ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) သာမန်ကာလ (၁၅) ကြိမ်မြောက် တနင်္ဂနွေနေ့  သြဝါဒ ၁၀၊ ၇၊ ၂၀၂၂

    ဒီကနေ့ ဧဝံ‌ဂေလိကျမ်းစာတော်မြတ်မှာ ကောင်းသောဆာမာရီတန်အကြောင်း ဖတ်ရှုကြားနာရတယ်။ ခဏ ခဏ ကြားနေ‌ရတဲ့

ကျမ်းချက်ဖြစ်တယ်။ အားလုံးနဲ့ ရင်းနှီးနေပြီးသား ကျမ်းပိုဒ်ဖြစ်ပေမဲ့ နားလည်ရလွယ်သလိုဖြစ်ပေမဲ့ ကျွန်ုပ်တို့ရဲ့ ဝိညာဉ်ရေးရာ

အသက်တာအတွက်သာမက နေ့စဉ်ဘဝအသက်တာအတွက်ပါ အမြဲထောက်ရှုကျင့်ကြံရမဲ့ ကျမ်းပိုဒ်တစ်ခု ဖြစ်တယ်။ 
ကျမ်းတတ်ဆရာက ကျွန်ုပ်နဲ့နီးစပ်သူက ဘယ်သူလဲလို့ သခင်ယေဇူးကို မေးတယ်၊ သခင်ယေဇူးက ပုံဥပမာနဲ့ ပြောပြပြီး

 သုံးယောက်ထဲက ဘယ်တစ်ယောက်က ဒဏ်ရာရနေတဲ့သူရဲ့ နီးစပ်သူ ဖြစ်သလဲလို့ ပြန်မေးခဲ့တယ်။ *ဘယ်သူက နီးစပ်သူလဲ။
   နိုင်ငံတူ၊ လူမျိုးတူ၊ ဒေသတူ၊ ဘာသာတူ ဒါမှမဟုတ် အိမ်နီးနားချင်းတွေကို အများပိုင်းက ကိုယ်နဲ့ရင်းနှီးတဲ့သူ၊ စိတ်သဘာထား

တိုက်ဆိုင်တဲ့သူ ၊ တစ်ခုခုတူတဲ့သူထဲကလို့ တွေးလိုက်မိမှာပါပဲ။ လူ့အတွေးသဘာဝအရ ဒီလိုတွေးတာ သဘာဝကျပါတယ်၊ မမှားပါဘူး။

ဒီလိုဆို ဒီကျမ်းပိုဒ်ထဲမှာ - ပထမ နှစ်ယောက်က ဒဏ်ရာရတဲ့သူနဲ့ လူမျိုးတူ ဂျူးဖြစ်လို့ သူနဲ့ နီးစပ်သူတွေလို့ ပြောလို့ ရပါတယ်။

ဒါပေမဲ့ သူတို့တွေက သခင်ယေဇူးသွန်သင်တဲ့ နီးစပ်သူ မဖြစ်ခဲ့ကြပါဘူး၊ အရည်အချင်း မပြည့်မှီခဲ့ကြပါဘူး။ 
         ယေဇူးသခင် သွန်သင်ချက်မှာ ဒဏ်ရာရ၊ ဒုက္ခရောက်ပြီး လဲကျ သေဆုံးခါနီးဖြစ်နေသူကို ဘာမှမတူ၊ ဘာမှမတော်ပေမဲ့

ကူညီခဲ့သူ ဆာမာရီတန် လူမျိုးသာ နီးစပ်သူ ဖြစ်ပါတယ်။ လူမျိုးမတူတဲ့သူကို တားမြစ်ချက်၊ စည်းမျဉ်း ဥပဒေ ဘောင်တွေကို ကျော်လွန်ပြီး

 ကိုယ်ကျိုးစွန့် ကူညီခဲ့သူ ဖြစ်တယ်။  ဒီကနေ့ ကျမ်းစာတော်မြတ်က ယေဇူးသခင်နောက် လိုက်လျှောက်သူအားလုံးကို ကောင်းသော

