ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ၂၁ကြိမ်မြောက်သာမန် တနင်္ဂနွေနေ့ ဩဝါဒ ၂၇၊ ၈၊ ၂၀၂၃

သာမန်ကာလ (၂၁)ကြိမ်မြောက်တနင်္ဂနွေနေ့
ရှင်မာတေဦး ၁၆း၁၃ - ၂၀
ယေဇူးဘုရားက သူ့ရဲ့တရားတော်ကို ကမ္ဘာမြေကြီးပေါ်မှာ အစဉ်အမြဲတည်တံ့ခိုင်မြဲစေဖို့သူ့ရဲ့အသင်းတော်ကို တည်ထောင်တော်မူပါတယ်။ လူတွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းတော်အတွက်ဘုရားသခင်ရဲ့တရားတော်အတိုင်း တည်မြဲစေဖို့ စိတ်ချရတဲ့ ခေါင်းဆောင်ကောင်းကိုခန့်အပ်တော်မူပါတယ်။ အဲဒီ ခေါင်းဆောင်ကတော့ ယုံကြည်ခြင်းထက်သန်တဲ့ တပည့်တော်ကြီးရှင်ပေတရူးဖြစ်ပါတယ်။ အသင်းတော်မှာပဲ ဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံမှာပဲ ဖြစ်ဖြစ်ခေါင်းဆောင်ကောင်းက အရေးကြီးလှပတယ်။ နိုင်ငံတစ်နိုင်ငံမှာ အုပ်ချုပ်သူခေါင်းဆောင် ကောင်းရင်အဲဒီ နိုင်ငံကလူတွေ စားဝတ်နေရေး အဆင်ပြေမယ်။ အလုပ်အကိုင် အခွင့်အလမ်း ပေါများမယ်။ပညာတတ်တွေ ပေါများပြီး အနာဂတ်နိုင်ငံတော်အတွက် စိတ်အေးရမယ်။ ငြိမ်းချမ်းသာယာမယ်။ဥပမာ စင်္ကာပူနိုင်ငံကို ဆင်းရဲတဲ့နိုင်ငံမှ ချမ်းသာတဲ့နိုင်ငံဖြစ်အောင် (၅) နှစ်အတွင်း ပြောင်းလဲပေးခဲ့တဲ့ခေါင်းဆောင် လီကွမ်ယုကို ကြည့်ပါ့လား။ နိုင်ငံတစ်နိုင်ငံမှာ အုပ်ချုပ်သူခေါင်းဆောင် မကောင်းရင်အဲဒီနိုင်ငံကလူတွေ စားဝတ်နေရေး ခက်ခမယ်။ ပြည်ပကို ထွက်ပြီး ကျွန်ခံရမယ်။ ပညာသင်ရရင်လည်းတစ်နေ့ ဝန်ထမ်းဖြစ်ပြီး လာဘ်ပေးလာဘ်ယူနဲ့ပဲ စားရမယ်။ တချိန်ကျ သူများနိုင်ငံမှာကျွန်ခံရစေမည့်ပညာရေးကို ကျွန်ပညာရေးလို့ ခေါ်တယ်။ နောက်ပြီး နိုင်ငံမှာ မငြိမ်းမချမ်းဖြစ်နေမှာပဲ။ဒါကြောင့် ယနေ့ဖတ်ရတဲ့ ကျမ်းစာများမှတဆင့် ဘုရားရှင်က ဖြစ်စေချင်တဲ့ခေါင်းဆောင်ဟာဘယ်လိုမျိုးလဲဆိုတာ ကြည့်ကြပါစို့။ ပထမကျမ်းစာ ဟေရှာယ ၁၉ မှာ ပရောဖက် ဟေရှာယမှတဆင့်ကြားရတဲ့ဘုရားသခင်ရဲ့စကားကို နားမထောင်တဲ့ ဂျူဒပြည်ခေါင်းဆောင် ရှေဗန (Shebna) ကိုဖြုတ်ချပြီးတော့ ဘုရားသခင်ရဲ့စကားကို နားထောင်မည့် ဧလျာကိမ် (Eliakim)ကို ဘုရားကရွေးချယ်ပြီး ခေါင်းဆောင် ခန့်တော်မူပါတယ်။ ဘုရားက အရင်ခေါင်းဆောင် ရှေဗနကို ဘာဖြစ်လို့ဖြုတ်ချရတာလဲဆိုရင် အဲ့ဒီခေါင်းဆောင်က သူ့ကိုယ်ကျိုးအတွက်ပဲ ကြည့်တယ်။ဘုရားတရားရေးစိတ်ထား မရှိဘူး။ ဒါကို ကျနော်တို့ သင်ခန်းစာယူရမယ်။ ခေါင်းဆောင်ကောင်းဆိုတာဘုရားတရားကိုခံယူတဲ့စိတ်ထားကြောင့် စိတ်ကောင်းနှလုံးကောင်းရှိသူ၊ မေတ္တာတရားရှိသူ၊ကိုယ်ချင်းစာစိတ်ရှိသူ၊ စေတနာထားတတ်သူ၊ ကိုယ်ကျိုးစွန့်တတ်သူ ဖြစ်ဖို့ လိုပါတယ်။ ပြည်သူ့ဘဏ္ဍာနဲ့ကိုယ့်မိသားစုကို သန်းကယ်သူဌေးတွေဖြစ်အောင်လုပ်တဲ့သူ မဟုတ်ပဲ ကိုယ့်သားသမီးအရေးကိုစွန့်လွှတ်ပြီး ပြည်သူ့အရေးကို ဘဝနဲ့ရင်းပြီး ဆောင်ရွက်သူ ဖြစ်ရမယ်။ ကိုယ်ရရှိထားတဲ့ ဆုကြေးငွေနဲ့ပြည်သူတွေရဲ့ပညာရေးအတွက် လှုဒါန်းတဲ့အထိ အနစ်နာခံတတ်တဲ့သူ ဖြစ်ရပါမယ်။ကျနော်တို့ ခရစ်ယာန်အသင်းတော်ထဲမှာလည်း အုပ်ချုပ်တဲ့သူဆိုတာဘုရားသခင်ကခေါ်တော်မူတဲ့သူ ဖြစ်ပါတယ်။ ခရစ်ယာန်အသင်းတော်ထဲမှာလည်း အုပ်ချုပ်တဲ့ ဘုန်းကြီး၊ ဆရာတော်၊ကာဒီနယ်၊ ရဟန်းမင်းကြီးဆိုတာကလည်း တရားဝင်အကြီးအကဲများရဲ့ ရွေးချယ်ထောက်ခံမှု၊ဘာသာသူတွေရဲ့ ထောက်ခံမှုနဲ့ပဲ ခန့်အပ်ခံရတာပါ။ ဒါတွေအားလုံးကိုဘုရားသခင်ရဲ့အလိုတော်နဲ့အညီ ခေါင်းဆောင်ခန့်ရတာပါ။ ပထမကျမ်းစာထဲကအတိုင်းဘုရားသခင်ကသာ ရွေးချယ်နိုင်တယ်၊ ဘုရားသခင်ကသာ ဖြုတ်ချနိုင်ပါတယ်။ အဲ့လိုပဲ ယနေ့ဖတ်ရတဲ့ဧဝံဂေလိကျမ်းစာမှာ ယေဇဘုရားရှင်က ကျောက်ဆောင်လို ခိုင်ခန့်တဲ့ယုံကြည်ခြင်းရှိတဲ့ ရှင်ပေတရူးကိုခေါင်းဆောင်ခန့်တော်မူတယ်။ "သင်သည် ပေတရူးဖြစ်၏။ ဤကျောက်ပေါ်တွင် ငါ၏အသင်းတော်ကိုငါတည်ဆောက်မည်။ ထိုအသင်းတော်ကို ငရဲ၏တံခါးတို့သည် မအောင်နိုင်ရာ။" ဒါကြောင့်ကိုယ့်ဖါသာကိုယ် ခေါင်းဆောင် မလုပ်ရပါဘူး။ ဘုရားသခင်ရဲ့အလိုတော်နဲ့အညီ အကြီးအကဲတွေရဲ့ရွေးချယ်ထောက်ခံမှုအရ၊ ဘာသာသူတွေရဲ့ထောက်ခံမှုအရ၊ ပြည်သူတွေရဲ့ မဲပေးထောက်ခံမှုအရခေါင်းဆောင်လုပ်ရတာပါ။ နိုင်ငံရေးမှာလည်း ဘယ်သူကမျှ ရွေးချယ်ထောက်ခံတာမရှိပဲကိုယ့်ဖါသာကို ခေါင်းဆောင်လုပ်ရင် တရားမဝင်ပါဘူး။အများပြည်သူရဲ့အသံကဘုရားသခင်ရဲ့အသံပါပဲ။ ဘုရားသခင်က အများပြည်သူမှ တစ်ဆင့် ခေါင်းဆောင်တွေကိုစကားပြောတာပါ၊ ပြည်သူ့ဆန္ဒကို ဖော်ပြနေတာပါ။ ဒါကို ခေါင်းဆောင်တွေက နားထောင်ရမယ်။ခေါင်းဆောင်ကောင်းတစ်ယောက် ထားရှိရမည့်အခြေခံစိတ်ထားကတော့ကိုယ့်ပြည်သူလူထုကို သားသမီးသဖွယ် ထားရှိရမည့်မိဘရင်း စိတ်ထားပါပဲ။ ဒီစိတ်ထားကိုယနေ့ဖတ်ရတဲ့ ပထမကျမ်းစာထဲမှာ အခုလို ဖေါ်ပြထားပါတယ်။ "သူသည် ယေရုရှလင်မြို့သူ၊ယုဒအမျိုးသားတို့၏အဘ ဖြစ်လိမ့်မည်" ။ ကိုယ့်ပြည်သူလူထုကို ကိုယ့်သားသမီးလို