မယ်တော်ရွေးချယ်ထားသော ချမ်းသာကုန်းရွာ

မယ်တော်ရွေးချယ်ထားသော ချမ်းသာကုန်းရွာ

မန္တလေး ရန်ကုန်လမ်းမကြီးပေါ်ရှိ၊ မန္တလေးမြို့နှင့် ၁၆ မိုင်ဝေးသော ချမ်းသာကုန်းရွာ၌ ၁၈ ရာစုတွင် ကာတိုလိပ်ဘုန်းကြီး ပါတီတယ် နေထိုင်လျက် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ထိုဘုန်းကြီးသည် မယ်တော်အပေါ် ယုံကြည်ခြင်း ကြီးမားခဲ့သဖြင့် ပြင်သစ်ပြည်မှ လုဒ်မယ်တော် ဆင်းတုတခုကို မှာယူခဲ့သည်။ ဆင်းတုကို သင်္ဘောခရီးဖြင့် တင်ပို့ခဲ့ရာ အိန္ဒိယသမုဒ္ဒရာ၌ လေမုန်တိုင်းမိ၍ သင်္ဘောမြုပ်ခဲ့သည်။ သင်္ဘောပေါ်ရှိ ပစ္စည်းအားလုံးလည်း နစ်မြုပ်ပျက်စီးခဲ့သည်။ အလားတူပင် သံဖြင့် ပြုလုပ်ထားသော ဆင်းတုသည်လည်း နစ်မြုပ်ပျောက်ဆုံး သွားနိုင်သည်။ သို့သော် ထူးဆန်းစွာမျော၍ အိန္ဒိယနယ်မြေ ပင်လယ်ကမ်းခြေ၌ သောင်းတင်နေခဲ့သည်။ အလုံပိတ်ထားသော ဆင်းတုကို မြင်တွေ့သူများသည် သက်ဆိုင်ရာ အာဏာပိုင်များသို့ သတင်းပို့ခဲ့သည်။ လာရောက်ကြည့်ရှုရာ ဘုန်းကြီးပါတီယယ်၊ ချမ်းသာ ကုန်းရွာ၊ မြန်မာပြည် ဟူ၍ လိပ်စာကို တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် ထိုမှတစ်ဆင့် မြန်မာပြည်ရှိ လိပ်စာရှင်ထံသို့ ချောမောစွာ ပို့ဆောင်ပေးခဲ့သည်။

ဘုန်းကြီးသည် သင်္ဘောနစ်မြုပ်သွားသည့် သတင်းကို ကြားသိရပြီး၊ ဆင်းတုလည်း နစ်မြုပ်သွားပြီးဟုယူဆခဲ့သည်။ သို့သော်မမျှော်လင့်ဘဲ ဆင်းတုကို ရရှိခဲ့သဖြင့် မယ်တော်ကို အထူးဂုဏ်ပြု၍ ဂူတစ်ခုကိုအမြန်ဆုံးဆောက်လုပ်ပြီး ဆင်းတုကို ထားရှိခဲ့သည်။ ဤနေရာတွင် မကြာမီဘုရားကျောင်းတစ်ခု၊ ဘော်ဒါဆောင်တစ်ခု၊ လူနေအိမ်များနှင့် ကျောင်းဆောင်များဖြင့် စည်ကားစွာ ဖြစ်လာခဲ့သဖြင့် ချမ်းသာကုန်း ရွာသူရွာသားများသည်လည်း တိုးပွားလာခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီးမစမီ စည်ကားခဲ့သည့် ချမ်းသာကုန်းရွာသည် မယ်တော်၏အုပ်ထိန်းမှုအောက်တွင် ငြိမ်းချမ်းသာယာစွာ ရှိခဲ့သည်။ စစ်ကြီးဖြစ်လာသောအခါ ရွာသူရွာသားများသည် ဂျပန်ဗုံးကြဲလေယာဉ်မှ လွတ်ကင်းနိုင်ရန် လုံခြုံသော နေရာသို့ ထွက်ပြေးခဲ့ကြသည်။ အလားတူပင် ကျောင်းထိုင်ဘုန်းကြီး အန်ထောင်နီသည်လည်း ရှောင်တိမ်းရန် စီစဉ် ခဲ့ပြီး ဆင်းတုကို ယူဆောင်သွားရန် ကြိုးစားခဲ့သည်။ သို့သော် သံဖြင့် ပြုလုပ်ထားသော ဆင်းတုသည် အလွန်လေးသဖြင့် ဘာသာဝင်များ၏ အကူအညီဖြင့် ဂူအနောက်၌ တွင်းတူး၍ မြုပ်ထားခဲ့ကြသည်။ ရွာကို ဗုံးထိ၍ ဘုရားကျောင်းမှအစ တစ်ရွာလုံး မီးလောင်ကျွမ်း၍ ပျက်စီးခဲ့သည်။ မကြာမီ ချုံထူတောထပြီး ချမ်းသာကုန်းရွာဟူ ၍ မရှိတော့ချေ။ အကြောင်းမှာ စစ်ပြီးနောက် ရွာသူရွာသားများသည် တစ်နေရာစီ သွားရောက်၍ နေထိုင်လုပ်ကိုင်စားသောက်ကြသည်။ ချမ်းသာကုန်း မယ်တော်ကိုလည်း သတိမရတော့ချေ။

