ကာဒီနယ် ချားစ်ဘို ၏ (၁၆)ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့တရားတော်

ကာဒီနယ် ချားစ်ဘို ၏ (၁၆)ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့တရားတော်

ကာဒီနယ် ချားစ်ဘို ၏ (၁၆)ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့တရားတော်

ခရစ်တော်၌ ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့၊

          ဘုရားရှင်ရဲ့ကျေးဇူးတော်နဲ့ ငြိမ်းချမ်းခြင်းဟာ သင်တို့အားလုံးနဲ့အတူ ရှိပါစေ။ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးဟာ ကိုဗစ်ကပ်ရောဂါရဲ့စိန်ခေါ်မှုတွေကို ကြိုးစားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ကပ်ဘေးရဲ့ သက်ရောက်မှုဒဏ်ခံခဲ့ရသူအားလုံးကို ဘုရားရှင် ဆက်လက်စောင်မတော်မူပါစေ။ ကမ္ဘာလောက တစ်ခုလုံးလည်း နေကောင်းကျန်းမာလာပါစေ။

          ဒီနေ့ဖတ်ရှုရတဲ့ကျမ်းတွေထဲမှာ လယ်ကွက်တစ်ခုထဲက ဂျုံစပါးနဲ့ ပေါင်းမြက်တွေအကြောင်း၊ အကောင်းနဲ့အဆိုးကြားက အားပြိုင်မှုတွေအကြောင်းကို ဖော်ပြထားပါတယ်။ ဒီတစ်ခါမှာတော့ မျိုး ကြဲတဲ့သူက နှစ်ဦးဖြစ်လာပါတယ်။ ပထမမျိုးကြဲသူက ကောင်းကင်နိုင်ငံတော်မှာ ဘုရားသားသမီး တွေဖြစ်လာမယ့်သူတွေမွေးထုတ်ပေးမယ့် မျိုးစေ့ကို ကြဲတဲ့ ““လူသား””ဖြစ်ပြီး ဒုတိယမျိုးကြဲသူက တော့ သေမင်းနိုင်ငံရဲ့သားသမီးတွေဖြစ်လာမယ့်မျိုးစေ့ကို ကြဲတဲ့ ““နတ်ဆိုး””ဖြစ်ပါတယ်။

          ကောင်းသောမျိုးကြဲသူနဲ့ ဆိုးယုတ်တဲ့မျိုးကြဲသူပုံဥပမာဟာ မြန်မာနိုင်ငံရဲ့အဖြစ်အခြေအနေ နဲ့ ကိုက်ညီမှုရှိပါတယ်။ ဒီကနေ့မှာ မြန်မာတစ်ပြည်လုံးဟာ အာဇာနည်နေ့ကို ကျင်းပကြပါတယ်။ အာဇာနည်ခေါင်းဆောင်တွေဟာ အားလုံးအတွက် တန်းတူညီမျှအခွင့်အရေးရစေမယ့် ဒီမိုကရေစီ မျိုးစေ့ကို ကြဲဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ဆိုးယုတ်တဲ့သူတွေဟာ တိတ်တဆိတ်တိုင်ပင်ပြီး နိုင်ငံ့ခေါင်းဆောင်တွေကို အကြင်နာမဲ့ ပစ်သတ်ခဲ့တဲ့အတွက် တိုင်းပြည်မှာလည်း ဝမ်းနည်းကြေကွဲ မှုတွေ၊ အမုန်းတရားတွေဖြစ်ပေါ်ခဲ့ရပါတယ်။

          အဲဒီနေ့မှာ အာဇာနည်ခေါင်းဆောင်တွေပဲ သေဆုံးခဲ့ရတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းပြီး ဖွံ့ဖြိုး တိုးတက်ဖို့ တာဆူနေတဲ့မြန်မာနိုင်ငံရဲ့အိပ်မက်ဟာလည်း သေဆုံးခဲ့ရပါတယ်။ သတ်ဖြတ်ခြင်းနဲ့ သွေးထွက်သံယိုမှုတွေဟာ ယနေ့ထတိုင်အောင် မပြီးဆုံးသေးပါဘူး။

