ဒီတစ်ပတ် တနင်္ဂနွေကျမ်းစာက လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ တိုက်ဆိုင်လွန်းနေတယ်

ဒီတစ်ပတ် တနင်္ဂနွေကျမ်းစာက လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ တိုက်ဆိုင်လွန်းနေတယ်

ဖတ်ရူပြီး ခွန်အားယူနိုင်ပါစေ

ဂျုံစပါးစေ့က မြေပေါ်မှာကျပြီး ပျက်စီးသေဆုံးမှသာ အဆပေါင်းများစွာသော အသီးအနှံတွေကို ဖြစ်စေနိုင်တာပါလို့ ကိုယ်တော်က မိန့်ခဲ့တယ်။ အသက်ကို ဆုံးရှုံးပေးလိုက်တဲ့သူက အသက်ကို ပြန်ရတယ်တဲ့။ သေတယ်လည်း ပြောတယ် ရှင်သန်ခြင်းကလည်း ရှိနေတယ်။ ပျက်စီးတယ်လို့ပြောတယ် အသစ်ဖြစ်ပေါ်လာဦး မှာလို့လည်းဆိုတယ်။ လောကမှာ ခေါင်းနဲ့ပန်း အကြွေတစ်စေ့လို တစ်ခုထဲမှာ အမှန်တရား ၂ ခုရှိနေတာတွေ အများကြီးပါ။

အရှေ့ဆိုတာ ကိုယ်မျက်နှာမူတဲ့ အရပ်လို့ ခေါ်တယ်ဆိုရင် နောက်တစ်လှမ်းဆုပ်ပြီး ခေါင်းတစ် ချက်လှည့်လိုက်တာနဲ့ အနောက် လို့ထင်ထားတဲ့အရပ်က ကိုယ့်အတွက် အရှေ့ရပ်ဖြစ်သွားပြန်ရော။ နီးနီးလေး မှာ ရှိပြီး အဓိပ္ပါယ်တွေ အရမ်းကြီးကွာဟနေတဲ့ သဘောတရားတွေ အများကြီးပဲ။ အချစ်နဲ့ အမုန်း၊ အစနဲ့ အဆုံး၊ သေခြင်းနဲ့ ရှင်သန်ခြင်း၊ အဟောင်းနဲ့ အသစ်၊ မေတ္တာနဲ့ တဏှာ၊ တိုက်ပွဲနဲ့ အောင်ပွဲ စသဖြင့် ပြောရမယ်ဆို အများကြီးပဲ။ ပြောနေကြ စကားပုံနဲ့ လွယ်လွယ်ရှင်းပြရရင်တော့ အနာခံမှ အသာစံ ရမယ်ဆိုတဲ့ အဓိပ္ပါယ်ကို ရိုးရိုးလေး ဆိုလိုက်တာပါ။ ရှင်းပါတယ်။ ရုန်းကန်တိုက်ခိုက်ရတဲ့ အခက်ခဲဆိုတာကို မသိရင် ချိုမြိန်တဲ့ အောင်ပွဲရသကိုလည်း သိမှာ မဟုတ်ဘူး။ သွေးချောင်းစီးပြီး အသက်စွန့်ခဲ့တဲ့ သောကြာနေ့ကြီးဆိုတာ မရှိရင် အောင်ပွဲခံရတဲ့ ရှင်ပြန်ထမြောက်နေ့ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။

