နောက်ဆုံး မှာတမ်း ကြာသာပတေးနေ (ခြေဆေးခြင်း)

နောက်ဆုံး မှာတမ်း ကြာသာပတေးနေ (ခြေဆေးခြင်း)

သေခါနီးဆဲဆဲ ဖြစ်နေတဲ့သူတစ်ယောက်ရဲ့ နှုတ်က ထွက်ကျလာတဲ့ မှာကြားချက်တွေကို ကြားဖူးမြင်ဖူးကြပါလိမ့်မယ်။ မိသားစု၀င်တွေကို မှာစရာရှိတာတွေမှာ၊ လွှဲစရာရှိတာတွေလွှဲ၊ စိတ်မချတာတွေကို လည်းစိတ်ဖြောင့်သွားအောင် သေခါနီးသူတွေက အမှာပါးလေ့ရှိကြတယ်။ အဲ့ဒီအချိန်မှာပြောတဲ့စကားတွေက အဓိပ္ပါယ်ပိုရှိနေတတ်တယ်။ သူတို့ အသက်ကုန်ဆုံးတော့မယ်ဆိုတာကို သိနေတဲ့အချိန်မှာ လိမ်ညာပြီးတော့ မပြောတော့ဘူး။ အသေဖြောင့်အောင် အမှန်တရားတွေကို ဖွင့်ချတယ်။ စိတ်ထဲရင်ထဲကနေ ထွက်လာတဲ့ စကားတွေကိုပဲ ပြောထွက်လာတတ်ပါတယ်။ ဒါကြောင့်မို့ မသေခင်ပြောသွားတဲ့စကားဆို တန်ဖိုးထားပြီး မှတ် မှတ်ရရရှိနေတတ်ကြတာပဲ မဟုတ်လား။

သခင်ခရစ်တော်လည်း အသေမခံတော်မူမီ တစ်ရက်အလို ကြာသပတေးညမှာ တပည့်တော်ကြီးတွေကို မှာကြားစရာရှိတာတွေကို မှာကြားခဲ့ပါတယ်။ ဒါပေမဲ့ သခင်ယေဇူးရဲ့မှာကြားခြင်းတွေက စကားလုံးတွေ နဲ့တင်မဟုတ်ဘဲ လက်တွေ့အကျင့်ပုံစံနဲ့ပါ မှာတမ်းချွေခဲ့ပါတယ်။ သူ့ကို ထာ၀စဉ်အောက်မေ့သတိရနေဖို့ စားပွဲတော်ကြီးကို တစ်ခုကို ပြင်ဆင်စေခဲ့ပါတယ်။ ဒါကို နောက်ဆုံးညစာပွဲတော်လို့လည်း ခေါ်ကြတာပေါ့။ အဲ့ဒီညစာပွဲတော်မှာ သခင်ခရစ်တော်က သူရဲ့ စကားတွေ လုပ်ရပ်တွေနဲ့အတူ သူ့နှလုံးထဲက မေတ္တာတရားကို ဖွင့်ပြခဲ့လိုက်ပါတယ်။

စားပွဲမှာထိုင်ရင်း မုန့်ကိုချိုးဖဲ့ပြီး တပည့်တော်ကြီးတွေကို စားဖို့ပေးလိုက်တာဟာ သူ့ရဲ့ဘ၀ကို အပြည့်အ၀ ၀ကွက်အပ်လိုက်တာပါပဲ။ မုန့်က သူ့ရဲ့ခန္ဓာတော်၊ စပျစ်ရည်က သူ့ရဲ့ အသွေးတော်အဖြစ်ပြောင်းပြီး လူတွေရဲ့အပြစ်တွေ လွတ်ငြိမ်းချမ်းသာရဖို့ အဖခမည်းတော်ဘုရားကို ပူဇော်ပေးလှူခဲ့တဲ့ အမြင့်မြတ်ဆုံးသော ပူဇော် သက္ကာရဖြစ်လာခဲ့ပါတယ်။ ငါ့ကို အောက်မေ့သတိရဖို့ ဒီအမှုကို ပြုပါလို့ ပြောခဲ့တာဟာ မုန့်နဲ့စပျစ်ရည်ကို သူ့ရဲ့အသွေးအသားတော်အဖြစ် ပြောင်းလဲဖို့ မိန့်ခဲ့ခြင်းသက်သက်မဟုတ်ဘဲ သူ့ဘ၀ကို ချိုးဖဲ့ပူဇော်ခဲ့သလို ကျွန်ုပ်တို့ရဲ့ဘဝတွေကိုလည်း အများအတွက် ချိုးဖဲ့ဝေမျှပေးဖို့ မှာကြားခဲ့ခြင်းဖြစ်ပါတယ်။ သခင်ခရစ်တော် ပူဇော် ခဲ့တဲ့ ဒီအမှုကို ပြုခြင်းအားဖြင့် သခင်ခရစ်တော်ရဲ့ ဘ၀တစ်ခုလုံးနဲ့ လူသားအားလုံးအပေါ်ထားရှိတဲ့ သူရဲ့ အနှိုင်း မဲ့ မေတ္တာတော်ကို အမှတ်ရစေပါတယ်။ ခရစ်တော်ပြုခဲ့သလို ရေငတ်သူကို သောက်စရာ ရေကြည်တစ်ခွက် ပေး ကြဖို့၊ ဆာလောင်သူကို အစာပေးဖြည့်ဆည်းပေးဖို့၊ ဒဏ်ရာနဲ့ လဲပြိုနေသူတွေကို ကုစားပျောက်ကင်းပေးကြဖို့ ကြိုးစားလုပ်ဆောင်ကြမှသာ သူ့ရဲ့ နောက်ဆုံးမှာကြားချက်တွေကို လိုက်ကျင့်တည်ဆောက်ရာ ကြပါမယ်။

