ပဋိညာဥ်သေတ္တာတော်အသစ်ဖြစ်တော်မူသောမယ်တော်မာရီယား

ပဋိညာဥ်သေတ္တာတော်အသစ်ဖြစ်တော်မူသောမယ်တော်မာရီယား
***************************
Fr. Camillus Suan SDB

ဓမ္မဟောင်းကိုကျွမ်းကျင်တဲ့ညီအစ်ကိုခရစ်ယာန်တွေလည်း ဒါတွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။
(၁)ပဋိညာဥ်သေတ္တာတော်ကို ဘုရားရဲ့ဘုန်းတော်မိုးတိမ်နဲ့ဖြည့်ခြင်း နှင့် ပဋိညာဥ်သေတ္တာတော်အသစ်ဖြစ်တော်မူသောမယ်တော်မာရိယားကိုဝိညာဥ်တော်မြတ်ဆင်းသက်လို့ တန်ခိုးနဲ့လွှမ်းမိုးခြင်းကိုနှိုင်းယှဥ်ခြင်း

ထှကျမွောကျရာကမြျး ၄၀း၃၅
ထာဝရဘုရား၏ဘုန်းတော်သည် တဲတော်ကိုဖြည့် လျက်နေ၏။

ရှင်လုကာ ၁း၃၅
ဝိညာဥ်တော်မြတ်သည် သင့်အပေါ်သို့ဆင်းသက်၍ အမြင့်ဆုံးသောအရှင်၏တန်ခိုးတော်သည်လည်း သင့်ကိုလွှမ်းမိုးတော်မူလိမ့်မည်။

ပဋိညာဥ်သေတ္တာတော်အဟောင်းနဲ့အသစ်နှစ်ခုစလုံမှာ ဘုရားရှင်ရဲ့ဘုန်းတန်ခိုးတော်သက်ရောက်မဲ့အကြောင်း ဖြည့်ခြင်း၊လွှမ်းမိုးခြင်းကို ဂရိလိုepiskiazen/episkiasiaရော အင်္ဂလိပ်လိုovershadowsပါတူတဲ့စကားလုံးနဲ့သုံးထားတာလေ့လာတွေ့ရှိတယ်။ဆိုလိုတာကတော့မယ်တော်မာရိယဟာလောကမှာဘုရားရှင်ကျိန်းဝပ်ရာပဋိညာဥ်သေတ္တာတော်အသစ်ဖြစ်တယ်ဆိုတာမီးမောင်းထိုးပြချင်လို့ဖြစ်တယ်။

ဓမ္မသစ်ခေတ်မှာယေဇူးခရစ်တော်ဟာအာဒံသစ်ဖြစ်နေရင်မယ်တော်ဟာဧဝသစ်ဖြစ်တယ်။ “ပထမဆုံးလူသားအာဒံသည် မြေမုန့်ဖြင့်ဖန်ဆင်းခြင်းခံရ၍မြေမုန့်မှလာသူဖြစ်၏။ဒုတိယအာဒံသည်ကား ကောင်းကင်မှကြွလာသူဖြစ်၏(ပ-ကော ၁၅း၄၇)။ ဒါဆိုရင် နာမခံသော၊မယုံကြည်သောမိန်းမဧဝ (ကမ္ဘာဦး ၃း၁၅)အစားနာခံသော၊ယုံကြည်သောမိန်းမ (ရှင်လုကာ ၁း၃၈) ဧဝသစ်(ရှင်ယောဟန် ၂း၄)၊ဧဝ Eva မှ အာဝေမာရိယ Ave Maria ဖြစ်သွားတယ်။ဧဝအသစ်ဖြစ်လာတယ်။

​​ဟေဗြဲဦးသြဝါဒစာ ၉း၄
ထိုတဲတော်တွင်နံ့သာပေါင်းကိုမီးရှို့ရာရွှေပလ္လင်နှင့်အဘက်ဘက်၌ရွှေဖြင့်မွမ်းမံထားသည့်ပဋိညာဥ်သေတ္တာတော်ရှိလေ၏။ထိုသေတ္တာတော်အတွင်း၌မန္နာမုန့်ထည့်ထားသည့်ရွှေအိုး၊အဖူးအညွန်းထွက်သည့်အာရွန်၏သစ်သားတုတ်နှင့်ပညတ်တော်များပါရှိသည့်ကျောက်ပြားနှစ်ချပ်တို့ရှိလေ၏။