ဒီအမှန်တရားကို အမြဲတမ်းတွေ့နေရမှာပါ။ ကလေးတစ်ယောက်မွေးဖို့ ခက်ခက်ခဲခဲ ကိုး၀န် ကိုးလ လွယ်ရတယ်။ ဘွဲ့တစ်ခုရဖို့ နှစ်ပေါင်းများစွာ အချိန်တွေပေး စာတွေ ကျက်မှတ်လေ့လာရတယ်။ ရဟန်းတစ်ပါး ဖြစ်ဖို့အတွက်လည်း ဆယ်စုနှစ်ထက်မနဲ ရုန်းကန် ကြိုးစားရတယ်။ တကယ်တော့ ခက်ခဲတဲ့အရာတွေက လှပ ဆန်းကြယ်ပါတယ်။ တန်ဖိုးရှိတဲ့အရာတွေကလည်း တန်ဖိုးမြင့်လွန်းကြတယ်။ အမှန်တော့ ဒါဟာ ဘ၀ရှင် သန်မှုတစ်ခုပါပဲ။ လူ့ဘ၀ဟာ မျိုးစေ့တစ်စေ့ဆိုရင် ကြွေကျပျက်စီးပေးရမှာ သဘာ၀ပဲ။ အပျက်စီးမခံတော့ ဘာမှ ဖြစ်မလာတော့ဘူး။ လက်ခုပ်ထဲက ရေဆိုရင် လူတွေကကြိုက်တာလုပ်လို့ရတယ်မှတ်တာ။ လက်ကလေး ကို ခွက်နေအောင်ထားမှ ရေက ကိုယ့်လက်ထဲမှာ ရှိနေနိုင်တာ။ အေး အဲ့ဒါကို ဖမ်းဆုပ်ဖို့ ကြိုးစားလိုက်တာနဲ့ တပြိုင်နက် ရေက ကိုယ့်လက်ထဲမှာ မရှိတော့ဘူး။ ဒီလိုပါပဲ လိပ်ပြာတစ်ကောင်ကို လိုက်ဖမ်းနေရင် မိမှာ မဟုတ်ပါဘူး။ ငြိမ်ငြိမ်လေး ထိုင်နေလိုက်၊ သူဟာသူ ကိုယ့်ပခုံးပေါ်မှာ ညင်ညင်သာသာလေး လာနားလိမ့်မယ်။

ဒီနေ့ သခင်ယေဇူး သင်ပေးနေတာ ဒါပါပဲ။ လောကကြီးမှာ ကိုယ့်အတွက်ဆုပ်ကိုင်ထားသရွေ့ ဘယ် အရာမှ ကိုယ်မပိုင်ပါဘူး။ လိုက်ဖမ်းနေသရွေ့ ကိုယ်မမိပါဘူး။ ဖြစ်သင့်တဲ့ သဘောအတိုင်း ဖြစ်ပေးလိုက်ပါ။ အစေ့တစ်စေ့က သဘာ၀အတိုင်း မြေထဲမှာ၊ ပျက်စီးပြီးမှ ရှင်သန်ရတာဆိုရင် မြေပေါ် မကျလို့ကို မဖြစ်ဘူး။ မြေပေါ် ကျပေးလိုက်ပါ။ လူတွေကို ဘုရားဖန်ဆင်းတဲ့အခါ စိန်ပွင့် တစ်ပွင့်လိုမျိုးထက် မျိုးစေ့တစ်စေ့ အနေနဲ့ ဘုရား ဖန်ဆင်းခဲ့တာပါ။ မျိုးစေ့မှာ ဖြစ်နိုင်စွမ်းတွေ အများကြီးရှိတယ်။ တောက်ပတဲ့အရောင်အသွေး၊ လှပတဲ့ ပွင့်ဖတ်၊ ချိုမြိန်တဲ့အရသာ အပြင် အသက် အသစ်အသစ်တွေကိုလည်း ပြန်ပြီး ဖြစ်တည်ပေးနိုင်တယ်။ ဒီလိုဖြစ်တည်စွမ်းတွေရှိတဲ့ မျိုးစေ့ဘ၀ကို ဘုရားက တို့ကို ပေးထားတယ်။ ဒါပေမဲ့ လုပ်ရမှာ တစ်ခုတော့ ရှိတယ်။ ပြုပြင်ပြောင်းလဲ ပေးရမယ့် အနာခံဖြစ်စဉ်ကြီးကို ကျော်ဖြတ်ရမယ်။ ရှင်ဖို့အတွက် သေပေးရဦးမယ်။ လောကရဲ့ ဖြားယောင်းမှုတွေကြားမှာ ရှင်သန်နေလို့ မရတော့ဘူး။ ကိုယ့်ရဲ့ အတ္တတွေကြားမှာ ကိုယ့်ကိုကိုယ် သေပေးရမယ်။ ကိုယ့်ရဲ့ အငြိုးအာဃတတွေကြားမှာ ကိုယ့်ကိုကိုယ် အသေသတ်ရဦးမယ်။ ကိုယ့်ဘ၀ကို ပိတ်ထားတဲ့ ငါ့အတွက်ဆိုတဲ့ အခွံမာကြီး မကွဲသေးသရွေ့ သူများတွေအတွက် စဉ်းစားပေးနိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ကမ္ဘာကောင်းကင်ထဲက အိပ်မက်သေးလေးတွေကို ကျော်ပြီး သူများအတွက်ပါ အိပ်မက်အကြီးကြီးတွေ မက်ပေးဖို့ လိုတယ်။ ဒါဟာ သခင်ယေဇူး ပြောပြနေတဲ့ လူ့ဘ၀ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ပါပဲ။

