ဘာကောင်းလဲ ပြော . . . . (သောကြာနေ့ကြီးထောက်ရူချက် ၂၀၂၀)

ဘာကောင်းလဲ ပြော . . . . (သောကြာနေ့ကြီးထောက်ရူချက် ၂၀၂၀)

 

သောကြာနေကြီး ထေက်ရှုချက်များ

ပထမကျမ်း ပရောဖက် ဟေရှာယ ၅၂:၁၃-၅၃:၁၂

ဒုတိယကျမ်း ဟီဘရှုးဩဝါဒစာ ၄:၁၄-၁၆ ၊ ၅:၇-၉

ဧဝံဂေလိကျမ်း ရှင်ယောဟန် ၁၈:၁ - ၁၉:၄၂

 

ခရစ်တော်ဘုရားရှင် အသက်တော်စွန့်တော်မူတဲ့နေ့ကြီးကို သောကြာနေ့ကြီးလို့ မြန်မာလိုခေါ်ကြတယ်။ အင်္ဂလိပ်လိုကျတော့ GOOD FRIDAY လို့ ဆိုပါတယ်။ အတိကျစကားလုံးအတိုင်းဘာသာပြန်ရင်တော့ ကောင်းသော သောကြာနေ့ကြီးပေါ့။ ဒီနေရာမှာ စဉ်းစားစရာတစ်ခုရှိပါတယ်။ ငါတို့ရဲ့ ဘုရားသခင်က ကားတိုင် ပေါ်မှာ ရာဇ၀တ်သားလို အသေခံရတာကိုများ ဘာကောင်းတာ ရှိလို့လဲဆိုတဲ့အချက်ပါ။ ကားစင်တင်ခံရတာ ကောင်းတယ်ပေါ့။ ကောင်းလိုက်တာ အသတ်ခံရတာ နည်းတောင်နည်းသေး ဆိုပြီး ကဲ့ရဲ့တဲ့သူလည်း ရှိချင် ရှိမှာ ပါ။ ဘာကောင်းလဲ ပြောစမ်းပါဗျာ။

သေချာပြန်စဉ်းစားကြည့်ရင် ကျနော်တို့ကလည်း ဘုရားရှင်ရဲ့ အသေခံခြင် း ကို လက်ခုပ်တီး ကျေနပ် နေသလိုလို။ အမှန်တော့ ကောင်းတယ်ဗျ။ ဘုရားရှင်ရဲ့ အသေခံခြင်းက အရမ်းကောင်း တဲ့အရာပဲ။ဘုရားရှင်ရဲ့ကောင်းမြတ်တော်မူခြင်းအားဖြင့် အပြစ်ဒုစရိုက်ကို နှိမ်နှင်းဖြိုခွင်းပစ်နိုင်ခဲ့တာလေ။ ဒါကြောင့်မို့ ကောင်းသော သောကြာနေ့ကြီးလို့ ခေါ်တာနေမှာပါ။ နောက်တစ်ချက်က ဘုရားရှင်ရဲ့ အနှိုင်းမဲ့ မေတ္တာတော်ကို ဖော်ပြပေး လိုက်တာမို့လည်း ကောင်းသောနေ့ကြီးလို့ ဆိုခဲ့တာလည်း ဖြစ်ပါတယ်။ နောက်တစ်ချက်ရှိသေးတယ်။ အဲ့ဒါက ကားတိုင်ပေါ်မှာ ဖော်ပြပေးခဲ့တဲ့ ဘုရားရှင်ရဲ့အနှိုင်းအဆမဲ့ မေတ္တာတော် အားဖြင့် လူသားအားလုံးက ကယ်တင်ခြင်းကို လက်ခံရရှိလိုက်တဲ့အတွက်ကြောင့်ပါ။ ဒါတွေကြောင့် ဘုရားရှင်ရဲ့အသက်စွန့်တော်မူတဲ့နေ့ဟာ ကောင်းတဲ့နေ့ဖြစ်လာပါတယ်။ ဟုတ်တယ်။ ဒီနေ့ဟာ ကောင်း သော သောကြာနေ့ကြီးလို့ပြောရတာ ပိုပြီး မှန်ကန်သင့်လျှော်လွန်းလှပါတယ်။