၂။ပဋိညာဥ်သေတ္တာတော်ထဲမှာထည့်ထားတဲ့အရာသုံးမျိးနဲ့ပဋိညာဥ်သေတ္တာတော်အသစ်ဖြစ်တော်မူသောမယ်တော်သခင်မကိုနှိုင်းယှဥ်ခြင်း

(၁) မန္နာမုန့်ထည့်ထားသည့်ရွှေအိုး
ထွက်မြောက်ရာကျမ်း ၁၆း၄
ထိုအခါထာဝရဘုရားကကြည့်ရှုလော့။ငါသည်သင်တို့အဖို့မိုးကောင်းကင်ကမိုးမုန့်ကိုရွာစေမည်။ လူတို့သည်နေ့တိုင်းထွက်၍ တစ်နေ့စာလောက်အောင် သိမ်းယူရကြမည်။
ထွက်မြောက်ရာကျမ်း ၁၆း၃၃
တစ်ဖန်အာရွန်ကိုလည်း၊ အိုးတစ်လုံးကိုယူ၍ မန္နာတစ်သြမဲကို အပြည့်ထည့်ပြီးလျှင်၊ သင်တို့လူမျိုး အစဥ်အဆက်ဖို့ စောင့်စေခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ သိုထားလော့ ဟုဆို၏။

ရှင်ယောဟန် ၆း၄၁
ငါသည်အထက်ကောင်းကင်မှဆင်းသက်လာသောမုန့်ဖြစ်၏ဟုယေဇူးခရစ်တော်မိန်းတော်မူ၏။
ဓမ္မဟောင်းကပဋိညာဥ်သေတ္တာတော်ရွှေအိုးထဲမှာကောင်းကင်မှမိုးမုန့်လိုကျလာတဲ့မန္နာမုန့်ကိုထည့်ထားသလို ပဋိညာဥ်သေတ္တာတော်အသစ်ဖြစ်တဲ့မယ်တော်မာရိယာ “ဝမ်းတော်မှအသီးတော်” (ရှင်လုကာ ၁း၄၂) ဖြစ်တဲ့ “အထက်ကောင်းကင်မှဆင်းသက်လာသောမုန့် တော်” ကိုမွေးဖွားပေးတယ် (ရှင် လုကာ ၂း၇)။

(၂)အဖူးအညွန်းထွက်သည့်အာရုန်၏သစ်သားတုတ်လှံတံ
တောလညျရာကမြျး ၁၇း၈
နက်ဖြန်နေ့၌ သက်သေခံချက် တဲတော်အတွင်းသို့ မောရှေဝင်သောအခါ၊ လေဝိအမျိုးနှင့်ဆိုင်သော အာရုန်၏လှံတံသည် အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့်လျက်၊ ဗာတံသီးကိုသီးလျက်ရှိ၏။

ဟဗှေဲသှဝါဒစာ ၇း၂၁-၂၂
သို့သော်ခရစ်တော်အား ရဟန်းအဖြစ်ခန့်ထားတော်မူသောအခါ ကျမ်းစာတော်မြတ်၌ဆိုထားသည်ကား သင်သည် မေလ်ခိဇေဒက်နည်းတူ ထာဝရရဟန်းဖြစ်သည်ဟူ၍ ထာဝရဘုရားသခင်က ကျိန်ဆိုတော်မူလေပြီ၊ ကိုယ်တော်သည် မိမိ၏စိတ်ကို ပြောင်းလဲတော်မူမည်မဟုတ် ဟူ၍ဖြစ်၏။ ဤအချက်သည် ယေဇူးအား ပိုမိုကောင်းမွန်သောပဋိညာဥ်တရားတော်အဖို့အာမခံချက်ဖြစ်စေ၏။

