ဒုတိယသာမန်တနင်္ဂနွေနေ့ ကာဒီနယ်ချားစ်ဘို၏ ဩဝါဒ

ဒုတိယသာမန်တနင်္ဂနွေနေ့ ကာဒီနယ်ချားစ်ဘို၏ ဩဝါဒ

ဒုတိယသာမန်တနင်္ဂနွေနေ့ ကာဒီနယ်ချားစ်ဘို၏ ဩဝါဒ

ဇန်နဝါရီ ၁၇၊ ၂၀၂၁

 

ခရစ်တော်၌ ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့၊

 

          ယေဇူးသခင်ရဲ့ ကောင်းချီးတော်နဲ့ ငြိမ်းချမ်းခြင်းမင်္ဂလာ သင်တို့အားလုံးအပေါ် သက်ရောက်ပါစေ။ ကမ္ဘာကြီးကို ကုသဖို့၊ အချင်းချင်းပြန်လည်သင့်မြတ်ဖို့၊ ကျွန်ုပ်တို့အားလုံးနဲ့သက်ဆိုင်တဲ့ ကမ္ဘာကြီး အဖို့ ဆက်လက်ပြီးတော့ ဆုတောင်းပေးကြပါစို့။

          ခရစ္စမတ်နဲ့ မင်းသုံးပါးပွဲတွေ ကျင်းပပြီးတဲ့နောက်မှာ ကျွန်ုပ်တို့ဟာ ဝတ်ပြုခြင်းနှစ်ရဲ့ သာမန် ကာလကို ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဘုရားသခင်ရဲ့မျက်မှောက်မှာတော့ “သာမန်အရာ”ဆိုတာ ဘာမှ မရှိပါဘူး။ ကျွန်ုပ်တို့ကို ဘုရားသခင်က “သာမန်လူသား”ရယ်လို့ မရှုမြင်ပါဘူး။ ဝတ်ပြုကိုးကွယ်ခြင်းရဲ့ သာမန်ကာလမှာလည်း ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ ထူးခြားတဲ့ကျေးဇူးတော်ကို ခံစားကြရပါတယ်။ ဒါကြောင့် ဝတ်ပြုကိုးကွယ်ခြင်းရဲ့ သာမန်ကာလဟာလည်း သန့်ရှင်းမွန်မြတ်တဲ့ ကာလဖြစ်ပါတယ်။

          ဒီနေ့ဖတ်ရှုခဲ့တဲ့ကျမ်းတွေထဲမှာ ဘုရားသခင်ဟာ ထူးခြားတဲ့နှုတ်ကပါတ်တော်တွေကို မြွက်ကြား ထားပါတယ်။ အဲဒီထဲမှာ ကျွန်ုပ် တို့ကို အလင်းခွန်အားပေးတဲ့အချက်(၃)ချက်ကတော့

၁။ ကျွန်ုပ်တို့ တစ်ဦးတစ်ယောက်စီတိုင်းဟာ သာမန်လူသားတွေမဟုတ်ဘဲ ဘုရားသခင်ကိုယ် တော်တိုင်က အမည်တပ်ပြီး ခေါ်ခြင်းခံရသူတွေဖြစ်ပါတယ်။

၂။ အဲဒီလို အမည်တပ်ပြီး အခေါ်ခံရတာအပြင် ကျွန်ုပ်တို့ဟာ သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်စံပယ်ရာ ဗိမာန်လည်းဖြစ်တာကြောင့် ဘုရားသခင်ရဲ့ခန္ဓာတော်မှာ တစ်လုံးတစ်ဝတည်း ပေါင်းစပ် ပါဝင်နေပါတယ်။

၃။ ဘုရားသခင်ဟာ ကျွန်ုပ်တို့အပေါ်မှာ ယုံကြည်တဲ့အတွက် ယေဇူးဘုရားရှင်ကလည်း သူ့ရဲ့ တမန်တော် လုပ်ငန်းအတွက် တပည့်တော်ကြီးတွေကို ခေါ်တော်မူခဲ့ပါတယ်။

