ကိုယ်တော်မြတ်ပွဲတော်ကြီး ဇွန်လ ၁၄ :၂၀၂၀

ကိုယ်တော်မြတ်ပွဲတော်ကြီး
~~~~~~~~~~~~~~~~
သြဝါဒ ထောက်ရူချက်

တစ်ခါမှာ ဗီယက်နမ် ဆရာတော်ကြီး Francis Xavier Nguyen Van Thuan ကို ကွန်မြူနစ်တွေက ဖမ်းဆီးအကျဉ်းချထားခဲ့ပါတယ်။ ထောင်ထဲမှာ ဆရာတော်ကြီး နေခဲ့ရတဲ့သက်တမ်းက ၁၃ နှစ်။ နေအိမ်အကျယ်ချုပ်က ၈ နှစ်။ နှစ်ပေါင်းများစွာ ထောင်ထဲမှာ နေခဲ့ရပေမဲ့ ၀မ်းမနည်းခဲ့ဘူး။ ဘာကြောင့်လဲလို့ သူ့ကိုမေးတဲ့အခါ ဘုရားကို ယုံကြည်လို့ပါ ဆိုပြီး ပြန်ဖြေခဲ့တယ်။ ထောင်ထဲမှာနေရတဲ့အချိန် ထောင်သားတွေရဲ့ ဝိညာဉ်ရေးအတွက် ကြည့်ပေးခဲ့တယ်။

"ဒီထောင်က ကျွန်ုပ်ရဲ့ ကာသီဒြယ်၊ ထောင်သားတွေက ကျွန်ုပ်ရဲ့သိုးစု၊ ကျွန်ုပ်ရဲ့သာသနာက ဒီမှာ ရှိတယ်။ မျှော်လင့်ချက်မဲ့နေတဲ့သူတွေကြားမှာ ဘုရားသခင် ကျွန်ုပ်တို့နဲ့ တကယ်ရှိတယ်ဆိုတာကို သက်သေခံဖို့ ဘုရားက ကျွန်ုပ်ကို ပို့ထားတာ"

ဒီလိုနဲ့ ဆရာတော်ကြီးက ထောင်သားတွေကို အားပေးရင်း မစ္ဆားတရားကျင်းပဖို့ကြိုးစားတယ်။ ထောင်ထဲမှာ မစ္ဆားကျင်းပခွင့်မရှိဘူး။ ဒါပေမဲ့ လိုအပ်တဲ့အရာတွေကို အိမ်ကနေ မှာယူခွင့်ရှိတယ်။ ကျန်းမာရေးအတွက် မှီဝဲဖို့ ဝိုင်အနည်းငယ်ရယ်၊ ကိုယ်တော်မြတ်မုန့် အကျိုးပဲ့လေးတွေကို ဖွက်ပြီး ပေးဖို့ သူ့ရဲ့ အိမ်ကိုလှမ်းတောင်းတယ်။ ညရောက်ပြီ အားလုံးအိပ်မှ တိတ်တဆိတ်လေး မစ္ဆားဟောရရှာတယ်။ လက်ဖဝါးထဲမှာ ဝိုင် သုံးလေးစက် လောက်ထည့်၊ ကိုယ်တော်မြတ်မုန့်အကျိုးလေးတွေကတစ်ဖက်နဲ့ မသိအောင် ခိုးပြီး ဟောရတယ်။ ထောင်သား တွေရဲ့ ခြင်ထောင်အောက်မှာ ကိုယ်တော်မြတ်ကို တိတ်တိတ်လေး ဝေပေးခဲ့တယ်။ တိုးတိုးတိတ်တ်ိတ်နဲ့ ကိုယ်တော်မြတ်ကို ပင့်ယူဖူးမြော်ကြတယ်။ ဒီလိုနဲ့ သူတို့ဟာ ဝိညာဉ်ခွန်အားယူကြရတယ်။ ခံနိုင်ရည်ရှိလာတယ်။ တဖြေးဖြေးနဲ့ ထောင်ထဲကလူတွေအားလုံး ဘာသာ၀င်ပြီး ယုံကြည်သူတွေ ဖြစ်လာကြ တယ်။

