ဘုရားရှင်၏ကျေးဇူးတော်အားဖြင့် အသက်ရှင်ခြင်းနှင့် ကောင်းမြတ်ခြင်းကို ရွေးချယ်နိုင်သူများဖြစ်ကြပါစေ။ ။

ဖေဖော်ဝါရီလ 16 ရက်

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ဖေဖော်ဝါရီလ 16 ရက် ဆဌမအကြိမ်မြောက်သာမန်တနင်္ဂနွေနေ့မှာ ထောက်ရှုရမည့်အချက်က လွတ်လပ် စွာပညာသတိရှိစွာရွေးချယ်ခြင်းနှင့် ချစ်ခြင်းမေတ္တာသနားကြင်နာမှုဖြင့် ဘုရားသခင်ပေးသနားသော ဥပဒေတို့ကိုလိုက်နာကြဖို့ ထောက်ရှုရမှာဖြစ်တယ်။

ပထမကျမ်းစာမှာ ကောင်းသောအရာ နှင့် မကောင်းသောအရာ၊ သေခြင်း နှင့် အသက်ရှင်ခြင်း ဒီအရာတို့ကိုရွေးချယ်ရမှာဖြစ်ပြီး၊ မိမိရွေးချယ်သောအရာကို ဘုရားသခင်ပေးသနားမည့်အကြောင်းကို ပရောဖက် စီရတ်က ရှင်းလင်းစွာဟောကြားထားတယ်။

 ဒုတိယ ကျမ်းစာမှာ တမန်တော်ပေါလူက ယုံကြည်သူ ကောရင်သူ့ မြို့သားတို့ကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖော်ပြသော ဘုရားရှင်၏လူသားတို့ကယ်တင်ရေးလမ်းစဉ်ကို ပညာသတိရှိစွာတန်ဖိုးထားကြဖို့ တိုက်တွန်းထားတယ်။

ဧဝံဂေလိကျမ်းစာမှာတော့ သခင်ခရစ်တော်မှ သူ၏နောက်လိုက်တပည့်များကို တရားမျှတစွာ၊ ရိုးသားဖြောင့်မတ်စွာ နေထိုင် အသက်ရှင်ကြဖို့အကြောင်း၊ မိုးဇယ်၏တရားကျမ်းတို့ကို အသစ်သောအဓိပ္ပါယ်ဖွင့်ဆိုခြင်းများဖြင့် ပြီးမြောက်ပြည့်စုံစေရန် ကြွလာခြင်းဖြစ်ကြောင်း နှင့် အမျက်ဒေါသအကြောင်း၊ သူများသားမယားနှင့်ဖောက်ပြန်ခြင်းအကြောင်း၊ မဟုတ်မမှန် ကျိန်ဆို ခြင်းအကြောင်းတို့၏ အပြစ်ဆိုးကျိုးတို့ကို သစ်ခင်ခရစ်တော် သွန်သင်ပြသပေးနေတာကို ကျွန်တော်တို့ကြားနာခဲ့ရတယ်။

ဧဝံဂေလိကျမ်းစာမှာဖော်ပြထားတဲ့ အမျက်ဒေါသအကြောင်းလေးကိုထောက်ရှုကြည့်ကြပါစို့၊

ညီကိုမောင်နှမအချင်းချင်းဘဲဖြစ်ဖြစ်၊ တစ်ခြားသူစိမ်းနဲ့ပဲဖြစ်ဖြစ်၊ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အမျက်ဒေါသထွက်ပြီးဆိုလျှင် ပထမဦးဆုံးစဉ်းစားရမှာက ငါဟာအရှုံးနဲ့စတင်နေပြီဆိုတာကိုသတိထားရတော့မယ် တပါးသူရဲ့ အပြုအမူ၊ အပြောအဆိုအ ကြောင်းအရာတစ်ခုခုကြောင့် ကိုအတွင်းထဲမှာ စိတ်ဆိုးအမျက်ဒေါသထွက်ရပြီဆိုလျှင်၊ ပထမဦးစွာမိမိအတွင်း၌ပူ‌ လောင်ခြင်း ကိုခံစားရတယ်၊ ဒါဟာ ပထမရှုံးခြင်း ပါပဲ၊ သူ့ရဲ့မှားယွင်းတဲ့ပြုမူပြောဆိုလုပ်ဆောင်မှုကို မိမိမှတ်ဉာဏ်အတွင်းမှာမှတ်သားထားပြီး အပြန်ပြန်အခါခါ တွေးတောခံစားနေရခြင်းကြောင့် မှတ်ညဏ်ပေးရခြင်း၊ အချိန်ပေးရခြင်း၊ ခံစားပေးရခြင်း ဒါဟာ ဒုတိယ ရှုံးခြင်းပါပဲ၊ တပါးသူရဲ့လုပ်ရပ်ကြောင့် မိမိကိုယ်ကို သူ့ရဲ့ကျွန်တစ်ယောက်ကဲ့သို့ သူ့ကိုအချိန်ပေးခံစားနေရခြင်း ဒါဟာတတိယ ရှုံးခြင်ပါပဲ။ ကိုယ်ဟာမသိမသာနဲ့ တုံးအသူတစ်ယောက်ဖြစ်သွားတယ်ဆိုတာကိုကျွန်‌တော်တို့သတိမထားမိကြပါဘူး။