ဒီနေ့ဖတ်ရှုရတဲ့ကျမ်းတွေဟာ သူတော်စင်ဘောင်ကို တက်လှမ်းဖို့ အားပေးဖိတ်ခေါ်နေတဲ့ ကျမ်း စကားတွေ ဖြစ်နေပါတယ်။ မှန်ပါတယ်။ ခေါ်တော်မူခြင်းရရှိဖို့ ကျွန်ုပ်တို့ဆုတောင်းကြရပါမယ်။ အာရှ တိုက်က ကက်သလစ်သာသနာတော်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အနာဂတ်ရဲ့သာသနာတော်အတွက် မျှော်လင့်ချက်ဖြစ်နေပါပြီ။ ကျွန်ုပ်တို့ဟာ သာသနာပြုတွေကို စေလွှတ်နေကြရပါပြီ။ အခုဆိုရင် ကျွန်ုပ်တို့ မြန်မာပြည်က သာသနာပြုတွေဟာ ကမ္ဘာတစ်ဝန်းလုံးကို ရောက်ရှိသာသနာပြုနေကြပါပြီ။

ပထမကျမ်းနဲ့ ဧဝံဂေလိကျမ်းမှာ ဘုရားသခင်ရဲ့ခေါ်တော်မူခြင်းအကြောင်းကို ပြောထားပါတယ်။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို အမည်နာမတပ်ပြီး ခေါ်တော်မူခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ အမိဝမ်းထဲမှာ ရှိစဉ်ကတည်းက ကိုယ်တော်ရှင်က ကျွန်ုပ်တို့ကို သိနေခဲ့ပါတယ်။

ပရောဖက်အီဇာအိယ အနာဂတ်္တိကျမ်း (၄၃း၁)မှာ ““သင့်ကို ဖန်ဆင်းပြုပြင်တော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား “မစိုးရိမ်နှင့်။ သင့်ကို ငါရွေးနုတ်ပြီ။ ငါ့နာမဖြင့် မှည့်ပြီ။ သင့်ကို ငါဆိုင်၏””” လို့ ဆိုထားပါတယ်။

ဟီဘရူးယဉ်ကျေးမှုမှာ တစ်စုံတစ်ယောက်ကို အမည်နာမတပ်ပြီး ခေါ်ဆိုခြင်းဟာ ပိုင်ဆိုင်ခြင်းကို ရည်ညွှန်းပါတယ်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ““ငါ့နာမဖြင့်မှည့်ပြီ””လို့ မိန့်ဆိုခဲ့တာကြောင့် ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ပိုင်ဆိုင်ရာဖြစ်ကြပါတယ်။ ရှင်ပေတရုကလည်း သူ့ရဲ့သြဝါဒစာထဲမှာ အခုလို သွန်သင်ခဲ့ပါတယ်။

““သင်တို့သည်ကား ရွေးကောက်ခြင်းခံရသောလူမျိုးတော်၊ တော်ဝင်ရဟန်းမျိုး၊ သန့်ရှင်းမြင့်မြတ်သောလူမျိုးနှင့် ဘုရားသခင် ပိုင်ဆိုင်တော်မူသောလူမျိုး ဖြစ်ကြ၏။ ဤသို့ဖြင့် သင်တို့ကို မှောင်မိုက်ထဲမှ နေ၍ ကိုယ်တော်၏ အံ့ဖွယ်ရာ အလင်းတော်သို့ ခေါ်ထုတ်တော်မူသောသခင်၏ ချီးမွမ်းထိုက်သော အမှုတော်တို့ကို သင်တို့ကြေညာ ဟောပြောရပေလိမ့်မည်။”” (၁ ပေ ၂း၉)

တချို့ကတော့ ကျွန်ုပ်တို့ကို ဘုရားသခင်က ဘယ်လိုလုပ်ပြီး မှတ်မိနိုင်ပါ့မလဲ၊ ကိုယ်တော်ရဲ့ အိမ်တော်မှာ ဘယ်လိုလုပ်ပြီး နေထိုင်ခွင့်ရမလဲဆိုပြီးတော့ သံသယဖြစ်ကြတယ်။