ဒီကျမ်းချက်တွေကိုကြည့်ခြင်းအားဖြင့်ဓမ္မဟောင်းရဲ့ပဋိညာဥ်သေတ္တာတော်ထဲမှာလေဝိရဟန်းမျိုးဖြစ်တဲ့အာရုန်ရဲ့သစ်သားတုတ်လှံတံထည့်ထားသလို၊ ပဋိညာဥ်သေတ္တာတော်အသစ်ဖြစ်တော်မူတဲ့မယ်တော်ရဲ့ဝမ်းတော်မှလဲမေလ်ခိဇေဒက်နည်းတူထာဝရချုပ်ဖြစ်တော်မူသော ယေဇူးခရစ်တော်ဖွားမြင်လာတယ်။

(၃) ပညတ်တော်များပါရှိသည့်ကျောက်ပြားနှစ်ချပ်

ထွက်မြောက်ရာကျမ်း ၂၅း၂၁
ကရုဏာပလ္လင်ကိုသေတ္တာပေါ်မှာ တင်ရမည်။ ငါပေးသောသက်သေခံချက်(ကျောက်ပြားနှစ်ချပ်)ကိုလည်း သေတ္တာထဲမှာ ထားရမည်။

ရှင်ယောဟန် ၁း၁၄
နှုတ်တော်ထွက်စကားသည်လည်းလူ့ဇာတိအဖြစ်ကိုယူတော်မူ၍ ငါတို့အလယ်တွင်စံပယ်တော်မူလေ၏။
ဘုရားရှင်ကမောရှေကိုပေးထားတဲ့ပညတ်တော်များပါရှိတဲ့ကျောက်ပြားနှစ်ချပ်ကိုပဋိညာဥ်သေတ္တာတော်ထဲထည့်ထားသလို၊ “ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကို ပယ်ဖျက်ခြင်းငှာမဟုတ်၊ ပြီးပြည့်စုံစေခြင်းငှာ လာတော်မူသော (ရှင်မာတေဦး ၅း၁၇) လူ့အဖြစ်ကိုယူတော်မူတဲ့နှုတ်တော်ထွက်စကားဟာ ပဋိညာဥ်သေတ္တာတော်အသစ်ဖြစ်တဲ့မယ်တော်မာရိယားမှဖွားမြင်လာတယ်။

၃။ဒါဝိဒ်မင်းကြီးကယေရုဇလင်သို့ ပဋိညာဥ်သေတ္တာတော်ယူဆောင်လာခြင်းနဲ့ပဋိညာဥ်သေတ္တာတော်အသစ်ဖြစ်တဲ့မယ်တော်မာရိယ ဧလိဇဘက်ထံသို့သွားရောက်ခြင်းကို နှိုင်းယှဥ်ခြင်း

(၁) ထ၍တောင်ပေါ်(သို့)တောင်ကုန်းအရပ်သို့သွားကြခြင်း
ဓမ္မရာဇဝင် ဒတိယ ၆း၂
ဒါဝိဒ်သည် ခေရုဗိမ်ကြားမှာ ကိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နာမတော်နှင့် ဘုရားသခင်သေတ္တာတော်ကို ယုဒပြည်ဗာလာမြို့မှဆောင်ခဲ့ခြင်းငှာ မိမိ၌ပါလာသောသူအပေါင်းတို့နှင့်တကွ တောင်ပေါ်သို့ထသွားလေ၏။

ရှင်လုကာ ၁း၃၉
ထိုနေ့ရက်တို့၌ မာရိယာသည် ထ၍ တောင်ကုန်းအရပ်ရှိ ယုဒမြို့တစ်မြို့သို့ အလျင်အမြန်သွားလေ၏။

(၂) ပဋိညာဥ်သေတ္တာတော်ရယူပိုင်ဆိုင်ဘို့မထိုက်တန်ကြောင်းဝန်ခံကြခြင်း

ဓမ္မရာဇဝင် ဒုတိယ ၆း၉
ထိုနေ့ရက်တို့၌ဒါဝိဒ်သည်ထာဝရဘုရားကို ကြောက်၍ ထာဝရဘုရား၏သေတ္တာတော်သည် အဘယ်သို့ငါ့ထံသို့ရောက်ရမည်နည်းဟု ဆိုလေ၏။

