ဖာသာရ် ပါစကား သီကိုရှင်း ဝါတွင်းကာလ တတိယ အပတ် တနင်္ဂနွေနေ့ ဩဝါဒ မတ်လ ၇၊ ၂၀၂၁

မင်္ဂလာရှိသော ဒေါသများ ထွက်ပေးကြပါ

နှုးညံ့သိမ်မွေ့လွန်းပါတယ်ဆိုတဲ့ ယေဇူးဘုရားက ဗိမ္မာန်တော်ထဲမှာ ဒေါသ ခပ်ပြင်းပြင်း ထွက်ပြီး ဗိမ္မာန်တော်ကို ရှင်းလင်းတာကို ဒီတစ်ပတ် တနင်္ဂနွေကျမ်းစာမှာ ဖတ်ရူရပါတယ်။ တော်ရုံ ဒေါသ မထွက်ပြတတ် တဲ့ ခရစ်တော်ဘုရားက ဘာလို့ ဒီလောက် ဒေါသ တကြီးဖြစ်ရတာလဲဆိုတာ တကယ်ကို စဉ်းစားစရာပဲ။ ဒေါသ အမျက်ထွက်ခြင်းဆိုတာ အပြစ်ရင်း (၇) ပါးထဲက အပြစ်ကြီးတစ်ခု။ ဒါဆိုရင် ကိုယ်တော်က ဒေါသ ထွက်တာ အပြစ်ကျူးလွန်တာပဲလို့ ဆိုရမလား။ မဟုတ်ပါဘူး။ သည်းခံနိုင်တဲ့ အတိုင်းအတာ လွန်သွားတဲ့ အခါမှာ လူတိုင်းက ဒေါသထွက်တတ်တယ်။ ဒေါသထွက်တာကိုပဲ ကြည့်လို့မရဘူး။ ဒေါသနဲ့အတူ ပြုလုပ်လိုက် တဲ့ လုပ်ရပ်ကိုကြည့်ပြီး ထွက်သင့်လား မထွက်သင့်လားဆိုတာ ထည့်တွက်ရပါမယ်။ ကိုယ်တော်က သူ့ကို ညှင်းပမ်းနှိပ်စက် ဆဲရေးတိုင်းထွာ၊ လှောင်ပြောင်ကဲ့ရဲ့ နောက်ဆုံး အသေသတ်ဖို့ လုပ်တဲ့သူတွေကိုတောင် ဒေါ သ တစ်စက်လေးမှ မထွက်ခဲ့တဲ့သူက ဗိမ္မာန်တော်ထဲမှာ ဒေါသ အလိပ်လိုက်ထွက်တာဟာ သာမန်ကာလျံကာ မဟုတ်ပါဘူး။ သူ့အတွက် ဒေါသထွက်ရတာ အကြောင်းအရင်းရှိပါတယ်။

