏။
- 7. ဘုရားသခင်၏ နှုတ်တော်ထွက်စကားသည်လည်း ဆက်လက်၍ ပျံ့နှံ့လေ၏။ ဂျေရုဆလင်မြို့၌လည်း တပည့်တော်တို့၏ အရေအတွက်သည် များစွာတိုးပွားလာလေ၏။ မြောက်မြားစွာသော ရဟန်းတို့သည်လည်း ယုံကြည်ခြင်းကို လိုက်နာလာကြ၏။

ဒုတိယကျမ်း
♥ ဤကျမ်းမှာ ယေဇူးသခင်ဟာ လူတွေရဲ့ ပစ်ပါယ်ခြင်း သတ်ဖြတ်ခြင်းခံခဲ့ရပေမယ့် သူဟာအသက်ရှင်လျက်ရှိပြီး လူအဖွဲအစည်းကို ပေါင်းဖွဲ့စုစည်းစေတဲ့ ထောင့်ချုပ်ကျောက်အဖြစ်ဆက်လက်တည်ရှိနေပါတယ်။
ကျွန်ုပ်တို့တွေဟာ ရွေးကောက်ခြင်းခံရသောလူ မျိုး၊ တော်ဝင်ရဟန်းမျိုး၊ သန့်ရှင်းမြင့်မြတ်သောလူမျိုးနှင့် ဘုရားသခင် ပိုင်ဆိုင်တော်မူသောလူမျိုးဖြစ်တဲ့အတွက် ကိုယ်တော်ထံလာကြရမယ်လို့ ရှင်ပေထရုကဆုံမပါတယ်။

♥ ၁ ရှင်ပေတရု 2:4-9
4. လူတို့၏ပစ်ပယ်ခြင်းခံရသော်လည်း ဘုရားသခင်၏မျက်မှောက်တော်၌ အဖိုးထိုက်တန်၍ ရွေးချယ်ခံရသော ရှင်သန်လျက်ရှိ သည့်ကျောက်တည်းဟူသော ကိုယ်တော့်ထံသို့ လာကြလော့။
- 5. သင်တို့သည်လည်း ရှင်သန်လျက်ရှိသောကျောက်များကဲ့သို့ပင် ဝိညာဉ်နှင့် ဆိုင်သောဗိမာန်တော်အဖြစ် မိမိတို့ကိုယ်ကို တည် ဆောက်ကြလော့။ သင်တို့သည် မြင့်မြတ်သောရဟန်း အမျိုးအနွယ်ဖြစ်စေရန်နှင့် ယေဇူးခရစ်တော်အားဖြင့် ဘုရားသခင် နှစ်သက်လက်ခံဖွယ်ဖြစ်သော ဝိညာဉ်ရေး ရာပူဇော်ခြင်းများကို ဆက်ကပ်ပူဇော်နိုင်ရန် ထိုဗိမာန် တော်ကို တည်ဆောက်ကြ လော့။
- 6. အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ရေးထားသည်ကား ကြည့်လော့၊ ငါရွေးချယ်ထားသည့် အဖိုးတန်ထောင့်ချုပ် ကျောက်ဖြစ် သောကျောက်တုံးတစ်တုံးကို ဇီအွန်တောင်ပေါ်၌ ငါချထား၏၊ ထိုအရှင်၌ ယုံကြည်သောသူသည် အရှက်တကွဲ ဖြစ်ရလိမ့်မည်မဟုတ်ဟူ၍ဖြစ်သတည်း။
- 7. ထို့ကြောင့် ယုံကြည်သောသင်တို့အတွက် ထိုအရှင်သည် တန်ဖိုးရှိပေ၏။ မယုံကြည်သောသူတို့အတွက်မူကား တိုက်ကို ဆောက်သောသူတို့ပစ်ပယ်ထားသော ဤကျောက်သည် ထောင့်ချုပ်ကျောက်ဖြစ်လာလေပြီဟူ၍လည်းကောင်း၊
- 8. ဤကျောက်သည် လူတို့အား ခလုတ်တိုက်မိ စေသောကျောက်၊ လူတို့ကို လဲကျစေမည့်ကျောက်ဖြစ် သည်ဟူ၍လည်းကောင်း ရေးထားလျက်ရှိ၏။ သူတို့ သည် နှုတ်တော်ထွက်စကားကိုမနာခံကြသောကြောင့် သူတို့အတွက် သတ်မှတ်ထားသည့်အတိုင်း တိုက်မိ၍ လဲကျကြလေ၏။
- 9. သင်တို့သည်ကား ရွေးကောက်ခြင်းခံရသောလူ မျိုး၊ တော်ဝင်ရဟန်းမျိုး၊ သန့်ရှင်းမြင့်မြတ်သောလူမျိုးနှင့် ဘုရားသခင် ပိုင်ဆိုင်တော်မူသောလူမျိုးဖြစ်ကြ၏။ ဤသို့ဖြင့် သင်တို့ကို မှောင်မိုက်ထဲမှနေ၍ ကိုယ်တော်၏အံ့ဖွယ်ရာအလင်းတော်သို့ ခေါ်ထုတ်တော်မူသော သခင်၏ချီးမွမ်းထိုက်သောအမှုတော်တို့ကို သင်တို့ကြေညာ ဟောပြောကြရပေလိမ့်မည်။-