ဆာမာရီတန်လို လိုက်ကျင့်ဖို့ ဖိတ်‌ခေါ်နေတယ်။ ကိုယ်တော်နဲ့ ပိုမိုနီးစပ်ဖို့အတွက် ကိုယ်တော်ရဲ့ ဖိတ်ခေါ်သံတွေ နားစွင့်ပြီး သွန်သင်ချက်

တွေအတိုင်း အတတ်နိုင်ဆုံး ကြိုးစား ကျင့်ကြံဖို့ လိုအပ်တယ်။ စည်းမျဉ်းဥပဒေတွေက အများကောင်းကျိုးအတွက် အထောက်အကူသာ

ဖြစ်သင့်တယ်။ အချင်းချင်းကူညီရိုင်းပင်းဖို့၊ တရားမျှတမှု ရှိဖို့အတွက်သာ ဖြစ်ရမယ်။ ယေဇူးသခင်ရဲ့ စိတ်ဓာတ်တော်အတိုင်း၊ သွန်သင်ချက်

တွေအတိုင်း လိုက်နာကျင့်ဆောင်ဖို့ ၊ အားငယ်သူကို ဖေးမဖို့၊ လိုအပ်သူတွေကို ကူညီဖို့၊ ဂရုဏာရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ အဟန့်အတား

ဖြစ်နေခဲ့ရင် ပြန်လည်းစဉ်းစားသုံးသပ်သင့်တယ်။ 
       *ယေဇူးသခင်သွန်သင်တဲ့ နီးစပ်သူဆိုတာ အနီးအဝေး အကွာအဝေးမရှိ၊ ရင်းနှီးတာ မရင်းနှီးတာနဲ့ မဆိုင်၊ ကိုယ်ရောက်တဲ့နေရာ၊

ရှိနေတဲ့အရပ်မှာ အကူအညီလိုအပ်သူ အားလုံးကို တတ်စွမ်းသမျှ ကူညီပေးတဲ့သူ ဖြစ်တယ်။ ကိုယ့်ရဲ့ မိသားစု အိမ် အတွင်းက ဖြစ်နိုင်သလို၊

နိုင်ငံ မတူတဲ့သူလည်း ဖြစ်နိုင်တာပါပဲ။ ကျွန်ုပ်တို့တွေ ဒီအရည်အချင်းတွေနဲ့ ပြည့်မှီခဲ့တဲ့ အချိန်တွေ ရှိခဲ့မယ်ဆိုတာ သေချာပါတယ်၊ မပြည့်မှီခဲ့တဲ့

အချိန်တွေရှိခဲ့မှာလည်း အမှန်ပါပဲ။ ကိုယ်ရဲ့ အခြေအနေကို ကိုယ်သာ အသိဆုံး ဖြစ်ပါတယ်။ ကျွန်ုပ်တို့ လိုအပ်နေချိန်မှာ ကူညီခဲ့သူတွေ၊

ကျွန်ုပ်တို့အတွက် နီးစပ်သူ ကောင်းသောဆာမာရိတန် ဖြစ်ခဲ့သူတွေလည်း အများကြီး ရှိမှာ သေချာပါတယ်။ ဒီကနေ့ ထိုသို့သော သူများကို

ပေးသနားတဲ့ ဘုရားရှင်ကို ကျေးဇူးတင်ရင်း သူတို့အတွက် ဆုတောင်းပေးကြစို့။ ကျွန်ုပ်တို့လည်း နေ့စဉ်ဘဝအသက်တာမှာ တွေ့ဆုံရသူတွေ၊

အကူအညီ လိုအပ်နေသူတွေရဲ့  နီးစပ်သူတွေ ဖြစ်နိုင်ဖို့ ကြိုးစားသွားကြပါစို့။

Add new comment

12 + 5 =