ကိုယ်တော်မြတ်စက္ကရမင်းတူး

ကိုယ်တော်မြတ်စက္ကရမင်းတူး

ကိုယ်တော်မြတ်အသက် လျှပ်တစ်ပြက်

•••••••••••••••••••••••••••••••••••

- လွိုင်လင်လေးလွင်

စိန်အီစီဒိုကား သာမန်လယ်သမားတစ်ဦးဖြစ်၏။ လယ်ပိုင်ရှင်တစ်ဦးထံတွင် လယ်စာရင်းငှား လုပ်ကိုင်နေသူဖြစ်ပါသည်။ လုပ်ငန်းကျွမ်းကျင်မှုကြောင့် လယ်ပိုင်ရှင်၏ အရေးပေးမှုကို သူ ခံရသည်။ သူ့လုပ်ဖော်ကိုင်ဖက် လယ်လုပ်သားများက ဤအချက်နှင့်ပတ်သက်၍ သူ့ကို မနာလိုမရှုစိမ့်ဖြစ်နေကြ၏။ သူတို့သတိထားမိကြသည်မှာ အီစီဒိုး နံနက်ပိုင်း လယ်ထဲအလုပ်ဆင်းချိန် နောက်ကျလေ့ရှိခြင်းဖြစ်၏။

အခွင့်ကောင်း စောင့်နေကြသူတို့ အကွက်တွေ့သွားကြသည်။ လယ်ပိုင်ရှင်ကို အတိုင်အတောပြုကြ၏။ လယ်ပိုင်ရှင် တတွတ်တွတ်ချီးမွမ်းခန်းဖွင့်နေသူ အီစီဒိုးသည် လူပျင်းသက်သက်သာဖြစ်ကြောင်း၊ အိပ်ရာထ နောက်ကျ၍သာ လယ်ထဲဆင်းချိန် နောက်ကျရခြင်းဖြစ်ကြောင်း စသည်ဖြင့် ကတုန်းကတိုက် ပြောကြ၏။

လယ်ပိုင်ရှင်မှာ သူ အလွန်အားထားရသည့် လယ်လုပ်သားကောင်း အီစီဒိုးအတွက် စိတ်မကောင်းဖြစ်ရတော့ သည်။ မိမိကိုယ်တိုင် လေ့လာရတော့မည်ဟု ကြံစည်ကာ တစ်နေ့တွင် လယ်ကွင်းသို့ စောစောသွားရောက် ကြည့်ရှုသည်။ အခြားလယ်လုပ်သားများ အစုံအညီရှိနေကြပါသော်လည်း အီစီဒိုးက မရောက်သေး။ သူ့အိမ် လိုက်ကြည့်ပြန်တော့လည်း အိမ်တွင်မရှိ။ မေးမြန်းကြည့်ရာ ကက်သလစ်ဘုရားကျောင်းသွားမှန်းသိလိုက်ရ၍ မစ္ဆားအပြီးမှ လယ်ကွင်းတွင် စောင့်ကြည့်မည်ဟု တေးထားကာ ပြန်လာခဲ့၏။

အီစီဒိုးသည် လယ်ထဲဆင်းရန် ပေါက်တူး၊ ပေါက်ပြားများထမ်း၍ ရောက်လာချိန်မှာတော့ လယ်ပိုင်ရှင်မှာ ပါးစပ်အဟောင်းသား ဖြစ်နေရရှာတော့၏။ အကြောင်းမှာ အီစီဒိုးမှာ တစ်ဦးတည်း ရောက်လာခြင်းမဟုတ်။ သူ့နံဘေးတစ်ဘက်တစ်ချက်တွင် အားကောင်းမောင်းသန် လူရွယ်နှစ်ယောက်ပါ လိုက်လာခဲ့ကြသည်ကို တွေ့မြင်လိုက်ရသောကြောင့်ပင်။ လယ်ကွင်းထဲရောက်၍ အီစီဒိုးတာဝန်ကျသည့်အကွက်မှာ နောက်ကျသည်မှန်သော်လည်း ထိုလူရွယ်နှစ်ယောက်နှင့်အတူ လုပ်လိုက်ကြသည်ဖြစ်၍ အခြားသူများထက် ပိုမိုပြီးသည်သာမက ပိုမိုစိတ်တိုင်းကျစဖွယ် ဖြစ်နေချေသည်တကား။