ပထမကျမ်းမှာ သူငယ်လေးဖြစ်တဲ့ ဆာမြူအဲလ်ကို ဘုရားသခင်က အမည်တပ်ပြီး ခေါ်ခဲ့တယ်။ အဲဒီဆာမြူအဲလ်ဟာ အမေ့လျော့ခံရတဲ့၊ သိမ်ငယ်တဲ့ လူအားလုံးကို ကိုယ်စားပြုပါတယ်။ ဧလိအနားမှာ အစေခံလို အလုပ်အကျွေးပြုနေတဲ့ ဆာမြူအဲလ်ကို ဘုရားသခင်က ညအချိန်မှာ ခေါ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူဟာ ဘုရားသခင်ခေါ်တာကို သိနားလည်သွားပြီး ကိုုယ်တော်ရှင်ရဲ့နှုတ်ကပါတ်တော်အတိုင်း အစေခံဖို့အတွက် မိမိရဲ့ကိုယ်စိတ်ဝိညာဉ်ကို ဆက်ကပ်အပ်နှံခဲ့ပါတယ်။

ဘုရားသခင်ဟာ သင်တို့၊ ကျွန်ုပ်တို့လို သာမန်လူသားတွေကို အထူးပဲချစ်ခင်မြတ်နိုးပါတယ်။ မိုးဇက်၊ ဒါ၀ိတ်နဲ့ ပရောဖက်အတော်များများဟာ သာမန်အရပ်သားတွေဘဝမှာ ဘုရားသခင်ရဲ့ခေါ်တော်မူခြင်းကို ခံခဲ့ကြရပါတယ်။ ဘုရားသခင်ဟာ ခေါ်ပြီးတဲ့နောက်မှာ အစွမ်းရှိအောင် ကူညီစောင်မလေ့ရှိပါတယ်။ သူတို့တွေကလည်း ““အိုထာဝရဘုရား၊ အမိန့်ရှိတော်မူပါ။ ကိုယ်တော်ကျွန်ကြားပါသည်””လို့ ပြန်လည်လျှောက်ထားခဲ့ကြပါတယ်။ ကျွန်ုပ်တို့အားလုံးဟာ ဘုရားသခင်ရဲ့ရွှေစိတ်တော်နဲ့ ကူညီစောင်မမှုအောက်မှာ အမြဲရှိနေကြပါတယ်။

ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ကျွန်ုပ်တို့အတော်များများဟာ ကိုယ်နာမည်ရဖို့၊  နေရာရဖို့ကိုပဲ ကြိုးစားလုပ်ဆောင်နေကြပါတယ်။ ဘုရားသခင်ရဲ့အစီအမံအကြောင်း ကျွန်ုပ်တို့သိပ်ပြီး မစဉ်းစားကြပါဘူး။ ကျွန်ုပ်တို့ရဲ့ဘဝကို ဘုရားသခင်ထံမှာ ဆက်ကပ်အပ်နှံဖို့ လိုပါတယ်။ ကိုယ်တော်ရှင်ရဲ့ အစီအမံအတိုင်း လိုက်ပါဆောင်ရွက်ပြီး ကောင်းချီးတော်ကို ခံယူဖို့ လိုအပ်ပါတယ်။

နေ့စဉ်နဲ့အမျှ ဘုရားသခင်နဲ့ပေါင်းစပ်နေဖို့ သမ္မာကျမ်းစာက သွန်သင်ထားပါတယ်။ ကျွန်ုပ်တို့ရဲ့ အရှင်သခင်ဖြစ်တဲ့ ခရစ်တော်ဘုရားရှင်နဲ့ပေါင်းစပ်မှသာ ကျွန်ုပ်တို့ဘဝဟာ ပြည့်စုံပါလိမ့်မယ်။ ကျွန်ုပ်တို့ ဟာ ဘုရားသခင် ရွေးကောက်ထားတဲ့ လူမျိုးတော်ဖြစ်တဲ့အတွက် ခရစ်တော်သခင်နဲ့ ပေါင်းစပ်ရုံသာမက ကိုယ်တော်ရှင်ရဲ့ နက်နဲတဲ့ခန္ဓာတော်မှာ ပါဝင်ခွင့်လည်း ရခဲ့ကြပါတယ်။