ရှင်လုကာ ၁း၄၃
ထိုအခါ ဧလိဇဘက်သည် ဝိညာဥ်တော်မြတ်နှင့်ပြည့်ဝလျက်၊ ကျွန်မသခင်၏မယ်တော်သည် ကျွန်မထံသို့ကြွလာသောကျေးဇူးတော်ကို ကျွန်မသည် အဘယ့်ကြောင့်ခံထိုက်ပါသနည်းဟုဆိုလေ၏။

(၃) ပဋိညာဥ်သေတ္တာတော်ရောက်လာ၍ရှေ့တော်၌ကခုန်ကြခြင်း
ဓမ္မရာဇဝင် ဒုတိယ ၆း၁၆
ထာဝရဘုရား၏သေတ္တာတော်သည် ဒါဝိဒ်မြို့ထဲသို့ဝင်သောအခါ ...ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ ကလျက်ခုန်လျက်လာလေ၏။

ရှင်လုကာ ၁း၄၄
အကြောင်းမူကား သင်၏နှုတ်ဆက်စကားသံသည် ကျွန်မ၏နားသို့ရောက်သည်နှင့် ကျွန်မ၏ဝမ်းတီင်းမှ သားငယ်သည် ဝမ်းမြောက်ခြင်းဖြင့် ခုန်မြူးလေ၏။

(၄) ထာဝရဘုရား၏သေတ္တာတော်သည်ထိုအိမ်၌သုံးလခန့်နေသွားခြင်း

ဓမ္မရာဇဝင် ဒုတိယ ၆း၁၁
ထာဝရဘုရား၏သေတ္တာတော်သည် သုံးလပတ်လုံး ဂိတ္တိလူ သြဗဒေဒုံအိမ်၌ရှိ၏။

ရှင်လုကာ ၁း၅၆
ထို့နောက်မာရိယားသည် ဧလိဇဘက်နှင့်အတူ သုံးလခန့်နေပြီးမှ မိမိ၏အိမ်သို့ပြန်လေ၏။
ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့်မယ်တော်မာရိယဟာပဋိညာဉ်သေတ္တာတော်အသစ်ဖြစ်ကြောင်းကိုတမန်တော်ကြီးရှင်လုကာကနေ ကောင်းကောင်းလေးပုံဖော်ထားခြင်းဖြစ်ပါတယ်။

၄။ ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရတော်မူသောပဋိညာဉ်သေတ္တာတော်အသစ်ဖြစ်သောမယ်တော်

ဗျာဒိတ်တော်ကျမ်း ၁၁း၁၉-၁၂း၁
ထို့နောက်ကောင်းကင်ဘုံရှိဘုရားသခင်၏ဗိမ္မာန်တော်သည် ပွင့်လာ၍ ဗိမ္မာန်တော်အတွင်း၌ ကိုယ်တော်၏ပဋိညာဉ်သေတ္တာတော်ကို မြင်နိုင်၏။...ထိုအခါ ကောင်းကင်ယံ၌ ကွီးမားသောနိမိတိလက္ခဏာာတစ်ခုပေါ်ထွန်းလေ၏။ အမျိုးသမီးတစ်ဦးသည် နေကိုဝတ်ဆင်ထားပြီး လကိုခြေဖြင့်နင်းလျက် ဦးခေါင်းပေါ်တွင်လည်း ကြယ်တစ်ဆယ့်နှစ်လုံးပါသည့်သရဖူကို ဆောင်းထားလေ၏။

ထွက်မြောက်ရာကျမ်း ၂၅း၁၀
အလျားနှစ်တောင်ထွာ၊ အနံတစ်တောင်ထွာ၊ အမြင့်တစ်တောင်ထွာရှိသောသေတ္တာကို အာကာရှသားနှင့်လုပ်၍ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့်မွမ်းမံရမည်။
ဆိုလိုတာကအကောငျးဆုံးသစ်သား၊အမာဆုံးသစ်သားနဲ့မပျက်စီးရအောင်တည်ဆောကျရမယ်လို့အဓိပ္ပါယ်ရှိတယ်။ဓမ္မဟောင်းကပဋိညာဥ် ​ေသတ္တာတော်မပျက်စီးရလေအောင် ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ထားသလို၊ပဋိညာဥ်သေတ္တာတော် အသစ်ဖြစ်တဲ့မယ်တော်မာရိယားလည်း လောအသက်တာကုန်ဆုံးသွားချိန်မှာခန္ဓာကိုယ်ပုပ်ပျက်ဆွေးခြင်းမရှိရလအ​ောင် မိုးကောင်းကင်သို့ပင့်ဆောင်ခြင်းခံရခြင်းဖြစ်တယ်။

