ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ၂၂ ကြိမ်မြောက်သာမန် တနင်္ဂနွေနေ့ ဩဝါဒ ၃၊ ၉၊ ၂၀၂၃

သာမန်ကာလ (၂၂)ကြိမ်မြောက်တနင်္ဂနေ့ ရှင်မာတေဦး ၁၆း၂၁ - ၂၇
လောကလူတွေက အကောင်းဘက်သို့ မပြောင်းလဲချင်ကြဘူး။ အခုလို မပြောင်းလဲပဲဒီအတိုင်း ဆက်သွားလို့ကတော့ အနာဂတ်လူသားတွေ ခက်တော့မှာပဲ။ အခုတောင်လက်ထပ်ထိမ်းမြားခြင်းတွေကို တန်ဖိုးမထားကြတော့ဘူး။ မိသားစုဘဝကိုတန်ဖိုးမထားကြတော့ဘူး။ လူတစ်ယောက်ရဲ့ မွေးရာပါအခွင့်အရေး လူ့အခွင့်အရေးတွေလည်းအရေးမပေးကြတော့ဘူး။ ဒီလိုနဲ့ လူဟာ လူလို တန်ဖိုးမထားကြတော့ပဲ ဥစ္စာပစ္စည်းလိုလို ၊တိရစ္ဆာန်လိုလို ဖြစ်လာကြပါပြီ။ လူကို သန့်ရှင်းမြင့်မြတ်စေတဲ့ဘုရားတရားစိတ်ထားတွေပျောက်ကုန်ကြပြီ။ ထာဝရအသက်၊ ထာဝရအိမ်တော်၊ ထာဝရအချစ် ၊ထာဝရခွင့်လွှတ်နားလည်ပေးခြင်း ဆိုတဲ့ ထာဝရတန်ဖိုးထားရာတွေကိုလည်း မလိုလားကြတော့ဘူး။ ထာဝရမဟုတ်တဲ့ လောကအပျော်အပါးထာဝရမဟုတ်တဲ့လောကမှာရှင်သန်ရတဲ့အသက်၊ထာဝရမဟုတ်တဲ့ ပျက်စီးနိုင်တဲ့ဥစ္စာပစ္စည်းတွေကိုသာ စိတ်အာရုံ စွဲလန်းနေကြပါတယ်။ သေပြီးနောက်ဘဝအကြောင်း မစဉ်းစားဖြစ်တော့ဘူး။ ထာဝရအသက်ကို မတတ်မက်တော့ဘူး၊ မယုံတော့ဘူးနောက်ဆုံး ဘုရားသခင်ရဲ့ တရားစီရင်စစ်ကြောမှာကိုလည်း မကြောက်တော့ဘူး။ သူတို့မှာ ဒီဘဝတစ်ခုတည်းပဲ ရှိတယ်။ ဒီဘဝသေရင် အားလုံးပြီးရော၊ ဒါကြောင့် ဒီဘဝကိုမသေခင်ပျော်အောင်နေရဖို့ပဲ စဉ်းစားနေကြတယ်။ ဒါကြောင့် ဒီဘဝက သူတို့အတွက်တော့ဘာမျှအဓိပ္ပါယ်မရှိဘူး။ သေရင် အကုန်ပြီးရော။ ရည်မှန်းချက်မရှိတဲ့လောက ဖြစ်နေတယ်။ ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။ ဒီလိုပဲ အပြစ်တင် ဝေဖန်နေတော့မှာလား။ "အမှောင်ထုကိုကျိန်ဆဲနေမည့်အစား ဖယောင်းတိုင်တစ်တိုင်ကို ထွန်းညှိလိုက်ပါ" ဆိုတဲ့ ဆိုရိုးစကားအတိုင်းပြောင်းလဲဖို့အတွက် ကိုယ်လုပ်နိုင်တာကို လုပ်ပါ။ ညီးတွားဝေဖန် အပြစ်တင်နေလို့ ဘာမျှထူးခြားလာမှာ မဟုတ်ဘူး။ယနေ့ ဖတ်ရတဲ့ ရောမသြဝါဒစာမှာ ရှင်ပေါလူးက :" သင်တို့သည် လောက၏တွေးခေါ်ကျင့်ကြံမှုအတိုင်း မလိုက်လျောကြနှင့်။ သို့သော်လည်း ကောင်းမြတ်၍ နှစ်သက်ဖွယ်ဖြစ်ပြီးပြည့်စုံသောအရာဖြစ်သည့် ဘုရားသခင်၏အလိုတော်ကို သိရှိနားလည်နိုင်ရန် သင်တို့၏စိတ်နှလုံးကိုအသစ်ပြုပြင်ကြလော၊}} (ရောမ ၁၂း၂) ပြောင်းလဲကြလော လို့ ရေးသားထားပါတယ်။ ကျနော်တို့ကိုခရစ်တော်ကဲ့သို့ ကျင့်ကြံနေထိုင်ကြဖို့ ခရစ်ယာန်အဖြစ် ခေါ်တော်မူထားတာ ဖြစ်ပါတယ်။ယေဇူးဘုရားရှင်ရဲ့အလိုတော်အတိုင်း ခွင့်လွှတ်တတ်ဖို့ မေတ္တာထားဖို့ အကောင်းမြင်ဖို့ ကိုယ်ကျိုးစွန့်ပြီပေးဆပ်အနစ်နာခံဖို့ သင်ပေးထားပါတယ်။လူအများစုက လောကဆံတဲ့ စိတ်ထားအတိုင်း နေထိုင်ကြတယ် မဟုတ်ဘူးလား။ ယနေ့ဧဝံဂေလိကျမ်းစာထဲက ရှင်ပေတရူးရဲ့ စိတ်ထားလိုပေါ့။ သခင်ယေဇူးက ]]ငါသည်လူအကြီးအကဲတွေရဲ့ လက်ထဲမှာ ဒုက္ခဝေဒနာများစွာ ခံစားရပြီး အသတ်ခံရမည့်အကြောင်း}} ကိုကြိုတင်မိန့်တော်မူလိုက်ပါတယ်။ အခုလို သခင်ယေဇူးက ဒုက္ခခံရမယ်၊ အသေခံရမယ်ဆိုတာကိုရှင်ပေတရူးက လုံးဝသဘောမတူဘူး။ မလိုလားဘူး။ ဒါကြောင့် သခင်ယေဇူးကို ကန့်ကွက်ပါတယ်။ဘာသာသူတို့ ရှင်ပေတရူးရဲ့ဝါဒက လူတွေကို ကယ်တင်ဖို့အတွက် ဘုရားရဲ့တန်ခိုးအာဏာနဲ့အနိုင်ယူရမယ်လို့ ခံယူထားတယ်။ သခင်ယေဇူးရဲ့ဝါဒကတော့ လူတွေကို ကယ်တင်ဖို့အတွက်နှိမ့်ချခြင်းနဲ့ အစေခံခြင်းအားဖြင့် အနိုင်ယူမယ်တဲ့။ ဘယ်သူ့ဝါဒက မှန်သလဲဆိုတာ တွေးကြည့်ကြပါ။ဘုရားရဲ့ဝါဒက လူ့ဝါဒထက် ပိုမှန်မှာပေါ့။ ဘုရားက ဒုက္ခခံ ၊ အသေခံလို့ လူတွေကသိလာကြပြီ ]] အော် . . .ဘုရားဆိုတာ ဒုက္ခခံ ၊ အသေခံတဲ့အထိ ငါတို့ကို ချစ်တဲ့ပုဂ္ဂိုလ်ပါလား}}ဆိုတာ လူတွေ သိလာကြပြီ။ လူတွေကလည်း ဘုရားကို ချစ်ရာမှာ ဒုက္ခခံ ၊ အသေခံတဲ့အထိချစ်ကြဖို့၊ သူတပါးတွေကို ချစ်ရာမှာ ဒုက္ခခံ ၊ အသေခံတဲ့အထိ ချစ်ကြဖို့ လူတွေက သိလာကြပါတယ်။နောက်ပြီး ဘုရားက ဒုက္ခခံ ၊ အသေခံပြီး ဘဝနိဂုံးချုပ်တော့တာလား၊ အရှုံးသမားအဖြစ်နဲ့ဘဝနိဂုံးချုပ်တော့တာလား။ မဟုတ်ပါဘူး။ သေရာမှ ပြန်ရှင်ပြခြင်းအားဖြင့် ဘုရားဆိုတာအသက်ပေးပိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်တယ်လို့ လူတွေ သိလာစေပါတယ်။ ဒါကြောင့် ဘုရားရဲ့ ဒုက္ခခံ ၊အသေခံတဲ့ဝါဒက မှန်တယ်။ ရှင်ပေတရူးရဲ့ လောကဆံဆံ တန်ခိုးအာဏာနဲ့ အနိုင်ယူတဲ့ဝါဒကမှားပါတယ်။ ဒါကြောင့် ရှင်ပေတရူးရဲ့ လောကဆံတဲ့အတွေးအခေါ်ကို သခင်ယေဇူးက အခုလိုငေါက်ငမ်းခဲ့တယ်။ "အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့။ သင်သည် ငါ့အတွက်အတားအဆီးဖြစ်၏။ အကြောင်းမူကား သင်သည် ဘုရားနှင့်ဆိုင်သောအရာများကို မတွေးတောဘဲလူနှင့်ဆိုင်သောအရာများကိုသာ တွေးတောနေသည်ဟု မိန့်တော်မူ၏။" ယေဇူးဘုရားရှင်လို လောကကို အောင်နိုင်ဖို့အတွက် ကျနော်တို့ကိုဘယ်လိုလမ်းညွန်ထားသလဲဆိုတော့ ]]ငါ့နောက်သို့ လိုက်လိုသောသူသည် မိမိကိုယ်ကို ငြင်းပယ်စေ၊မိမိလက်ဝါးကားတိုင်ကိုလည်း