ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ၂၃ ကြိမ်မြောက်သာမန် တနင်္ဂနွေနေ့ ဩဝါဒ ၁၀၊ ၉၊ ၂၀၂၃

သာမန်ကာလ (၂၃)ကြိမ်မြောက်တနင်္ဂနေ့ ရှင်မာတေဦး ၁၈း၁၅ - ၂၀
ကိုယ့်သာသနာအုပ်စုထဲမှာပဲဖြစ်ဖြစ်၊ ကိုယ့်ရပ်ရွာထဲမှာပဲဖြစ်ဖြစ်၊ ကိုယ့်မိသားစုထဲကပဲဖြစ်ဖြစ် တစ်ယောက်ယောက်က အမှားလုပ်နေရင် လမ်းမှားရောက်နေရင် ဒီအတိုင်းပစ်ထားမှာလား။ ဖြစ်ချင်ရာဖြစ် လစ်လျူရှုထားမှာလား။ အဲလိသဘောထားရင် အာဒံရဲ့ သားအကြီးကိန်နရဲ့ စိတ်သဘောထားလို ဖြစ်သွားမှာပေါ့။ အာဒံနဲ့ ဧဝါးရဲ့ ပထမဦးဆုံးသားနှစ်ယောက်ဖြစ်တဲ့ကိန်နနဲ့ အာဗေလ ရှိကြတယ်။ အကိုကြီးကိန်နက ညီလေး အာဗေလကို မနာလိုလို့သတ်ပစ်လိုက်တဲ့အခါ ဘုရားသခင်က အကိုကြီးကိန်နကို "မင်းညီ အာဗေလ ဘယ်မှာလဲ" လို့မေးတဲ့အခါ အကိုကြီးကိန်နက "ငါက ငါ့ညီကို ထိန်းတဲ့ကောင်များ မှတ်နေသလား" လို့ဘုရားသခင်ကို ပြန်ပြောလိုက်တယ်။ ကျနော်တို့လည်း တစ်ယောက်ယောက်ကလမ်းမှားရောက်နေတာကို ပြုပြင်မပေးပဲ "ဂရုမစိုက်ပဲ နေရင် ကျနော်တို့က အကိုကြီးကိန်နလို"ငါက ငါ့ညီကို ထိန်းတဲ့ကောင်များ မှတ်နေသလား" လို့ ဘုရားကို ပြန်ပြောတဲ့လူလို ဖြစ်သွားမှာပေါ့။ တစ်ယောက်ယောက်က လမ်းမှားရောက်နေတာကို ကျနော်တို့က ကိုယ်နဲ့ မဆိုင်သလိုလစ်လျူရှုထားရင် ကျနော်တို့မှာ တာဝန်မကင်းဘူးလို့ ဘုရားက မိန့်တော်မူပါတယ်။ "ဆိုးသောသူကိုကောင်းလာစေဖို့ သင်က သတိမပေးရင် ထိုလူဆိုးသည် မိမိ၏အပြစ်၌ အသက်ဆုံးလိမ့်မည်။ သို့ရာတွင် ထိုလူဆိုးကို သင်က သတိမပေးခဲ့လို့ အခုလို ငရဲရောက်ရတာဖြစ်လို့ သင့်မှာအပြစ်မကင်းဘူး။ ဒါ့အတွက် သင်က ထုချေလွှာတင်ရမယ်၊ သင်က ဖြေရှင်းပေးရလိမ့်မယ်" တဲ့ ။ဒါကြောင့် ကိုယ့်အနီးမှာ ရှိတဲ့သူတစ်ယောက်^ ကိုယ်နဲ့ နီးစပ်တဲ့လူတစ်ယောက် အပြစ်အမှားကျူးလွန်နေတာကို ဒီအတိုင်း အပြစ်ဆက်လုပ်နေစေဖို့ သင်က ဘာမျှ မပြုပြင်ပေးရင် သင့်မှာတာဝန်မကင်းဘူး။ သူတစ်ပါးအပြစ်လုပ်နေတာ ကိုယ်နဲ့ ဘာဆိုင်လို့လဲလို့ သင်က ပြောချင်ပြောပါလိမ့်မယ်။ ဆိုင်တာပေါ့ ။ ငါက ပညတ်တော်တွေကို လိုက်နာရင် ပြီးတာပဲဆိုပြီး သင်ကတာဝန်ကင်းမယ် ထင်သလား။ ပညတ်တော်တွေကို တကယ်လိုက်တဲ့သူဆိုတာ သူတစ်ပါးကိုချစ်တဲ့သူကို ပြောတာပါ။ ဒါကြောင့် ယနေ့ ဒုတိယကျမ်းစာမှာ ရှင်ပေါလူးက "ပတ်ဝန်းကျင်မှာရှိသောသူတစ်ပါးတို့ကို ချစ်သောသူသည် ပညတ်တော်အားလုံးကို ပြည့်စုံအောင်လိုက်နာစောင့်ထိမ်းလေပြီ" တဲ့ ။ ဟုတ်တယ်လေ ။ သူတစ်ပါး ဘာဖြစ်ဖြစ်၊ ငရဲသွားသွား ၊ ငါ နဲ့ဘာဆိုင်လို့လဲဆိုတဲ့သူဟာ သူတစ်ပါးကို မချစ်တဲ့သူပဲ။ "ကိုယ့်ကိုယ်ကို ချစ်သကဲ့သို့ သူတစ်ပါးအားချစ်လော" လို့ ရှင်ပေါလူးက ဆက်ရေးထားပါတယ်။ ဒါကြောင့် ယနေ့ ဖတ်ရတဲ့ ရှင်မာတေဦးကျမ်းစာမှာ ယေဇူးဘုရားရှင်က "သင့်ညီအစ်ကိုသည်ပြစ်မှားနေတယ်ဆိုရင် သူ့ကို တိတ်တဆိတ်တွေ့ပြီး ပြုပြင်ပေးပါ။ သင့်စကားကို သူက နားမထောင်ရင်သင်နဲ့အတူ နှစ်ယောက် သုံးယောက် အကူညီခေါ်ပြီး ပြုပြင်ပေးကြပါ။ ဒါမှ နားမထောင်ရင်အသင်းတော်ကို ပြောပြီး အကူအညီတောင်းပါ။ အသင်းတော်ကိုမှ နားမထောင်ရင်တော့ သူ့ကိုကိုယ်လမ်းကိုသွားဖို့ လွှတ်လိုက်ရတော့မှာပဲ" တဲ့ ။ အဲဒီလို အပြစ်အမှားပြုသူကို လစ်လျူမရှုဖို့မိန့်တော်မူထားပါတယ်။ တခါတရံမှာ လူမှုရေးအရ အားနာလို့ မပြုပြင်ပဲ မပြောပဲ ဒီအတိုင်းကြည့်နေတတ်ကြပါတယ်။ ဒါဟာ မဖြစ်သင့်ပါဘူး။သူတစ်ပါး လမ်းမှားရောက်နေတာကို ပြုပြင်ပေးရာမှာ ကိုယ့်ရင်ထဲက သူ့ကို ချစ်တဲ့စိတ်နဲ့ပြုပြင်ပြောပေးဖို့ လိုပါတယ်။ ဆရာက တပည့်ကို ပြုပြင်ပေးရာမှာပဲဖြစ်ဖြစ်၊ မိဘက သားသမီးကိုပြုပြင်ပေးရာမှာပဲဖြစ်ဖြစ်၊ အကြီးအကဲက လက်အောက်ငယ်သားကို ပြုပြင်ပေးရာမှာပဲဖြစ်ဖြစ် ချစ်လို့ပြုပြင်ပေးတယ်ဆိုတာ သိသာပါစေ။ တစ်ချို့အကြီးအကဲက  "မင်း ငါထုတ်ထားတဲ့စည်းကမ်းကိုဘာသဘောနဲ့ ချိုးဖေါက်တာလဲ။ ငါ့ကို ဘာကောင်များအောင်းမေ့နေသလဲ" ဆိုပြီး ငါထုတ်ထားတဲ့စည်းကမ်းကို မလိုက်နာရကောင်းလားဆိုပြီး မကျေနပ်လို့ ရိုက်တာပါ။ ကျနော်တို့ နိုင်ငံမှာသားသမီးတွေ တပည့်တွေကို မေးလိုက်ရင် "မင်းကို ဆရာက (သို့) အမေက ဘာဖြစ်လို့ ရိုက်တာလဲ" လို့ မေးရင် သူတို့က ချစ်လို့ ရိုက်တာပါလို့ သင်ထားတဲ့အတိုင်း ဖြေတတ်ကြပါတယ်။တကယ်တမ်းတော့ ရိုက်ပြီးဆုံးမတာ ခံရတိုင်းမှာ အချစ်ကို မခံစားမိပါဘူး။ အမေက ရိုက်တာ "ဖျမ်း"ဆိုပြီးရိုက်တာကို သမီးက အော် . . အမေက ငါ့ကို တော်တော် ချစ်သားပဲလို့ သမီးကခံစားမိသလား၊ နောက်တစ်ချက်ရိုက် "ဖျမ်း" ကနဲ ။ "အမလေး လေး ၊ အမေက ငါ့ကိုတော်တော်ချစ်သားပဲ" လို့ ခံစားမိသလား ၊ ဖြေ ၊ မလိမ်နဲ့ ။ဒါကြောင့် သူတစ်ပါးကို ဆုံးမရတဲ့အကြောင်းရင်းက သူ့ကို တကယ်ချစ်လို့ဆိုတဲ့စိတ်ထားရင်းရှိကိုရှိရပါ့မယ်။ ဒါကြောင့် ယေဇူးဘုရားရှင်က သူတစ်ပါးတွေကို ချစ်ရာမှာ ကိုယ့်ကိုယ်ကိုချစ်သလောက်ချစ်ခိုင်းတာပါ။ တကယ့်စေတနာ အချစ်နဲ့ နေထိုင်ကျင့်ကြံဖို့ ဘုရားက အလိုရှိပါတယ်။ကိုယ့်ရှေ့မှာ သူတစ်ပါးက သူများမကောင်းကြောင်း ပြောပြီး နာမည်ဖျက်နေတယ်၊အသရေဖျက်တယ်ဆိုရင် ခင်ဗျား ဘာလုပ်မလဲ။ သူနဲ့ ရောယောင်ပါဝင်ပြီး သူတစ်ပါးမကောင်းကြောင်းပြောမှာလား၊ သူ့ကို မပြောဖို့ ပြုပြင်ပေးမှာလား ။ သူတစ်ပါး မကောင်းကြောင်းပြောသူဟာအသရေဖျက်တဲ့အပြစ်ကြီးကို ခင်ဗျားရှေ့မှာပဲ ကျူးလွန်တယ်လေ။ သူ့ကို ဘယ်လို ပြုပြင်ပေးရမလဲ။
အတင်းအဖျင်း အပြောခံရတဲ့သူကို ချစ်ဖို့ သင်ပေးပါ။ အပြုသဘောနဲ့ သူ့ကို ပြင်ပေးပါ။သူ့မကောင်းကြောင်း ဒီလိုသာ ဆက်ပြောနေရင် အပြောခံတဲ့သူက ဘယ်လိုလုပ် နလံထူတော့မလဲ။ သူ့ကို လက်တွဲခေါ်ဖို့ စဉ်းစားပေးပါ။ သူ့ကို အသိုင်းအဝိုင်းထဲ ပြန်လည်ရောက်ရှိလာဖို့ ခွန်အားပေးပါ။ယေဇူးဘုရားရှင်က သူ့ကို သတ်တဲ့သူတွေအပေါ်မှာတောင် အကောင်းမြင်ပေးတတ်တယ်၊ "သူတို့မသိလို့ လုပ်မိတာပါ၊ ခွင့်လွှတ်ပါ" လို့ ခမည်းတော်ဘုရားထံမှာ ဆုတောင်းပေးခဲ့တယ် မဟုတ်လား။ဘာသာသူတို့ ကိုယ့်ကိုယ်ကို ချစ်သလို သူတစ်ပါးတွေကို ချစ်ဖို့ ဘာဆင်ခြေနဲ့မှ လစ်လျူရှုမထားပါနဲ့ ။ နားဆင်သူ အားလုံးအပေါ် ဘုရားသခင့် ကောင်းကြီးမင်္ဂလာများ ခံစားကြရပါစေ။

Add new comment

7 + 0 =