ဆရာတော်ရဲ့သင်္ကန်း

ဆရာတော်ရဲ့သင်္ကန်း

ကက်သလစ် ဘာသာတူ အပေါင်းတို့ ဗဟုသုတတိုးပွားလာစေဖို့ "သင်သိပြီးပြီလား" ခေါင်းစဉ်နဲ့ ဆရာတော်ကြီးတွေရဲ့ ဝတ်ရုံ/ သင်္ကန်းအကြောင်း ဝေမျှပေးလိုက်ပါတယ်။

ကက်သလစ် အသင်းတော်ရဲ့ ဝတ်ပြု အခမ်းအနားတွေမှာ အသုံးပြုတဲ့ အရာဝတ္ထုတွေ (သန့်ရှင်းတဲ့ ဝတ်ရုံတော်တွေ)ဟာ အများအားဖြင့် အဓိပ္ပာယ် ကိုယ်စီ ရှိတတ်ကြ ပါတယ်။ အဲဒီအရာ ဝတ္ထုတွေရဲ့ အဓိပ္ပာယ်လေးတွေကို ဗဟုသုတအဖြစ် သိထား၊ လေ့လာထားမှသာလျှင် ဘယ်လို လေးစား တန်ဖိုးထားရမလဲ ဆိုတာကို သိလာမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူ့သဘာဝအရ 'အဓိပ္ပာယ် မသိရင် တန်ဖိုးထားရမှန်းမသိ" ဖြစ်တတ်လို့ပါပဲ။ ဘယ်အရာပဲ ဖြစ်ပါစေ တန်ဖိုးထားသူအတွက်ပဲ တန်ဖိုးရှိ တတ်ပါတယ်။

ကျွန်ုပ်တို့ Bishop's Cassock ဆရာတော်ကြီးတွေရဲ့ သင်္ကန်း၊ ဝတ်ရုံ တော်တွေကို တွေ့ဖူးကြပေမဲ့ အဲဒီဝတ်ရုံက ဘာကို ကိုယ်စားပြုသလဲ။ ဘာအဓိပ္ပာယ်လဲ ဆိုတာ သိဖို့လည်း အရေးကြီးပါတယ်။

ဆရာတော်တွေ ဝတ်ဆင်းတဲ့ သင်္ကန်း ဝတ်ရုံ အရှေ့ဘက်မှာ ကြယ်သီး စုစုပေါင်း (၃၃) လုံး ရှိပြီး ကြယ်သီး တစ်လုံးစီက သခင်ယေဇူးရဲ့ (လူစင်စစ်) ခုနှစ် အသက်တာကို ဖော်ညွန်းနေပါတယ်။ သခင်ယေဇူးဟာ အသက် (၃၃) နှစ်အထိ ကမ္ဘာမြေပေါ်မှာ သက်ရှိထင်ရှား နေထိုင်ပြီး သတင်းကောင်း ဟောကြားရင်းနဲ့ ဖျားနာသူတွေကိုလည်း ကုသပျောက်ကင်းစေ ခဲ့ပါတယ်။ အဲဒါကြောင့် သခင်ယေဇူးရဲ့ သိုးထိန်းနေရာကို ယူထားကြတဲ့ ဆရာတော်တွေရဲ့ သင်္ကန်း ဝတ်ရုံရဲ့ အရှေ့ဘက် ကြယ်သီးတွေ (၃၃)လုံးနဲ့ ချုပ်ထားတာ ဖြစ်ပါတယ်။

နောက်တစ်ခုက ဝတ်ရုံသင်္ကန်းရဲ့ ဘေး (လက်ကောက်ဝတ်) လက်ကြယ်သီး စုစုပေါင်း (၅)ခု ရှိပါတယ်။ အဲဒါတွေဟာလည်း အလကား အလှတပ်ဆင်ထားတာ မဟုတ်ပါဘူး။ ကြယ်သီး (၅)ခုက သခင်ယေဇူးရဲ့ ဒဏ်ရာတော် (၅) ချက်ကို ဖော်ညွန်း နေပါတယ်။

ဆရာတော်က လက်နှစ်ဖက်ကို စုပြီးအုပ်ချီလိုက်ရင် လက်နှစ်ဖက်က ကြယ်သီး စုစုပေါင်း (၁၀) လုံး ဖြစ်သွားပြီး ဘုရားသခင်ရဲ့ ပညတ်တော် (၁၀)ပါးကို ကိုယ်စားပြု ဖော်ပြနေပါတယ်။ ဆရာတော်အတွက် မိမိရဲ့ သိုးစုတွေကို ပညတ်တော်တွေကို သေချာသိရှိနားလည်ပြီး လိုက်ကျင့်နိုင်အောင် အမျိုးမျိုး ကြိုးစားအားထုတ် ကြရပါတယ်။ ဆရာတော်ကြီးရဲ့ ကြယ်သီးတွေကို မြင်လိုက်တာနဲ့ "ကျွန်ုပ် ပညတ်တော် တွေကို လိုက်နာ ကျင့်ကြံ ပါရဲ့လား" လို့ မိမိကိုယ်ကို ပြန်လည်ဆန်းစစ် သုံးသပ်နိုင်ပါတယ်။ ဒီလိုမျိုး အဓိပ္ပာယ်လေးတွေ သိရှိပြီးရင် ကက်သလစ် အသင်းတော်ရဲ့ လေးနက်တဲ့ သွန်သင်ချက်တွေကို ပိုပြီး တန်ဖိုးထား တတ်လာမယ်လို့ မျှော်လင့်မိပါတယ်။

ကျေးဇူးတင်ပါတယ်။

✍️ ထန်းဟာ, SJ

#ဝိညာဉ်အာဟာရ

Add new comment

4 + 2 =