သဘောထားတဲ့လူထုခေါင်းဆောင်ကဲ့သို့ ဖြစ်ရမယ်။ ဒါကြောင့် ပြည်သူတွေ ဒုက္ခရောက်ကြတဲ့ ကိုဗစ်ကာလတုန်းကမိခင်တစ်ယောက်လို နေ့ညမပြတ် ကိုယ်တိုင် ကွက်ကဲလမ်းညွန်ပြီး စားစရာတွေ ပိုက်ဆံတွေဝေငှါပေးခဲ့တယ်မဟုတ်လား။ခေါင်းဆောင်ကောင်းရဲ့အလုပ်က နိုင်ငံ ငြိမ်းချမ်းသာယာအောင် လုပ်ပေးရမယ်။ ဒါကြောင့်ပင်လုံညီလာခံကို ပြန်လည်အသက်သွင်းခဲ့တာပေါ့။ အသင်းတော်မှာလည်း သာသနာ့ခေါင်းဆောင်ရဟန်းမင်းကြီးက ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးဆောင်နေပါတယ်။ ဒါတွေလုပ်နိုင်ဖို့အတွက် အာဏာဆိုတာရှိရပါမယ်။ အဲ့ဒီအာဏကို သော့နဲ့ ပုံခိုင်းနှိုင်းထားတယ်။ "ကောင်းကင်နိုင်ငံတော်၏သော့ကိုလည်းသင့်အား ငါပေးမည်။ ကမ္ဘာမြေကြီးပေါ်တွင် သင်ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ချည်နှောင်လျက် ရှိလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် သင်ဖြေလွတ်သမျှသည်လည်း ကောင်းကင်ဘုံ၌ဖြေလွတ်လျက်ရှိလိမ့်မည်။" သော့ဆိုတဲ့အဓိပ္ပါယ်ကတော့ အသင်းတော်ရဲ့ စည်းကမ်းဥပဒေတွေလုပ်ပိုင်ခွင့်အာဏာ၊ အသင်းတော်ရဲ့ ကျင့်ဝတ်တွေ ပြဒါန်းပိုင်ခွင့်အာဏာ၊ ယုံကြည်ရာအချက်ကိုထုတ်ပြန်ရာမှာ မမှားမယွင်းနိုင်တဲ့အာဏာ၊ အပြစ်ကို စီရင်ပိုင်ခွင့် - ခွင့်လွှတ်ပိုင်ခွင့်အာဏာတွေကိုပြောတာ ဖြစ်ပါတယ်။ ဒီလို ပြဒါန်းစီရင်ရတာကလည်း ဘာသာသူတွေရဲ့ဝိညာဉ်ကောင်းကျိုးအတွက်သာ ဖြစ်ပါတယ်။ အာဏာပြတာ မဟုတ်ရပါဘူး။ ဒီအာဏာကို
ကိုယ်ကျိုးအတွက်  ကိုယ့်တစ်စုတစ်ဖွဲ့အတွက် အသုံးချရင်တော့ ဒါဟာ အာဏာကိုအလွဲသုံးစားပြုတာပါပဲ။ခရစ်ယာန်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘုရားအပေါ်မှာ ယုံကြည်ခြင်းကြီးဖို့လိုပါတယ်။ ဒီယုံကြည်ခြင်းက စာတွေ့ မဟုတ်ရဘူး၊ ကိုယ်တွေ့ဖြစ်ရမည်။ သူတပါးရဲ့အတွေးအခေါ်ထင်မြင်ယူဆချက်လည်း မဟုတ်ရဘူး။ ကိုယ်တိုင်ကိုယ်ကျ ဘုရားကို ထိတွေ့ခံစားရလို့ယုံကြည်လာတာမျိုး ဖြစ်ရမယ်။ ဒါကြောင့် သခင်ယေဇူးက သူ့ကို သူတပါးတွေကရှေးပရောဖက်တစ်ပါးပါးလို့ ထင်ကြတယ်၊ ယောဟန်ဗတ္တိစ္စတား လို့ ထင်တဲ့သူက ထင်ကြတယ်။သူတစ်ပါးတွေက ထင်ကြတာတွေက အရေးမကြီးဘူး။ သင်တို့ တပည့်တော်ကြီးတွေကိုယ်တိုင်ကသခင်ယေဇူးကို ဘယ်လိုပုဂ္ဂိုလ်မျိုးလို့ ထိတွေ့ခံစားမိထားကြသလဲဆိုတာက ပိုအရေးကြီးတယ်။တပည့်တော်ကြီး ရှင်ပေတရူးလို သခင်ယေဇူးကို