မေလ (၁)ရက်နေ့ စိန့်ဂျိုးဇက်အလုပ်သမားနေ့ အကြောင်းသိကောင်းစရာများ

မေလ (၁)ရက်နေ့ စိန့်ဂျိုးဇက်အလုပ်သမားနေ့ အကြောင်းသိကောင်းစရာများ

****-----*****--------****----***

ကွန်မြူနစ်ဝါဒသည် အစပိုင်း၌ သိပ်မဆိုးလှသော စနစ်တစ်ခုဖြစ်သည်ဟု နိုင်ငံအများပိုင်းက လက်ခံခဲ့ကြသည်။ ကမ္ဘာစစ်ကြီးဖြစ်ရန် လှုပ်နိုးခဲ့သော ဖက်ဆစ်စနစ်သည် ကမ္ဘာသူ ကမ္ဘာသားများတွက် မုန်းတီးစရာဖြစ်လာခဲ့သည်။ ထို့အပြင် မှားယွင်း‌ေသာ အရင်းရှင်စနစ်ကြီးသည်လည်း ဆင်းရဲသားများအား ပိုဆင်းရဲအောင် ချမ်းသာသူများကိုပိုချမ်းသာအောင် လုပ်ပေးသည်ဖြစ်ရာ သာမန်လုပ်သားများတွက် ဘယ်တော့မှ အသက်ရှူမချောင်ခဲ့။

သို့သော် ကွန်မြူနစ်စနစ်သည် ပို၍ပင် ဆိုးဝါးလေသည်။ သူ၏ ဝါဒအရ လူသည် အလုပ်၏ ကျေးကျွန်ပမာဖြစ်သည်။ လူ၏တန်ဖိုးသည် အလုပ်လုပ်နိုင်စွမ်းရှိမရှိပေါ် မူတည်သည်။ အလုပ်လုပ် လုပ်နိုင်လေ တန်ဖိုးမြင့်လေပင်။ ထိုကြောင့် လူတစ်ယောက်နှင့်တစ်ယောက် တန်ဖိုးချင်းမတူညီကြ။ သက်ကြီးရွယ်အိုများသည် အလုပ်လုပ် မလုပ်နိုင်သောကြောင့် တန်ဖိုးမဲ့သည်။ အပိုလူများသာဖြစ်သည်။ ကိုယ်လုပ်မှ ကိုယ်စားရသည်ဖြစ်ရာ ဘုရားမရှိ တရားမသိပါ။ ဘာသာတရား ယုံကြည်သူများသည် အလုပ်မလုပ်လိုသူများဖြစ်သည်ဟု ယူဆရာ ဘာသာတရားကို ဆန့်ကျင်သည်။ အလုပ်သည်သာ ပထမ၊ အလုပ်သည်သာ ဒုတိယ တတိယဖြစ်သည်။ သို့အတွက် မေလ ၁ ရက်နေ့ကို သူတို့၏ အလုပ်သမားနေ့အဖြစ်၊ သူတို့၏ အောင်မြင်သောနေ့အဖြစ်၊ သူတို့၏ နားရက်အဖြစ်သတ်မှတ်ထားသည်။

ဤကဲ့သို့ လူမဆန်သော စနစ်ကို ကြိုသိသော (၁၂)ကြိမ်မြောက် ပုပ်ရဟန်းမင်းကြီး ပီဦးသည် (၁၉၅၅)ခုနှစ် မေလ (၁)ရက်နေ့ကို သံဇူအလုပ်သမားနေ့အဖြစ်သတ်မှတ်ပေးခဲ့သည်။

မေလ တစ်ရက်နေ့ချင်းတူသော်လည်း ရည်ရွယ်ချက်ချင်းကွာသည်။ ကက်သလစ်သာသနာတော်က အလုပ်သည် လူအတွက်ဖြစ်သည် လူသည် အလုပ်အတွက်မဟုတ် ဟု ယူဆသည်။ အလုပ်သည် မြင့်မြတ်သည်။ အဖ ခမည်းတော်ဘုရားသည် ၆ ရက် အလုပ်လုပ်သည်။ ထိုအလုပ်ကို လူသားများဆက်လုပ်ရန် လူသားထုတစ်ခုလုံးကို ကိုယ်စားပြုသော အာဒံနှင့်ဧ၀အားအပ်နှံခဲ့သည်။ သို့အတွက် လူသည် အရာအားလုံး၏ အကြီးအမှူးအဖြစ် ခန့်အပ်ခံရသည်။ ထို့ကြောင့် အလုပ်လုပ်ရသည်။

သံဇူဇယ်သည် အလုပ်သမားတို့၏ စံပြဖြစ်သည်။ အလုပ်သမားတို့၏ ရဟန္တာလည်းဖြစ်သည်။ သူသည် လက်သမားတစ်ဦးအနေဖြင့် အမိမယ်တော်နှင့် သားတော်ယေဇူးကို ရှာဖွေကျွေးမွေးခဲ့သည်။ အလုပ်ကြိုးစားခဲ့သည်။ လူ၏ ဂုဏ်သိက္ခာကို လေးစားစွာ အလုပ်လုပ်ခဲ့သည်။

လူသည် ဘုရားသခင်၏ ပံုသဏ္ဍာန်နှင့်အညီ ဖန်ဆင်းထားခံရသည်။ ထို့ကြောင့် မြင့်မြတ်သည်။ တန်ဖိုးရှိသည်။ အလုပ်လုပ်နိုင်မှတန်ဖိုးရှိသည်မဟုတ်ပါ။ အလုပ်သည် မြင့်မြတ်သော်လည်း လူအတွက်ဖြစ်သည်။ လူတိုင်းအလုပ်လုပ်ကြရမည်။ အလုပ်လုပ်နိုင်ပါလျက်နှင့် မလုပ်လျှင် အပြစ်ဖြစ်သည်။ သို့သော် အလုပ်သည် လူသားများအတွက်သာ။

သံဇူဇယ်၏ သိက္ခာရှိရှိ အလုပ်လုပ်ခဲ့ပုံကို စံနမူနာယူရန် ကက်သလစ်သာသနာတော်က တိုက်တွန်းသည်။ အလုပ်အတွင်း အချင်းချင်း ခေါင်းပုံဖြတ်ခြင်း၊ နှိမ်ခြင်းမ‌ျားကို အကြွင်းမဲ့ရှောင်ရှားရန် သာသနာတော်က နှိုးဆော်ထားသည်။ အလုပ်လုပ်သူတိုင်း မိမိလုပ်အားနှင့် လျော်ညီသော ထိုက်တန်သော လုပ်ခကို ရထိုက်သည်။

ဤအကြောင်းအရာများကို မီးမောင်းထိုးပြရန် သံဇူဇယ်အလုပ်သမားနေ့ကို မေလ တစ်ရက်တွင် ကျင်းပရခြင်းဖြစ်သည်။

source: annonymus

Phot Credit to googel (SGET info)

Add new comment

5 + 15 =