ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူပွဲတော်

ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူပွဲတော်
********************************
FR. CAMILLUS SUAN SDB

လူတွေ နားလည်သဘောပေါက်အောင် ရှင်းပြရအခက်ဆုံး ယုံကြည်ခြင်းတရားရဲ့ နက်နဲရာအချက်ကတော့ ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူအကြောင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားရှင်ရဲ့အဖြစ်တော်ဟာ အင်မတန်မှ နက်နဲဆန်းကျယ်လွန်းတဲ့အတွက်ကြောင့် လူ့ရဲ့ပုဇွန်ဦးနှောက်နဲ့ မမှီနိုင်လို့ပါ။

၁။ ပန်း၊ နေမင်းကြီးနဲ့ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူအား နှိုင်းယှဉ်ခြင်း
အပြည့်အဝနားမလည်နိုင်ပေမယ့်လို့လည်း နည်းနည်းပါးပါးနားလည်နိုင်အောင် ကြိုးစားတဲ့အနေနဲ့ မပြည့်စုံတဲ့ နှိုင်းယှဉ်မှုတစ်ခုနှစ်ခုဖြစ်တဲ့ ပန်း နဲ့ နေမင်းကြီးကို အသုံးပြုပြီး ခိုင်းနှိုင်းမှုလုပ်ချင်တယ်။

(၁) ပန်းတစ်ပွင့်မှာ ပွင့်ဖတ်၊ အရောင်နဲ့မွှေးကြိုင်တဲ့ရနံ့ သုံးမျိုးပေါင်းစည်းထားပေမယ့် ပန်းကတစ်ပွင့်သာဖြစ်နေသလို ဘုရားတစ်ဆူတည်းမှာပင် ပန်းပွင့်ရဲ့ ပွင့်ဖတ်လို ခမည်းတော်ဘုရား၊ ပန်းရဲ့မွှေးကြိုင်တဲ့ရနံ့လို သားတော်ဘုရား၊ ပန်းရဲ့လှပတဲ့အရောင်လို ဝိညာဉ်တော်ဘုရား ဆိုပြီး ပုဂ္ဂိုလ်သုံးပါးရှိတယ်။

(၂) နေမင်းကြီးက တစ်ပါး(ခု)တည်းဖြစ်ပေမယ့်လည်း ဒြပ်ဝတ္ထုကိုယ်ထည်၊ အနွေးဓါတ်နဲ့ အလင်းရောင်တွေ ဖြာထွက်နေတယ်။ ထိုနည်း၎င်းပဲ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူမှာလည်း နေမင်းကြီးရဲ့ ဒြပ်ဝတ္ထုကိုယ်ထည်လို ဖန်ဆင်းရှင်အဖခမည်းတော်ဘုရား၊ နေမင်းကြီးက အနွေးဓါတ်ပေးနေသလို ဘုရားရှင်ရဲ့နွေးထွေးတဲ့မေတ္တာတွေပေးနေတဲ့ သားတော်ဘုရားနဲ့ နေမင်းကြီးရဲ့ အလင်းရောင်လို ယုံကြည်ခြင်းအလင်းကျေးဇူတော်တွေ အစဉ်ပေးနေတဲ့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားမြတ် တည်ရှိနေပါတယ်။

၂။ ဓမ္မဟောင်းက ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူရဲ့ ပုံရိပ်တစ်ချို့
(၁) ကမ္ဘာဦးကျမ်း ၁း၂၆
“တစ်ဖန်ဘုရားသခင်က၊ ငါတို့ပုံသဏ္ဍာန်တော်နှင့်အညီ၊ တစ်ဏ္ဍာန်တည်းလူကို ဖန်ဆင်းကြစို့။” ဒီနေရာမှာ ဘုရားရှင်က “ငါ”လို့ မသုံးဘဲ “ငါတို့ လူကိုဖန်ဆင်းကြစို့”လို့ သုံးတာက ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူရဲ့ နာမတော်ကို အတိအလင်းမဖော်ထုတ်ထားပေမယ့်လည်း အရိပ်အမြွက်တော့ ဖော်ပြထားတယ်။

(၂) ကမ်ဘာဦး ၁၁း၁-၈
လူတွေက ဘုရားသခင်ကိုအားမကိုးဘဲ ကိုယ့်အားကိုကိုးပြီး မိုးကောင်းကင်ကိုမှီတဲ့ ရဲတိုက်ကိုဆောက်တော့ လူတွေရဲ့အကြံအစည်ကိုတားဆီးဖို့ ဘုရားသခင်က-“လာကြ၊ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနားမလည်စေခြင်းငှာ၊ သူတို့စကားကိုရှုပ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏”(၇)။ ဒီနေရာမှာ ဘုရားရှင်က တစ်ပါးတည်းရဲ့ လုပ်ဆောင်ချက်အစား ပုဂ္ဂိုလ်သုံးပါးရဲ့ လုပ်ဆောင်ချက်အဖြစ် ဖော်ပြအသုံးပြုထားတာလို့ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူအကြောင်းကိုတော့ အရိပ်အမြွက်လေး ဖော်ပြထားတာတွေ့ရပါတယ်။

