နိုဝင်ဘာ (၂၁) ခရစ္စတူးဘုရင်ပွဲနေ့

နိုဝင်ဘာ (၂၁) ခရစ္စတူးဘုရင်ပွဲနေ့

××××××××××××××××××××××××

ကက်သလစ် အသင်းတော်မှာ သခင်ယေဇူးဟာ ဘုရင်တကာတို့ရဲ့ အရှင်ဘုရင်ဖြစ်ခြင်း စကြဝဠာ ခရစ္စတူးဘုရင်ပွဲနေ့ ကို ကျင်းပပြီး သာမန်ဝတ်ပြု ကိုးကွယ်ခြင်းနှစ်ကို အဆုံးသတ်တာ ဖြစ်ပါတယ်။ ဒီပွဲပြီးလို့ နောက်တစ်ပတ်ဆိုရင် သာမာန် ဝတ်ပြုခြင်းကာလ မဟုတ်တော့ဘဲ အာဝင်တူး ခရစ္စမတ် သူငယ်တော်ယေဇူးကို ကြိဆိုဖို့ ကြိုတင်ပြင်ဆင်တဲ့ ကာလကို စတင်ကျင်းပခြင်း ဖြစ်ပါတယ်။ ခရစ္စတူးဘုရင်ပွဲနေ့ ကျင်းပပြီး ခရစ်တော် နောက်လိုက်တွေ ဖြစ်ကြတဲ့ ခရစ်ယာန်တိုင်းက သခင်ယေဇူး၊ ခရစ်တော်ရဲ့ စစ်မှန်တဲ့ ဘုရင်ဖြစ်ကာ သူသာလျှင် ခရစ်ယာန်အားလုံး ပိုင်ဆိုင်ရာ အရှင်သခင် ဖြစ်ကြောင်း အထူးသတိရစေပါတယ်။

အသင်းတော်ရဲ့ သမိုင်းမှာ ဒီပွဲနေ့ ဘယ်လို့ စတင်ခဲ့တာလဲ။

၁၉၂၅ခုနှစ်၊ ပုပ်ရဟန်းမင်းကြီး ပီအုပ်စ် (XI) ကနေ ၁၆-ရာစုမှာ ကျင်းပခဲ့တဲ့ Council of Nicaea နိုက်စီးယား ညီလာခံ(ကောင်စီ)ကို ဂုဏ်ပြုခြင်းနဲ့ အသင်းတော်ရဲ့ ဂျူဗလီနှစ်ကို ကျင်းပခြင်းနဲ့အတူ ခရစ္စတူးဘုရင်ပွဲနေ့ကို စတင် ကျင်းပခဲ့ပါတယ်။ ဒီပွဲနေ့ကို ပုပ်ရဟန်းမင်းကြီးက "Pax Christi in regno Christi" ("The Peace of Christ in the reign") ငြိမ်းချမ်းခြင်းဘုရင် ခရစ္စတူးရဲ့ အုပ်စိုးတော်မူခြင်း လို့ နာမည်ပေးခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဒီပွဲနေ့ကို သတ်မှတ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သခင်ခရစ်တော်ရဲ့ အချုပ်အခြာ အာဏာနဲ့ အမိကက်သလစ် အသင်းတော်ရဲ့ အချုပ်အခြာ အာဏာကို ပြန်လည်အတည်ပြုဖို့အပြင် (ခရစ်ယာန်များ) ယုံကြည်ခြင်းကို ဝန်ခံရာမှာ သခင်ခရစ်တော်ကို ပေးဆောင်ခဲ့တဲ့ ကတိကဝတ်၊ သစ္စာများကို စောင့်သိကြဖို့ သတိရ စေချင်လို့ ဖြစ်ပါတယ်။ သခင် ခရစ်တော်ရဲ့ လူ့အဖြစ်ကို ယူတော်မူခြင်း၊ မိမိကိုယ်ကို အပြစ်သားများအတွက် ကားတိုင်ပေါ်မှာ အသေခံပြီး ပူဇော်အပ်နှံခြင်းအားဖြင့် ခရစ်ယာန်တွေဟာ ဘုရားသခင်ရဲ့ မွေးစား သားသမီးများအဖြစ် (ယခုလက်ရှိ ကောင်းကင်နိုင်ငံ တည်ဆောက်ရေး သာမက) အနာဂတ် ကောင်းကင် နိုင်ငံသားများအဖြစ် ကောင်းကင် နိုင်ငံတော်ရဲ့ အမွေဆက်ခံထိုက်သူများ ဖြစ်စေပါတယ်။