ရှင်ယောဟန် 14:1-12
1. ယေဇူးက သင်တို့၏ စိတ်နှလုံး၌ စိုးရိမ်ပူပန်ခြင်း မရှိစေကြနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။
- 2. ငါ့ခမည်းတော်၏ အိမ်တော်၌ အခန်းများစွာရှိ၏။ ထိုသို့မဟုတ်ခဲ့ပါလျှင် ငါသည် သင်တို့အတွက် နေရာပြင်ဆင်ရန် သွားမည်ဟု ပြောပါမည်လော။
- 3. ငါသည် သင်တို့အတွက် နေရာပြင်ဆင်ရန် သွားပြီးလျှင် တစ်ဖန်ပြန်လာ၍ ငါရှိသောနေရာတွင် သင်တို့လည်း ရှိစေရန် သင်တို့ကို ငါ့ထံသို့ ခေါ်ဆောင်မည်။
- 4. သင်တို့သည် ငါသွားမည့်လမ်းကိုသိကြ၏ဟု မိန့်တော်မူ၏။
- 5. ထိုအခါ သောမက သခင်ဘုရား၊ မည်သည့်အရပ်သို့ ကိုယ်တော်သွားမည်ကို တပည့်တော်တို့ မသိကြသောကြောင့် လမ်းခရီးကိုလည်း မည်ကဲ့သို့ သိနိုင်ကြပါမည်နည်းဟု ကိုယ်တော်အား မေးလျှောက်၏။
- 6. ယေဇူးက ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုဘဲ မည်သူမျှ ခမည်းတော်ထံသို့ မလာနိုင်။
- 7. သင်တို့သည် ငါ့ကိုသိကြပါလျှင် ငါ၏ခမည်းတော်ကိုလည်း သိကြလိမ့်မည်။ ယခုမှစ၍ သင်တို့သည် ငါ၏ခမည်းတော်ကို သိကြ၍ ဖူးမြင်ကြရလေပြီဟု သူ့အား မိန့်တော်မူ၏။
- 8. ဖိလိပုကလည်း သခင်ဘုရား၊ ခမည်းတော်ကို တပည့်တော်တို့အား ပြတော်မူပါလျှင် တပည့်တော်တို့ စိတ်ကျေနပ် ကြပါလိမ့်မည်ဟု ကိုယ်တော်အား လျှောက်လေ၏။
- 9. ယေဇူးက သူ့အား မိန့်တော်မူသည်မှာ ဖိလိပု၊ ငါသည် သင်တို့နှင့်အတူ ဤမျှကြာအောင် နေခဲ့ပါသော်လည်း သင်သည် ငါ့ကိုမသိသလော။ ငါ့ကိုမြင်ရသောသူသည် ခမည်းတော်ကိုလည်း ဖူးမြင်ရ၏။ အဘယ်ကြောင့် သင်သည် ခမည်းတော်ကို တပည့်တော်တို့အား ပြပါဟု ဆိုရသနည်း။
- 10. ငါသည် ခမည်းတော်၌တည်ရှိ၍ ခမည်းတော်သည်လည်း ငါ၌တည်ရှိကြောင်းကို သင်မယုံကြည်သလော။ သင်တို့အား ငါပြောသောစကားများကို ငါသည် ငါ၏အခွင့်အာဏာဖြင့် ပြောသည်မဟုတ်။ ငါ၌တည်ရှိတော်မူသော ခမည်းတော်သည် မိမိ၏အမှုတော်များကို ဆောင်ရွက်ခြင်းသာဖြစ်၏။
- 11. ငါသည် ခမည်းတော်၌ တည်ရှိ၍ ခမည်းတော်သည်လည်း ငါ၌တည်ရှိသည်ကို ယုံကြည်ကြလော့။ ဤသို့ မဟုတ်လျှင်လည်း ငါပြုသော အမှုအရာများကိုထောက်၍ ငါ့ကိုယုံကြည်ကြလော့။
- 12. သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုအရာများကို ပြုလိမ့်မည်။ သူသည် ယင်းထက် ကြီးမြတ်သော အမှုအရာများကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့ သွားမည် ဖြစ်သောကြောင့်တည်း။
==================