(၃) ကမ်ဘာဦး၁၈း၂-၃
“အာဗြဟံသည် မျှော်ကြည်၍့် မ်ိမိရှေ့မှာ လူသုံးယောက်ရပ်နေကြသည်ကို မြင်သောအခါ ခရီးဦးကြိုပြုခြင်းငှာ တဲတံခါးဝမှ မြေသို့ဦးညွတ်ချလျက်၊ အကျွန်ုပ်သခင်၊ ရှေ့တော်၌် အကျွန်ုပ်သည် မျက်နှာရလျှင်၊ ကိုယ်တော်ကျွန်မှ လွန်၍ မသွားပါနှင့်”။ ဒီကျမ်းပိုဒ်မှာလည်း အာဗြဟံရဲ့ဧည့်သည်တော်သုံးယောက်အားဖြင့် ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူရဲ့ အရိပ်အမြွက်ကိုဖော်ပြထားပါတယ်။

၃။ ဓမ္မသစ်နဲ့ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူရဲ့ ပုံရိပ်
ရှင်မာကု ၉း၇
“ထိုအခါ မိုးတိမ်သည် သူတို့ကိုဖုံးလွှမ်း၍ မိုးတိမ်ထဲမှ အသံလာသည်ကား ဤသူသည် ငါအလွန်နှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း”။

ဒီကျမ်းပိုဒ်မှာလည်း ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူအကြောင်း အတိအလင်းမဖော်ပြထားပေမဲ့ ခမည်းတော်ဘုရားရဲ့’အသံ’၊ သူ ‘ချစ်မြတ်နိုးတော်မူလှသော’ သားတော်ဘုရားနဲ့ ‘သူတို့ကိုဖုံးလွှမ်းထားသော’ သန့်ရှင်းသောဝိညာဉ်တော်ဘုရားတို့ သုံးပါးစလုံးပါရှိနေတာကို တွေ့ရတယ်။

၄။ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူပွဲတော်နေ့ကြီးရဲ့ ပထမကျမ်း ၃၄း ၄-၆၊ ၈-၉
ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူပွဲတော်နေ့ကြီးရဲ့ ပထမကျမ်း - ထွက်မြောက်ရာကျမ်း ၃၄း ၅ကို ဖတ်ကြည့်တော့-“ထာဝရဘုရားသည် မိုးတိမ်ဖြင့် ဆင်းသက်၍် ၊ ထိုအရပ်၌် မိုးဇက်အနားမှာရပ်လျက်၊ ထာဝရဘုရား၏ နာမတော်ကို ကြွေးကြော်တော်မူ၏”လို့ ရေးသားထားပါတယ်။ ဒီကျမ်းပိုဒ်မှာလည်း ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူအကြောင်း အတိအကျမဖော်ပြထားပေမယ့်လို့ “ထာဝရဘုရား”လို့ဆိုတာဟာ ခမည်းတော်ဘုရားဖြစ်ပြီး၊ “မိုးတိမ်ဖြင့်ဆင်းသက်ခြင်းခြင်း”လို့ဆိုတာက သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းသက်ခြင်းကို အရိပ်အမြွက်နဲ့ ဖော်ပြသွားခြင်းဖြစ်တယ်။ အခန်းငယ် (၉)ကို ဖတ်ကြည့်တဲ့အချိန်မှာတော့ - “အိုဘုရားသခင်၊ အကျွန်ုပ်သည် ရှေ့တော်၌် မျက်နှာရလျှင် အကျွန်ုပ်သခင်သည် (my Lord) အကျွန်ုပ်တို့နှင့်အတူ ကြွတော်မူပါစေသော၊ အကျွန်ုပ်တောင်းပန်ပါ၏”လို့ ဖော်ပြရေးသားခြင်းအားဖြင့် “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသော ဧမာနူအဲလ်ဘုရား”(မာတေဦး ၁း၂၃)၊ “လူ့အဖြစ်ကို ယူတော်မူသော သားတော်ဘုရား”(ယောဟန်၁း၁၄) သခင်ယေဇူးခရစ်တော်ဖြစ်တယ်ဆိုတာ အရိပ်အမြွက်ကို ဖော်ပြထားပါတယ်။