အနားယူသွားတဲ့ပုပ်ရဟန်းမင်းကြီးဘက်နဒက်(၁၆)က ၂၀၁၁၊သြဂုတ်လ(၁၅)၊မယ်တော်သခင်မမိုးကောင်းကင်သို့ ဝိညာဉ်နှင့်ခန္ဓာကိုယ်ပါပင့်ဆောင်ခြင်းခံရသော ပွဲနေ့မှာ-မယ်တော်သခင်မဟာပဋိညာဉ်သေတ္တာတော်အသစ်ဖြစ်တယ်ဆိုရင် အရင်ပဋိညာဉ်သေတ္တာတော်လညမပျက်စီးရလေအောင် အကောင်းဆုံးသစ်သားနဲ့ခိုင်ခန့်စွာတည်ဆောက်ခဲ့သလို မယ်တော်ရဲ့ခန္ဓာကိုယ်လဲယိုယွင်းပျက်စီးဘို့မသင့်တဲ့အတွက်ကြောင့် သန့်ရှင်းရာအပေါင်းတို့ထက် ပို၍သန့်ရှင်းသောဌာနဟူ၍ခေါ်တွင်သည့် တဲတော်ရှိရာ (ဟေဗြဲဦးညသဝါဒစာ ၉း၃) မိုးကောင်းကင်အသန့်ရှင်းဆုံးမြင့်မြတ်ဆုံးသောနေရာသို့ ပင့်ဆောင်ခြင်းခံရတာဟာ အင်မတန်မှ အဓိပ္ပါယ်ရှိလှပါတယ်လို့မိန့်မှာခဲ့ပါတယ်။ ဒီအချက်ကိုတော့ရှည်သွားမှစိုးလို့အကျယ်တဝန်းမရှင်းပြတော့ဘူး။

၅။ ပဋိညာဉ်သေတ္တာတော်အသစ်ဖြစ်သောကညာစင်မယ်တော်မာရိယာ

ရှင်မာတေဦး ၁း၁-၂၀
သူမ၏ခင်ပွန်းဂျိုးဇက်သည် ဖြောင့်မတ်သောသယတစ်ယောက်ဖြစ်သည်နှင့်အညီ သူမအားအရှက်တကွဲမဖြစ်စေလိုသောကြောင့် တိတ်တဆိတ်စွန့်ခွာမည်ဟု ရည်ရွယ်ခဲ့၏။-သို့သော် သူသည်ထိုသို့ကြံစည်နေခိုက်တွင် ထာဝရဘုရား၏ကောင်းကင်တမန်တော်သည် သူ့အားအိပ်မက်၌ထင်ရှားပြလျက် ဆိုသည်မှာ ဂျိုးဇက်၊မာရိယာကို သင်၏ဇနီးအဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန် မကြောက်ရွံ့လေနှင့်။အကြောင်းမူကား သူ၏ဝမ်းထဲ၌စွဲသော ပဋိသန္ဓမှော ဝိညာဉ်တော်မြတ်အားဖြင့်ဖြစ်ပေါ်လာခြင်းဖြစ်၏။
ဂျိုးဇက်ကသူ့ရဲ့အကြံအစည်တွေကိုစွန့်ပြီးဘုရားရဲ့အစီအစဉ်တွေအလိုတော်ကိုယုံကြည်ခြင်းနဲ့လိုက်နာအသက်ရှင်တယ်။မယ်တော်ဟာဘုရားရှင်ကသူ့ရဲ့စီမံကိန်းထဲမှာသီးခြားရွေးချယ်ထားသော ပုဂ္ဂိုလ်တော်မြတ်ဖြစ်တယ်ဆိုတာကောင်းကောင်းလေးသိတော့ -ဘုရားပန်းမနမ်းအပ်ဘူးဆိုတာသေချာနားလည်သဘောပေါက်တယ်။ဘုရားရိုက်မှာစိုးလို့ကြောက်လို့မဟုတ်ဘဲ ယုံကြည်လို့ချစ်လို့ လိုက်နာဆောင်ရွက်ခြင်းဖြစ်တယ်။