နှစ်စဉ်နှစ်တိုင်း သခင်ခရစ်တော် အသက်စွန့်တဲ့ သောကြာနေ့ကြီးကို ကျင်းပပြုလုပ်တိုင်း ဘုရားရှင်ရဲ့ ဒုက္ခစရိယာနဲ့ အသေခံခြင်းကိုလည်း ကျနော်တို့တွေ အဓိကထား ထောက်ရှုဖို့လိုပါတယ်။ ခရစ်ယာန်တွေရဲ့ ဘ၀အသက်တာဟာ သခင်ခရစ်တော်ရဲ့ ဒုက္ခစရိယာနဲ့အသေခံခြင်းနက်နဲဖွယ်ရာကို ဗဟိုပြုထောက်ရှုကြတဲ့ ဝိဉာဉ်ရေးလမ်းစဉ်တစ်ခုပါ။ ဒီလမ်းစဉ်မှာ အဓိကျတာက ခရစ်တော်။ ခရစ်တော်ရဲ့ ဗဟိုကလည်း အသေခံခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်း။ ရှင်ပြန်တော်မူပြီးနောက် ဝိဉာဉ်တော်ကို စေလွှတ်ပြီး အသက်သစ်တွေကို ဆောင်ကျဉ်း ပေးဖို့ဖြစ်ပါတယ်။

ဒီနေရာမှာ သေခြင်းတရားအကြောင်းကို ၂ မျိုး ၂စား ခွဲခြားပြောပြချင်ပါတယ်။ ပထမ သေခြင်း အမျိုးအစားက အရာအားလုံးပြီးဆုံးသွားပြီး လူ့ဘ၀အသက်တာ ချုပ်ငြိမ်းသွားတဲ့ သေခြင်းတရားပါ။ ဒီသေခြင်း က ဒီနေရာမှာပဲရပ်တန့်သွားပါတယ်။ တခြား ဖြစ်တည်နိုင်စွမ်းတွေဆိုတာ မရှိတော့ပါဘူး။ နောက်တစ်ခုကျတော့ ပထမတစ်ခုနဲ့ ဆန့်ကျင်ဖက်။ ပိုပြီးလေးနက်ပြည့်၀တဲ့ဘ၀အသက်တာကို ရရှိဖို့အတွက် တစ်စုံတစ်ယောက်က လိုလိုလားလား အသေခံအသက်စွန့်ပေးလိုက်တာပါပဲ။ ဒါပေမဲ့ ကားတိုင်ပေါ်မှာ သခင်ယေဇူးက ဆဌမ မြောက်စကားတစ်ခွန်းအနေနဲ့ ပြောခဲ့တာရှိတယ်။ “အမှုပြီးပြီ” တဲ့။ ဒီစကားကို စဉ်းစားကြည့်ရင် ကားတိုင်ပေါ်မှာ ပဲ အရာရာအားလုံးချုပ်ငြိမ်းပြီးဆုံးသွားပြီလို့ ထင်စရာရှိပါတယ်။ တကယ်တော့ သူ့ရဲ့သေခြင်းက ကားတိုင်ပေါ် မှာ အဆုံးမသတ်သေးဘူး။ ရှင်ပြန်ထမြောက်ပြီး သန့်ရှင်းသော ဝိဉာဉ်တော်ကို စေလွှတ်ပြီးမှ ပြီးပြည့်စုံသွားခဲ့ပါ တယ်။ လူသားတွေ အသက်သစ်ကို ခံစားရရှိဖို့အတွက် အသက်တော်စွန့်ပေးလိုက်တဲ့ သဘောပါပဲ။ ကိုယ်တော်ရှင် မိန့်ခဲ့သလိုပဲ၊ ဂျုံစပါးစေ့က မြေပေါ်ကျပြီး ပျက်စီးသေဆုံးသွားမှသာ အဆပေါင်းများစွာ သီးပွင့်နိုင်စေခဲ့တာ ဖြစ်ပါတယ်။