ရွာ၏ရာဇဝင်ကို သိရှိထားသူ အမျိုးသမီးဒေါ်ဖန်ဆိုသူသည် မြစ်ငယ်မြို့၌ နေထိုင်ခဲ့သည်။ ချမ်းသာကုန်း ရွာဟောင်းရှိ မယ်တော်ဂူနောက်၌ မြုပ်ထားသော ဆင်းတုကို ဖော်ထုတ်ရန် မယ်တော်က ထိုမိန်းမအား အိပ်မက်ပေးခဲ့သည်။ ထိုမိန်းမသည် ဘာသာရေး၌ ပေါ့ဆသူဖြစ်၍ အချို့ဘာသာဝင်များက ၎င်း၏ပြောဆိုချက်ကို စိတ်မဝင်စားခဲ့ကြပါ။ သို့သော်အချို့သည် ရှေးရာဇဝင်ကို သိရှိထားသဖြင့် ချမ်းသာကုန်းရွာသို့သွား၍ တောရှင်းခဲ့ရာ ထိခိုက်မှုမရှိသော မယ်တော်ဂူကို တွေ့ပြီး ဂူနောက်တွင် မြေတူး၍ရှာဖွေခဲ့ကြသည်။ သို့သော် ဘာကိုမျှမတွေ့၍ စိတ်ဓာတ်ကျစွာဖြင့် ပြန်သွားပြီး ဤအကြောင်းကို နောက်ထပ် သတိမရတော့ချေ။ သို့သော် မယ်တော်၏ဆန္ဒကို မည်သူမျှမသိနိုင်သကဲ့သို့ မည်သူမျှလည်း တားဆီးနိုင်မည်မဟုတ်။ ဒေါ်ဖန်သည် ဒုတိယအကြိမ် အိပ်မက် မက်ခဲ့ပြန်သဖြင့် ဘာသာဝင်များအား ထပ်မံသတင်းပို့ခဲ့သည်။ ဤတစ်ကြိမ်တွင် ဇော်ဂျီရွာသူရွာသားများ အထူးသဖြင့် ခေတ်ဟောင်းရာဇဝင်ကို သိရှိထားသူများ လာရောက်၍ ဇွဲရှိရှိနှင့် ထပ်မံတူးဖော်ရှာဖွေကြရာ ဝမ်းသာစွာ တွေ့ရှိခဲ့ကြသည်။