ယောရှုမှတ်စာ ၃း၄
သေတ္တာတော်နှင့် သင်တို့စပ်ကြားကို အတောင်တစ်ထောင်ခြား၍ ခရီးကွာစေရမည်။ လိုက်ရသောလမ်းကိုသိမည်အကြောင်း သေတ္တာတော်အနီးသို့မချဉ်းဘဲလိုက်ရမည်။
ဒီကျမ်းပိုဒ်ရဲ့ အနက်အဓိပ္ပါယ်ကိုလည်း ဂျိုးဇက်က ကောင်းကောင်း နားလည်ပြီး နားထောင်လိုက်နာသူဖြစ်ပါမယ်။

ဓမ္မရာဇဝင် ဒုတိယ ၆း၆-၇
နာခွန်ကောက်နယ်သလင်းသို့ ရောက်သောအခါ၊ နွားတို့သည် ဘုရားသခင်၏သေတ္တာတော်ကို လှုပ်ရှားသောကြောင့်၊ သြဇသည် လက်ကိုဆန့်၍ သေတ္တာတော်ကို ကိုင်၏။ ထာဝရဘုရားသည် သြဇကိုအမျက်ထွက်၍ သူ၏အပြစ်ကြောင့် ဘုရားသခင်ဒါဏ်ခတ်တော်မူသဖြင့်၊ သူသည်သေတ္တာတော်နားမှာသေလေ၏။

ဘုန်းကြီးတဲ့သန့်ရှင်းမြင့်မြတ်တဲ့ပဋိညာဉ်သေတ္တာတော်ကို တို့ထိသယ်ဆောင်နိုင်ဖို့ရန် သီးခြားခန့်အပ်ထားသော ရဟန်းများမှအပ သွားထိလို့မရတဲ့ သွားချဉ်းကပ်လို့မရတဲ့အကြောင်းကိုတော့ ဂျိုးဇက်ဟာ ကောင်းကောင်းသိရှိနားလည် လက်ခံကျင့်သုံးလိုက်နာသူဖြစ်ပါလိမ့်မယ်။ဒါကြောင့်မလို့ မယ်တော်ဟာ သားတော်ဘုရားမွေးဖွားပေးသော်လည်း သန့်ရှင်းမြင့်မြတ်တဲ့ကညာစင်ဖြစ်ကြောင်းကို ပဋိညာဉ်သေတ္တာတော်အသစ်ဖြစ်ခြင်းအားဖြင့်ပိုမိုထင်ရှားစေပါတယ်။

ပဋိညာဉ်သေတ္တာတော်အားဖြင့် မယ်တော်ရဲ့ဂုဏ်ပုဒ်တွေ လေးလေးနက်နက် ပိုမိုနားလည်စေနိုင်တဲ့ အချက်တွေအများကြီးရှိသေးတယ်။ဒါပေမဲ့ရှည်သွားမှာစိုးလို့ဒီမှာပဲအဆုံးသတ်လိုက်ရအောင်။

တစ်ချို့ညီအစ်ကိုခရစ်ယာန်တွေက မယ်တော်မာရိယာကို ကြက်ဥရဲ့အခွံလောက်နဲ့ပဲနှိုင်းယှဉ်တာ လောကမှာ ဘယ်မိခင်မှ၊ဘယ်အမျိုးသမီးမှ အဲဒီလောက်ဈေးမပေါဘူးလို့ထင်ပါတယ်။မိခင်တိုင်းဟာသားသမီးတွေမွေးဖွားပေးတာ အသက်နဲ့လဲပြီးမွေးဖွားပေးတာပါ။ကျွန်တော့်ကို မိမိအသက်နဲ့လဲပြီးမွေးထုတ်ပေးတဲ့မွေးမိခင်ကို ဦးချရှိခိုးဂါဝရပြုရင်း မိခင်အားလုံးကိုဂုဏ်ပြုဂါဝရပြုအပ်ပါတယ်။ မဂ်လာကျေးဇူးအပေါင်းနှင့်ပြည့်စုံသောမယ်တော် (ရှင်လုကာ ၁း၂၈)၊ မိန်းမတကာတို့တွင် မြတ်သောမင်္ဂလာရှိသူ(ရှင်လုကာ ၁း၄၂) ဖြစ်တဲ့မယ်တော်ကို ကြည်ညိူခြင်း၊ဂုဏ်ပြုခြင်းပေးတာဟာ သမ္မာကျမ်းစာတော်မြတ်နဲ့ကိုက်ညီတဲ့မွန်မြတ်တဲ့အလုပ်ပါ။ မယ်တော်ကို သဒ္ဓါကြည်ညိုခြင်းက သားတော်ဘုရားနဲ့ဝေးကွာစေမဲ့အစား ပိုပြီးနီးစပ်စေပါတယ်။

ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့၌ ဂုဏ်ပြုချီးမွမ်းခြင်းဖြင့် ကလျက်ခုန်လျက်လာနေသော ဒါဝိဒ်ဘုရင်မင်းကြီးကိုမြင်၍စိတ်နှလုံးထဲ၌မထီမဲ့မြင်ပြုသည့် ရှောလု၏သမီး မိခါလလို တစ်သက်လုံးသားမဖွားမမြင်ရသည့် (ဒု-ဓမ္မရာဇဝင် ၆း၁၆၊၂၃) မြုံခြင်း၊ဘုရားဒါဏ်ခတ်ခြင်းကိုမခံစေချင်ပါ။ပဋိညာဉ်သေတ္တာတော်အသစ်ဖြစ်တဲ့ မယ်တော်မာရိယာကို မထီမဲ့မြင်ပြုပြီးကဲ့ရဲ့မဲ့အစား သဒ္ဓါကြည်ညိုအားကိုးပါ။အစွမ်းတန်ခိုးကြီးတယ်။

ယောရှုမှတ်စာ ၃း၁၇
ထာဝရဘုရား၏ပဋိညာဥ်သေတ္တာတော်ကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည် မြစ်အလယ်တွင် မြေပေါ်၌ မြဲမြံစွာနင်း၍ ရေသည်ရပ်တန့်ကာ အီစ္စရာအဲလ်အမျိုးအပေါင်းတို့သည် မြေပေါ်မှာလျှောက်သွားရကြ၏။

ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်သည်သခင်မ၌ကျိန်းဝပ်တော်မူ၍ (ရှင်လုကာ ၁း၂၈)သန့်ရှင်းတဲ့မြင့်မြတ်တဲ့ဘုရားရှင်ကျိန်းဝပ်စံပါယ်ရာဖြစ်နေလို့ပါ။ ဓမ္မဟောင်းကပဋိညာဥ်သေတ္တာတော်အစွမ်းတန်ခိုးကြီးသလို ဓမ္မသစ်ကပဋိညာဥ်အသစ်ဖြစ်တော်မူသောမယ်တော်လည်းပဲသူ့ဝမ်းတော်၌ပဋိသန္ဓေစွဲတော်မူသော(ရှင်မာတေဦး၁း၂၃)သားတော်ဘုရားကြောင့်အစွမ်းတန်ခိုးကြီးတယ်။ စာတန်နတ်ဆိုး(သို့)မြွေကြီး၏ခေါင်းကိုကြိတ်မည့်မိန်းမ(ကမ်ဘာဦး၃း၁၅) ဧဝအသစ်ဖြစ်တော်မူသောမယ်တော်မာရိယာနဲ့ပေါင်းပြီး နတ်ဆိုးရန်သူအသွေးအသားရန်သူလောကရန်သူတည်းဟူသောရန်သူသုံးပါးကိုတိုက်ခိုက်အောင်မြင်နိုင်ဖို့ အထူးသဖြင့် မေလမယ်တော်ရဲ့လမှာ စိပ်ပုတီးစိပ်ခြင်းဖြင့် မယ်တော်ကို အားကိုးကြပါစို့။

(Dr. Brant Pitre ရဲ့ Mary, The Ark of The New Covenant Youtube talk ကို ဆီလျော်အောင် မြန်မာမှုပြုထားသည်။)

Fr. Camillus Suan SDB

 

Add new comment

1 + 8 =