ဘုရားမှန်း သိကြရဲ့လား၊ ယုံကြရဲ့လား။ဘုရားဆိုမှတော့ သင့်ကို အသက်ပေးတဲ့သူပေါ့၊ သင့်ကို ဖန်ဆင်းတဲ့သူပေါ့။ သင့်ကိုထာဝရအသက်ပေးနိုင်တဲ့သူပေါ့။ ဒါကို ယုံရဲ့လား။ ဘုရားကို ယုံကြည်အားကိုးတဲ့အမေရိကန် ပိုက်ဆံဒေါ်လာငွေစက္ကူပေါ်မှာ ဘယ်လိုရေးထားသလဲ  We trust in God လို့ ရေးထားပါတယ်။ ဒါကြောင့် ဒေါ်လာငွေက ဘယ်တော့မှ တန်ဖိုးလျော့ကျမသွားဘူး။ဘုရားအပေါ် မယုံကြည်တဲ့ ခေါင်းဆောင်က ငြိမ်းချမ်းသာယာနိုင်အောင်လုပ်ပေးဖို့ခဲယဉ်းလိမ့်မယ်။ ဘုရားမကြောက်၊ တရားမကြောက် နိုင်ငံ ဖြစ်သွားလိမ့်မယ်။ ဘုရားကို မယုံရင်တော့ဘယ်လိုလုပ်ပြီး သခင်ယေဇူးအကြောင်းကို ဟောပြောနိုင်ပါတော့မလဲ။ ကျနော်တို့ဟောပြောနေတာက သေသွားပြီး အခုမရှိတော့တဲ့ သခင်ယေဇူးရဲ့ အယူဝါဒအကြောင်းကိုဟောပြောနေတာ မဟုတ်ဘူး။ ယနေ့ နောင်ခါ ထာဝရအသက်ရှင်နေတဲ့ သခင်ယေဇူး အကြောင်းကိုဟောပြောသက်သေခံနေကြတာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဘာသာရေးခေါင်းဆောင်တွေက အဲ့ဒီလိုကိုယ်တိုင် သေချာတဲ့ မှန်ကန်တဲ့ဘုရားအကြောင်းကို သွန်သင်ဟောပြောနေတဲ့ခေါင်းဆောင်ကောင်းတွေ ဖြစ်ရပါမယ်။သခင်ယေဇူးကို ယုံကြည်တဲ့ ယုံကြည်ခြင်းကလည်း သခင်ယေဇူးရဲ့ ဒုက္ခဝေဒနာခံထမ်းခြင်း၊အသေခံခြင်းနဲ့ သေရာမှပြန်ရှင်ခြင်းတွေအပေါ်မှာ မူတည်တဲ့ ယုံကြည်ခြင်းလည်း ဖြစ်ရပါမယ်။ ရှင်ပေတရူးက သခင်ယေဇူးကို ဘုရားရဲ့သားတော်မှန်း ယုံကြည်ပေမဲ့ သခင်ယေဇူးရဲ့ လက်ဝါးကားတိုင်လမ်းစဉ်ကို လက်မခံချင်တဲ့သူ ဖြစ်လို့ သူ့ယုံကြည်ခြင်းက မလုံလောက်သေးပါဘူး။ ဒါကြောင့်ရှင်ပေတရူး ယုံကြည်ဝန်ခံတဲ့ ခရစ်တော်ဖြစ်ကြောင်းကို ဘယ်သူ့ကိုမျှ မပြောကြနဲ့လို့ သခင်ယေဇူးကတားမြစ်တာပေါ့။ ဘယ်သူ့မျှ မပြောနဲ့ - သူတို့ဖါသာသူတို့ ရှာဖွေတွေ့ရှိပါလေးစေ။ သူများကပြောလို့ ယုံရတာထက် ကိုယ်ကိုယ်တိုင် ထိတွေ့ခံစားရပြီးမှ ယုံကြည်လာတာက ပိုကောင်းတယ်။ဒါကြောင့် ဘာသာသူတို့လည်း ယေဇူးဘုရားရှင်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ထိခံစားပြီးမှယုံကြည်ခြင်း ထက်သန်လာစေချင်ရင် များများဆုတောင်းပါ၊ ကြာကြာစဉ်းစားဆင်ခြင်ပါ။ ဒီအခါဘုရားသခင်က သင့်ကို စကားပြော လမ်းညွန်လာပါလိမ့်မယ်။နားဆင်သူအားလုံးအပေါ် ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာများ ခံစားကြရပါစေ။

 

Add new comment

2 + 14 =