ဖာသာရ် Rev. Fr. Augustine တင်မောင်ထွန်း (မန္တလေး) သခင်ယေဇူးအဆင်းသဏ္ဍန်ပြောင်းလဲသောပွဲနေ့ တနင်္ဂနွေနေ့ ဩဝါဒ ၆၊ ၈၊ ၂၀၂၃

သြဂုတ်လ (၆) ရက်နေ့
ယေဇူးဘုရားရှင်၏အဆင်းသဏ္ဍာန်ပြောင်းလဲခြင်း
ယနေ့ ဖတ်ရတဲ့ကျမ်းစာမှာ ယေဇူးဘုရားရှင်က လက်ရွေးစင် တပည့်တော်ကြီး (၃)ပါး-
သံပေတရူး၊ သံယောဟန်နဲ့ သံယာကုပ်တို့ကို တောင်ပေါ်မှာ ဆုတောင်းဖို့ ခေါ်သွားရင်း
သူတို့ရှေ့မှာပဲ ယေဇူးဘုရားရှင်က အဆင်းသဏ္ဍာန်ပြောင်းလဲတော်မူပါတယ်။ ဆိုလိုတာက
လူ့ကိုယ်ကာယ အသွေးအသားနဲ့ ရှိနေတဲ့ ယေဇူးဘုရားရှင်က သူ့တပည့်တော်ကြီး (၃)ပါးကို
သူ့ရဲ့ဘုရားဇာတိကို ခဏလောက် ပြသလိုက်တာပါပဲ။ ဘုရားဇာတိရဲ့ ဘုန်းဂုဏ်တော်ရောင်ဝါတွေကို
မြင်လိုက်ရတဲ့ တပည့်တော်ကြီးတွေက ဘယ်လောက်တောင် ပျော်မြူးသွားသလဲဆိုတော့ အဲဒီလို
ဘုရားရိပ်တရားရိပ် ရှိတဲ့နေရာမှာပဲ အပြီးနေချင်စိတ်ပေါက်သွားတာပဲ။ "ကိုယ်တော့်အဖို့
တဲတစ်ဆောင်၊ မိုးဇယ်အဖို့ တဲတစ်ဆောင်၊ ဧလိယအဖို့ တဲတစ်ဆောင် ဆောက်လုပ်ပြီး အပြီးနေကြစို့"
လို့ ယောင်ရမ်း ပြောခဲ့ပါတယ်။ အဲ့ဒီလို ယေဇူးဘုရားရှင်ရဲ့ ဘုရားအဖြစ်တော်ကို ကိုယ်တိုင်မြင်ခဲ့ပြီး
]]ဤသူသည် ငါချစ်မြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားဖြစ်တယ်။ သူ့ကို နားထောင်ကြပါ}} လို့
ခမည်းတော်ဘုရားရဲ့အသံတော်ကိုလည်း ကိုယ်တိုင်ကြားခဲ့ရတယ်။ကိုယ်တိုင် မြင်တွေ့ ကိုယ်တိုင်
ကြားခဲ့ရတဲ့ သံပေတရူးက ယနေ့ ဖတ်ရတဲ့ ဒုတိယကျမ်းစာ- ရှင်ပေတရူးသြဝါဒစာ ဒုတိယစောင်မှာ
]]အကြောင်းမူကား ငါတို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်၏အားတန်ခိုးတော်နှင့်
<ကလာတော်မူခြင်းကို သင်တို့အား ဟောပြောခဲ့သောအခါ ကျွမ်းကျင်ပါးနပ်စွာ ဖန်တီးထားသော
ဒဏ္ဍာရီပုံပြင်များအပေါ် အခြေခံ၍ ဟောပြောခဲ့ကြသည် မဟုတ်။ ငါတို့ကိုယ်တိုင်ပင်
ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို ဖူးမြင်သက်သေခံခဲ့သူများ ဖြစ်ခဲ့ကြသောကြောင့်တည်း။}}
ဒါကြောင့် ကျနော်တို့က ယေဇူးဘုရားရှင်ကို ယုံကြည်တဲ့ ယုံကြည်ခြင်းက ဒဏ္ဍာရီပုံပြင်တွေက
လာတာ မဟုတ်ဘူး။ ဇာတ်တော်ကြီးက လာတာမဟုတ်ဘူး။ ယေဇူးဘုရားရှင်ရဲ့ ဘုရားအဖြစ်တော်ကို
မျက်မြင်ကိုယ်တွေ့ သိကြတဲ့ တပည့်တော်ကြီးတွေရဲ့ သက်သေခံချက်က လာတာပါ။ ယုံကြည်ခြင်းဟာ
လူတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းက လာရတာ မဟုတ်ပါဘူး။ ဒါဆို ငါ့ယုံကြည်ခြင်းက ဘယ်လိုလုပ်