ထမ်း၍ ငါ့နောက်သို့လိုက်စေ။" ကျနော်တို့ဟာ လောကရဲ့ကျွန်ဖြစ်နေသရွေ့ ဘယ်တော့မှ ပြည့်စုံတဲ့ဘဝကို မရနိုင်ဘူး။ <ကယ်ဝတဲ့အသက်တာကို မရနိုင်ဘူး။ဒါကြောင့် ယေဇူးဘုရားရှင်က "ငါ ဆင်းကလာတာက လူတွေ အသက်ကို ရစေဖို့ တင်မကဘူးအဲဒီအသက်ကိုလည်း ကယ်ဝတဲ့အသက်တာကို ရစေဖို့အတွက် ဆင်းကလာတာဖြစ်တယ်" လို့မိန့်တော်မူပါတယ်။ (ရှင်ယောဟန် ၁၀း၁၀)ဒါကြောင့် လောကမှာ ဘယ်လိုကျင့်ကြံနေထိုင်မလဲဆိုတာ ကိုယ့်ဖါသာကို ဆုံးဖြတ်ပါ။လောကကို အောင်နိုင်ခဲ့တဲ့ ယေဇူးဘုရားရှင်ကတော့ နှိမ့်ချဖို့ ၊ မကောင်းဘက်ကိုကိုင်းရှိုင်းနေတဲ့မိမိအလိုဆန္ဒကို ငြင်းပယ်ဖို့ ၊ ဘုရားရဲ့အလိုတော်နဲ့အညီ နေထိုင်ကျင့်ကြံဖို့ ကျိုးစားရာမှအနစ်နာခံ အစေခံ ကားတိုင်ထမ်းရတဲ့အထိ ခံထမ်းဖို့ လမ်းညွန်ထားပါတယ်။ဘုရားရဲ့လမ်းညွန်ချက်အတိုင်း ကျင့်ကြံနေထိုင်မှာလား ^ ရှင်ပေတရူးရဲ့ လောကဆံဆံတန်ခိုးအာဏာနဲ့ အနိုင်ယူတဲ့ဝါဒနဲ့နေထိုင်မှာလား ။ စဉ်းစားဆုံးဖြတ်ပါ။ ကျနော်ကတော့စိန်ခေါ်တယ်၊ ဘုရားအတွေးအခေါ်အတိုင်း မနေထိုင်ဘဲ လူ့အတွေးအခေါ်အတိုင်းနေထိုင်ရင်သင်ကိုယ်တိုင် စိတ်ပျက်တဲ့ဘဝကို ရောက်လိမ့်မယ်။ မယုံရင် စမ်းကြည့်ပါ။ ဒါကြောင့်ယေဇဘုရားရှင်က အသေအချာ သတိပေးထားတာ ၊ " မိမိအသက်ကို နှမြောသောသူသည်အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက် အသက်ဆုံးရှုံးသူသည် အသက်ကို ပြန်ရလိမ့်မည်။" နောက်ဆုံးကိုယ့်အသက်ဝိညာဉ်ထက် ဘာကိုများ သင့်က တန်ဖိုးထားအုံးမှာလဲ။ ထာဝရတည်မည့်ကိုယ့်ဝိညာဉ်ကို ဘာနဲ့မျှ မလဲလှယ်နိုင်ပါဘူး။ "လူသည်ကား ဤစကြဝဠာအလုံးစုံကို အစိုးရသော်လည်းမိမိအသက်ဝိညာဉ် ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။ သို့မဟုတ် မိမိအသက်ကိုမည်သည့်အရာနှင့်လဲလှယ်မည်နည်း " လို့ ယေဇူးဘုရားရှင်က သတိပေးထားပါတယ်။ဘာသာသူတို့ ယေဇူးဘုရားရှင် လမ်းညွန်ထားတဲ့အတိုင်း ကားတိုင်ထမ်းဖို့ ၊ မိမိကိုယ်ကိုငြင်းပယ်ဖို့ ဆိုတာတွေကို သင်တို့ အခု လက်ခံချင်မှလက်ခံနိုင်မယ်။ တကယ်ကျင့်ကြံနေထိုင်ကြည့်မှ
ကောင်းမှန်းသိလာပါလိမ့်မယ်။ ဒါဟာ ဘုရားသခင်ရဲ့တန်ဖိုးတော်ကြောင့် ကားတိုင်ထမ်းတဲ့ကောင်းကြီးမင်္ဂလာ၊ မိမိကိုယ်ကို ငြင်းပယ်လို့ ရရှိတဲ့ ဘုရားရဲ့ကောင်းကြီးမင်္ဂလာတွေကိုရရှိကြပါလိမ့်မယ်။ နားဆင်သူအားလုံးအပေါ် ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာများ ခံစားကြရပါစေ။

Add new comment

2 + 3 =