မုန့်နဲ့ စပျစ်ရည် အသွင်သဏ္ဍာန်အောက်မှာ ဘုရားသခင်က အမှန်တကယ် ကျိန်း၀ပ်တည်ရှိနေတာကို ယုံကြည်ခဲ့တဲ့ ဒီအဖြစ်အပျက်လေးက ကျွန်ုပ်တို့အတွက် အတုယူစရာကောင်းလှပါတယ်။ ခရစ်တော်ဘုရား က ကိုယ်တော်မြတ်စက္ကရမင်တူးကို သူ့ရဲ့ ကားတိုင်ပေါ်က ပူဇော်ခြင်းကို အမှတ်ရစေဖို့ တည်ထောင်ပေးခဲ့ တယ်။ ကိုယ်တော်ရှင် နောက်တစ်ဖန်ကြွလာချိန်အထိ အဆက်မပြတ် တည်နေဦးမယ့် ပူဇော်သက္ကာရ ဖြစ်လာခဲ့ ပါတယ်။ ခရစ်တော်က ကိုယ်တော်မြတ်စက္ကရမင်တူးအားဖြင့် ကျွန်ုပ်တို့အလယ်မှာ အမှန်တကယ် တည်ရှိ နေပါတယ်။

ကိုယ်တော်မြတ်ပွဲတော်ကို ကျင်းပရင်း ကျွန်ုပ်တို့အတွက် ထောက်ရှုစရာ အချက် (၃) ချက်ရှိပါ တယ်။ ပထမအချက်က ခရစ်တော်ဟာ ကိုယ်တော်မြတ်အားဖြင့် သူရဲ့ တည်ရှိခြင်းကို ဆက်လက် အဓွန့်ရှည် စေတယ်။ တချို့လူတွေ မသေခင်မှာ တစ်ခုခုကို အမှတ်ရစေဖို့ ချန်ရစ်ခဲ့လေ့ရှိတယ်။ ဥပမာ လက်စွပ်လေး တစ်ကွင်း၊ ဒိုင်ယာရီ စာအုပ်လေးတစ်အုပ် စသဖြင့် ထားခဲ့ကြတယ်။ သခင်ယေဇူးကကျတော့ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ထားရစ်ခဲ့တယ်။ ဘုရားအဖြစ်၊ လူ့အဖြစ် အဖြစ်နှစ်ပါးနဲ့ အတူတကွရှိနေမယ့် ကိုယ်တော်မြတ် စက္က ရမင်တူးကို ထားပေးခဲ့ပါတယ်။ ဒါဟာ ဘုရားက သူ့ရဲ့ တည်ရှိခြင်းကို အမှတ်ရစေဖို့ ထားခဲ့တဲ့ အမွေတစ်ခုပါ။ အာရုံများနဲ့ မမှီနိုင်တဲ့ဘုရားကို ကိုယ်တော်မြတ်စက္ကရမင်တူးအားဖြင့် အမြင်၊ အထိ၊ အရသာ အာရုံတို့ဖြင့် မြည်းစမ်းခွင့်ကို ဘုရားက ပေးခဲ့ပါတယ်။

ဒုတိယအချက်အနေနဲ့ ဘုရားရှင်ကို ကျွန်တော်တို့ အချိန်တိုင်း ဆုံတွေ့ဖူးမြော်ခွင့်ရှိတယ်။ အပြင်လော ကမှာ ရာထူးကြီးတဲ့ လူကြီးတွေ၊ အာဏာရှိတဲ့ သူတွေကို အချိန်တိုင်း တွေ့ဆုံဖို့ဆိုတာ မလွယ်ကူဘူး။ ကြိုတင် ချိန်းဆိုမှုတွေလုပ်မှ တွေ့ခွင့်ရတယ်။ ဒါတောင် အားလုံးတွေ့ခွင့်ရချင်မှ ရမှာ။ ခရစ်တော်ဘုရားကျ အဲ့လိုမဟုတ် ဘူး။ ဘုရင်တကာတို့ရဲ့ ဘုရင် ဆိုပေမဲ့ ကိုယ်တော်မြတ်စက္ကရမင်တူးထဲမှာ နှိမ့်ချစွာနဲ့ ရှိနေတယ်။ အချိန်တိုင်း တွေ့လို့ရတယ်။ ဘာမှ ကြိုတင်ချိန်းစရာမလိုဘူး။ ဒါပေမဲ့ နှိမ့်ချတဲ့ ယုံကြည်ခြင်းတော့ လိုအပ်တယ်။