မယ်တော်ဆင်းတုကို မြုပ်ထားချိန်တွင် ဂျပန်လေယာဉ်များ ဗုံးကြဲနေသော အချိန်ဖြစ်ပြီး ရွာလုံးကျွတ် တိမ်းရှောင် ထွက်ပြေးနေခဲ့ကြသောကြောင့် ကျောင်းထိုင် ဘုန်းကြီးအန်ထော်နီသည် အချိန်ယူပြီး စနစ်တကျ မြုပ်ထားနိုင်မည်မဟုတ်ပါ။ သူတစ်ပါးလာရောက် ဖျက်ဆီးမှုမှ ကာကွယ်ရန်သာ လျင်မြန်စွာ မြှုပ်ထားခဲ့သည်။ ဤတောအတွင်း နှစ်များစွာ ကျော်လွန်လာခဲ့သဖြင့် မိုးဒဏ်နှင့် ရာသီဥတု ပြောင်းလဲမှုများကြောင့် မြေအောက်တွင်ရှိသော ဆင်းတုမှာ သံချေးကိုက်၍ ပျက်စီးရမည်သာ ဖြစ်သည်။ သို့သော် တူးဖော်ခဲ့သူများသည် ဦးစွာ လိုဏ်ဂူတစ်ခုကိုတွေ့၍ ယင်းဂူတွင် ဆင်းတုသည် မတ်တပ်ရပ်လျက် မြေမှုန့်များ လုံးဝမထိပဲ သပ်ယပ်စွာရှိသည်ကို အံ့ဩစွာ တွေ့ရှိခဲ့ကြသည်။ ချက်ချင်းပင် ပတ်ဝန်းကျင်၌ နေထိုင်သူများနှင့် ဘာသာဝင်များ လာကြည့်ကြပြီး ဓာတ်ပုံဆရာများသည် ဆင်းတုကို ရှင်းလင်းပြတ်သားစွာ ရိုက်ကူးထား နိုင်ခဲ့ကြသည်။ ယင်းဓာတ်ပုံကို အချို့ဘာသာဝင်များထံ ယနေ့အထိ တွေ့ရှိနိုင်သည်ဟု သိရှိရသည်။

ချမ်းသာကုန်းရွာသည် ထိုအချိန်မှစ၍ တဖြည့်ဖြည်း တိုးချဲ့လာခဲ့ပြီး ဘာသာဝင်အချို့ လာရောက် နေထိုင်ခဲ့ကြသည်။ ဘုရားကျောင်းကလေးတခုကိုလည်း ယာယီဆောက်လုပ်ထားခဲ့သည်။ ဘုရားကျောင်းကြီး တခုကို စနစ်တကျ ဆောက်လုပ်ရန်လည်း မြေနေရာ ရွေးချယ်ထားပြီး ဖြစ်သည်။ ဤနေရာတွင် မယ်တော်ပွဲကို နှစ်စဉ်အောက်တိုဘာ ပထမပတ်တွင် ကျင်းပသဖြင့် မန္တလေးနှင့် ပတ်ဝန်းကျင်မှ ဘာသာဝင်များ လာရောက်၍ မယ်တော်ကို ဂုဏ်ပြုကြသည်။ ဖော်ပြပါ မယ်တော်ဆင်းတုကို ဘာသာသူများ စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်လှည့်လည်၍ အဖွဲ့လိုက်ချီးမွမ်း သီချင်းဆိုခြင်း၊ ပုတီးစိပ်ခြင်းတို့ကို ပြုလုပ်ကြသည်။

ချမ်းသာကုန်းမယ်တော်ပွဲသို့ အထက်မြန်မာပြည်ရှိ နယ်အသီးသီးမှ ဘာသာသူများသည် အဖွဲ့ လိုက်ဖြစ်စေ၊ တဦးချင်းဖြစ်စေ
လာရောက်၍ မယ်တော်အား ဂုဏ်ပြုနိုင်ပါက အလွန်မွန်မြတ်မည်ဟု အကြံပြုလိုပါသည်။ ဘုရားဖူးသွားရန် သင့်သော မယ်တော်၏ နယ်မြေတခုဖြစ်သည်ဟူ၍လည်း ဆိုနိုင်ပါသည်။ သို့ပါ၍ မယ်တော်ကို ချစ်သောဘာသာဝင်များသည် ဤနည်းဖြင့် မယ်တော်အား ဂုဏ်ပြုနိုင်ပါက မင်္ဂလာအဖြာဖြာကို အဆပေါင်းများစွာ ခံစားကြရပါလိမ့်မည်။ မြန်မာပြည်တွင် မယ်တော်ပွဲကို ညောင်လေးပင်မြို့နှင့် မြင်းခြံတို့၌သာ စည်ကားစွာကျင်းပသော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် အထက်မြန်မာပြည်မှ ဘာသာဝင်များ လွယ်ကူစွာ သွားရောက်ပါဝင်နိုင်ခြင်း မရှိကြချေ။ ချမ်းသာကုန်း မယ်တော်ပွဲကိုမူ လွယ်ကူစွာ သွားလာနိုင်ကြောင်း ဖော်ပြလိုက်ပါသည်။