ထောက်ရှုချက်

" ငါ့ကိုမြင်ရသောသူသည် ခမည်းတော်ကိုလည်း ဖူးမြင်ရ၏။"

#- ဟိုးအရင်က ခမည်းတော်ဘုရားက လူတွေကို ဗျာဒိတ်တော်ဖွင့်ဟတဲ့အခါ ပရောဖတ်များကိုအသုံးပြုခဲ့ပါတယ်။
- ဒါပေမယ့် ပရောဖက်တွေက သူတိုကိုမြင်ရင် ခမည်းတော်ဘုရားကိုမြင်တယ်လို့ မပြောနိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က ဘုရားသခင်ကို အပြည့်အစုံမသိ နားမလည်ခဲ့ကြသူတွေဖြစ်ပါတယ်။
- ပရောဖက်တွေဟာ လောကီလူသားတွေသာဖြစ်ပါတယ်။ ဒါကြောင့်ကောင်းကင်နဲ့ဆိုင်ရာတွေကိုအပြည့်အစုံနားမလည်နိုင်သူတွေဖြစ်ပါတယ်။

#- သခင်ခရစ်တော်ကျတော့ ကောင်းကင်ကဆင်းလာသူ၊ ဘုရားသခင်ထံမှ ဆင်းလာသူဖြစ်ပါတယ်။ ဒါကြောင့်ဘုရား ကောင်းကင်နှင့် ဆိုင်ရာများကို အပြည့်အစုံသိပါတယ်။
- အရင်က ဘုရားသခင်က လူသားတွေဆီ သတင်းပေးပို့တဲ့အခါ လူသားပရောဖက်တွေကိုသုံးခဲ့ပေမယ့်၊ ယေဇူးသခင်အချိန်ကျတော့ ဘုရားကိုယ်တိုင်ဆင်းကြွလာပြီး ဆက်သွယ်ခဲ့တာ၊ ပြောပြကျင့်ပြခဲ့တာဖြစ်ပါတယ်။

