ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ၂၉ ကြိမ်မြောက်သာမန် တနင်္ဂနွေနေ့ ဩဝါဒ ၂၂၊ ၁၀၊ ၂၀၂၃

သာမန်ကာလ (၂၉)ကြိမ်မြောက်တနင်္ဂနေ့ရှင်မာတေဦး ၂၂း၁၅ - ၂၁

"ဆီဇာဘုရင်နဲ့ဆိုင်ရာကို ဆီဇာဘုရင်အား ပေးလော့၊ ဘုရားနှင့်ဆိုင်ရာကို ဘုရားအားပေးလော့" ဆိုတဲ့စကားကို တစ်ချို့ နိုင်ငံရေးသမားတွေက သုံးပြီး "နိုင်ငံရေးထဲမှာ ဘာသာရေးကဝင်မရှုပ်နဲ့၊ ရဟန်းမင်းကြီးလည်း ဝင်မပြောနဲ့၊ မပါနဲ့ " လို့ ပြောချင်နေကြတယ်။ တစ်ချို့ဘာသာရေးခေါင်းဆောင်တွေကလည်း သခင်ယေဇူးရဲ့ ဒီစကားကို ခုတုံးလုပ်ပြီးတော့နိုင်ငံရေးကြောင့် ပြည်သူလူထုတွေ ဒုက္ခရောက်နေတာကို ဝင်မပြောပဲ ဖါသိဖါသာ နေ နေကြတယ်။အော် နိုင်ငံရေးက သူ့ဟာနဲ့ သူ နေ နေရင် ကိစ္စမရှိဘူး၊ ဝင် မပြောပါဘူး။ အခုတော့အဲ့လိုမဟုတ်ဘူး။ နိုင်ငံရေး မကောင်းလို့ စီးပွါးရေးတွေ ထိခိုက်လာပြီ၊ လူတွေဆင်းရဲဒုက္ခရောက်ကုန်ကြပြီ။ လူတွေ ဆိုးသွမ်း ရိုင်းစိုင်း လုယက် ဓါးပြတိုက် မီးရှို့ လူသတ် နေကြပြီ။ ယေဇူးဘုရားရှင် မိန့်တော်မူတဲ့ တရားမျှတခြင်းရှိတဲ့ နိုင်ငံရေး၊ ယေဇူးဘုရားရှင် မိန့်တော်မူတဲ့အတိုင်းချစ်ခြင်းမေတ္တာရှိတဲ့ နိုင်ငံရေး ၊ မိမိကိုယ်ကို ချစ်သကဲ့သို့ သူတစ်ပါးကိုချစ်တဲ့ နိုင်ငံရေး ဖြစ်ဖို့အရေးတကြီး လိုအပ်လာပြီ။နိုင်ငံရေးထဲ ဘာသာရေးက မပါလို့ မဖြစ်ပါဘူး။ နိုင်ငံရေးက ဘုရားမဲ့ တရားမဲ့ ဖြစ်နေရင်တော့ပြောရမှာပဲ။ ကိုယ့်နိုင်ငံရဲ့အရေးကိုမှ ကိုယ်မလုပ်ရင် ဘယ်သူက လာလုပ်ပေးမှာလဲ။ဘာသာရေးဆိုတာ ဘုရားကျောင်းထဲမှာပဲ လုပ်ရတဲ့အရေး မဟုတ်ပါဘူး။ ဘုရားကျောင်းအပြင်ဘက်လောကထဲမှလည်း ဘာသာရေး ဝိညာဉ်ရေးဟာ အရေးပါ ပါတယ်။ အဲ့လို မရှိကြလို့ဘုရားတရားမဲ့တွေ ဖြစ်လာနေကြတာပါ။ ဘုရားကျောင်းထဲမှာတော့ ယုံကြည်သူအဖြစ်နဲ့ နေပြီးဘုရားကျောင်းအပြင်ဘက် လောကထဲရောက်တဲ့အခါ မယုံကြည်သူအဖြစ်နဲ့ နေထိုင်မှာလား။ ဒါကြောင့် ဘုရားတရားမဲ့သူတွေ ဖြစ်လာကြတာပါ။ အခုခေတ်မှာ ဘာသာရေးက လောကရေးထဲမှာပါဝင်ဖို့ မသင့်တော်ဘူးလို့ ထင်နေကြတယ်။ လောကသားတွေကို လမ်းမှန် ညွန်ပြပေးဖို့ ဘာသာရေးကလိုအပ်ပါတယ်။ ဘာသာရေး ဝိညာဉ်ရေးကို သီးသန့်ကလေး Private  လုပ်ရတာမဟုတ်ပါဘူး။ ဥပမာ ပြရရင် လက်ထပ်မင်္ဂလာပွဲဟာ လူမှုရေးသက်သက်ပဲ မဟုတ်ဘူး။ တချို့လူတွေကလက်ထပ်ပွဲအတွက် တိုင်ပင်ဆွေးနွေးရင် ဘာသာရေးကို ထည့်မပြောပါ်နဲ့ လို့ ပြောလေ့ရှိကြပါတယ်။လက်ထပ်မင်္ဂလာပွဲမှာ ဘာသာရေး ဘုရားတရားရေး မပါရင် ဘုရားကို ဦးထိပ် မထားရင်ဒီအိမ်ထောင်ရေးဟာ ပြိုကွဲမှာပဲ။ ကြည့်ပါ့လား၊ အခုခေတ်မှာ နောက်အိမ်ထောင်ပြုတယ်ဆိုတာရိုးနေပါပြီ။တစ်ချို့လူတွေက ထင်ကြတယ်။ ဘာသာရေးဆိုတာ ရှေးလူကြီးတွေက အယူသီးပြီး မိရိုးဖလာကိုးကွယ်နေကြတာပါ၊ တို့ဘဝနဲ့ ဘာမျှမဆိုင်ဘူးလို့ ထင်နေကြတယ်။ ဘာသာရေးလုပ်တာဟာအချိန်ဖြုံးတာပဲ၊ အခုခေတ်မှာ ဘာသာရေးကို စွန့်ပစ်သင့်ပြီ၊ ခေတ်မမီတော့ဘူးလို့ ထင်နေကြပါတယ်။သခင်ယေဇူး မိန်တော်မူတဲ့စကားကို ပြန်ကောက်ရရင် "ဆီဇာဘုရင်နဲ့ဆိုင်ရာကိုဆီဇာဘုရင်အား ပေးလော့၊ ဘုရားနှင့်ဆိုင်ရာကို ဘုရားအား ပေးလော့"။ သခင်ယေဇူးကဘာသာရေးကို လူမှု့ဘဝကနေ ခွဲထုတ်နေတာ မဟုတ်ပါဘူး။ ဒီမေးခွန်းကလည်း သခင်ယေဇူးကိုဂျောက်တွန်းချင်လို့ မေးတာပါ "ဆီဇာဘုရင်ကို အခွန် ပေးသင့်သလား^ မပေးသင့်ဘူးလား" တကယ်လို့ သခင်ယေဇူးက "မပေးနဲ့" လို့ ဖြေလိုက်ရင် သခင်ယေဇူးကို ဘုရင်က ဖမ်းမယ်။ "ဆီဇာဘုရင်ကို အခွန်ပေးကြပါ" လို့ ဖြေလိုက်ရင်လည်း ကိုယ့်တိုင်းပြည်ကိုမတရားလာအုပ်ချုပ်နေတဲ့ တိုင်းတစ်ပါးဘုရင်ကို အခွန်ပေးရမလားဆိုပြီး မျိုးချစ်ဂျူးလူမျိုးတွေကသခင်ယေဇူးကို သစ္စာဖောက်ဆိုပြီး ရန်လုပ်ကြအုံးမယ်။ ပေးဆောင်ရတဲ့အခွန်ငွေ ဒင်္ဂါးပြားပေါ်က