ခေတ္တအလုပ်နားချိန်တွင် လယ်ပိုင်ရှင်သူဌေးကြီးမှာ မနေသာတော့ဘဲ အီစီဒိုးအနား ချဉ်းကပ်ကာ သူနှင့်ပါလာသူ လူရွယ်နှစ်ယောက်အကြောင်း မေးမြန်းစုံစမ်းလေ၏။ အီစီဒိုးက မိမိနှင့်အတူ မည်သူမျှ မပါလာကြောင်း ရှင်းပြပါသော်လည်း လယ်ပိုင်ရှင်က မိမိကိုယ်တိုင် မျက်စိနှင့် တပ်အပ်တွေ့ရကြောင်း အခိုင်အမာ ပြောဆိုလာ၏။ ထိုအခါ အီစီဒိုးက ကောင်းကင်တမန်များဖြစ်နိုင်ကြောင်း ဝန်ခံပြောပြလိုက်တော့သည်။

နံနက်တိုင်း ကက်သလစ်ဘုရားကျောင်းတက်၍ မစ္ဆားတရားနာယူကာ ကိုယ်တော်မြတ်ပင့်သော အီစီဒိုးသည် အများသူငါထက် အနည်းငယ်နောက်ကျမှ အလုပ်ဆင်းခဲ့သည်မှန်သော်လည်း အလုပ်လစ်ဟင်းမှုမရှိဘဲ အများသသူငါထက်ပင် အလုပ်ပြီးမြောက်နေခဲ့သည်။ ဘုရားသခင်ကျေးဇူးတော် ပါဝင်နေမှုကြောင့်ဖြစ်၏။ အီစီဒိုးနည်းတူ မစ္ဆားတရားနာယူကာ ကိုယ်တော်မြတ်ပင့်ယူပြီးမှ လုပ်ငန်းခွင်ဝင်လျှင် နောက်ကျလျှင်လည်း မိမိခွင့်ပြုမည်ဖြစ်ကြောင်း လယ်ပိုင်ရှင်က အခြားလယ်လုပ်သားများအား အမိန့်ထုတ် ပြောကြားလိုက်၏။ ဤဖြစ်စဉ်ကား စိန်အီစီဒိုးဘဝတွင် အထင်အရှား ရှိခဲ့ပါသည်။

နေ့စဉ်ဝေမျှ ဘ၀တာ

•••••••••••••••••••

“ငါ၏အသားသည် စားစရာကောင်း၏။ ငါ၏အသွေးသည်လည်း သောက်စရာကောင်း၏”(ရှင်ယောဟန် ၆း၅၅)။ ဤသို့ ယေဇူးဘုရားသခင်ကိုယ်တော်တိုင် မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့၏ ဝိညာဉ်အာဟာရကား ကိုယ်တော်သာဖြစ်၏။ ကိုယ်တော်ြမတ်ဗိမာန်တော်အတွင်း ကိန်းအောင်းနေခြင်းကား ကျွန်ုပ်တို့အတွက်ပင်ဖြစ်သည်။ ရှင်ယောဟန် ၆း၅၄ တွင် တစ်ဖန်ဖော်ပြသည်မှာ “ငါ့အသားကို စား၍ ငါ့အသွေးကို သောက်သောသူသည် ထာဝရအသက်ကို ရ၏”ဟုဖြစ်ရာ ဝိညာဉ်ရေးဘဝတာအတွက် အားအင်ပြည်ဖြိုးလိုလျှင် စွမ်းအားအပြည့်ဖြင့် အသက်ရှင်လိုလျှင် ကိုယ်တော်ကို ပင့်ယူရမည်သာဖြစ်သည်။