ခရစ္စတူးဘုရင်ပွဲနေ့ ရက်မြတ်ကို ကျွန်ုပ်တို့ ဘယ်လို ကျင်းပကြမလဲ။

ကျွန်ုပ်တို့ ပုပ်ရဟန်းမင်းကြီးရဲ့ ရည်ရွယ်ချက်အတိုင်း၊ အသင်းတော်ရဲ့ သွန်သင်ချက်၊ သမိုင်းအစဥ်အလာနဲ့ သမ္မာကျမ်းစာက တရားတော်တွေကို လေ့လာသိရှိ၊ သိမှတ်ဝန်ခံပြီး လက်တွေ့ ကြိုးစား ကျင့်ကြံဖို့ လုပ်အပ်ပါတယ်။ ပြီးတော့ကျွန်ုပ်တို့ အတွင်းမှာ သခင်ခရစ်တော်ရဲ့ တည်ရှိတော်မူခြင်းကို အသိအမှတ်ပြု တန်ဖိုးထားကာ ခရစ်တော်ရဲ့ အုပ်စိုးမှုကို ကျွန်ုပ်တို့ရဲ့ အသက်တာမှာ သတိနဲ့ လိုက်နာ အနစ်နာခံဖို့ လိုအပ်ပါသည်။ သခင်ယေဇူးကို အတုယူပြီး လိုအပ်နေသူတွေကို အစေခံ ကူညီပေး ရပါမယ်။ အထူးသဖြင့် ဘုရင်တကာတို့ရဲ့ ဘုရင်ဖြစ်တဲ့ သခင်ယေဇူးဟာ ချစ်ခြင်း၊ နှိမ့်ချခြင်း ပါရမီနဲ့ အစေခံခဲ့သလို တိုင်းပြည်ကို အုပ်ချုပ်နေကြတဲ့ အစိုးရ၊ မိဘ၊ ဆရာသမားတွေနဲ့ ခရစ်ယာန်အားလုံးလည်း နှိမ့်ချတဲ့ ခရစ္စတူးဘုရင်ကို အတုယူပြီး ချစ်ခြင်းစိုးမိုးတဲ့ လောကနိုင်ငံ တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ချစ်ခြင်းမေတ္တာရှင် သခင်ယေဇူး ကျွန်ုပ်တို့ကို ပေးခဲ့တဲ့ ပညတ်အသစ်ကတော့ “ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့ အချင်းချင်း ချစ်ကြလော့” (ယောဟန် ၁၃:၃၄) ဖြစ်ပါတယ်။ သူ့ရဲ့ ချစ်ခြင်းကိုလည်း အပြစ်သားများဖြစ်ကြတဲ့ ကျွန်ုပ်တို့အတွက် အသေခံခြင်းနဲ့ သက်သေ ပြခဲ့ပါတယ်။

ခရစ္စတူးဘုရင်ပွဲနေ့ကနေ အာဏာရှင်တွေအတွက် ဘာသင်ခန်းစာပေးနေသလဲ။

ဒီခရစ္စတူးဘုရင် ပွဲနေ့ဟာလည်း မူဆိုလီနီ၊ ဟစ်တလာ၊ စတာလင်၊ မြန်မာစစ်အာဏာရှင်နဲ့ အာဏာရှင်အစိုးရများ အားလုံးအတွက် သခင်ယေဇူး ခရစ္စတူး ဘုရင်သာလျှင် စစ်မှန်တဲ့ ဘုရင် အချုပ်အခြာ အာဏာပိုင်ဘုရင် တစ်ပါးတည်းသာ ဖြစ်ကြောင်းကို မမေ့ကြဖို့ သတိပေးနေတာ ဖြစ်ပါတယ်။ သခင်ခရစ်တော်ဟာ ကျွန်ုပ်တို့ရဲ့ ဝိညာဉ်ရေးဘုရင်နဲ့ အုပ်စိုးရှင် ဖြစ်ပြီး သမ္မာတရားနဲ့ ချစ်ခြင်းမေတ္တာကိုသာ အသုံးပြု အုပ်ချုပ်ပါတယ်။ အာဏာရူံးတို့လို စစ်လက်နက်နဲ့ အပြစ်မဲ့ ပြည်သူတွေကို ညှဥ်းဆဲ၊ သတ်ဖြတ်တာ မဟုတ်ဘူး။