* - ခမည်းတော်ဘုရား ကိုအပြည့်အဝ ဖွင့်ပြနိုင်တာ သားတော်ယေဇူးသခင်ပါပဲ။ သူပြောဆိုဟောကြားသမျှဟာ ခမည်းတော်ဘုရားပြောဆိုဟောကြားချက်တွေဖြစ်သည့်အပြင် သူကျင့်ခဲ့သမျှအားလည်း ဘုရားသခင်က လူအားလုံးကိုပြောနေတဲ့စကားတွေပါပဲ။
- ဒါကြောင့် ယေဇူးသခင်ကို ဘုရားရဲ့နုတ်ကပတ်တော်လို့ ရှင်ယောဟန်ဧဝံဂေလိကျမ်း အခန်းကြီး ၁ မှာတွေရတာဖြစ်ပါတယ်။

* ယေဇူးသခင် ကဘုရားရှင့်ရဲ့ အပြည့်စုံဆုံးဗျာဒိတ်တော်ဖြစ်လို့ ယေဇူး ခရစ်တော်ကိုသိရင် ခမည်းတော်ဘုရားကိုသိပါတယ်။ ယေဇူးခရစ်တော်ကိုမြင်ခြင်းက ခမည်းတော်ကိုမြင်ခြင်းပါပဲ။

# ကျွန်ုပ်တို့ ကက်သလစ်ခရစ်ယန်တွေက ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူ (Holy Trinity) ဆိုတဲ့အချက်ကိုယုံကြည်ပါတယ်။
၁) ခမည်းတော်ဘုရား
၂) သားတော်ဘုရား
၃) သန့်ရှင်းသော ဝိညာဥ်တော်ဘုရား
- ပုဂ္ဂိုလ် သုံးပါးရှိပေမယ့်၊ ဘုရားကတော့တစ်ဆူပဲရှိပါတယ်။
- သုံးပါးစလုံးက ဘုန်းဂုဏ်တော်ခြင်းတူပါတယ်။
- ဒါဟာကက်သလစ်ခရစ်ယန်တွေရဲ့ယုံကြည်ရာအချက်ပါပဲ။

" ငါ့ကိုမြင်ရသောသူသည် ခမည်းတော်ကိုလည်း ဖူးမြင်ရ၏။"

- ယေဇူးခရစ်တော် ကသူ့ကိုမြင်ရင် ခမည်းတော်ကိုမြင်နိုင်ဖို့ ခရစ်မည်းတော်ဘုရားရဲ့ နှလုံးသားနဲ့ထပ်တူ ပြုမူကျင်ကြံပြောဆိုခြင်းဖြင့် ဖခမည်းတော်ရဲ့ဘုဏ်းတော်ထင်ရှားခဲ့ပါတယ်။

၁) ခရသ်တော်၏နောက်လိုက်ဖြစ်သော ကျွန်ုပ် ယေဇူးခရစ်တော်ကိုသိပါပြီလား။
၂) ယေဇူးခရစ်တော်ရဲ့ နှလုံးသားကိုအတုယူပြီး သူ၏ရားတော်နဲ့ ကျင်းစဥ်အတိုင်း ကျင့်ကြံရှောက်လှမ်းနေပြီလား။
၃) ကျွန်ုပ်ကိုမြင်ရင် ယေဇူးခရစ်တော်ကို မြင်ပြီလို့ ပြောနိုင်မှာလား။
+++++++++++++

- မာသာရ်ထရေဇားကို သူ့ရဲ့ဂေဟာမှာရှတဲ့ လူနာတစ်ဦးကမေးတယ်။
မာသာရ်ရဲ့ ဘုရားသခင်က မာသာရ်လိုပဲလားတဲ့။
မာသာရ်ထရေဇား ကပြန်ပြောလိုက်တယ်။
သူကငါနဲ့တူတာမဟုတ်ဘူး၊ ငါကသာသူနဲ့တူဖို့ကြိုးစားနေရတာပါ တဲ့။

- မာသာရ်ထရေဇားက သူမကိုမြင်တဲ့သူက ယေဇူးခရစ်တော်ကိုမြင်ရသလိုခံစားစေတဲ့အထိ ကျင့်ကြံခဲ့ပါတယ်။

Fr. Bosco Saw

Add new comment

2 + 3 =