တတိယအချက်အနေနဲ့ ခရစ်တော်ဟာ ကျွန်ုပ်တို့ရဲ့ ကယ်တင်ခြင်းအတွက် ကားတိုင်ပေါ်မှာ အသက်စွန့် ပူဇော်ပေးခဲ့ပြီး ကိုယ်တော်မြတ်စက္ကရမင်တူးအားဖြင့် ဆက်လက် ပူဇော်ပေးနေသလို ကျွန်ုပ်တို့ ကိုလည်း သူတစ်ပါးအတွက် ပူဇော်ပေးဆပ်ကြဖို့ ဖ်ိတ်ခေါ်နေပါတယ်။ ခရစ်တော်ကို ပင့်ယူကြတဲ့ သူတွေဟာ ခရစ်တော်နဲ့ တဖြေးဖြေး ပုံစံတူလာရမှာ ဖြစ်ပါတယ်။ မာသာရ်ထရေဇားက ခရစ်တော်ဘုရားရဲ့ တည်ရှိခြင်းကို ပုံစံနှစ်မျိုးနဲ့ ယုံကြည်ခဲ့တယ်။ မုန့်၊ စပျစ်ရည် အဆင်းသဏ္ဍာန်အောက်မှာ ဘုရားရှိတာကိုယုံတယ်။ ပြီးတော့ သူမ အစေခံနေတဲ့ လူတွေထဲမှာလည်း ခရစ်တော် ရှင်သန်နေတယ်ဆိုတာကို ယုံကြည်နိုင်ခဲ့တယ်။ ကိုယ်တော် မြတ်စက္ကရမင်တူးက တစ်ဦးတစ်ယောက်ထဲအတွက် မဟုတ်ဘူး။ အများနှင့်ဆိုင်တဲ့အရာ။ ကိုယ်တော်မြတ်ကို ပင့်ယူခြင်းအားဖြင့် ခရစ်​ေတ်ာရဲ့ ကိုယ်ခန္ဓာကို အတူတကွ တည်ဆောက်ကြခြင်း ဖြစ်ပါတယ်။

နောက်ထပ် အဖြစ်အပျက်လေးတစ်ခု ဝေမျှချင်ပါသေးတယ်။ ဆရာတော်ကြီး ဖူတန်ရှင်းက ကိုယ်တော် မြတ်စက္ကရမင်တူးကို အင်မတန် သဒ္ဓါကြည်ညိုခြင်းရှိတယ်။ တစ်နေ့ကို တစ်နာရီ ကိုယ်တော်မြတ်ရှေ့ ဆုတောင်းခြင်းကို ဘယ်တော့မှ မပျက်ကွက်ခဲ့ဘူးလို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့တယ်။ ဘာဖြစ်လို့ ဒီလောက် တောင် ကိုယ်တော်မြတ်ကို သဒ္ဓါကြည်ညိုရတာလဲဆိုပြီး သတင်းထောက် တစ်ယောက်က မေးတယ်။ ပုပ်ရဟန်း မင်းကြီးကြောင့်လား၊ ရဟန်းဘုန်းကြီးတွေကြောင့်လားပေါ့။

"ပုပ်ရဟန်းမင်းကြီးကြောင့်လည်း မဟုတ်ဘူး။ ဘုန်းကြီးတွေကြောင့်လည်း မဟုတ်ဘူး။ ၁၁ နှစ် အရွယ် တရုတ် ကလေးမလေး တစ်ယောက်ကြောင့်ပါ" ဆိုပြီး ဆရာတော်ကြီးက ဖွင့်ဟ ၀န်ခံရင်း ကလေးမလေးအကြောင်းကို ဆက်ပြောပြတယ်။

တရုတ်ပြည်ကို ကွန်မြူနစ်တွေ သိမ်းပိုက်လိုက်တဲ့အခါမှာ ဘုန်းကြီးတစ်ပါးကို ဖမ်းပြီး ဘုရားကျောင်းထဲက ကိုယ်တော်မြတ်ကျောင်းဆောင်ကို ရိုက်ချိုးပစ်လိုက်တယ်။ ကိုယ်တော်မြတ်ခွက်ထဲက ကိုယ်တော်မြတ်တွေ ကိုလည်း ပြန့်ကြဲနေအောင် လွှင့်ပစ်လိုက်တယ်။ ကိုယ်တော်မြတ်ခွက်ထဲမှာ ဖန်ဆင်းထားပြီးသား ကိုယ်တော်မြတ် ၃၂ ချပ် အတိကျရှိတယ်ဆိုတာ ဘုန်းကြီးက သိထားပါတယ်။ ကွန်မြူနစ်တွေ ထွက်သွားတဲ့ အခါမှာ ကလေးမလေးတစ်ယောက် ထောင့်တစ်နေရာမှာ ဆုတောင်းနေတာကို သတိမထားမိကြဘူး။ ဖြစ်ပျက် သမျှကို ကလေးမလေးက မြင်တွေ့ခဲ့တယ်။ အဲ့ဒီညမှာ ကလေးမလေး ပြန်လာတယ်။ ခြေသံဖွဖွလေးလျှောက် ပြီး ဘုရားကျောင်းထဲမှာ တစ်နာရီ ဆုတောင်းတယ်။ ဆုတောင်းပြီးတော့ ကိုယ်တော်မြတ်မုန့်တွေ ပြန့်ကြဲနေတဲ့ နေရာကို သွား၊ ဒူးထောက်ကာ ကိုယ်တော်မြတ်ကို လျှာနဲ့ပဲ တရိုတသေ ပင့်ယူတယ်။ ညတိုင်းညတိုင်း ဒီကလေးမလေးက ဆက်လက်ပြုလုပ်ခဲ့တယ်။ တစ်ည တစ်ခု ကိုယ်တော်မြတ်ကို ပင့်ယူခဲ့တာ နောက်ဆုံးရက်ကို ရောက်လာတယ်။ ၃၂ ရက် ပြည့်တဲ့ညမှာ ကိုယ်တော်မြတ်မုန့်တွေ အကုန်ပင့်ယူပြီးတဲ့နောက်မှာ မတော်တဆ ချော်လဲပြီး အစောင့်တွေ နိုးသွားရာကနေ ကလေးမလေး အဖမ်းလိုက်ရတယ်။ စစ်သားတစ်ယောက်က သူ့ရဲ့ ရိုင်ဖယ်သေနတ်နဲ့ ကလေးမလေးကို ရိုက်တယ်။ နောက်ဆုံးတော့ ကလေးမလေး အသက် ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒီအဖြစ်အပျက်တွေက ဆရာတော်ကြီး အဖမ်းခံထားရတဲ့ ဘုန်းတော်ကြီးက သူ့ရဲ့ အိပ်ရာ ပြတင်းပေါက်ကနေပဲ ကြည့်နေခဲ့ရတယ်။ ဘာမှ မတတ်နိုင်ခဲ့ဘူး။

ဒီအကြောင်းကို ဆရာတော်ကြီး ဖူတန်ရှင်း ပြန်ကြားတဲ့အခါမှာ ဆို့နင့်သွားခဲ့ရတယ်။ အသက်ငယ်ပေမဲ့ ကိုယ်တော်မြတ်ထဲမှာ သခင်ယေဇူး ရှိတယ်ဆိုတာကို ဒီကလေးမလေးက တကယ် ယုံကြည်ခဲ့တယ်။ သူမကိုကြည့်ပြီး ဆရာတော်ကြီးက နေ့တိုင်း တစ်နာရီ ကိုယ်တော်မြတ်ရှေ့မှာ ဆုတောင်းပါ မယ်လို့ ဘုရားကို ကတိပြုခဲ့တယ်။ ကိုယ်တော်မြတ်စက္ကရမင်တူးအပေါ် ထားရှိတဲ့ ဒီကလေးမလေးရဲ့ သဒ္ဓါကြည်ညိုမှု၊ ချစ်မြတ်နိုးမှု၊ ယုံကြည်သက်၀င်မှုတွေက ကျွန်ုပ်တို့အတွက် သင်ခန်းစာယူစရာ ကောင်းပါ တယ်။ ကျွန်ုပ်တို့ရော ကိုယ်တော်မြတ်စက္ကရမင်တူးထဲမှာ ဘုရားသခင် တကယ်ရှိတယ်ဆိုတာကို ယုံကြည်ကြ ရဲ့လား။ ဘုရားရှင်ရဲ့ တည်ရှိခြင်းကို ယုံကြည်ပြီး ကျွန်ုပ်တို့ ဝိညာဉ်ခွန်အား၊ ဘ၀ခွန်အားတွေ ယူကြရမှာဖြစ် တယ်။ ဘုရားရှိတယ်ဆိုတာကို ယုံကြည်ရင် ကျွန်ုပ်တို့အတွက် ခွန်အားနှစ်သိမ့်မှုကို ဖြစ်စေပါတယ်။ ဘုရား သခင် ထားရစ်ခဲ့တဲ့ ကိုယ်တော်မြတ်စက္ကရမင်တူးကို ပင့်ယူခွင့် မရရှိကြသေးတဲ့ ဘာသာ၀င်အားလုံးအတွက် သတိရ ဆုတောင်းပေးလိုက်ပါတယ်။ ဘုရားရှင်ရဲ့ တည်ရှိခြင်းကို ယုံကြည်ပြီး ဝိညာဉ်ခွန်အားတွေ ရယူနိုင်ကြ ပါစေ။

သီကိုရှင်း

(Ref; Echoes of God's Love by Fr. Roberto B. Manansala, OFM)

Add new comment

2 + 2 =