ဘုရားရဲ့ ဗိမ္မာန်တော်ထဲမှာ လူတွေက စျေး၀ယ်ဖောက်ကားခြင်းတွေပြုနေကြပါတယ်။ ဂျူးလူမျိုးတွေ အတွက် ဗိမ္မာန်တော်ထဲမှာ ၀တ်ပြုတဲ့အခါ အထူးသဖြင့် ယဇ်ပူဇော်ခြင်းတွေ ပြုလုပ်ဖို့ သိုး၊ ဆိတ်၊ ချိုးငှက် တိရစ္ဆာန် တွေ လိုအပ်တယ်။ ဒီအကောင်တွေကို ၀ယ်ဖို့ တခြားနေရာမှာ ရှာရတာ သိပ်အဆင်မပြေဘူး။ ဗိမ္မာန်တော် အနီးအနား ၀န်းကျင်မှာ အလွယ်တကူ ရနိုင်တာမို့ ဗိမ္မာန်တော်က တဖြေးဖြေး စျေးပွဲတော်ကြီး ဖြစ်လာခဲ့တယ်။ ဒီပူဇော်ရာယဇ်ကောင်တွေ ၀ယ်တဲ့အခါမှာလည်း လူမျိုးခြား ပိုက်ဆံကို သုံးခွင့်မရှိဘူး။ လူမျိုးခြား ဆိုရင် မသန့်ရှင်းဘူးလို့ သတ်မှတ်ကြတဲ့ အစဉ်အလာရှိတယ်။ ရောမ ဒင်္ဂါးပြားတွေဆိုရင် ဆီဆာဘုရင်ရဲ့ ခေါင်းနဲ့ သွန်းထုကြတာရှိသလို၊ နတ်ဘုရားတွေရဲ့ ပုံတော်တွေနဲ့ သွန်းထုတာလည်း ရှိတာမို့ ပိုက်ဆံလဲလှယ်ပေးရတဲ့နေရာတွေလည်း ရှိလာရတယ်။ စျေးရောင်း စျေး၀ယ်သူ၊ ပိုက်ဆံလဲလှယ်သူတွေနဲ့ ဗိမ္မာန်တော်ကြီးက တလွဲစည်းကားနေပြီး ဘုရားနဲ့တွေ့ဆုံ၀တ်ပြုခြင်းဆိုတာ တစ်စစနဲ့ ပျောက်ကွယ်နေပါတယ်။ စီးပွားရေးဆန်လွန်းတဲ့ ဒီဗိမ္မာန်တော်မှာ ဆင်းရဲသားတွေဆိုတာ တစ်ဖက်စွန်းက မေ့လျော့ခံလူတန်းစားတွေပေါ့။ အမှန်တော့ ဗိမ္မာန်တော်က ဆင်းရဲချမ်းသာ ရုပ်လတ်မရွေး လူတန်းစားအားလုံး ဘုရား၀တ်ပြုနိုင်ရေးအတွက် တည်ဆောက်ထားတာပါ။ မတရားမှုတွေ၊ အကျင့်ပျက်ခြစားခြင်းတွေ လှိုက်စားနေတဲ့ ဗိမ္မာန်တော်ကြီးက အကျည်းတန်နေပြီဆိုတာကို ဘာသာရေးခေါင်းဆောင်တွေက သတိမမူမိတဲ့အပြင် အားပေးအားမြောက်ပါ လုပ်နေကြသေးတယ်။

ဗိမ္မာန်တော်မှ စျေးပွဲတော် တစ်ဖြစ်လဲ ပြောင်းသွားခဲ့ခြင်းက သခင်ခရစ်တော်ရဲ့ ဒေါသ ကို အလိပ်လိုက်ထွက်စေခြင်း အစပဲ။ ဒီဗိမ္မာန်တော်ကို ရှင်းလင်းဖို့ သူ စခဲ့တော့တယ်။ ပိုက်ဆံလဲလှယ်နေတဲ့ စားပွဲတွေဆီသွား အကုန်လှန်မှောက်ပစ်တယ်။ ဒင်္ဂါးပြားတွေလည်း ဟိုတစ်စ ဒီတစ်စ လွင့်စင်ကုန်တယ်။ စျေးသည် တွေကိုလည်း မောင်းထုတ်ပစ်ကာ တိရိစ္ဆာန်တွေကိုလည်း အကုန် လွှတ်ပစ်တယ်။ “ငါ့အဖရဲ့ အိမ်တော်” မှ ချက်ချင်းထွက်သွားကြဆိုပြီး အမိန့်ပါ ပေးလိုက်တယ်။ စျေးသည်တွေကို မောင်းထုတ်ရင်း ကိုယ်တော်ပြောခဲ့တာတစ်ခုက “စုံလင်ခြင်းသို့ရောက်ရမယ့် အချိန်ကျပြီ”တဲ့။ ကိုယ်တော်ကြွလာခြင်းအားဖြင့် စစ်မှန်တဲ့ ဘာသာတရားဆိုတာ ဘာလဲလုိ့ ကိုယ်တော်က ဖွင့်ဟပြခဲ့ပါတယ်။ ဘုရားကိုလည်း ကိုယ်တော့်ရဲ့ ဖခင်လို့ ပြောခြင်းအားဖြင့် သူ့ရဲ့ ပြောဆို ပြုမူခြင်းတွေဟာ ဘုရားရဲ့သားတော်တစ်ပါး အနေနဲ့ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ ချပြလိုက်တာပဲ။