စိန်ဩဂုတ်စတင်းက အာဖရိကမှ မိမိ၏ဂိုဏ်းအုပ်ကက်သလစ်သာသနာအတွင်းရှိ ကက်သလစ်ဘာသာဝင်များသည် ကိုယ်တော်မြတ်စက္ကရမင်ကို “အသက်”ဟု ခေါ်ကြကြောင်း ပြောြပသည်။ “ကိုယ်တော်မြတ် ပင့်ကြသည်”ဟု ဆိုရာ၌ သူတို့က “ကျွန်ုပ်တို့ အသက်ရှိရာ သွားကြသည်”ဟု ဆိုကြပါသည်။ ကောင်းလိုက်သည့် အသုံးအနှုန်းတစ်ရပ်ပါပေ။

ရှင်ယောဟန် ၆း၃၅ တွင် ယေဇူးက “ငါသည် အသက်မုန့်ဖြစ်သည်”ဟူ၍လည်းကောင်း၊ ရှင်ယောဟန် ၆း၅၉ တွင် “ဤမုန့်ကား ကောင်းကင်မှ ဆင်းသက်သော မုန့်ဖြစ်၏”ဟူ၍လည်းကောင်း မိန့်တော်မူသည်။ သဘာဝထက်လွန်ကဲသော စွမ်းပကားနှင့် စွမ်းအားများကို ဆက်လက်ထိန်းသိမ်းထားလိုလျှင် ကိုယ်တော်မြတ်သည်သာ အတိကျဆုံးစွမ်းဆောင်ပေးနိုင်မည်မှာ မုချဖြစ်သည်။ ဝိညာဉ်စွမ်းအားများကို ပေးစွမ်းနိုင်သော၊ ထိန်းသိမ်းပေးနိုင်သော၊ ထပ်ဖြည့်ဆည်းပေးနိုင်သော အကောင်းဆုံးအာဟာရမှာ ကိုယ်တော်မြတ်ပင်ဖြစ်တော့သည်။

စိန့်”သူတော်မြတ်တို့၏ အဆိုအမိန့်များ

••••••••••••••••••••••••••••••••••••

စိန်ပီတာဂျေအိုင်မာဒ်(St.Peter J.Eymard)က အဆုံးစွန်ထိ မိန့်ဆိုထားချက်မှာ‌ ကောင်းကင်တမန်များ၏ ဘုန်းဂုဏ်နှင့်ပြည့်ဝသည့်ဘဝကို ကောင်းကင်၌ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ထာဝရဘုရားသခင်အား မြင်တွေ့ခြင်း(Vision)ရှိအပ်သည်။ ဤနည်းတူ ခရစ်ယာန်တို့၏အသက်တာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကိုယ်တော်မြတ်ကို မရှိမဖြစ်လိုအပ်သည်ဟု ဖြစ်ပါသည်။

ကိုယ်ကာယအသက် ဆက်လက်ရပ်တည်ရန် အာဟာရမှီဝဲသကဲ့သို့ ကျွန်ုပ်တို့၏ ဝိညာဉ်အသက်ဆက်ရန် အာဟာရဖြည့်ဆည်းပေးရပါမည်။ စိန်ဩဂုတ်စတင်း၏ သွန်သင်ချက်မှာ “နေ့စဉ်ထိခိုက်ဒဏ်ရာရမှုတို့အတွက် ကျွန်ုပ်တို့မှီဝဲကြရသော ဆေးတစ်ပါးမှာ ကိုယ်တော်မြတ်မုန့်တော်ပင်ဖြစ်သည်”ဟူ၏။

စိန်ပီတာဂျေအိုင်မာဒ်က တစ်ဖန်ဆိုပြန်သည်မှာ “ယေဇူးက ကိုယ်တော်မြတ်မုန့်တစ်ချပ်တည်းကိုသာ ပြင်ဆင်ထားခဲ့သည်မဟုတ်ပါ။ ကျွန်ုပ်တို့ အသက်ရှင်သရွေ့ နေ့စဉ်ဘဝတာအတွက် မုန့်တစ်ချပ်စီ နေ့စဉ် စီစဉ်ပေးထားသည်။ ကျွန်ုပ်တို့ နေ့စဉ် မှီဝဲစားသုံးရန် ကိုယ်တော်မြတ်မုန့်များက အဆင်သင့်ပင် တစ်ချပ်ကိုမျှ အလွတ်မခံဘဲ ပင့်ယူသင့်ကြပါသည်”ဟူ၍ဖြစ်၏။