ခရစ်တော်ဘုရားရှင် အမြဲမိန့်ခဲ့တဲ့ တရားအဆုံးအမလေးရှိပါတယ်။ အဲ့ဒါကတော့ အချင်းချင်း ချစ်ခြင်းမေတ္တာ ထားရှိပြီး အစေခံပေးဆပ်တတ်ကြဖို့ပဲဖြစ်ပါတယ်။ မေတ္တာနဲ့ ပေးဆပ်တဲ့ဘ၀ပုံစံကပဲ သခင်ခရစ်တော်ရဲ့ ဘ၀ပုံစံ နဲ့ ထပ်တူကျစေမှာပါ။ ဒါကြောင့်မို့ နောက်ဆုံးညစာပွဲတော်မှာ ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားဒေသနာ တွေရဲ့ အနှစ်ချုပ်ကို ထင်းခနဲ ဖော်ပြပေးလိုက်ပါတယ်။ ခရစ်တော်ဘုရားရှင်ရဲ့ သက်တော်စဉ်တစ်လျောက်လုံး ပြုခဲ့တဲ့ ကရုဏာတရားတွေ၊ ဟောခဲ့တဲ့ တရားတော်တွေဟာ မေတ္တာနဲ့အစေခံပေးဆပ်ခြင်းမှာ အနှစ်သာရ ဖြစ် တည်နေပါတယ်။ သခင်ခရစ်တော်လုပ်ခဲ့တာက ရိုးရိုးလေးပါ။ ခါးစည်းပုဝါကိုချည်ပြီး တပည့်တော်ကြီးတွေရဲ့ ခြေကို ဆေးပေးခဲ့တယ်။ ခြေဆေးခြင်းဆိုတာဟာ အစေခံခြင်းရဲ့ ပြယုဂ်တစ်ခုပါပဲ။ သခင်ခရစ်တော်လက် တွေ့ ပြသခဲ့တဲ့ အစေခံခြင်းပုံသက်သေအတိုင်း ကျွန်ုပ်တို့ကိုလည်း သူတစ်ပါးအတွက် အစေခံပေးဆပ်ခြင်းမှာ ဘ၀ကို ရှင်သန်လိုက်လျှောက်ကြဖို့ ဖိတ်ခေါ်နေပါတယ်။ ကိုယ်တော်မြတ်စက္ကရမင်တူးကို ပင့်ယူကြတဲ့ ကျွန်ုပ်တို့ တွေ ဘယ်လိုလိုက်ကျင့်မလဲဆိုတာကို ဒီနေ့ဖတ်ရှုကြတဲ့ ဧဝံဂေလိကျမ်းစာတော်မြတ်က သွန်သင်ပေးပါတယ်။ ကိုယ်တော်မြတ်ရဲ့ ကျေးဇူးတော်နဲ့ တစ်ယောက်နဲ့တစ်ယောက် အစေခံချစ်တတ်ခြင်းမှာ ရှင်သန်ကြရပါမယ်။ သူ့ရဲ့တပည့်တော်ကြီးတွေကို ပြသခဲ့တဲ့ ခရစ်တော်ဘုရားရှင်ရဲ့ မေတ္တာတော်ဟာ ဒီနေ့ ကျွန်ုပ်တို့တစ်ဦးစီကို လည်း ပြသပေးနေပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာ လက်တွေ့မပါရင်တော့ အလကားသက်သက်ပါပဲလေ။

- သီကိုရှင်း -

 

Add new comment

11 + 7 =