ဆီဇာဘုရင်ရဲ့ရုပ်ပုံကို ပြပြီး သခင်ယေဇူးဖြေတဲ့အဖြေက "ဆီဇာဘုရင်နဲ့ဆိုင်ရာကို ဆီဇာဘုရင်အားပေးလော့၊ ဘုရားနှင့်ဆိုင်ရာကို ဘုရားအား ပေးလော့" ဖြစ်ပါတယ်။ ဘုရားနဲ့ဆိုင်ရာကို ဘုရားအားပေးလော့ တဲ့ ကျနော်မေးချင်တာက ဘုရားနဲ့ မဆိုင်တာ ဘာရှိသေးလို့လဲ ။ ဘုရားနဲ့ မဆိုင်တာ ဘာကျန်သေးလို့လဲ ။ သင့်ရဲ့အသက်ကလည်း ဘုရားနဲ့ ဆိုင်တယ်။ သင့်ဥစ္စာပစ္စည်းတွေကလည်း ဘုရားနဲ့ ဆိုင်တယ်၊ နိုင်ငံရေးကလည်း ဘုရားနဲ့ ဆိုင်တယ်။ ပြောချင်တာကဘုရားရဲ့ ဆန္ဒနဲ့အညီနိုင်ငံရေးက ဖြစ်ကိုဖြစ်ရမယ်၊ ဘုရားရဲ့တရားတော်နဲ့အညီ နိုင်ငံကိုအုပ်ချုပ်ရမယ်။ အဲ့လို မအုပ်ချုပ်ရင် ပျက်စီးမယ်။ သခင်ယေဇူးက ဘုရင်တို့ရဲ့ ဘုရင် ဖြစ်ပါတယ်။အသင်းတော်က ဘယ်နိုင်ငံရေးပါတီအဖွဲ့ထဲမျှ မပါ ပါဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့အလိုတော်နဲ့အညီ တရားမျှတစွာ မအုပ်ချုပ်ပဲနေရင် ပြည်သူလူထုကောင်းကျိုးအတွက်ထုတ်ဖော်ပြောဖို့  (speak out) t) အသင်းတော်မှာ တာဝန်ရှိတယ်။သခင်ယေဇူး ဒီလောကထဲကို ဆင်းကလာတာက ကောင်းကင်နိုင်ငံတော်အကြောင်းဟောပြောဖို့ ဖြစ်တယ်။ သားတော်ဘုရား ကိုယ်တိုင်ဆင်း<ကလာလို့ "ကောင်းကင်နိုင်ငံတော်သည်တည်လုနီးပြီ " လို့ စတင်ဟောပြောခဲ့ပါတယ်။ သခင်ယေဇူး ဟောပြောနေတဲ့ကောင်းကင်နိုင်ငံတော်ဆိုတာ ချစ်ခြင်းမေတ္တာရှိတဲ့နိုင်ငံတော်၊ တရားမျှတတဲ့နိုင်ငံ၊ ဘုရားရဲ့တရားတော်စိုးမိုးတဲ့နေရာကို ပြောတာပါ။ ယနေ့ ဖတ်ရတဲ့ ဒုတိယကျမ်းစာ သက်ဆာလောနိက ပထမစောင်မှာရှင်ပေါလူးက ဘုရားသခင်ဟာ ငါတို့အားလုံးရဲ့အဖ အဖေ ဖြစ်တော်မူတယ်။ ဒါကြောင့်ငါတို့အားလုံးဟာ ညီအစ်ကိုမောင်နှမချင်းတွေ ဖြစ်ကြလို့ လူအားလုံးကောင်းစားရေးအတွက်လုပ်ဆောင်ကြရင်း ကိုယ့်ယုံကြည်ခြင်းကို သက်သေခံနေကြတာပါပဲ။ အဲဒီလို အားလုံးကညီအစ်ကိုမောင်နှမရင်းစိတ်ထားနဲ့ နေထိုင်ကြပြီဆိုရင် ကောင်းကင်နိုင်ငံတော်ဟာ ရောက်လာပါပြီ။အဲ့ဒီလို ညီအစ်ကိုမောင်နှမရင်းစိတ်ထား မထားနိုင်သရွေ့  "ကိုယ်တော်၏နိုင်ငံတော်သည်ရောက်ပါစေသော" လို့ နေ့တိုင်းဆုတောင်းနေရအုံးမှာပါပဲ။ယနေ့ ဖတ်ရတဲ့ကျမ်းစာတွေအားဖြင့် ဘာသာရေးနဲ့ လောကနိုင်ငံရေး လူမှု့ဘဝတွေဟာခွဲခြားထားလို့ မရဘူးဆိုတာ သိစေချင်ပါတယ်။ ဘုရားသခင်က ကျနော်တို့အားလုံးရဲ့ ဖခင်ဖြစ်တော်မူတယ်။ ကျနော်တို့အားလုံးရဲ့အစ မူရင်း ဖြစ်တာကြောင့် ကျနော်တို့ လူသားတွေရဲ့အရေးကိစ္စအားလုံးက ဘုရားနဲ့ဆိုင်တယ်။ ကျနော်တို့ လူသားတွေကို ဘုရားသခင်က သူ့ရဲ့ရွှေပုံသဏ္ဍာန်တော်အတိုင်း ဖန်ဆင်းထားတယ်။ ဒါကြောင့် လူမှာ ကာယနဲ့ ဝိညာဉ် ပါဝင်နေတယ်။ ငါက ကာယရေးကိစ္စလုပ်နေတဲ့အခါ ဝိညာဉ်ရေးကို လာမပြောနဲ့ ၊ ထည့်မစဉ်းစားဘူးလို့ ပြောလို့မရပါဘူး။ ကျနော်တို့ လူသားဟာ ကာယရေးသက်သက်အတိုင်း နေထိုင်မယ်၊ ဝိညာဉ်ရေးကိစ္စမပါဘူးဆိုရင် လူဟာ တိရစ္ဆာန်လို ဖြစ်သွားမှာပေါ့။ ကိုယ့်ဝိညာဉ်ရေးကို ထည့်မတွက်ပဲကာယရေးသက်သက်အတိုင်း နေထိုင်နေကြတဲ့သူတွေဟာ တိရစ္ဆာန်လို ကျင့်ကြံနေထိုင်နေတာကိုမြင်ဖူးကြမှာပါ။ ဘယ်လောက်အောက်တန်းကျသလဲဆိုတာ စဉ်းစားကြည့်ပေါ့။ ဘာသာရေးတစ်ခုဟာ လူမှု့ဘဝနဲ့ ဘာမျှမဆိုင်ဘူးဆိုရင် အဲ့ဒီဘာသာရေးကိုဘာသာတစ်ခုလို့တောင် သတ်မှတ်လို့ မရတော့ပါဘူး။ သခင်ယေဇူးက သူ့ရဲ့တပည့်တော်ကြီးတွေအတွက် ခမည်းတော်ဘုရားထံ ဆုတောင်းတဲ့အခါသူ ရွေးကောက်ထားတဲ့ ကျနော်တို့တတွေကို လောကထဲက သီးသန့် ခွဲထုတ်ဖို့ လောကသားတွေနဲ့မရောဖို့ ဆုမတောင်းခဲ့ပါဘူး။ ကျနော်တို့ကို လောကရဲ့ဆား ၊ လောကရဲ့အလင်း အဖြစ်နဲ့ လမ်းပြပေးဖို့မိန့်တော်မူခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းကို လောကသားတွေကြားသိစေဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ရှင်ပေါလူးက သက်ဆာလောနိမြို့သူမြို့သားတွေအတွက်သတင်းကောင်းဖြစ်သလို ကျနော်တို့ ခရစ်ယာန်တွေက လောကသားအားလုံးအတွက် သတင်းကောင်းဖြစ်စေရပါမယ်။နားဆင်သူအားလုံးအပေါ် ဘုရားသခင့်ကောင်းကြီးမင်္ဂလာများ ခံစားကြရပါစေ။

Add new comment

4 + 0 =