ဖာသာရ် Rev. Fr. Augustine တင်မောင်ထွန်း (မန္တလေး) ၁၉ကြိမ်မြောက်သာမန် တနင်္ဂနွေနေ့ ဩဝါဒ ၁၃၊ ၈၊ ၂၀၂၃

သာမန်ကာလ (၁၉)ကြိမ်မြောက်တနင်္ဂနေ့
ရှင်မာတေဦး ၁၄း၂၂ - ၃၃
ယေဇူးဘုရားရှင်ကို သင်က ဘယ်လောက်ယုံကြည်သလဲဆိုတာ နေ့တိုင်း စုံစမ်းခံနေရပါတယ်။ အလုပ်ပြုတ်တဲ့အခါ၊
ကိုယ့်လုပ်ငန်း မအောင်မြင်တဲ့အခါ၊ ဖျားနာတဲ့အခါ ကျနော်တို့ အားငယ်ပြီး ဘုရားအပေါ် ယုံကြည်အားကိုးတဲ့စိတ်
မရှိကြတော့ဘူး။ ယနေ့ ဖတ်ရတဲ့ ပထမကျမ်းစာမှာ ပရောဖက် ဧလိယက ထာဝရဘုရားသာလျှင် စစ်မှန်တဲ့ဘုရားဖြစ်ကြောင်း
လူတွေကို သက်သေပြနိုင်တဲ့အခါ လူတွေက သူတို့အပေါ်မှာ မဟုတ်မမှန်တဲ့ နတ်ဘုရားနဲ့ လှည့်စားနေတဲ့ နတ်ဆရာတွေကို
သတ်လိုက်ကြတယ်။ ဒီအကြောင်းကို ကြားသိရတဲ့ မိဖရားကြီးက သူကိုးကွယ်နေတဲ့နတ်ဆရာတွေကို ပရောဖက်ဧလိယက
သတ်ရမလားဆိုပြီး ပရောဖက်ဧလိယကို လိုက်သတ်ခိုင်းပါတယ်။ ဒါနဲ့ ပရောဖက်ဧလိယလည်း အသက်လုပြီး
ထွက်ပြေးရပါတော့တယ်။
ပရောဖက်ဧလိယက ထွက်ပြေးတိမ်းရှောင်နေရင်းနဲ့ စဉ်းစားတယ်။ "ငါက ဘုရားအတွက် လူတွေကို
ဟောပြောသက်သေပြရသေးတယ်၊ အခု ငါက အသက်လုပြီးထွက်ပြေးနေရပြီ။ ငါက ဘုရားအတွက်လည်း
အလုပ်လုပ်ရသေးတယ်၊ ဘုရားက ငါ့ကို ပြန်မကယ်ပါ့လား။ ဘုရားက ဘယ်မှာရှိနေလဲ။" ဆိုပြီး စဉ်းစားနေပါတယ်။
ကျနော်တို့လည်း ကိုယ့်လုံခြုံရေးအတွက် စိုးရိမ်ရတဲ့အခါ၊ အခက်အခဲတွေ ကြုံရတဲ့အခါ ဘုရားအပေါ်မှာ သံသယစိတ်
၀င်မိကြမှာပါပဲ။ ဒီအခါ ဧလိယက ကျနော်တို့လိုပဲ ဘယ်သူနဲ့မှ မတွေ့ချင်၊ ဘုရားခိုင်းတာကိုလည်း မလုပ်ချင်တော့ဘူး။
ဒါကြောင့် စိတ်ပျက်လက်ပျက်နဲ့ လှိုင်ဂူထဲမှာ ၀င်နေပြီး ပတ်ဝန်းကျင်နဲ့ အဆက်ဖြတ်နေလိုက်တော့တယ်။ ဒါပေမဲ့ ဘုရားက
အဲ့လို စိတ်ပျက်နေတာကို မကြိုက်ပါဘူး။ ဒါကြောင့် ဘုရားက ပရောဖက်ဧလိယကို "လှိုင်ဂူထဲမှ ထွက်ခဲ့ပါ၊ လှိုင်ဂူရှေ့မှာ
မတ်တတ်ရပ်နေပါ" လို့ မိန့်တော်မူပါတယ်။ ပရောဖက်ကလည်း မတ်တတ်ရပ်နေစဉ် ဘုရားသခင်ရဲ့စကားသံကို မျှော်နေတုန်း