          အဲဒီနေ့မှာ သူတို့အစပျိုးခဲ့တဲ့အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေကြောင့် တိုင်းပြည်မှာ ယခု အချိန်အထိ သွေးစွန်းနေရဆဲဖြစ်ပြီး မပြီးဆုံးနိုင်တဲ့စစ်ပွဲတွေကို ဖန်တီးရုံသာမက သန်းပေါင်းများ စွာသောလူတွေကို ဒုက္ခသည်တွေ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့သူတွေ၊ တိုင်းတစ်ပါးမှာ လုပ်ကိုင် စားသောက်ရတဲ့သူတွေအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒီကနေ့လို ဝမ်းနည်းကြေကွဲရတဲ့နေ့မှာ ဤ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်တော်မူပါမည့်အကြောင်း သခင်ဘုရားထံမှာ ကျွန်ုပ်တို့တောင်း လျှောက်ကြသလို အမုန်းတရားနဲ့ စိတ်ဝမ်းကွဲမှုဖြစ်ပွားစေတဲ့သူတွေကိုလည်း ပုံဥပမာထဲက လယ် ရှင်လုပ်သလိုမျိုး စုပေါင်းချည်နှောင်ပြီး သမိုင်းဆိုတဲ့မီးထဲမှာ အပြီးတိုင် ချေဖျက်လိုက်ဖို့ တောင်းဆု ပြုကြပါတယ်။

          မြန်မာနိုင်ငံဟာ ရွှေနိုင်ငံဖြစ်ခဲ့ပါတယ်။ ဒီနိုင်ငံမှာ ဘုရားသခင်က သာယာဝပြောခြင်းမျိုးစေ့ ကို ချတော်မူခဲ့တယ်။ ၁၉၆၀-နှစ်တုန်းက မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံပါ။ ဂျပန်၊ စင်္ကာပူ၊ ကိုရီးယား၊ မလေးရှား စတဲ့နိုင်ငံတွေဟာ မြန်မာနိုင်ငံထက် ဆင်း ရဲခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ကျမ်းစာထဲက ပုံဥပမာလိုပဲ။ ဆိုးယုတ်တဲ့သူတွေဟာ ညအချိန်မှာ လာပြီး ““ဆင်းရဲခြင်း””မျိုးစေ့ကိုချခဲ့တာ အခုဆိုရင် သစ်တောကြီးတစ်ခုဖြစ်နေပါပြီ။ အခုအချိန်မှာ တော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်နေပါပြီ။

          ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းပြည်ကို ထူထောင်ခဲ့ကြတဲ့ခေါင်းဆောင်တွေဟာ မြန် မာနိုင်ငံကို ဆင်းရဲခြင်းရဲ့ပြယုဂ်ဖြစ်လာစေဖို့ အသက်သွေး ပေးဆပ်ခဲ့ကြတာမဟုတ်ပါဘူး။ အာဇာ နည်ခေါင်းဆောင်တွေပေးဆပ်ခဲ့တဲ့သွေးဟာ ငြိမ်းချမ်းဖို့၊ အချင်းချင်းသဟဇာတရှိဖို့အတွက် မျိုးစေ့ တွေဖြစ်လာရမှာပါ။ ဒီတိုင်းပြည်ငြိမ်းချမ်းဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့၊ စည်ပင်ဝပြောဖို့အတွက် သူတို့တွေ အသက်ပေးခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုးယုတ်သူတွေဟာ မှောင်မိုက်ချိန်မှာ ရောက်လာပြီး ဆင်းရဲခြင်းနဲ့ ပဋိပက်္ခမျိုးစေ့တွေကို ကြဲချခဲ့ပါတယ်။ အခုအခါမှာ ဂျုံစပါးထက် ပေါင်းမြက်တွေက ပိုများလို့နေပါတယ်။

          ဒီကနေ့ အာဇာနည်နေ့မှာ လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာက ကြဲချခဲ့တဲ့ မကောင်းတဲ့ပေါင်းပင် တွေအားလုံးကို ခုတ်ဖြတ်ပစ်ဖို့ လယ်ကွင်းရှင်ဖြစ်တော်မူတဲ့ ဘုရားရှင်ထံ တောင်းလျှောက်ကြပါစို့။ ဒီတိုင်းပြည်ကိုလည်း အာဇာနည်ခေါင်းဆောင်တွေမျှော်မှန်းခဲ့တဲ့ တိုင်းပြည်မျိုးဖြစ်လာအောင် လုပ် ဆောင်ပေးဖို့ ဆုတောင်းကြပါစို့။ မကြာမီကျင်းပတော့မယ့် (၂၁)ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံ ဟာ ပဋိပက္ခတွေအားလုံးကို ချုပ်ငြိမ်းနိုင်ပါစေ။ မျှော်လင့်ခြင်းနဲ့ ချစ်ခြင်းပြည့်ဝတဲ့ မြန်မာနိုင်ငံတော် သစ်ပေါ်ထွန်းလာဖို့အတွက် ငြိမ်းချမ်းခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်ခြင်းမျိုးစေ့တွေကို စိုက်ပျိုးကြပါစို့။