ယေဇူးကား ထိုမုန့်ချပ်ပင်ဖြစ်သည်။ ချစ်ခြင်း၏ယဇ်ကောင်အဖြစ် အပူဇော်ခံခဲ့သူဖြစ်၊ ဝိညာဉ်အတွက် ဤရွေ့ဤမျှ ချိုမြိန်ရသပေးစွမ်းနိုင်ပြီး ကျန်းမာပကတိ ရှိစေနိုင်သည်ဖြစ်ရာ စိန်ဂျဲမာဂါလဂါးနီ(St.Gemma Galgani)က ရင်ထဲမှ ပွင့်အံလျက် ဆိုသည်မှာ “ဤမျှချိုမြလှသည့်အာဟာရမုန့်ကို ယေဇူးသခင်က ကျွန်ုပ်အား ကမ်းလှမ်းပေးအပ်လာရာ ဤမုန့်ကို စားလျက် အသစ်တစ်ဖန် ခွန်အားများ ပြည့်ဝလာလိုစိတ်များ တဖွားဖွား ပေါ်လာပါသည်။ မေတ္တာပြသည့် ဤကုသမှုကို ယေဇူးသခင်က မနက်တိုင်း ကျွန်ုပ်ကို ပေးသည်ဖြစ်ရာ တင်းမာခက်ထန်မှုများ ပြေလျော့သွားရပြီး ကျွန်ုပ်၏နှလုံးသားမှ ချစ်ခင်မြတ်နိုးမှုများ ကိုယ်တော့်ထ့သို့ ယိုဖိတ်ရောက်ရှိတော့သည်”ဟူ၏။

အာ့ရ်စ်(Ars)မြို့မှ ကျောင်းထိုင်က လေးလေးနက်နက် ပြောဆိုမိန့်ကြားသည်မှာ - “ကိုယ်တော်မြတ်မုန့်ချပ်တိုင်းကို လူသားနှလုံးသားထဲက ချစ်ခြင်းမေတ္တာမီးရှိန်က တောက်လောင်ဝါးမြိုလိုက်ရန် ဖန်ဆင်းထားခြင်းဖြစ်ပါသည်”ဟု ဖြစ်၏။

လီဆီယူမှ စိန်ထရေဇား(St.Theresa of Lisieux)ကလည်း “သခင်ယေဇူး ကောင်းကင်ဘုံမှ နေ့စဉ်နေ့တိုင်း ဆင်းသက်လာနေခြင်းကား ရွှေဖလားအတွင်း နေရာယူ ကိန်းအောင်းရန် မဟုတ်ပါ။ မိမိနှစ်သက်မြတ်နိုးလွန်း၍ ကွန်းခိုလိုလှသည့် နောက်ထပ် ကောင်းကင်ဘုံတမျှ စံမြန်းထိုက်သည့် ကျွန်ုပ်တို့၏ ဝိညာဉ်အတွင်းတစ်နေရာကို ရှာရန်အတွက်ဖြစ်ပါသည်”ဟု အခြားစစ္စတာရ်တစ်ပါးထံ စာရေးသား ပြောပြခဲ့သည်။ “နေရာပေးနိုင်လျက်နှင့် ကိုယ်တော့်ကို မပင့်ယူသောအခါ ကိုယ်တော် မျက်ရည်ကျတော်မူ၏”။ ထို့ကြောင့် နတ်ဆိုးမိစ္ဆာကောင်သည် စိတ်နှလုံးဝိညာဉ်အတွင်း ဘာမျှရှိမနေစေချင်ပါ။ အရှင်သခင်ပိုင်သသူမရှိ ဖြစ်စေချင်ပါသည်။ ကိုယ်တော်မြတ်စက္ကမင်နှင့် ကင်းကွာနေစေချင်ပါသည်။