သေချာနိုင်မလဲ။ ယုံကြည်စိတ်ချလောက်တဲ့ တပည့်တော်ကြီးတွေရဲ့ သက်သေခံချက်က လာတာဖြစ်လို့
သေချာပါတယ်။
သက်သေခံဟောပြောကြတဲ့တပည့်တော်ကြီးတွေကိုလည်း ဘယ့်လောက်အထိ
စိတ်ချရပါသလဲ။ ယေဇူးဘုရားရှင်ရဲ့တပည့်တော်ကြီးတွေက လိမ်ညာပြီး ဟောပြောမှာ မဟုတ်ပါဘူး။
သူတို့ဟာ အသက်အသေခံတဲ့အထိတောင် ဟောပြောသက်သေခံတယ်ဆိုမှတော့
မဟုတ်မမှန်တာအတွက် အသေခံပါ့မလား။ အမှန်တရားအတွက်သာ အသေခံပြီး ဟောပြောမယ်၊
မဟုတ်မမှန်တာအတွက်များ ဘယ်သူက အသေခံပြီး ဟောပြောပါ့မလဲ။ မိုးဇယ်လည်း ဘုရားနဲ့
တွေ့ထိခံစားရပြီး သေချာပြီဆိုမှ ဘုရားခိုင်းတာ လုပ်ခဲ့တယ်မဟုတ်လား။ ဧလိယလည်း ဘာထူးလို့လဲ။
ဘုရားနဲ့ စကားပြောပြီး သေချာမှ လုပ်ခဲ့တာပဲ။ သခင်ယေဇူးလည်း သူ့ကို ခမည်းတော်ဘုရားက
]]ငါ့ရဲ့ချစ်သား }} ဆိုပြီး သခင်ယေဇူးလုပ်တဲ့အလုပ်ကို အတည်ပြုထောက်ခံပေးတယ်။ အခုလို
အဆင်းသဏ္ဍာန်ပြောင်းလဲခြင်းအတွေ့အကြုံကြောင့် သခင်ယေဇူးက ကားတိုင်မှာ အသတ်ခံရမှန်း
သိရဲ့သားနဲ့ ဂျေရုဆလင်မြို့ကို သွားခဲ့တယ်။ ခမည်းတော်ဘုရားက သူနဲ့အတူ ရှိနေကြောင်း
စိတ်ချယုံကြည်လို့ ကားတိုင်ပေါ်မှာ အသေခံရဲတာပေါ့။
တပည့်တော်ကြီးတွေ ဟောပြောသက်သေခံချက်တွေက တကယ်ဖြစ်ပျက်ခဲ့တဲ့
အဖြစ်အပျက်တွေ ဖြစ်ရပါမယ်။ လူ့သမိုင်းမှာ တကယ်ဖြစ်ပျက်ခဲ့တာဖြစ်မှ စိတ်ချယုံကြည်ရတဲ့
သက်သေခံချက်လို့ ခေါ်နိုင်မှာပါ။ အဲ့ဒီလို မဟုတ်ပဲ တကယ်ဖြစ်ပျက်ခဲ့တာလည်း မရှိ၊
သမိုင်းအထောက်အထားလည်း မရှိရင် ဘယ်လိုလုပ် တကယ့်အဖြစ်အပျက်လို့ ခေါ်နိုင်ပါ့မလဲ။ ဒါဟာ
ပါးစပ်ရာဇဝင်ပဲ ဖြစ်သွားမှာပေါ့။ မိုးဇယ်၊ ဧလိယတို့လည်း တကယ်ရှိခဲ့တဲ့သူတွေဆိုတာ
ရှေးလူကြီးတွေက ကျမ်းစာထဲမှာ မှတ်တမ်းတင်ထားခဲ့တာပါပဲ။
တပည့်တော်ကြီးတွေ ဟောပြောသက်သေခံချက်တွေက ယုံကြည်စိတ်ချရတယ်ဆိုတာ
ဟောပြောတဲ့ တပည့်တော်ကြီးတွေရဲ့ ပြောင်းလဲလာတဲ့ဘဝအသက်တာတွေကို ကြည့်ခြင်းအားဖြင့်
သိနိုင်ပါတယ်။ ကောင်းမြတ်တော်မူတဲ့ ယေဇူးဘုရားရှင်အကြောင်းကို ဟောပြောတဲ့
တပည့်တော်ကြီးတွေ ကိုယ်တိုင်က ကောင်းမြတ်တဲ့လူတွေ ဖြစ်လာကြတာကို ကြည့်ခြင်းဖြင့်
ယေဇူးဘုရားရှင်က ဘုရားအစစ်အမှန်ဖြစ်ကြောင်း ထင်ရှားပါတယ်။ ဘာလို့လဲဆိုတော့
ဟောပြောတဲ့တပည့်တော်ကြီးတွေက အဲဒီဘုရားနဲ့ ထိတွေ့ခံစားရလို့ လူကောင်းတွေ
ဖြစ်လာကြတာဟာ သက်သေတစ်ခုပါပဲ။
ဘုရားကို ကိုယ်တိုင်ထိတွေ့မြင်တွေ့ခဲ့ကြတဲ့ တပည့်တော်ကြီးတွေပဲ ဒီလို ပြောင်းလဲမှုကို