လေပြင်းတိုက်ခတ်လာတယ်၊ လေပြင်းတိုက်ခတ်လာတဲ့အထဲမှာ ဘုရားနဲ့ မထိတွေ့ မခံစားရဘူး။ ပြီးတော့
မြေငလျင်လှုပ်တဲ့အထဲမှာလည်း ဘုရားကို မထိတွေ့ မခံစားရဘူး။ နောက်တော့ လေပြေလေညင်းလေး
တိုက်ခတ်လာတဲ့အခါကျမှ ဘုရားကို ထိတွေ့ခံစားမိပါတော့တယ်။ ဆိုလိုတာက ကိုယ့်နှလုံးသားက လေပြေလေညင်းလေးလို
တိတ်ဆိတ်ငြိမ်သက်တဲ့အခါကျမှ ဘုရားကို ထိတွေ့ခံစားမိနိုင်တာပါ။
စိတ်ပျက်စရာတွေ ကြုံလာရတိုင်း ကျနော်တို့ ယုံကြည်ခြင်းမပျက်အောင် ဘာလုပ်ရမလဲ၊ ရှင်းပါတယ်၊ ဆုတောင်းပါ။
ဆုတောင်းတဲ့အခါ သခင်ယေဇူးလို တိတ်ဆိတ်တဲ့နေရာ၊ တောင်ပေါ်တက်ပြီး ဆုတောင်းတယ်ဆိုတာ ယနေ့
ဧဝံဂေလိကျမ်းစာမှာ တွေ့ရပါတယ်။ မုန့် (၅)လုံးနဲ့ ငါး နှစ်ကောင်ကို သူ့တန်ခိုးတော်နဲ့ ပွါးများစေပြီး လူ (၅)ထောင်ကျော်ကို
ကျွေးတာ လုံလောက်ရုံတင်မကဘူး၊ ပိုလျှံခဲ့ပါတယ်။ အခုလို အောင်အောင်မြင်မြင် ကျွေးနိုင်ခဲ့ပြီးပြီဘဲ။
ဘာများအရေးတကြီးဆုတောင်းစရာလိုသေးလို့လဲ၊ တပည့်တော်ကြီးများနဲ့အတူ တခါတည်း လှေနဲ့ လိုက်သွားပါ့လား။ အခုတော့
အဲ့လိုမလိုက်ပဲ တပည့်တော်ကြီးများကို အရင်သွားခိုင်းပြီး သခင်ယေဇူးက တစ်ပါးတည်း တောင်ပေါ်မှာတက်
ဆုတောင်းတယ်တဲ့။ နောက်ကျမှ ရေပေါ်မှာ လမ်းလျှောက်ပြီး တပည့်တော်ကြီးများရဲ့လှေကို အမီလိုက်လာပါတယ်။
သခင်ယေဇူးဟာ အရေးကြုံမှ (ဒုက္ခရောက်မှ) ဆုတောင်းတာမဟုတ်ပဲ၊ အမြဲတမ်း ဘုရားထံမှာ ဆုတောင်းနေပါတယ်။
ရေပေါ်မှာ လမ်းလျှောက်လာတဲ့သခင်ယေဇူးရဲ့ တန်ခိုးကို မြင်ရတဲ့ ရှင်ပေတရူးက သူလည်းပဲ ရေပေါ်မှာ
လမ်းလျှောက်ပြီး သခင်ဘုရားထံ လာချင်လို့ တောင်းလျှောက်တဲ့အခါ သခင်ယေဇူးက လာခဲ့လို့ အခွင့်ပေးပါတယ်။
သခင်ယေဇူးရဲ့တန်ခိုးကို ယုံကြည်စိတ်ချတဲ့ ရှင်ပေတရူးလည်း သခင်ယေဇူးလို ရေပေါ်လမ်းလျှောက်ခဲ့ပါတယ်။ တကယ့်
ရေလှိုင်းကြီးတွေ ခက်ထန်တာကို နဖူးတွေ့ဒူးတွေ့ ထိတွေ့ခံစားလိုက်ရတဲ့အခါ ဘုရားရဲ့တန်ခိုးကို သံသယစိတ် ၀င်လာပါတယ်။