ဒီနေ့ဖတ်ရှုခဲ့တဲ့ ဒုတိယကျမ်းထဲက ကော်ရိန့်သုသြဝါဒစာ ပထမစောင်မှာဆိုရင် ““ကျွန်ုပ်တို့သည် သန့်ရှင်းသော ၀ိညာဉ်တော်၏ ဗိမာန်တော်ဖြစ်ကြ၏””လို့ ဆိုထားပါတယ်။ ဘုရားသခင်ဟာ ကျွန်ုပ်၌ ကိန်း ဝပ်တော်မူပြီး ““ဧမာနူအဲလ်”” ကျွန်ုပ်တို့နဲ့အတူရှိသောဘုရားဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းခံရရုံတင်မကဘဲ ကိုယ်တော်ရှင်ကဲ့သို့ဖြစ်ဖို့ကို ဖန်ဆင်းခြင်းခံကြရပါတယ်။ ဒါဟာ လူသား တွေရရှိခဲ့တဲ့ဆုကျေးဇူးတွေထဲမှာ အကြီးမားဆုံးဆုကျေးဇူးလည်း ဖြစ်ပါတယ်။

ဒီနေ့ကျမ်းစာတွေထဲမှာ ဘုရားသခင်ရဲ့ ကြီးမြတ်တဲ့အမှုတော်ဆောင်နှစ်ဦးဖြစ်တဲ့ ဧလိနဲ့ ယောဟန်ဗတ်္တိဇံ အကြောင်းကို ကြားနာခဲ့ရပါတယ်။ သူတို့တွေဟာ ဘုရားသခင်ရဲဲ့ခေါ်တော်မူခြင်းကို ကျေးဇူး သိတတ်စိတ်နဲ့ ခံယူခဲ့ကြပြီး နောက်မျိုးဆက်သစ်တွေအတွက်လည်း လမ်းဖွင့်ပေးခဲ့ကြပါတယ်။

ကျွန်ုပ်တို့ရဲ့ဘဝမှာလည်း နည်းမှန်လမ်းမှန်ဖြစ်အောင် လမ်းပြပေးခဲ့ကြသူတွေရှိကြပါတယ်။ သူ တို့ရဲ့အတွေ့အကြုံနဲ့ အကြံ ဉာဏ်တွေကို ဝေမျှပေးခဲ့ကြတဲ့အတွက် ကျွန်ုပ်တို့ဘဝကို လျှောက်လှမ်းတဲ့ နေရာမှာ အများကြီး အထောက်အကူဖြစ်ပါတယ်။ သူတို့ကိုလည်း ကျေးဇူးတင်ကြရပါတယ်။ နေ့စဉ်ဆို သလို ကျွန်ုပ်တို့ ကျေးဇူးတင်ရမယ့် အကြောင်းအရာတွေ အများအပြားရှိနေပါတယ်။