ဒီနေရာမှာ ဘုရားရဲ့ ဗိမ္မာန်တော်ကို အဆင့် ၄ မျိုးခွဲခြား နားလည်လို့ရပါတယ်။ ပထမအချက်၊ ဗိမ္မာန်တော်ဆိုတာ ဂျေရုဆလင်မြို့က အီစရာအဲလ် လူမျိုးတွေ အသုံးပြုတဲ့ ၀တ်ပြုရာ အိမ်တော်ကို ရည်ညွှန်းတယ်။ ဘုရားနဲ့ လူ ဆုံတွေ့ရာ သန့်ရှင်းမြင့်မြတ်တဲ့ နေရာတစ်ခုဖြစ်တယ်။ သန့်ရှင်းမွန်မြတ်တဲ့ ဗိမ္မာန်တော်ကို စျေးတစ်ခုလို ညစ်နွမ်းစေအောင် လုပ်ခဲ့ကြတာမို့ ယေဇူးဘုရားက ပြန်လည်သန့်စင်စေဖို့ လုပ်ခဲ့တယ်။ ဘုရားရှိတဲ့ နေရာ၊ ကျေးဇူးတော်တွေ ပေးဝေနေတဲ့နေရာကို သပ္ပါယ်အောင် တန်ဖိုးထား ကာကွယ်ရမယ့်တာ၀န်ရှိပါတယ်။ ဒါကြောင့် ဘုရားသွား ကျောင်းတက်တဲ့အခါ သပ်သပ်ရပ်ရပ်လေးဖြစ်အောင် အ၀တ်အစားကအစ ပြင်ဆင်ကြရတယ်မဟုတ်လား။ ဘုရားကျောင်းကိုလည်း သပ္ပါယ်အောင် အနုပညာ လက်ရာတွေ၊ ပန်းအလှဆင်ခြင်းတွေနဲ့ တန်ဆာ ဆင်ကြရတယ်။ ဒါဟာ ကောင်းတဲ့အရာတစ်ခုပါ။

ဒုတိယအချက်နေနဲ့ ဗိမ္မာန်တော်ဆိုတာ သခင်ယေဇူးက သူ့ရဲ့ ကိုယ်ခန္ဓာကို ပြောခြင်းဖြစ်တယ်။ သုံးရက်အတွင်း ပြန်တည်ဆောက်မယ်လို့ ပြောတာဟာ နှစ်ပေါင်း ၄၀ ကျော် တည်ဆောက်ခဲ့ရတဲ့ ဗိမ္မာန်တော်ကြီးကို ပြောတာမဟုတ်ပါဘူး။ ကိုယ်တော့်ရဲ့ ခန္ဓာကိုယ်ဟာ ဘုရားရဲ့ဗိမ္မာန်တော်ပါလို့ ပြောခဲ့တယ်။ ဒုက္ခခံ၊ အသေခံပြီး သုံးရက်မြောက်မှာ ဒီခန္ဓာကိုယ်ကြီးနဲ့အတူ ကိုယ်တော်က ရှင်ပြန်တော်မူမယ်ဆိုတာကို ကြိုတင်မိန့်ခဲ့ပါတယ်။ ခရစ်ယာန်တစ်ယောက်အနေနဲ့ ခရစ်တော်အားဖြင့် ခရစ်တော်၌ ဘုရားနဲ့တွေ့ဆုံခွင့်ရှိလာ တယ်။ အခမည်တော်ဘုရားဆိုတာ ဘယ်သူဘယ်ဝါဆိုတာ ခရစ်တော်အားဖြင့် သိခွင့်ရခဲ့ကြတယ်။ သားတော် ကို သိရင် အဖခမည်းတော်ကိုလည်း သိတယ်။ သားတော်ကို တွေ့ဆုံရင် အဖခမည်းတော်ကိုပါ တွေ့ဆုံကြပါ တယ်။ ဘာလို့လဲဆိုတော့ သားတော်ဘုရားက ခမည်းတော်ဘုရားနဲ့အတူ ပေါင်းစည်းနေတဲ့ လူသားစင်စစ်၊ ဘုရားစင်စစ် ဖြစ်တော်မူတဲ့အတွက်ကြောင့်ပါပဲ။

တတိယအချက်ကတော့ ဗိမ္မာန်တော်ဆိုတာ အသင်းတော်ကြီးကို ညွှန်းဆိုခြင်းပဲဖြစ်ပါတယ်။ ဘုရားရဲ့ အိမ်တော်ဟာ ယုံကြည်သူ သားသမီးတွေ အတူစုဝေးတည်ရှိနေတဲ့ အသင်းတော်ကြီးပဲ။ အသင်းတော်ဆိုတာ ဘုရားရဲ့ လူမျိုးတော်တွေကိုခေါ်တာ။ ဒါကြောင့် ဘုရားရဲ့သားသမီးတွေ ရှိတဲ့ ဘုရားရဲ့ အိမ်တော် အသင်းတော်ကို လေးစားကြရမယ်။ နားထောင်ကြရမယ်။ မိခင်သဖွယ်ချစ်မြတ်နိုးရမယ်။ အသင်းတော်ထဲမှာ ပါ၀င်လှုပ်ရှားကြရမယ်။ တို့တတွေဟာ ခရစ်တော်ရဲ့ ခန္ဓာကိုယ်ကို တည်ဆောက်ကြသူတွေ။ ရိုသေလေးစား မြတ်နိုးခြင်းတွေနဲ့ ဒီအသင်းတော်ကို ကာကွယ်စောင့်ရှောက်ဖို့လိုပါတယ်။