ဖြစ်ပါ့မလား၊ ဟုတ်ပါ့မလား ဆိုပြီး စိုးရိမ်စိတ်က ယုံကြည်ခြင်းထက် ပိုများလာပြီး၊ ရှင်ပေတရူးက ရေထဲ နစ်မြုပ်လာပါတယ်။
အခုလို ဒုက္ခရောက်မှ ဆုတောင်းလာတယ် "ကယ်တော်မူပါ" လို့ အော်ဟစ်တဲ့အခါ သခင်ယေဇူးက သူ့ကို
လှမ်းဆယ်လိုက်ရပါတယ်။ ဒုက္ခရောက်မှ ဆုတောင်းတာမျိုး မဟုတ်ပဲ သခင်ယေဇူးလို ဘုရားထံမှာ အမြဲဆုတောင်းပြီး
နှောက်ယှက်ခြင်းကို ကျော်လွှားနိုင်ဖို့ ပြင်ဆင်ထားရပါမယ်။
ဆုတောင်းတဲ့အခါ သခင်ယေဇူးရော ၊ ပရောဖက် ဧလိယပါ တောင်ပေါ်တက်ပြီး ဆုတောင်းလေ့ရှိကြပါတယ်။
တောင်ပေါ်ဆိုတာ အရာရာကို အပေါ်စီးကနေ ကြည့်ခွင့်ရတဲ့နေရာပါ။ အပေါ်စီးကနေ မြင်နေတဲ့အတွက် လမ်းမှားရင်လည်း
နောက်ပြန်ဆုတ်နိုင်တယ်၊ ရှေ့ဆက်ရမည့်လမ်းကြောင်းကိုလည်း အတိအကျ မြင်နိုင်သလို ဆုတောင်းခြင်းအားဖြင့်
ကျနော်တို့ရဲ့အခက်အခဲ ပြဿနာတွေကို ဘုရားရဲ့ရှုထောင့်ကနေ ကြည့်နိုင်ပါတယ်။ဘုရားရဲ့အလိုတော်အတိုင်း မြင်နိုင်ပါတယ်။
ဆုတောင်းခြင်းဆိုတာက ကိုယ့်ရဲ့နေ့စဉ်ဘဝအသက်တာထဲမှာ ဘုရားကို မြင်တွေ့နိုင်ဖို့ ဖြစ်ပါတယ်။ တပည့်တော်ကြီးများလို
ယေဇူးဘုရားရှင်က သူတို့ဆီကို လာနေတာကိုတောင် တစ္ဆေလို့ ထင်နေကြသေးတာပဲ။ ဘဝရဲ့ အခက်အခဲ မုန်တိုင်းတွေအကြားမှာ
ဘုရားကို သတိမရဘူး၊ မမြင်တွေ့ဘူးဆိုတာ ဖြစ်နိုင်ပါတယ်။ ဘဝမုန်တိုင်းတွေကို လေပြေလေညင်းဖြစ်အောင် ကိုယ့်ကိုယ်ကို
တည်ငြိမ်စွာနဲ့ ဘုရားကို အာရုံစူးစိုက်ပါ။ ဘေးပတ်ဝန်းကျင်က လှိုင်းတံပိုးတွေကို အာရုံမစိုက်ပါနဲ့။ ဒါမှ ရေပေါ်တောင်
လမ်းလျှောက်နိုင်တဲ့ ဘုရားရဲ့တန်ခိုးတော် ကျေးဇူးတော်ကို သင်ကိုယ်တိုင် ပြန်လည်ခံစားမိပါလိမ့်မယ်။
သခင်ယေဇူးက ရှင်ပေတရူးကို ရေထဲမှ ကယ်ဆယ်လိုက်ပြီး ဘယ်လို ငေါက်ငမ်းခဲ့တာလဲ၊ "မင်း ဘာဖြစ်လို့
ကြောက်ရတာလဲ" လို့ မငေါက်ခဲ့ပါဘူး။ "ဘာကြောင့် ယုံကြည်ခြင်း အားနည်းရတာလဲ" လို့ ငေါက်ခဲ့တာပါ။ ရှင်ပေတရူးက