စိန်မာဂရက်မေရီအလာကော့(St.Margaret Mary Alocoque)က အကြံပြုထားသည်မှာ - “ကိုယ်တော်မြတ်မပင့်ဘဲ နေခြင်းမျိုး မရှိပါစေနှင့်။ နတ်ဆိုးဝမ်းသာစေဖို့ အခွင့်အရေး ကျွန်ုပ်တို့ မပေးသင့်။ ယေဇူးသခင်မှ ကင်းကွာရှောင်ခွာလျှင် နတ်ဆိုးလောက် ပျော်မည့်သူ မရှိတော့ပါ။ အကြောင်းမှာ ကျွန်ုပ်တို့အပေါ် နတ်ဆိုး၏ လွှမ်းမိုးထားနိုင်မှုကို ပယ်ရှားနိုင်သူမှာ ယေဇူးသခင်ပင် ဖြစ်သည်မဟုတ်ပါလား။

ရှင်ယောဟန် ၇း၃၇ တွင် ယေဇူးသခင် မိန့်တော်မူသည်မှာ “ရေငတ်သောသူရှိလျှင် ငါ့ထံသို့ လာ၍ သောက်လော့”ဟုဖြစ်ရာ ကိုယ်တော်မြတ်ပင့်ယူခြင်းသည် ချစ်ခြင်းမေတ္တာ၊ စွမ်းအား၊ အလင်း၊ ပျော်ရွှင်မှု၊ ရဲစွမ်းသတ္တိနှင့် ကောင်းမြတ်မှုမှန်သမျှတို့ နေ့စဉ်စိမ့်ထွက်လျက်ရှိသည့် စမ်းရေပေါက်မှ ခံယူသောသောက်သုံးခြင်းဖြစ်သည်။ ရှင်ယောဟန် ၁၄း၄၇ ကလည်း “ထာဝရအသက်ရှင်ခြင်းအလို့ငှာ ထွက်သောစမ်းရေဖြစ်၏”ဟု ဆိုပြန်သည်မဟုတ်ပါလား။ ပထမကောရိန် ၁၀း၂၁ ကလည်း “ဘုရားသခင်၏စားပွဲ”ဟုဆိုပြန်ရာ ထာဝရဘုရားသခင် တည်ခင်းကျွေးမွေးသည့် ဖြောင့်မတ်ခြင်းကျေးဇူးနှင့် ပြည့်သော ဧည့်ခံပွဲတော်သို့ ဝင်ရန် မည်သို့သောသူက ဝန်လေးနေရဘိသနည်း။

အန္တရာယ်ဖယ်ရှား ကိုယ်တော်မြတ်ဘုရားသခင်

••••••••••••••••••••••••••••••••••••••••••••

အင်္ဂလန်နိုင်ငံ၏ နန်းရေးဝန်ကြီးစိန်တောမတ်စ်မိုး(St.Thomas More)သည် တိုင်းရေးပြည်ရေးနှင့် အလုပ်ရှုပ်လှပါသော်လည်း နေ့စဉ်မစ္ဆားကို မပျက်တက်လေ့ရှိ၏။ သူကား အင်္ဂလန်ဘုရင် စာရိတ္တဖောက်ပြန်မှုကို အားပေးရန် ငြင်းဆန်ခဲ့မှုကြောင့် သေဒဏ်ပေးခံခဲ့ရသည့် ဧဝံဂေလိဆရာတစ်ပါးဖြစ်သည်။ နေ့စဉ်မစ္ဆားတရားတော်ြမတ် နာယူကာ ကိုယ်တော်မြတ်ပင့်ယူသူ၊ သူ့အား အချို့မိတ်ဆွေများက သာမန်ကက်သလစ်ဘာသာဝင်လူပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် ဤမျှ ဆင်းရဲမခံသင့်ကြောင်း၊ တိုင်းရေးပြည်ရာများနှင့် လုံးခြာလိုက်နေစဉ် ဘုရားသခင်၏ တရားရေးကိစ္စများတွင် လျှော့သင့်ကြောင်း အကြံပြုခဲ့ကြသည်။

စိန်တော်မတ်စ်၏ ဖြေကြားချက်မှာ ဂန္တဝင်မြောက်ပါပေသည်။ “မိတ်ဆွေတို့ပေးသည့် အကြောင်းပြချက်အားလုံးက ကျွန်ုပ် နေ့စဉ် ကိုယ်တော်မြတ် ပင့်ယူသင့်ကြောင်း ပိုမိုခိုင်လုံသွားစေပါသည်။ ကျွန်ုပ်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာများ အမြောက်အမြား ရှိပါသည်။ ယေဇူးသခင်နှင့် ပေါင်းစပ်နေမှသာ ကျွန်ုပ် စိတ်တည်ငြိမ်အေးချမ်းမှု ရပါသည်။ ဘုရားသခင်ကို ထိခိုင်ပြစ်မှားစရာအခြေအနေ မကြာမကြာ ပေါ်ပေါက်တတ်သည်။ ဤအခြေအနေများမှ တိမ်းရှောင်ဖယ်ရှားရန် ခွန်အားကို ကိုယ်တော်ရှင်ထံမှ ကျွန်ုပ် ရရှိပါသည်။ ခက်ခဲသိမ်မွေ့သောကိစ္စရပ်များကို နေ့စဉ်ကိုင်တွယ်ဖြေရှင်းရန် အကြံဉာဏ်နှင့် ဆင်ခြင်နိုင်မှုကို ကျွန်ုပ် လိုအပ်ပါသည်။ ထိုအခါများ၌ ကိုယ်တော်မြတ်ပင့်ယူစဉ် ယေဇူးသခင်နှင့် ကျွန်ုပ် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။ ကိုယ်တော်သည်ကား ကျွန်ုပ်၏ ဆရာသမားပင်ဖြစ်တော့သည်”ဟု ပြောပါသည်။

ပညာရှင်များနှင့် ကိုယ်တော်မြတ်

•••••••••••••••••••••••••••••••

နာမည်ကျော် ဇီဝဗေဒပညာရှင် ဘန်တင်း(Banting)ကို တစ်စုံတစ်ယောက်က နေ့စဉ်ကိုယ်တော်မြတ်ပင့်ယူခြင်းကို အဘယ်ကြောင့် ဤမျှအရေးထားရပါသလဲဟု မေးခဲ့ရာ သူက - “ညစဉ် မိုးပွင့်ကလေးတွေသာ မကျခဲ့ရင် ဘာဖြစ်သွားနိုင်တယ်ဆိုတာကို ခင်ဗျား စဉ်းစားမိဖူးပါသလား။ မိုးပွင့်သာမကျခဲ့ရင် ဘယ်အပင်မှ ရှင်သန်နိုင်မှာ မဟုတ်ဘူး။ တစ်နေ့တာအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပေါ်ပေါက်တဲ့ အပူရှိန်က အငွေ့ပြန်စေတာ၊ ခြောက်သွေ့သွားစေတာကို၊ ဘယ်မြက်ပင်၊ ဘယ်ပန်းပင်ကမှ ကြံ့ကြံ့ခံနိုင်မှာမဟုတ်ဘူး၊ သည်အပင်လေးတွေရဲ့ စွမ်းအင်လည်ပတ်မှု သံသရာစက်ဝိုင်း၊ သူတို့လေးတွေရဲ့ သဘာဝကျကျ ပြန်လည်ရှင်သန်နိုးထမှု၊ သူတို့ရဲ့ လင်းဖ်အရည်လေးများ(LYMPH)ဟန်ချက်ညီမျှမှု၊ ကုန်ကုန်ပြောရရင် အပင်လေးတွေရဲ့အသက်ကိုက သည်မိုးပွင့်လေးအပေါ် အမှီပြုနေရတာပါ။ ဇီဝဗေဒပညာရှင်ကြီးက ခေတ္တနားလိုက်ပြီး ဆက်ပြောရာမှာ - “ကျွန်တော့်ဝိညာဉ်ကလည်း အဲသည်အပင်ကလေးတစ်ပင်လိုပဲဗျာ။ နေ့စဉ် လေကြမ်းတိုက်လိုက်၊ အပူရှိန်ပြင်းပြင်းဒဏ်ခံလိုက်နဲ့ ရင်ဆိုင်တိုက်ပွဲတွေဆင်နွှဲနေရင်း ယိမ်းနွဲ့ရှင်သန်နေရတဲ့အပင်ကလေးတစ်ပင်လိုပါပဲ။ ဒါကြောင့် ကျွန်တော်ဟာ နေ့စဉ် မနက်တိုင်း လတ်လတ်ဆတ်ဆတ် ဝိညာဉ်မိုးပွင့်ရိက္ခာ သွားထုတ်ဖို့ ကိုယ်တော်မြတ်ကို ပင့်ယူရတာပေါ့ဗျာ”ဟူသတည်း။

စိန်ဂျိုးဇက်ကိုတိုလဲန်ဂို(St.Joseph Cottolengo)သည် မြော်မြင်ခြင်းအိမ်တော်(Divine Providence)အမည်ရှိသော ဆေးခန်းမှ သမားတော်များအား ခက်ခဲသည့် ခွဲစိတ်ကုသမှုများ မပြုလုပ်မီ ကိုယ်တော်မြတ် ပင့်ယူကြရန် အကြံပြုထားပါသည်။ သူရှင်းပြသည်မှာ - “ဆေးပညာသည် အံ့ဖွယ်သိပ္ပံတစ်ရပ်ဖြစ်သည်မှန်ပါ၏။ သို့သော် ထာဝရဘုရားသခင်က ကြီးမြတ်သည့်သမားတော်ဖြစ်ပါသည်”ဟု ဆိုပါသည်။

နေပယ်လ်စ်(Naples)မှ နာမည်ကြီးသမားတော်တစ်ဦးလည်းဖြစ်ပြီး သူတော်စင်စာရင်းဝင်လည်းဖြစ်သူ ဂျိုးဇက်မောစကာတီ(Blessed Joseph Moscati)သည် ဤစကားကို ထပ်ကြပ်မကွာ လိုက်နာခဲ့သူဖြစ်၏။ သူ့အတွက် အခက်အခဲတွေ့ရပါသော်လည်း လူမမာများက သူ့ကို မကြာခဏ ပင့်နေခဲ့ကြသည့်အကြား မအားမလပ်နိုင်အောင် ဖြစ်နေစဉ်ပင် နေ့စဉ်ကိုယ်တော်မြတ် ပင့်ယူခြင်းမပျက်အောင် ကြိုးစားခဲ့ပါသည်။ အကယ်၍ တစ်နေ့တစ်လေ ကိုယ်တော်မြတ်မပင့်လိုက်ရလျှင် လူမမာများကို ဆေးကုသွားရန် မဝံ့မရဲဖြစ်လေတော့၏။ သူ့အဆိုအရ “ယေဇူးသခင်မပါဘဲ ကျွန်တော့်ရဲ့ သနားစဖွယ် လူမမာတွေကို ကယ်တင်ဖို့ ကျွန်တော့်မှာ အကြံဉာဏ် အလုံအလောက်မရှိပါ”ဟု ဖြစ်ပါသည်။

ကိုယ်တော်မြတ်စက္ကရမင် မဖြစ်မနေပင့်

•••••••••••••••••••••••••••••••••••••

သူတော်စင် “စိန့်”များသည် နေ့စဉ် ကိုယ်တော်မြတ်ပင့်ယူရန် စိတ်ထက်သန်မှုကား ကြီးမားလှချေ၏တကား။ ပြောမဆုံးပေါင် တောသုံးထောင်ဟုပင် ဆိုရချေမည်။ တစ်နေ့မျှ မပျက်မကွက် ကိုယ်တော့်မြတ်ပင့်ယူလျက်ရှိသည့် စိန်ဂျိုးဇက်ကူပယ်ရ်တီးနို(St.Joseph Cupertino)သည် တစ်နေ့သ၌ သူ၏ညီနောင်ဘရာသာရ်များအား အောက်ပါအတိုင်း ရဲဝံ့စွာ ဖွင့်ဟပြောဆိုခဲ့သည်။

“ပယ်ကောရီအဲလို(Percoriello) – ‘ကြီးမြတ်သော သိုးငယ်’ဟု အဓိပ္ပာယ်ရလျက်(ကိုယ်တော်မြတ်ကို သူက ချစ်စနိုးခေါ်သည့်နာမည်)ကို ကျွန်ုပ် ပင့်ယူခွင့်မရသည့်နေ့သည် လောကကြီးထဲမှာ ကျွန်ုပ် ထွက်ခွာသည့်နေ့ပင်ဖြစ်လိမ့်မည်”ဟု ဖြစ်၏။ မှန်လိုက်သည့်စကား။ ကြီးစွာသောရောဂါတစ်မျိုးကို တစ်နေ့တွင် သူခံစားလိုက်ရ၍ ကိုယ်တော်မြတ်စက္ကရမင်မှ ကိုယ်တော်သခင်ကို သူ ပင့်ယူခွင့်မရသည့်နေ့တစ်နေ့တွင် သူ ကွယ်လွန်ခဲ့ပါသည်။