ရှင်ယောဟန်ဗတ်္တိဇံဟာ အဲဒီလိုပုဂ်္ဂိုလ်မျိုးဖြစ်တယ်ဆိုတာကို ဧဝံဂေလိကျမ်းမှာ ကျွန်ုပ်တို့တွေ့ နိုင်ပါတယ်။ သူဟာ ယေဇူးဘုရားရှင်ရဲ့ ထူးခြားတဲ့အဖြစ်တော်ကို ကိုုယ်တိုင်သိရှိထားရုံနဲ့ မပြီးဘဲ တခြား သူတွေပါ သိရအောင် ထပ်ဆင့်ဝေငှခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့တပည့်တွေကိုယ်တိုင် သူ့ကို ထားရစ်ပြီး ခရစ်တော် နောက်ကို လိုက်သွားမှာ သိနေပေမဲ့ သူတို့အတွက် ပိုမိုကောင်းမွန်တဲ့လမ်းကို သူကိုယ်တိုင်ဖွင့်ပေး ခဲ့တာဖြစ်ပါတယ်။ အဲဒီလို သူလမ်းဖွင့်ပေးလို့ အန္ဒြူးဟာ သခင်ယေဇူးကို သိလာရပြီး သူ့ရဲ့အစ်ကိုဖြစ်တဲ့ ပေတရုကိုပါ စည်းရုံးလမ်းဖွင့်ပေးခဲ့ပါတယ်။ ပထမကျမ်းမှာလည်း ပရောဖက်ဧလိက သူငယ်လေး ဆာမြူ အဲလ်ကို ဘုရားသခင်ရဲ့ခေါ်သံကြားနိုင်ဖို့ ကူညီလမ်းပြပေးခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ဖတ်ခဲ့ရတဲ့ ကျမ်းစာ တွေထဲက ဧလိ၊ ယောဟန်ဘတ်္တိဇံနဲ့ အန္ဒြူးတို့ဟာ တစ်ပါးသူတွေကို လမ်းဖွင့်ပေးခဲ့တဲ့နေရာမှာ စံနမူနာ ယူထိုက်သူတွေဖြစ်လာကြပါတယ်။

ကျွန်ုပ်တို့အနေနဲ့လည်း သူတစ်ပါးကို လမ်းကောင်းပြနိုင်တဲ့၊ လမ်းဖွင့်ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ကတော့ “အသက်ရှင်တော်မူသော ဘုရားသခင်အပေါ် ယုံကြည်ခြင်း”ပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ကို ဆေးကြောခြင်းပေးခဲ့တဲ့ ဘုန်းတော်ကြီး၊ ယုံကြည်ခြင်းကို သွန်သင်ပေးခဲ့တဲ့ မိဘတွေဟာ ရှင်ယောဟန်ဗတ်္တိဇံ လိုပဲ ဘုရားရဲ့သိုးငယ်တော်ဖြစ်တဲ့ ယေဇူးသခင်ကို ညွှန်ပြပေးခဲ့ကြသူတွေဖြစ်ပါတယ်။ တချို့ကလည်း ပရောဖက် ဧလိလိုမျိုး ဘုရားသခင်ရဲ့ခေါ်တော်မူသံကို ကြားနိုင်ဖို့၊ ခံယူနိုင်ဖို့ ကူညီပေးကြပါတယ်။ တချို့ ကျပြန်တော့လည်း စိန့်အန္ဒြူးလိုမျိုး ရွယ်တူသူငယ်ချင်းတွေဖြစ်ပြီး ကျွန်ုပ်တို့ကို ဘုရားသခင်အပေါ် ယုံကြည်ခြင်း ခိုင်မာလာအောင် လက်တွဲကူညီပေးကြပါတယ်။

ကျွန်ုပ်တို့ရဲ့ဘဝအတွက် လမ်းဖွင့်ပေးတဲ့သူတွေထဲမှာ ဆရာ၊ ဆရာမတွေ၊ ဘုန်းတော်ကြီးတွေ၊ ကိုရင်၊ သီလရှင်တွေ၊ ဓမ္မဆရာ၊ ဆရာမတွေပါဝင်ကြပါတယ်။ ကျွန်ုပ်တို့ကို အလုပ်ပေးတဲ့သူတွေ၊ နှစ်သိမ့် အားပေးသူတွေအားလုံးဟာလည်း ပရောဖက် ဧလိလို၊ ရှင်ယောဟန်ဘတ်္တိဇံလို၊ စိန့်အန္ဒြူးလို ပုဂ်္ဂိုလ်တွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ကောင်းချီးတော်ကို ကျေးဇူးတင်စိတ်အပြည့်နဲ့ ခံယူပြီး ပြန်လည်မျှဝေပေးကြ သူတွေဖြစ်ပါတယ်။