          ပုံဥပမာကို ကျွန်ုပ်တို့တိုင်းပြည်ရဲ့အခြေအနေနဲ့ ချိန်ထိုးပြီး ဆင်ခြင်ထောက်ရှုပြီးတဲ့နောက် မှာ ကျွန်ုပ်တို့မိသားစုအတွက်၊ ကျွန်ုပ်တို့ရဲ့ခရစ်ယာန်အသက်တာ အတွက် ပိုမိုပြီး လေးနက်တဲ့ဝိညာဉ်ရေး အဓိပ်္ပာယ်ကို ဆက်လက်ပြီး ထောက်ရှုကြရအောင်။

          ကိန်နနဲ့ အာဗေလရဲ့အဖြစ်ကို ကြည့်ကြည့်ပါ။ ဘုရားသခင်ရဲ့ဧဒင်ဥယျာဉ်ထဲမှာ ပထမဆုံး မိဘတွေကနေ သားနှစ်ဦးထွန်းကားခဲ့ပါတယ်။ အာဗေလဟာ ဘုရားသခင်ရဲ့အလိုတော်အတိုင်း နေထိုင်အသက်ရှင်ခဲ့တယ်။ နှိမ့်ချတယ်။ သဒ္ဓါရက်ရောတယ်။ သူ့ကို ဂျုံစပါးလို့ ဆိုနိုင်ပါတယ်။ သူ့ အစ်ကို ကိန်နကတော့ မကောင်းတဲ့မျိုးစေ့ဖြစ်ပြီး ညီဖြစ်သူကို မုန်းတီးသူဖြစ်လာတယ်။ ညီအစ်ကို ရင်းကိုသတ်တဲ့ ပထမဆုံးလူသားဖြစ်လာခဲ့တယ်။ ဘုရားသခင်ဟာ ပုံဥပမာထဲက လယ်ကွင်းရှင်လုပ် သလိုမျိုး ကိန်နကို မသတ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိန်နမှာ အကောင်းနဲ့အဆိုးကို ခွဲခြားနိုင် တဲ့အသိပညာမရှိလို့ပါပဲ။

          ကိန်နလိုပဲ ကျွန်ုပ်တို့အားလုံးမှာလည်း စိန်ခေါ်မှုတွေရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ဘဝဟာ ပုံဥပ မာထဲက လယ်ကွင်းလိုပါပဲ။ ဒီနေရာမှာ မျိုးကြဲသူဟာ ကျွန်ုပ်တို့ပါ။ ဒါပေမဲ့ ကျွန်ုပ်တို့ဟာ ဂျုံစပါးနဲ့ ပေါင်းပင်ကို ဝေခွဲမရဖြစ်နေကြပါတယ်။ ကျွန်ုပ်တို့ဟာ ကောင်းသောစိတ်ထားနဲ့ ကောင်းသောအပြု အမူတွေကို ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အားနည်းတဲ့လူ့သဘာဝအလျောက် ကျွန်ုပ်တို့ ဟာ ပျက်စီးခြင်းကို ဖော်ဆောင်တဲ့မျိုးစေ့ကိုပဲ ရွေးချယ်ကြတယ်။ သီလပါရမီကျင့်ကြံရမယ့်အစား အပြစ်ထဲမှာ နစ်မွန်းနေကြတယ်။ အပြစ်ရဲ့လမ်းကြောင်းကနေ သေခြင်းတရားကို ရွေးချယ်တာဖြစ် တဲ့အတွက် ရှင်သန်ခြင်းအသက်တာကို ငြင်းပယ်ပြီးသား ဖြစ်သွားပါတယ်။

          ““အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ ငါထားသည်ဟု သင့်တစ်ဖက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။ သို့ဖြစ်၍ သင်နှင့် သင့်အမျိုးအနွယ်သည် အသက်ရှင်မည်အကြောင်းနှင့်လည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ချစ်၍ စကား တော်ကို နားထောင်သဖြင့် အသက်ရှင်ခြင်းအကျိုး၊ အသက်တာရှည်ခြင်းအကျိုးကို ပေးတော်မူ သော ကိုယ်တော်ကို ဆည်းကပ်မှီဝဲမည့်အကြောင်းနှင့်ယှဉ်သောအသက်တရားကို ရွေးယူလော့။”” (တရားဟောရာကျမ်း ၃ဝး၁၉-၂၀)