ဒီနေရာမှာဓမ္မမိတ်ဆွေတို့ကိုဝေမျှချင်တာက စိတ်ဆိုးဒေါသဖြစ်တဲ့အခါမှာ၊ ဘယ်အရာကကိုယ့်ကိုနာကျင်စေတာလဲဆိုတာကို သတိအသိရှိစေချင်တယ်၊ တစ်ပါးသူ၏ အပြုအမူအပြောအဆို အကြောင်းအရာက မိမိကိုနာကျင်စေတာမဟုတ်ဘူး၊ တကယ် နာကျင်စေတာက မိမိအတွင်းထဲမှာရှိနေတဲ့ မာန်မာနတရားကသာ မိမိကိုနာကျင်စေတာဖြစ်တယ်၊

အဲသည်မာန်မာနတရားက ဒီလုပ်ရပ်၊ ဒီစကား၊ ဒီအပြုအမူဟာ ငါ့ကိုစော်ကားတာ၊ ငါ့ကိုသိက္ခာကျစေတာ၊ ငါ့ကိုအရှက်ကွဲစေတာ စသည့် မာန်မာနကိုအခြေခံသည့် ခံစားချက်တွေကိုဖြစ်ပေါ်စေတာဖြစ်တယ် အဲဒီခံစားချက် တွေရဲ့နောက်ကွယ်မှာ ကြီးမားတဲ့ဆိုးကျိုးတွေလိုက်လာတတ်တယ်၊ အဲဒီအမျက်ဒေါသခံစားချက်ရဲ့နောက်ကို လိုက်မိပြီဆိုရင် ကျနော်တို့ဟာသေခြင်းကိုရွေးချယ်လိုက်တာနဲ့အတူတူပါပဲ။

သခင်ခရစ်တော်က သည်းခံခွင့်လွှတ်ခြင်း၊ နားလည်ပေးတပ်ခြင်း၊ နှိမ့်ချခြင်းတွေကိုသင်ကြားပေးတယ်၊ ဒီအရာတွေက အမျက်ဒေါသကိုထိန်းချုပ်နိုင်ပြီး၊ အသက်ရှင်ခြင်းကိုရွေးချယ်ဖို့ နည်းလမ်းကောင်းတွေဖြစ်တယ်၊

သည်းခံခြင်းရှိတဲ့သူမှာ အမျက်ဒေါသနည်းတဲ့၊ နောက်ဆက်တွဲကောင်းကျိုးများသာဖြစ်စေတယ်

နှိမ့်ချခြင်းရှိတဲ့သူမှာ ကိုကိုယ်၌ကနှိမ့်ချထားသူဖြစ်သည့်အတွက် တစ်ပါးသူ၏နှိမ့်ချပြောဆိုခြင်းကို၊ လက်ခံနိုင်သူဖြစ်တယ်

ခွင့်လွှတ်ခြင်းတစ်ယောက်လက်ကိုင်ထားသူဟာ အမြဲတမ်းငြိမ်းချမ်းနေသူတစ်ယောက်ဖြစ်တယ်။

ဒီကနေ့သမ္မာကျမ်းစာက သေခြင်းနဲ့ရှင်ခြင်းကို ပညာသတိရှိစွာရွေးချယ်ဖို့ သင်ကြားပေးနေတယ် လူတိုင်းအမျက်ဒေါသထွက်တတ်ပါတယ်၊ သို့သောဘယ်လိုရွေးချယ်ရမယ်၊ ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ သိရှိသောသူနည်းပါးပါတယ် အထက်မှာပြောခဲ့သလို အမျက်ဒေါသကိုရွေးချယ်ပြီး တုန့်ပြန်လိုက်ရင် အရှုံးတွေများစွာနဲ့ သေခြင်းကိုရွေးချယ်လိုက်သလိုပါပဲ။

သခင်ခရစ်တော်သင်ကြားပေးတဲ့ သည်းခံခွင့်လွှတ်ခြင်း၊ နားလည်ပေးတပ်ခြင်း၊ နှိမ့်ချခြင်းတွေကိုသင် ရွေးချယ် အသက်ရှင်မည်ဆိုလျှင် သင်ဟာသက်ရှင်ခြင်းကိုရွေးချယ်လိုက်ခြင်းပါပဲ။

ဓမ္မမိတ်ဆွေတို့ ကျွန်‌တော်တို့ရဲ့နေ့စဉ်အသက်တာမှာ အမျက်ဒေါသထွက်ရတဲ့အတွေ့ကြုံတွေကိုမကြာခဏကြုံတွေ့ကြမယ် ဒီနေရာမှာသင်ဟာ ပညာသတိရှိသူတစ်ယောက်လား၊ သို့မဟုတ် တုံးအသူတစ်ယောက်လားဆိုတာ သင့်ရဲ့ရွေးချယ်မှုကဖော်ပြပေးပါလိမ့်မယ်။

ဘုရားရှင်၏ကျေးဇူးတော်အားဖြင့် အသက်ရှင်ခြင်းနှင့် ကောင်းမြတ်ခြင်းကို ရွေးချယ်နိုင်သူများဖြစ်ကြပါစေ။ ။

Add new comment

3 + 14 =