တကယ်တော့ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူအကြောင်းက နားလည်သဘောပေါက်အောင်ရှင်းပြရမယ့် နက်နဲရာအချက်မဟုတ်ဘဲ ဒီနက်နဲရာအချက်ကို လက်ခံယုံကြည်ပြီး၊ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူထဲမှာ တည်ရှိနေတဲ့ ချစ်ခြင်းမေတ္တာ၊ ကောင်းမြတ်ခြင်း၊ စည်းလုံးညီညွတ်ခြင်းတွေကို အတုယူလိုက်ကျင့်နေထိုင်ရမှာဖြစ်တယ်။

ပထမနေနဲ့ ကျွန်တော်တို့ ဆုတောင်းမေတ္တာပြုတိုင်း၊ မစ္ဆားတရားကျင်းပတိုင်း၊ ခရုစူးအမှတ်အသားပြုလုပ်တိုင်းမှာ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူရဲ့ နက်နဲရာအချက်တွေကို လက်ခံယုံကြည်ပြီး ရှင်သန်ခြင်းနေခြင်း၊ ဝန်ခံနေခြင်း၊ သက်သေခံနေခြင်း ဖြစ်တယ်။

ဒုတိယနေနဲ့တော့ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူထဲမှာတည်ရှိနေတဲ့ ချစ်ခြင်းမေတ္တာ၊ ကောင်းမြတ်ခြင်း၊ စည်းလုံးညီညွတ်ခြင်းတွေဟာ မိသားစုတိုင်း၊ အဖွဲ့အစည်းတိုင်းအတွက် အတုယူလိုက်ကျင့်နေထိုင်ရမယ့် စံပြ (သို့) ပြယုဒ် ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့-“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာတော်ဖြစ်၏”(ပ-ယောဟန် ၄း၈)လို့ ကျမ်းစာတော်မြတ်မှာ အတိအကျဖော်ပြထားပါတယ်။ ဘုရားရှင်ရဲ့ဖြစ်တည်ခြင်းဟာ ချစ်ခြင်းမေတ္တာတော်ရှင်ဖြစ်တဲ့အတွက်ကြောင့် ပုဂ္ဂိုလ်တစ်ပါးနဲ့တစ်ပါး ချီးမွမ်းကြတယ်၊ ဂုဏ်ပြုကြတယ်၊ ကောင်းချီးသြဘာပေးကြတယ်။ တစ်ပါးအတွက်တစ်ပါး အသက်ရှင်ကြတယ်၊ တည်ရှိကြတယ်။ ပုဂ္ဂိုလ်တစ်ပါးနဲ့တစ်ပါး ဂုဏ်ပြိုင်တာ၊ မနာလိုတာ၊ အငြိုးထားတာ၊ ပြစ်တင်ရှုပ်ချတာတွေမရှိဘူး။ ဒါကြောင့်လည်း ရှင်ပေါလုက ဒီလိုမိန်းဆိုထားပါတယ် -

ကော်ရိန့်သုသြဝါဒစာ ပထမစောင် ၁၃း ၄-၇
“ချစ်ခြင်းမေတ္တာသည် အစဉ်အမြဲစိတ်ရှည်၍ ကြင်နာသနားတတ်၏။ ချစ်ခြင်းမေတ္တာသည် မနာလိုခြင်းမရှိ၊ ဝါကြွားခြင်းလည်းမရှိ၊- ၎င်း၌ မာန်မာနမရှိသကဲ့သို့ ရိုင်းပြမှုလည်းမရှိ။ ချစ်ခြင်းမေတ္တာသည် ကိုယ်ကျိုးကိုမရှာတတ်၊ အငြိုးအတေးလည်းမထားတတ်။- ချစ်ခြင်းမေတ္တာသည် မကောင်းသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်။ သမ္မာတရား၌မူ ဝမ်းမြောက်တတ်၏။- ချစ်ခြင်းမေတ္တာသည် အရာရာကိုခံထမ်းနိုင်၏။ အရာအားလုံးကိုယုံကြည်၏၊ အရာအားလုံးကိုမျှော်လင့်၏။ အရာအားလုံးကိုလည်းကြံ့ကြံ့ခံနိုင်၏။”

ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူရဲ့ ပွဲတော်ကြီးကိုကျင်းပခြင်းအားဖြင့် မိသားစုတိုင်း၊ အဖွဲ့အစည်းတိုင်းမှာ ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူတည်ရှိတဲ့ ဒီချစ်ခြင်းမေတ္တာတရား ရောင်ပြန်ဟပ်နိုင်အောင် ကြိုးစားအားထုတ်သွားကြပါစို့။ ကျေးဇူးတော်လည်း တောင်းခံသွားကြပါစို့။

FR. CAMILLUS SUAN SDB

 

Add new comment

12 + 2 =