          ကျွန်ုပ်တို့ဟာ ရေရှည်ကောင်းကျိုးပေးမယ့်အရာကို ရွေးမလား၊ ပျက်စီးခြင်းသို့ ပို့မယ့် လတ် တလော သာယာမှုကို ရွေးမလားဆိုတာ အချိန်နဲ့အမျှ စိန်ခေါ်ခြင်းခံနေရပါတယ်။ ကျွန်ုပ်တို့ရဲ့ရွေး ချယ်မှုဟာ ပုံဥပမာထဲက မျိုးစေ့နဲ့တူပါတယ်။ ကျွန်ုပ်တို့ဟာ စိတ်ကောင်းနှလုံးကောင်းထားပြီး ဘဝ ကို တန်ဖိုးထားတဲ့အသက်တာနဲ့ ကြိုးစားရှင်သန်ရင် ကောင်းတဲ့မျိုးစေ့ကို ကြဲတာဖြစ်ပါတယ်။ အသွေးအသားဇာတိနောက်လိုက်ရင်းနဲ့ ပျက်စီးခြင်းလမ်းကိုရောက်ရင် မကောင်းတဲ့မျိုးစေ့ကို ကြဲ တာဖြစ်ပါတယ်။ အဲဒီမကောင်းတဲ့မျိုးစေ့ဟာ ကျွန်ုပ်တို့ဘဝမှာ ရှင်သန်လာပြီး ကောင်းသောအရာ ကို ပြုမူလိုတဲ့ ကျွန်ုပ်တို့ရဲ့စိတ်ထားကို ၀ါးမျိုသွားပါတော့တယ်။ စွဲလန်းတပ်မက်မှုတွေက ဘဝကို စိုးမိုးသွားတဲ့အခါ နောက်ဆုံးမှာတော့ ပျက်စီးခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။

          ရှင်ပေါလုဟာလည်း ဒီပြဿနာနဲ့ ရုန်းကန်ခဲ့ရပါတယ်။ သူ့အတွက်ကတော့ ကောင်းသော မျိုးစေ့ဟာ ၀ိညာဉ်တော်ရဲ့တရားလမ်းစဉ်ဖြစ်ပါတယ်။ ဒီလမ်းစဉ်ဟာ ၀ိညာဉ်တော်နဲ့ပြည့်ဝတဲ့ဘဝ အသက်တာကို ခေါ်ဆောင်သွားပါတယ်။ ၀ိညာဉ်တော်လမ်းစဉ်နဲ့ သွေးသားဇာတိလမ်းစဉ်အကြား ဝေခွဲမရဖြစ်တဲ့ပဋိပက္ခနဲ့ပတ်သက်ပြီး ရှင်ပေါလုက အခုလိုညည်းတွားခဲ့ပါတယ်။

          ““ငါသည် နိယာမတစ်ခုကို တွေ့၏။ ယင်းနိယာမကား ငါသည် ကောင်းသောအကျင့်ကို ပြု ကျင့်လိုသောအခါတွင် မကောင်းမှုသည် ငါနှင့်အနီးကပ်ဆုံးနေရာ၌တည်ရှိနေသည်ဆိုသည့်အချက် ပင်ဖြစ်၏။ ငါသည် စိတ်နှလုံးထဲတွင် ဘုရားသခင်၏ပညတ်တရားတော်၌ နှစ်သိမ့်ကျေနပ်ခြင်းရှိ၏။ သို့သော် ငါ၏ကိုယ်အင်္ဂါများ၌မူကား အခြားသောပညတ်ကို ငါတွေ့၏။ ၎င်းသည် ငါ၏ပညတ်စိတ် ၀ိညာဉ်ထဲမှ ပညတ်တရားကို ပြိုင်ဆိုင်တိုက်ခိုက်လျက်ရှိပြီး ငါ့အား ငါ့ကိုယ်ခန္ဓာအတွင်း၌ရှိသော အပြစ်တရား၏အကျဉ်းသားဖြစ်စေ၏။ ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူတစ်ဦးဖြစ်ပေ ၏။””  (ရောမသြဝါဒစာ ရး၁၄-၂၄)

          ဒီနေရာမှာ ကောင်းတဲ့အချက်က ဒီလိုပဋိပက္ခမျိုးကို ယေဇူးခရစ်တော်ရဲ့ကျေးဇူးတော်နဲ့သာ ဖြေရှင်းလို့ရတာကို ရှင်ပေါလုရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