ဤနေရာတွင် တန်ခိုးလက္ခဏာများ ဖြစ်ခဲ့သော်လည်း မှတ်တမ်းတင်ထားခြင်း မရှိခဲ့ချေ။ သို့သော် ကိုယ်တွေ့မြင်ခဲ့ရသူ ယခုလားရှိုးသာသနာ၌ အမှုထမ်းနေသော ဘရာသာရ်ပေါလ်သည် မိတ္ထီလာမြို့၌ ဆေးရုံတက်နေသော ဘာသာဝင်အမျိုးသမီး ဂျူနီအား နေ့စဉ် သွားရောက် ကြည့်ရှုခဲ့သည်။ သူသည် ကိုယ်တပိုင်းသေ၍ မျက်စိတဘက်လည်း အလင်းမရတော့ပဲ အိပ်ရာထဲ၌ လဲနေခဲ့ရသည်။ သူ၏ အခြေအနေပေါ် သုံးသပ်ပြီး လမ်းလျှောက်နိုင်တော့မည် မဟုတ်ကြောင်း သိခဲ့ရသည်။ ဘရာသာရ်ပေါလ်သည် အခြားတနေရာသို့ ပြောင်းရွေ့သွားပြီးနောက် ချမ်းသာကုန်းမယ်တော်ပွဲတွင် ထိုအမျိုးသမီးကို မမျှော်လင့်ပဲ တွေ့ခဲ့သဖြင့် အံ့သြစွာ နှုတ်ဆက်၍ မေးမြန်းခဲ့သည်။ ထိုအမျိုးသမီးသည် မိမိရောဂါ မပျောက်ကင်းနိုင်သည်ကို သိထား၍ ချမ်းသာကုန်း မယ်တော်ထံဆုတောင်းခဲ့သဖြင့် ယခုကဲ့သို့ ကောင်းမွန်စွာ လျှောက်လည် သွားလာနိုင်ကြောင်း ပြောကြားခဲ့သည်ကို သိရသော ဘရာသာရ်ပေါလ်သည် မယ်တော်အား ကျေးဇူးတင် ဂုဏ်ပြုခဲ့သေးသည်။

ချမ်းသာကုန်းမယ်တော်ပွဲအကြောင်းကို ကြားဖူးသော်လည်း စာရေးသူသည် တခါမျှ မရောက်ဖူး၍ ၁၉၈၀ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် သွားရောက် လေ့လာခဲ့သည်။ ကျောင်းထိုင်ဘုန်းကြီး
မောင်မောင်ကလေးနှင့် တွေ့ဆုံ၍ ချမ်းသာကုန်း မယ်တော်အကြောင်းကို စုံလင်စွာ ကြားသိခဲ့ရသည်။ ဘုန်းကြီးသည် ဂျပန်မဝင်မီကာလတွင် ယင်းရွာ၌ ကျောင်းသားအဖြစ် နေထိုင်လာခဲ့သူဖြစ်၍ ၎င်း၏ဖော်ပြချက်ကို စိတ်ဝင်စားမိပြီး မသိသေးသော ဘာသာဝင်များအတွက် ယခုကဲ့သို့ ရေးသားဖော်ပြခြင်း ဖြစ်သည်။

Crd to မစ္စတာဂျိုးဇက် (လားရှိုး)

၁၉၈၀ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ မျိုးကြဲသူစာစောင်တွင်ပါရှိသော
မစ္စတာဂျိုးဇက် (လားရှိုး) ၏ ဆောင်းပါးပေါင်းချုပ်စာအုပ်မှ

 

Add new comment

10 + 4 =