ကျွန်ုပ်တို့ဟာလည်း မိမိတို့ခံစားရရှိတဲ့ ကောင်းချီးတော်တွေကို ကျေးဇူးတင်ချီးမွမ်းစိတ်နဲ့ ခံယူပြီး တစ်ပါးသူတွေကိုလည်း ချည်နှောင်ခြင်းမရှိဘဲ ပြန်လည်ဝေမျှကြဖို့ လိုပါတယ်။ ကျွန်ုပ်တို့ဟာ ပေးဆပ်တဲ့ အတိုင်း ပြန်ရတာဖြစ်ပါတယ်။ ဝှက်ကွယ်ခြင်းမရှိဘဲ ပေးဆပ်ရမယ့်အချိန်ဆိုတာ ရောက်လာပါလိမ့်မယ်။

တစ်ချိန်ချိန်မှာ ဘုရားသခင်က ကျွန်ုပ်တို့ကို ပရောဖက် ဧလိလို၊ ရှင်ယောဟန် ဘတ်္တိဇံလို၊ စိန့်အန္ဒြူးလို တစ်ပါးသူတွေအတွက် လမ်းဖွင့်ပေးဖို့ တောင်းဆိုလာပါလိမ့်မယ်။ တစ်ပါးသူတွေကယ်တင်ခြင်း အလင်းရဖို့ရန်အတွက် ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ဝေမျှသက်သေခံဖို့ တောင်းဆိုလာပါလိမ့်မယ်။ ကျွန်ုပ် တို့အနေနဲ့ ဘုရားသခင်ရဲ့ခေါ်သံကို ဘယ်လိုပုံစံနဲ့တုံ့ပြန်မလဲ။ ပရောဖက် ဧလိက သူငယ်လေး ဆာမြူ အဲလ်ကို ဘယ်လိုပြန်ဖြေကြားရမလဲဆိုတာ သင်ပေးတယ်။ စိန့်အန္ဒြူးကလည်း သူခံစားခဲ့ရတဲ့ ထူးခြားတဲ့ အတွေ့အကြုံကို သူ့အစ်ကို ရှင်ပေတရုဆီမှာ ပြန်ဝေမျှခဲ့တယ်။

ဒါကြောင့် ဒီနေ့ဖတ်ရှုခဲ့တဲ့ကျမ်းတွေမှာ ဘုရားသခင်ဟာ ကျွန်ုပ်တို့ထံကို ရောက်လာနိုင်တဲ့နည်းလမ်း တွေကို ဖော်ပြထားသလို တစ်ပါးသူတွေရဲ့ဘဝထဲကို ကိုုယ်တော်ရှင်ရောက်ရှိနိုင်ဖို့ ကျွန်ုပ်တို့ပါဝင် ကူညီနိုင်တဲ့ နည်းလမ်းတွေကိုလည်း ဖော်ပြထားပါတယ်။

ယုံကြည်ခြင်းကျေးဇူးအပါအဝင် တခြားသော ကျေးဇူးတော်တွေကို ကျွန်ုပ်တို့ ကျေးဇူးတင်ချီးမွမ်းစိတ်နဲ့ ခံယူကြပါ။ အလားတူပဲ အဲဒီကျေးဇူးတော်တွေကို တစ်ပါးသူတွေရရှိအောင် ကျွန်ုပ်တို့လမ်းဖွင့်ပေး ရမယ်ဆိုတာကိုလည်း မမေ့လျော့ပါနဲ့။ တစ်ပါးသူတွေက ကျွန်ုပ်တို့ရဲ့ဘဝအတွက် လမ်းဖွင့်ပေးခဲ့သလို ကျွန်ုပ်တို့ဟာလည်း တခြားသောသူတွေအတွက် လမ်းဖွင့်ပေးဖို့ တာဝန်ရှိပါတယ်။

ဘာသာဝင်သားသမီးအပေါင်း ဘေးအန္တရာယ်ကင်းကွာပြီး ကောင်းချီးမင်္ဂလာအပေါင်း ရရှိခံစားကြပါစေ။

Add new comment

9 + 6 =