ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ၂၈ ကြိမ်မြောက်သာမန် တနင်္ဂနွေနေ့ ဩဝါဒ ၁၅၊ ၁၀၊ ၂၀၂၃

သာမန်ကာလ (၂၈)ကြိမ်မြောက်တနင်္ဂနွေနေ့ ရှင်မာတေဦး ၂၂း၁ - ၁၄
ကောင်းကင်ဘုံကို စိတ်ဝင်စားရဲ့လား။ တစ်နေ့ ကောင်းကင်ဘုံကို ရောက်မယ်လို့မျှော်လင့်ရဲ့လား။ လူအများစုက ကောင်းကင်ဘုံကို စိတ်မဝင်စားကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့သူတို့ ရှာနေကြတာက လောကနိဗ္ဗာန်ပါပဲ။ လောကထဲမှာ နေထိုင်ရင်း ကောင်းကင်ဘုံကိုအကြိုခံစားမိချင်ရင် တစ်ယောက်နဲ့တစ်ယောက် ချစ်ကြရမယ်။ လောဘ ဒေါသ မနာလိုခြင်းတွေကင်းရမယ်။ စည်းလုံးညီညွတ်ကြရမယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေတတ်ရမယ်။ ယနေ့ ဖတ်ရတဲ့ပထမကျမ်းစာ ဟေရှာယ ၂၅ ထဲမှာ ဘုရားသခင်က ကောင်းကင်ဘုံကို စားသောက်ပွဲကြီးတစ်ခုလိုပုံဖော်ထားပါတယ်။ စားသောက်ပွဲဆိုတာက ချစ်လို့ စုရုံးလာကြတယ်၊ ညီညွတ်စည်းလုံးလို့အတူလာစုကြတယ်။ ဝမ်းမြောက်ဝမ်းသာကြလို့ အတူပါဝင်ကြတယ်ဆိုတာ လူတိုင်းအသိပါပဲ။
ယနေ့ဖတ်ရတဲ့ ဒုတိယကျမ်းစာ ဖိလိပိသြဝါဒစာကို ရှင်ပေါလူးက သေမိန့်အကျခံရဖို့စီရင်ချက်ကို စောင့်နေရချိန် ထောင်ထဲမှာ ရေးခဲ့တာပါ။ ထောင်ထဲက ရှင်ပေါလူး ရေးထားတာကတော့ "ငါသည် နိမ့်ကျချိန်၌လည်းကောင်း၊ ပေါများ" ကြွယ်ဝချိန်၌လည်းကောင်း၊ မည်သို့နေထိုင်ရမည်ကိုသိ၏။ ဝလင်အောင် စားရသည်ဖြစ်စေ၊ ဆာလောင်ငတ်မွတ်သည်ဖြစ်စေ၊ ပိုလျှံနေသည်ဖြစ်စေ၊ချို့တဲ့နေသည်ဖြစ်စေ၊ အခြေအနေအရပ်ရပ်တို့၌ ကျေနပ်ရောင့်ရဲစွာနေနိုင်သည့်လှိူ့ဝှက်ချက်ကို ငါသင်ယူခဲ့ပြီးဖြစ်၏။ ငါ့ကို ခွန်အား ပေးတော်မူသောအရှင်အားဖြင့် အရာခပ်သိမ်းတို့ကို တတ်စွမ်းနိုင်၏}}ဘာသာသူတို့ ရှင်ပေါလူးက လောကမှာ ကြောက်စရာအားလုံးကို အောင်နိုင်ခဲ့ပါပြီ။လောကမှာကတည်းက ဘုရားနဲ့ တစ်လုံးတစ်ဝတည်း ရှိနေတဲ့သူဖြစ်တယ်။ ယေဇူးဘုရားရှင်ရဲ့ဘဝအသက်တာအတိုင်း နေထိုင်နေတဲ့သူ ဖြစ်တယ်။ ကျနော်တို့လည်း လောကရဲ့ကျွန် လောဘရဲ့ကျွန်ဒေါသရဲ့ကျွန် မဟုတ်တော့ဘူးဆိုရင် ကောင်းကင်ဘုံရောက်နေသလို ခံစားရမှာပါ။အခြေအနေဆိုးတွေ ကြုံရတာတောင်မှ သင်က စိတ်မပျက်တော့ဘူးဆိုရင် သင်ကကောင်းကင်ဘုံရောက်နေသလို ခံစားမိမှာပါပဲ။ ရှင်ပေါလူးလည်း လူကသာ ထောင်ထဲမှာ သေမိန့်စောင့်နေတာ၊ သူကတော့ ကောင်းကင်ဘုံကို ရောက်နေသလို အကြိုခံစားနေရပြီးဝမ်းမြောက်နေနိုင်တပါ။ ရှင်ပေါလူးက ဘာခံစားချက်မှ မရှိတော့လို့ အခုလို ထောင်ထဲမှာဒုက္ခရောက်နေတာတောင် ဝမ်းမြောက်နိုင်တာ မဟုတ်ပါဘူး။ သူ့ကို ခွန်အားပေးနေတဲ့ယေဇူးဘုရားရှင်အားဖြင့် ဝမ်းမြောက်နိုင်တာ ခွန်အားတက်နိုင်တာ မျှော်လင့်ချက် ကြီးနိုင်တာဖြစ်ပါတယ်။ ရှင်ပေါလူးက ဘာခံစားချက်မှ မရှိတော့တဲ့သူမှ မဟုတ်တာ၊ သူက ချစ်တတ်တယ်၊စေတနာထားတတ်လို့ ထောင်ထဲကနေ ဖိလိပိမြို့သူ မြို့သားတို့ထံ ဆုံးမစာ ရေးပို့နေတာပေါ့။ သူတစ်ပါးတွေကို လမ်းမှားမရောက်စေချင်လို့ပါ။ သူကသာထောင်ထဲကျနေတာ လူတွေကိုတိုးတက်စေချင်တယ်။ လူကသာ ထောင်ထဲကျနေတာ လူတွေ တိုးတက်ချမ်းသာစေဖို့ နှစ်(၂၀)အတွင်း စင်္ကာပူနိုင်ငံကို ကျော်တက်သွားစေရမယ်လို့ ဂတိပေးရဲတဲ့သူတစ်ယောက်လို ဖြစ်တယ်။ရှင်ပေါလူး ရေးထားသလို အားရကျေနပ်စွာ နေနိုင်သူဟာ ပျော်ရွှင်တတ်တဲ့လက္ခဏာ၊နှိမ့်ချတတ်တဲ့လက္ခဏာ၊ တာဝန်ယူတာဝန်ခံတတ်တဲ့လက္ခဏာ ပါပဲ။ ကျေနပ်ရောင့်ရဲစွာမနေတတ်တဲ့သူက လောဘကြီးသူ၊ ကိုယ့်အတွက်ပဲ ကြည့်တတ်သူ၊ မနာလိုတတ်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကောင်းကင်ဘုံဆိုတာ ကြောက်ရွံ့ခြင်းမှ ကင်းဝေးတယ်၊ လွတ်လပ်တယ်၊သေမှာတောင် မကြောက်တော့တဲ့အသက်တာ ဖြစ်ပါတယ်။ ဒါဟာ ဘုရားနဲ့ အပြည့်အဝပေါင်းစပ်နေလို့ ဖြစ်လာတာပါ။ ငါ့ကို ခွန်အား ပေးတော်မူသောအရှင်အားဖြင့် အရာခပ်သိမ်းတို့ကိုတတ်စွမ်းနိုင်၏ဆိုတာ ဒါကို ပြောတာပါ။ ဘုရားသခင်လက်ထဲမှာ ကိုယ့်ဘဝကိုလုံးဝအပ်ထားတယ်လေ။ကျနော်တို့ ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံကို ရောက်နိုင်ကြမှာပါလဲ ၊ ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းကတော့ သင်တို့က ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ သင်တို့အားလုံးကိုကောင်းကင်ဘုံရောက်ဖို့ ဖိတ်ကြားခံရထားပါတယ်။ ကျနော်တို့ ဆေးကြောခြင်းခံတုံးကအဝတ်ဖြူအပ်နှင်းခြင်းဆိုတဲ့ အစီအစဉ် ပါပါတယ်။ အဲဒီအဝတ်ဖြူလေးကတော့ ကောင်းကင်ဘုံကိုဝင်နိုင်မည့် Passport  ပဲ ဖြစ်ပါတယ်။ ယနေ့ဖတ်ရတဲ့ ရှင်လုကာ ဧဝံဂေလိကျမ်းစာမှာမင်္ဂလာဆောင်ပွဲထဲမှာ မင်္ဂလာအခမ်းအနားဝတ်စုံကို မဝတ်ဆင်ပဲ ရောက်လာတဲ့သူကို အပြင်ဘက်နှင်ထုတ်လိုက်တယ် တဲ့။ ဒီလူက မင်္ဂလာအခမ်းအနားဝတ်စုံ မဝယ်နိုင်လို့ မဝတ်တာလို့ မထင်ပါနဲ့။ဂျူးလုမျိုးတွေရဲ့ ဓလေ့ထုံးစံအရ မင်္ဂလာဆောင်ပွဲ တက်ဖို့ လာဖိတ်တဲ့အခါ မင်္ဂလာအခမ်းအနားဝတ်စုံတစ်ခါတည်း ပေးလိုက်ပြီးသားပါ။ ဒီလူက ပေါ့ဆလို့ ၊ အရေးမထားလို့ ၊ ဂရုမစိုက်လို့ သက်သက်မဲ့မဝတ်ခဲ့တာပါ။ ဒီလူလိုပဲ ကျနော်တို့လည်း ဆေးကြောခြင်းခံလို့သာ ဘာသာသူဖြစ်လာပေမဲ့ယေဇူးဘုရားရှင်ရဲ့စိတ်ထားအတိုင်း ထားကြဖို့ အရေးမထားကြပါဘူး။ ဒါကြောင့် ခရစ်တော်ကို ယူတင်ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။ "ငါတို့သည် မှောင်မိုက်နှင့်ဆိုင်သောအကျင့်ကို စွန့်ပယ်၍အလင်းတရားနှင့်ဆိုင်သော လက်နက်တန်ဆာကို ဝတ်ဆင်ကြပါစို့။ အပျော်ကြူးခြင်း၊သောက်စားမူးယစ်ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ ကိလေဘာအမှု၌ ညစ်ညူးခြင်း၊ခိုက်ရန်ဖြစ်ပွားခြင်းနှင့် မနာလိုခြင်းတို့ကို ရှောင်ကြဉ်ကြပါစို့။ သို့သော်လည်း ယေဇူးခရစ်တော်သခင်ကိုမူဆင်မြန်းကြပါလော့" (ရောမ ၁၃း ၁၂ - ၁၄) ဒါကြောင့် ယနေ့ဖတ်ရတဲ့ ဧဝံဂေလိကျမ်းစာအားဖြင့် သိရတာက ကျနော်တို့ဆေးကြောခြင်းခံတိုင်း ကောင်းကင်ဘုံကို အလိုလိုရောက်မယ်လို့ အထင်မမှားရပါဘူး။မင်္ဂလာအခမ်းအနားဝတ်စုံကို ဝတ်ဆင်မှ ကောင်းကင်ဘုံကို ဝင်ရသလို ခရစ်တော်ကိုယူဆောင်ဝတ်ဆင်ရတယ်၊ တနည်းအားဖြင့် ခရစ်တော်ကဲ့သို့ စိတ်ထား ရှိထားရမယ်။ ဒါဟာကိုယ့်ကိုယ်ကို ခရစ်တော်ကို ဝတ်ဆင်ထားသလို ဖြစ်လာတာပေါ့။ အဲ့သလိုခရစ်တော်ရဲ့စိတ်ထားအတိုင်း ရှိနေရင် ရှင်ပေါလူးလို ထောင်ထဲမှာတောင် ဝမ်းမြောက်နိုင်သလိုကျနော်တို့လည်း လောကမှာ နေထိုင်ကတည်းက ကောင်းကင်ဘုံကို ရောက်နေသလိုအကြိုခံစားရပါလိမ့မယ်။ ပထမကျမ်းစာထဲကလို အဲဒီကောင်းကင်ဘုံမှာ ထာဝရဘုရားရှင်က "သေခြင်းကိုလည်း ပယ်ဖျက်လိမ့်မည်။ ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်များကိုသုတ်ပေးတော်မူလိမ့်မည်။" နားဆင်သူအားလုံးအပေါ် ဘုရားသခင့်ကောင်းကြီးမင်္ဂလာများ ခံစားကြရပါစေ။

Add new comment

6 + 11 =