ခံစားရတာ မဟုတ်ပါဘူး။ တပည့်တော်ကြီးတွေမှ တစ်ဆင့် ကြားနာခွင့်ရတဲ့ ကျနော်တို့တစ်တွေလည်း
တပည့်တော်ကြီးတွေလို ပြောင်းလဲကြတယ်။ တစ်ဆင့်ကြားရတဲ့ကျနော်တို့တစ်တွေ
ပြောင်းလဲကြတာကို ကြည့်ခြင်းအားဖြင့် တပည့်တော်ကြီးတွေ သက်သေခံဟောပြောချက်တွေဟာ
ဒဏ္ဍာရီပုံပြင်တွေ မဟုတ်ဘူး။ ဇာတ်တော်ကြီးတွေ မဟုတ်ဘူး။ တကယ့် သမိုင်းဝင် အမှန်တကယ်
အဖြစ်အပျက်တွေ ဖြစ်တယ်။ လူ့သမိုင်းထဲမှာ ဝင်လာတဲ့ စစ်မှန်တဲ့ဘုရား ဖြစ်တယ်။ မိုးဇယ်၊ ဧလိယ၊
ရှေးပရောဖက်တွေနဲ့ စကားပြောခဲ့တဲ့ ဘုရားအစစ်ဖြစ်တော်မူပါတယ်။
ကျနော်တို့ ခရစ်ယာန်တွေလည်း တပည့်တော်ကြီးများနည်းတူ လောကလူတွေကို
သခင်ယေဇူးအကြောင်း ဟောပြောသက်သေခံဖို့ လိုပါတယ်။ တပည့်တော်ကြီးများလို
ဟောပြောသက်သေခံနိုင်ဖို့ ကျနော်တို့လည်း တပည့်တော်ကြီးတွေလို ဘုရားနဲ့ ထိတွေ့ခံစားမိမှ
ဖြစ်မယ်။ သင့်ဘဝမှာ ဘုရားနဲ့ ထိတွေ့ခံစားမိစေချင်ရင် ဆုတောင်းပါ။
ဘုရားရဲ့နှုတ်တော်ထွက်စကားဖြစ်တဲ့ ကျမ်းစာကို စဉ်းစားဆင်ခြင်ပါ။
ကျနော်တို့ ဟောပြော သက်သေခံရာမှာ အကောင်းဆုံးကတော့ ပြောင်းလဲလာတဲ့ ကျနော်တို့ရဲ့
နေပုံထိုင်ပုံ ကျင့်ကြံပုံအားဖြင့် လက်တွေ့ပြတာက အကောင်းဆုံး ဟောပြောခြင်းပါပဲ။
လောကသားတွေကလည်း ကျနော်တို့ရဲ့ ခရစ်ယာန်တရားတော်ကို လက်တွေ့ မြင်ချင်နေကြပါတယ်။
လက်တွေ့ကျင့်စဉ် မပါပဲ ဟောပြောတာသက်သက်ကတော့ ကြာရင် နားငြီးတာပဲ အဖတ်တင်မယ်။
တစ်ချို့ ခရစ်ယာန်တွေက ပညတ်တော်တွေ၊ ယုံကြည်ရာအချက်တွေ၊ ဝတ်နည်းတွေကိုပဲ
အာရုံရောက်နေပြီးတော့ ဘုရားနဲ့ မထိတွေ့ မခံစားရလို့ ဘာမျှ ဟောပြောသက်ခံချင်စိတ်
မရှိကြတာပါ။ ဟောပြောသူကိုယ်တိုင်က သန့်ရှင်းစင်ကြယ်သူ ၊ အပြစ်မကောင်းမှုကို မလိုလားသူ
မဖြစ်ပါက ကိုယ်ဟောပြောသမျှဟာ သဲထဲရေသွန်သလို အလကားဖြစ်မှာပါပဲ။ ဟောပြောသူက
သန့်ရှင်းစင်ကြယ်နိုင်ဖို့ဆိုရင် ယေဇူးဘုရားရှင်ကို နားထောင်ရမယ်။ ယေဇူးဘုရားရှင်ကို နားထောင်ဖို့
ခမည်းတော်ဘုရားက အလိုရှိတယ်ဆိုတာ ဒီနေ့ကျမ်းစာထဲမှာ တွေ့ရပါတယ်။ ]]ဤသူသည်
ငါချစ်မြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားဖြစ်တယ်။ သူ့ကို နားထောင်ကြပါ}} လို့ ခမည်းတော်ဘုရားက
မိန့်တော်မူပါတယ်။ ကိုယ် ကိုယ်တိုင်က လောကရဲ့အလင်းအဖြစ်နဲ့ သူတပါးကို
ဟောပြောသက်သေခံနိုင်ဖို့ဆိုရင် အလင်းရှင်ဖြစ်တဲ့ ယေဇူးဘုရားရှင်ထံမှာ ချဉ်းကပ်ရပါလိမ့်မယ်။
နားဆင်သူအားလုံးအပေါ် ဘုရားသခင့် ကောင်းကြီးမင်္ဂလာများ ခံစားကြရပါစေ။

Add new comment

12 + 7 =