နောက်ဆုံးအချက်အနေနဲ့ တို့အားလုံးဟာ ဘုရားရဲ့ ဗိမ္မာန်တော်လေးတွေ။ သန့်ရှင်းသော ဝိဉာဉ်တော် ဘုရား ကိန်း၀ပ်ရာ ဗိမ္မာတော်တွေဖြစ်ပါတယ်။ ကိုယ်တော်မြတ်စက္ကရမင်တူးကို ပင့်ယူတိုင်း ဘုရားသခင်ကို တို့ရဲ့ ဗိမ္မာန်တော်ထဲမှာ ဖိတ်ခေါ်ကြတယ်။ သန့်ရှင်းတဲ့ ဘုရား ကိန်း၀ပ်တာမို့ တို့နှလုံးသားဗိမ္မာန်လေးတွေ သန့်ရှင်းဖို့လိုတယ်။ အပြစ်ပြုခြင်းဖြင့် မညစ်နွမ်းစေဖို့ သတိပြုကြိုးစားရမယ်။ လူအားလုံးကို ဘုရားရဲ့ ဗိမ္မာန်တော်အဖြစ်တန်ဖိုးထားရပါမယ်။ လူတိုင်းက မြင့်မြတ်တယ်။ လူ့ဂုဏ်သိက္ခာအပြည့်အ၀ရှိတယ်။ လူ့အခွင့်အရေးနဲ့ လူ့သိက္ခာကို ချိုးဖောက်တာဟာ ဘုရားရဲ့ ဗိမ္မာန်တော်ကို ဖျက်စီးတာနဲ့အတူတူပါပဲ။

ဒါကြောင့် လတ်တလောမှာ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာမဲ့အောင် လုပ်နေကြတဲ့ မြန်မာပြည်က စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေ မြင်တွေ့တဲ့အခါတိုင်း ဒေါသ ထွက်ပေးရပါမယ်။ အထူးသဖြင့် ဒုက္ခတွေ ခါးစည်းရင်ဆိုင်နေရသူတွေ မတရားမူတွေကြားမှာ အပြစ်မဲ့စွာ သတ်ဖြတ် ခံနေရတဲ့သူတွေအတွက် မွန်မြတ်သော ဒေါသကို ထွက်ပေးဖို့ လိုပါတယ်။ သခင်ယေဇူးကလည်း ဒေါသ ထွက်ခဲ့တယ်။ မခံမရပ်နိုင်လွန်းလို့ ဗိမ္မာန်တော်ကို သန့်စင်စေချင်လွန်းလို့ သန့်ရှင်းတဲ့ ဒေါသကို သူထွက်ခဲ့တာ။ ဒေါသက ကိုယ်ကျိုးအတွက် မဟုတ်ဘူး။ အများကောင်းကျိုး၊ အမှန်တရား၊ တန်ဖိုးတရားတွေကို ရှေ့ရှုတဲ့ အခါမှာ ထွက်ပေါ်လာတဲ့ ဒေါသဟာ အပြစ်မဖြစ်ပါဘူး။ ဒီလို ဒေါသကို သန့်ရှင်းတဲ့ ဒေါသ၊ မင်္ဂလာရှိတဲ ဒေါသလို့ ခေါ်ရပါမယ်။ ဝါတွင်းကာလမှာ ကိုယ်ကျိုးမဖက်ဘဲ အမှန်တရားရှေ့ ရှုတဲ့ အများကောင်းကျိုးအတွက် သန့်ရှင်းတဲ့ မင်္ဂလာဒေါသလေးတွေ ထွက်ပေးကြရအောင်။ ပြီးတော့ ဒီဒေါသကို ဘုရားရဲ့ အလိုတော်အတိုင်း ကောင်းကျိုးတစ်စုံတစ်ရာကို ဦးတည်နိုင်အောင် ကြိုးစားကြပါစို့။

သီကိုရှင်း

Add new comment

11 + 5 =