ရေပေါ်မှာ လမ်းလျှောက်နိုင်လောက်အောင်အထိ သူက ဘုရားကို ယုံကြည်စိတ်ချခဲ့တာပါ။ ဒါကြောင့်
ရေပေါ်လမ်းလျှောက်နိုင်ခဲ့တယ်လေ။ ဒါပေမဲ့ ဘုရားကို ယုံကြည်စိတ်ချရုံနဲ့ မလုံလောက်သေးပါဘူး။ ဘုရားနဲ့
ထိတွေ့ခံစားမိရပါမယ်။ အခု ရှင်ပေတရူး ထိတွေ့ခံစားမိနေတာက ကြောက်စရာကောင်းတဲ့ ရေလှိုင်းတွေပါ။ အဲဒီအခါ
ဘုရားကို အာရုံစိုက်တာတွေ လျှော့သွားတယ်၊ ဘုရားနဲ့ ပိုပြီးထိတွေ့ခံစားရမည့်အစား ပြဿနာအခက်အခဲနဲ့ပဲ
ပိုမိုထိတွေ့ခံစားနေရလို့ ရေထဲနစ်တာပါ။
သခင်ယေဇူးတို့ လှေထဲကို ရောက်ကြတဲ့အခါ လေမုန်တိုင်းလည်း ငြိမ်သွားပါတယ်။ ]]လှေပေါ်မှာရှိကြတဲ့သူတို့သည်
ကိုယ်တော့်ကို ဦးချရှိခိုးလျက် အမှန်စင်စစ် ကိုယ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်တော်မူပါသည်ဟု ဆိုကြ၏။}} အဲဒီလို
အဖြစ်အပျက် အခက်အခဲ ကြုံတွေ့ပြီးမှ ကိုယ်တော့်ကို ဘုရားဖြစ်မှန်း ယုံကြည်လာကြပါတယ်။ ပင်လယ်ပြင်မှာ ပထမကြုံတွေ့ရတဲ့
လေမုန်တိုင်း အဖြစ်အပျက်တုံးက သခင်ယေဇူးက သူတို့နဲ့အတူ လှေထဲမှာ အိပ်စက်နေပါတယ်။(မာတေဦး၈း၂၃)
အဲဒီအဖြစ်အပျက်မှာ သခင်ယေဇူးက လေနဲ့ ပင်လယ်လှိုင်းတွေကို ငြိမ်သက်စေလိုက်တဲ့အခါ လေပေါ်မှာ ရှိကြတဲ့သူတွေက
သခင်ယေဇူးကို ဘယ်လိုသုံးသပ်ကြသလဲဆိုရင် ]]ဤသူသည် မည်သို့သောသူဖြစ်သနည်း (ဘယ်လိုလူပါလိမ့်) ။ လေနဲ့
ပင်လယ်ကတောင် သူ့စကားကို နားထောင်ကြပါတကား}} လို့ပဲ အံ့သြခဲ့ကြတာပဲရှိပါတယ်။ အခု အဖြစ်အပျက် အခက်အခဲကို
ကျော်ဖြတ်ရတဲ့အခါ ]]အမှန်စင်စစ် ကိုယ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်တော်မူပါသည်}} လို့ ၀န်ခံတဲ့အထိ ယုံကြည်ခြင်း
တိုးပွါးလာကြပါတော့တယ်။ ဒါကြောင့် အခက်အခဲ တစ်ခုပြီးတစ်ခု ကျော်ဖြတ်လာရတာက ကျနော်တို့ ယုံကြည်ခြင်း တိုးပွါးလာစေဖို့
ဘုရားက ရည်ရွယ်ပါတယ်ဆိုတာ သိထားကြဖို့ ဖြစ်ပါတယ်။
အခုတော့ တပည့်တော်ကြီးတွေက ယေဇူးဘုရားရှင်ကို ယုံကြည်ရုံတင်မကဘူး၊ ယေဇူးဘုရားရှင်ကို