ဒီလမ်းဟာ လျှောက်ဖို့ခက်ခဲတာမှန်ပါတယ်။ သေခြင်းနဲ့ ရှင်သန်ခြင်းက နီးနီးလေးမှာ ရှိပေမဲ့ တန်ဖိုးခြင်း ကွာသလို ပေးဆပ်ရတာလည်း ကွာခြားလွန်းတာမို့ မလွယ်လှပါဘူး။ မလွယ်တဲ့ ဒီသဘောကို ယေဇူး ဘုရားရှင်က အပြောသက်သက် သင်ကြားခဲ့တာ မဟုတ်ဘူး။ သူ့ဘ၀နဲ့ လက်တွေ့ကို ပြခဲ့တာ။ သီအိုရီ တစ်ခုကို ချပြခဲ့သလို ပုစ္ဆာတစ်ပုဒ်ကို သူကိုယ်တိုင်လည်း တွက်ပြခဲ့တယ်။ ဒုတိယကျမ်းစာ ဟီဘရူး ၅း ၇-၉ မှာ ဖတ်ရသလိုပဲ ခရစ်တော်က ဘုရားရဲ့ သားတော်ဖြစ်ရဲ့သားနဲ့ လူတွေအတွက် ထာ၀ရအသက်ပေးဖို့ နာကျင်စွာ ဒုက္ခခံ အသက်စွန့်ရင်း ခမည်းတော်ဘုရားရဲ့ အလိုတော်ကိုလိုက်နာခဲ့တယ်လို့ဆိုပါတယ်။ လူတွေ အသက်ရဖို့ သူက အသက်ပေးခဲ့တယ်။ လူတွေ အပြစ်ခွင့်လွှတ်ခံရဖို့ သူက ယဇ်ကောင်သဖွယ် ပူဇော်ပေးခဲ့ပါတယ်။

မကြာခင် နောက်တစ်ပတ်ဆိုရင် ဝါတွင်းကာလရဲ့ အရေးကြီးတဲ့ နောက်ဆုံး အချိန် သန့်ရှင်းသော ရက်သတ္တပတ်ကို ရောက်ကြတော့မယ်။ ဝါတွင်းခရီးရဲ့ ပန်းတိုင်က နီးလာပါပြီ။ ရှင်ပြန်ထမြောက်ခြင်း (အီစတာ) အောင်ပွဲကို ခံဖို့ ခရစ် တော်ဘုရားက သူနဲ့ အတူ ကားတိုင်ပေါ်တက်ခဲ့ပါဦးလို့ တို့အားလုံးကို ဖိတ်ခေါ်နေတယ်။ ခရစ်တော်ရဲ့ ကားတိုင်မှာ အပြစ်တွေကို အသေသတ်၊ ငါစွဲအတ္တတွေကို ကားစင်တင်ပြီး ရှင်သန်ရာ ဘဝလေးမှာ အများအတွက် အသက်ပေးတဲ့ မျိုးစေ့လေးတွေဖြစ်အောင် ကြိုးစားကြရအောင်။ သေပေးဖို့ မကြောက်ပါနဲ့။ ရှင်သန်ဖို့အတွက်အတွက် သေရတာဟာ တန်ပါတယ်။ အချစ်အတွက် အမုန်းတွေကို သတ်ရတယ်။ မေတ္တာလေးတွေရှင်သန်ဖို့ တဏှာစိတ်တွေကိုလည်း သတ်ရတယ်။ အသစ်ကို မွေးဖွားဖို့ အဟောင်းကိုလည်း စွန့်ပစ်ရတတ်တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီရသကို ခံစားဖို့ အသေအကြေ တိုက်ပွဲလေးတွေ ၀င်ရတယ်။ အင်း . . ခရစ်တော်နဲ့အတူ ရှင်ပြန်ကြဖို့

ခရစ်တော်နဲ့အတူ အသေခံကြရဦးမယ် ။

သီကိုရှင်း

Add new comment

8 + 6 =