ပထမကျမ်းစာမှာ ပရောဖက် ဟေရှာယက ဘုရားသခင်ရဲ့အလိုတော်နာခံတတ်တဲ့သူတစ်ယောက်ရဲ့ ဒုက္ခဝေဒနာခံစားရခြင်းနဲ့ အဆုံးသတ်မှာအောင်မြင်တဲ့အကြောင်းကို ကြေညာဟောပြောနေတာကို ဖတ်ရှုရပါ တယ်။ ဘုရားရဲ့အလိုတော်ကို နာခံကာ အသက်ကိုတောင် ပေးလှူခဲ့တဲ့သူ့ကို အမြင့်ဆုံးချီးမြောက်ပေးခဲ့တယ်။ ဘုရားရဲ့အလိုတော်ကို နာခံခဲ့တဲ့ ခရစ်တော်ဘုရားရှင်ဟာ အပြစ်ကျေးကျွန်ဘ၀ကနေ လွတ်မြောက်အောင် သူ့အသက်ကိုပေးရုံပဲ တက်နိုင်ပါတယ်။ လူတွေရဲ့ နောင်တယူအကျင့်ပြောင်းလဲဖို့ကိုတော့ သူဖက်က တာ၀န်မ ယူထားပါဘူး။ သူက လမ်းကိုဖွင့် ပေးခဲ့တယ်။ လျှောက်မလား မလျှောက်ဘူးလားဆိုတာက ကျနော်တို့ တစ်ဦးစီ ရဲ့ လွတ်လပ်ခွင့်နဲ့ ပူးပေါင်းပါ၀င်မူပေါ်မှာ မူတည်ပါတယ်။

လူကို ဖန်ဆင်းခဲ့စဉ်က လူ့ရဲ့ အကူအညီလက်တွဲ ပါ၀င်မှုတွေကို ဘာတစ်ခုမှမယူဘဲ ဖန်ဆင်း ခဲ့ပေမဲ့ လူတွေကို ထာ၀ရအသက်ဖြစ်တဲ့ ကောင်းကင်သုခ ချမ်းသာကို ပေးတဲ့အခါမှာ လူတွေကိုယ်တိုင်က လွတ်လပ်စွာပါ၀င်မှ ရမှာပါ။ ခရစ်တော်ကို ယုံကြည်လိုက်ရုံ နဲ့တော့ ကယ်တင်ခြင်းခံရမှာ မဟုတ်သေးပါဘူး။ ခရစ်တော်ပေးတဲ့ ကယ်တင်ခြင်းကို ယုံကြည်လက်ခံပြီး လူရဲ့ကြိုးစားအားထုတ်မှုနဲ့အတူ ဘုရားရဲ့ ကျေးဇူးတော်မှာ ပူပေါင်းပါ၀င်ကြဖို့ ခရစ်တော်ဘုရားက ကျနော်တို့ကို ဖိတ်ခေါ်နေပါတယ်။

ဒါကြောင့်မို့ ဘုရားရှင်ပြသခဲ့တဲ့ ကားတိုင်လမ်းစဉ်ကို လိုက်လျှောက်ကြမှသာ ကယ်တင်ခြင်းဆိုတာကြီးကို မျော်လင့်ခွင့်ရှိပါတယ်။ လူတိုင်းလူတိုင်းကို ကောင်းကင်နိုင်ငံရောက်စေဖို့ ကားတိုင်း လေးတွေ ကိုယ်စီပေးထား ပါတယ်။ နေ့စဉ်ကြုံတွေ့ရတဲ့ ဘ၀ကားတိုင်လေးတွေကို ချစ်ခြင်းမေတ္တာနဲ့ ထမ်းယူကာ မိမိတို့ရဲ့ ရှင်ခြင်း၊ သေခြင်းဘဝတွေကို အဓိပ္ပါယ်ရှိဖို့ ကြိုးစားလိုက်လျှောက်ကြရအောင်။ ကိုယ့်ရဲ့ဘ၀ကို သေသွားတာနဲ့ပဲ အဆုံးသတ်ချင်လား။ ဒါမှမဟုတ် ကောင်းသော သောကြာနေ့ကြီးလို အများ အတွက် အဓိပ္ပါယ်ရှိနေစေချင်လား။ ဒါ တစ်ဦးစီနဲ့ပဲဆိုင်ပါတယ်။ ကဲ ဘယ်လိုဖြစ်စေချင်ကြလဲ။ တစ်နေ့ကျ တို့ရဲ့သေခြင်းကို “ဘာ ကောင်းလဲ ပြော” လို့ မေးလာခဲ့ရင်ပေါ့။

-သီကိုရှင်း -

 

Add new comment

1 + 4 =