သမ္မာကျမ်းစာ ဗျာဒိတ်ကျမ်း (၁း ၅-၆)မှာ "ကမ္ဘာပေါ်ရှိ ဘုရင်တို့၏ ဘုရင်ဖြစ်ပြီး သေခြင်းမှ ထမြောက်သော သူတို့တွင် သားဦးဖြစ် ၍ သစ္စာရှိသော သက်သေခံဖြစ် တော်မူ သည့် ယေဇူး ခရစ်တော် ထံတော်မှ လည်းကောင်း ထွက်ပေါ်လာ၍ သင်တို့အပေါ် သို့ သက်ရောက်ပါစေ။ ငါတို့ကို ချစ်တော်မူ၍ မိမိ၏ အသွေးတော်နှင့် ငါတို့ကို အပြစ်များမှ ဖြေလွှတ်ပြီး၊ ငါတို့ အတွက် နိုင်ငံတော် တည်ထောင်ကာ မိမိခမည်းတော်ဘုရား၏ အမှုတော်ကို ဆောင်ရွက်ရန် ငါတို့ကို ရဟန်းမျိုးနွယ် ဖြစ်စေသော ကိုယ်တော်အား ကာလအဆက်ဆက် ဘုန်းဂုဏ်တော်နှင့် တန်ခိုး အာဏာ တော်ရှိပါစေသော်။ အာမင်။

အဲဒါကြောင့် ခရစ်ယာန်အားလုံးဟာ သူတို့ရဲ့ ဆေးကြောခြင်းအားဖြင့် သခင်ယေဇူးရဲ့ ဘုရင်ဖြစ်ခြင်းမှာ ပါဝင်တဲ့ ဘုံရဟန်းမျိုးနွယ်တွေ ဖြစ်ပါတယ်။ တနည်းအားဖြင့် မိမိကိုယ်ကို ဘုရင်တစ်ပါး သဖွယ် မိမိရဲ့ ခရစ်ယာန်နေ့စဥ် ကျင့်ကြံပြီး ဘုရင်တကာတို့ရဲ့ ဘုရင်ကို အတုယူတဲ့ ဘုရင်ဖြစ်ကြောင်း ထောက်ရှု သုံးသပ်နိုင်ပါတယ်။ အနည်းဆုံးတော့ မိမိကိုယ်ကို အရင်ဆုံး ကောင်းအောင် ကြိုးစားနေတဲ့ ဘုရင်ပါ။ ဒါပေမဲ့ ဆိုးတဲ့ ဘုရင် မဟုတ်ဘဲ ပိုကောင်းတဲ့ ရှင်ဘုရင် ဖြစ်ရပါမယ်။ ကမ္ဘာဦးကျမ်းမှာ ဘုရားသခင်က အာဒံကို စကြာဝဠာမှာ ရှိနေကြတဲ့ သတ္တဝါအားလုံးကို အုပ်စိုးပြီး ကောင်းမွန်တဲ့ ဘုရင် ဖြစ်စေတာကို သတိရနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ ခရစ်ယာန် ကတိကဝတ် အရည်အသွေး ပါရမီတွေ ပိုကောင်းလာအောင် ကြိုးစားပြီး ခရစ္စတူးဘုရင်အပေါ် ကျွန်ုပ်တို့ရဲ့ ကတိ သစ္စာစောင့်သိမှုကို ကြေငြာ ​ဟောပြောရင်း အခြားသူများကို အနစ်နာခံကာ ကရုဏာ မေတ္တာနဲ့ ခွင့်လွှတ်ကြပါစို့။ အကူအညီ လိုအပ်သူများ၊ ဆင်းရဲသားများနဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးသူတိုင်း ကျွန်ုပ်တို့ အတူတကွ စည်းလုံးညီညွတ်မှုနဲ့ ကမ္ဘာမြေပေါ်မှာ ကောင်းကင် နိုင်ငံရဲ့ ပုံရိပ်ကောင်းတွေကို တည်ဆောက်နိုင်ပြီး မတရားမှုမှန်သမျှကို ခရစ္စတူးဘုရင်နဲ့အတူ တွန်းလှန်တိုက်ဖျက် ကြပါစို့။

ထန်းဟာ,SJ

Credit to Bombay Jesuits & Universalis

Add new comment

5 + 3 =