စိန်ဂျဲမာဂါလဂါးနီက နံနက်စောစော မစ္ဆားတရားနာရန် အိမ်မှ ထွက်သည်ကို တွေ့၍ သူ၏ဖခင်က သမီး၏ကျန်းမာရေးအတွက် စိုးရိမ်ကြောင့်ကျမိကြောင်း ပြောမိရာ စိန်ဂျဲမာက - “မဟုတ်ဘူး အဖေ၊ ကိုယ်တော်မြတ်စက္ကရမင်ထဲက သခင်ယေဇူးကို မပင့်လိုက်ရမှ သမီးက ဖျားတတ်တာ အဖေရဲ့”ဟု ပြန်ဖြေခဲ့ပါသည်။

မရှိ ရှိတဲ့နေရာ တွေ့အောင်ရှာ

•••••••••••••••••••••••••••

ဂျီနိုအာမြို့တော်အတွင်း မစ္ဆားမဟောရ၊ ကိုယ်တော်မြတ်မပင့်ရဟု အမိန့်ထုတ်ပြန်စဉ်က ဂျီနိုအာမြို့မှ စိန်ကက်သရင်း(St.Catherine of Genoa)သည် ဂျီနိုအာမြို့ပြင် ဝေးလံခေါင်သီသည့်နေရာရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းအထိ နေ့စဉ်လမ်းလျှောက်သွားကာ ကိုယ်တော်မြတ်ကို ကြိုးစားပင့်ယူလေ့ရှိ၏။ အဖြစ်သည်းလွန်းသည်ဟု ဆိုလာသူများအား သူမ၏တုံ့ပြန်စကားမှာ - “ကျောက်မီးသွေး မီးကျည်ခဲတွေ မိုင်ပေါင်းထောင်ချီခင်းထားတဲ့ လမ်းဖြစ်နေပါစေ၊ ယေဇူးသခင်ကို ပင့်ယူဖို့ဆိုရင် ကျွန်မကတော့ ပန်းခင်းတဲ့လမ်းပေါ် လျှောက်ရသလိုပါပဲ”ဟု ဖြစ်ပါသည်။

အထက်ဖော်ပြပါ သာဓကများက ကျွန်ုပ်တို့အား သင်ခန်းစာများ တစ်ပုံတစ်ပင် ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့အား မနီးမဝေး ခြေလျင် လျှောက်သွားနိုင်သည့်နေရာတွင် ကက်သလစ်ဘုရားရှိခိုးကျောင်း ရှိနေပါသည်။ အချိန်မရွေး အခက်အခဲမရှိဘဲ ယေဇူးသခင်ကို နှလုံးသားထဲ ဖိတ်ခေါ်ပင့်ယူရန် သွားနိုင်သည့် ခရီးအကွာအဝေးဖြစ်ပါသည်။ အနည်းငယ်သော ခြိုးခြံမှုကလေး လုပ်ကာမျှဖြင့် ကောင်းကင်ဘုံကို အိမ်သို့ ပင့်ယူနေနိုင်သည်မဟုတ်ပါလား။

ဤကိုယ်တော်မြတ်ပွဲတော်နေ့တွင်လည်း ကိုယ်တော်မြတ်ကို ပင့်ယူခြင်း၊ ကိုယ်တော်မြတ်ကို ဖူးမြော်ခြင်း၊ ကိုယ်တော်မြတ်ရှေ့ ပုတီးစိပ်ခြင်း၊ ကိုယ်တော်မြတ်ရှေ့ မေတ္တာဆိုခြင်း စသည်တို့အတွက် စုံလင်သော အင်ဒူလ်ဂျင်းရှားရယူနိုင်ပါသည်။

စာကိုး။ ။ မျိုးကြဲသူစာစောင်(၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ)

Add new comment

6 + 1 =