ဦးချရှိခိုးကိုးကွယ်ကြပါတယ်။ အဲဒီလို ယုံကြည်ရာကနေ ဦးချရှိခိုးကိုးကွယ်လာတဲ့အထိ တိုးတက်လာစေဖို့ကလည်း ကျနော်တို့မှာ
ဘုရားရဲ့အကူအညီ လိုအပ်တယ်ဆိုတာ သိမှတ်ဝန်ခံကြမှ ဖြစ်မှာပါ။ ရှင်ပေတရူးလိုပေါ့ ]]သခင်ဘုရား၊ တပည့်တော်ကို
ကယ်တော်မူပါ}} လို့ ရေထဲကနေ အကူအညီတောင်းသလိုပါပဲ။ အဲ့ဒီလို ကျနော်တို့မှာ ဘုရားရဲ့အကူအညီလိုအပ်မှန်း ကျနော်တို့
သိအောင်လို့ ဘုရားက ကျနော်တို့ကို တခါတလေ အခက်အခဲကြုံစေပါတယ်။ ကျနော်တို့ လူသားတွေမှာ ဘုရားရဲ့အကူအညီ
အများကြီး လိုအပ်ပါတယ်။ လောကသား တစ်ချို့က ဘုရားရဲ့အကူအညီ မလိုအပ်ဘူး၊ ကယ်တင်ရှင် မလိုအပ်ဘူးလို့ ဆိုကြပါတယ်။
ထာဝရအသက်ရနိုင်ဖို့ ကျနော်တို့ တတ်နိုင်လို့လား။ လောကမှာ ချစ်ခြင်းနဲ့ကျင့်ကြံအသက်ရှင်ဖို့ တတ်နိုင်လို့လား။ သူတစ်ပါးကို
ခွင့်လွှတ်နိုင်ဖို့ သင်က တတ်နိုင်လို့လား။ ဒါကြောင့် ဘဝမုန်တိုင်းတွေက ကျနော်တို့ကို သင်ပေးနေတယ် ]]ငါက မတတ်နိုင်ပါ့လား}}
ဆိုပြီး နှိမ့်ချစေပါတယ်။ ဘုရားရဲ့တန်ခိုးကို မြင်တွေ့စေပါတယ်။ ဒီလိုနည်းနဲ့ ကျနော်တို့ကို ကားတိုင်ထမ်းဖို့ အဆင်သင့်ဖြစ်စေပါတယ်။
သေရာမှပြန်ရှင်ခြင်းဟာ ကျနော်တို့ လက်တကမ်းမှာပဲ ရှိနေတယ်ဆိုတာ သေချာနေလို့ အခက်အခဲကို ရင်ဆိုင်ရတာ
ခွန်အားရှိစေပါတယ်။ ၀မ်းသာအားရ ခံထမ်းနိုင်စေပါတယ်။
ဘုရားသခင်ထံမှာ ဆုတောင်းခြင်းနဲ့ ဘုရားနဲ့ အတူရှိနေခြင်းတွေက ရှင်ပေတရူးလို သံသယကင်းကင်းနဲ့ ရေပေါ်
လမ်းလျှောက်တဲ့အတွေ့အကြုံကို ရရှိစေပါတယ်။ ကျနော်တို့ ဘာသာသူတွေလည်း ဘုရားရဲ့ ရှေ့မျက်မှောက်တော်မှာ
ကျင့်ကြံနေထိုင်ရင်း ယေဇူးဘုရားရဲ့တန်ခိုးတော်နဲ့ အခက်အခဲ လှိုင်းတံပိုးတွေကို နင်းခြေသွားပါ။ ကျော်ဖြတ်သွားပါ။ နောက်ဆုံး
ဘုရားကို ယုံကြည်စိတ်ချစွာနဲ့ ဦးချရှိခိုးကိုးကွယ်နိုင်ကြပါလိမ့်မယ်။
နားဆင်သူအားလုံးအပေါ် ဘုရားသခင့်ကောင်းကြီးမင်္ဂလာများ ခံစားကြရပါစေ။

Add new comment

12 + 5 =