          ရွေးချယ်စရာလမ်းကြောင်းတွေကြောင့် ကျွန်ုပ်တို့ဘဝဟာ ရည်မှန်းချက်ပြည့်ဝလာပါတယ်။ ကျွန်ုပ်တို့ဟာ လူသားတစ်ယောက်အဖြစ် အပြည့်အဝရှင်သန်ဖို့အတွက် အချိန်နဲ့အမျှ ရွေးချယ်မှု တွေလုပ်ရပါတယ်။ ကောင်းမွန်တဲ့လမ်းကြောင်းကို မရွေးချယ်တဲ့သူဟာ ခန္ဓာကသာလိုက်ပါပြီး စိတ် ပါမလာတဲ့သူနဲ့ တူပါတယ်။ သေဆုံးသွားတဲ့ခန္ဓာနဲ့ ဘာမှမခြားပါဘူး။ အမေရိကန်ဘီလျံနာသူဌေး ဖြစ်တဲ့ ဂျက်ဘီဇို (Jeff Bezos)က ““ကျွန်ုပ်တို့မှာ ထူးခြားတဲ့အစွမ်းရှိမရှိကို တွေးပူနေဖို့ မလိုပါဘူး။ ကျွန်ုပ်တို့ရွေးချယ်တဲ့အတိုင်း ကျွန်ုပ်တို့ဖြစ်လာတာပါ””လို့ ပြောခဲ့ဖူးပါတယ်။ လူအတော်များများဟာ တာထွက်ကောင်းပေခဲ့မဲ့ နောက်ဆုံးမှာတော့ စိတ်ပျက်စရာရလဒ်တွေနဲ့ပဲ အဆုံးသတ်ရလေ့ရှိပါ တယ်။ သူတို့ဟာ လှုပ်ရှားသွားလာနေတဲ့အလောင်းကောင်တွေလိုပါပဲ။

          ဗျာဒိတ်တော်ကျမ်းမှာ အခုလို သတိပေးထားပါတယ်။

          ““သင်၏လုပ်ဆောင်ချက်များကို ငါသိ၏။ သင်သည် အသက်ရှင်လျက်ရှိသည်ဟု အမည် တွင်သော်လည်း သေလျက်ရှိ၏။ နိုးကြားပါလော့။ သေလုနီးပါးရှိသော ကျန်ရှိနေသည့်အရာတို့ကို ခွန်အားဖြည့်တင်းပေးပါလော့။ အကြောင်းမူကား သင်၏လုပ်ဆောင်ချက်များမှာ ဘုရားသခင်၏ မျက်မှောက်တော်၌ စုံလင်သည်ဟူ၍ ငါမတွေ့ရပေ။”” (ဗျာဒိတ်တော်ကျမ်း ၃း၂-၃)

          ဘဝမှာ အရေးအကြီးဆုံးအချက်ကလည်း နိုးနိုးကြားကြားရှိဖို့ပါပဲ။ ကိုယ့်ဘဝရဲ့အချိန်တိုင်း မှာ နိုးကြားနေခြင်းဟာ စစ်မှန်တဲ့ရှင်သန်မှုဖြစ်ပါတယ်။ အရှေ့တိုင်းက ဘာသာတရားတွေဟာ စိတ် နဲ့အပြည့်အဝအသက်ရှင်ခြင်းကို အလေးပေးပြောဆိုကြပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ဘဝ အတွက် အဓိပ္ပာယ်ရှိတဲ့ရွေးချယ်မှုတွေကို လုပ်နိုင်လာပါတယ်။ အသေအချာရွေးချယ်မှုမရှိတဲ့ဘဝ ဟာ သေနေတာနဲ့ အတူတူပါပဲ။ ဒီလိုဘဝမျိုးဟာ ““ရှင်သန်နေထိုင်သလိုရှိပေမဲ့ အသက်(၃၀) အရွယ်မှာ သေဆုံးပြီး အသက်(၇၀) ၊ (၈၀)လောက်မှာ သင်္ဂြိုဟ်ခြင်းခံရပြီ””ဆိုတဲ့အကြောင်း ကျွန်ုပ် တို့ပြောခဲ့ဖူးပါတယ်။ ပြင်ပလွှမ်းမိုးမှုခံရတဲ့ဘဝဟာ အဓိပ္ပာယ်မဲ့အဆုံးသတ်ရလေ့ရှိပါတယ်။

          ခရစ်ယာန်မိသားစုတိုင်းဟာ ၀ိညာဉ်တော်က ကြဲချတဲ့ ဂျုံစပါးမျိုးစေ့နဲ့ ရန်သူနတ်ဆိုးက ကြဲ ချတဲ့ ပေါင်းမြက်မျိုးစေ့ဆိုပြီး နှစ်မျိုးစလုံးကို ရင်ဆိုင်ကြုံတွေ့ရပါတယ်။ ဂါလာတိသြဝါဒစာမှာ ရှင် ပေါလုက အဲဒီမျိုးစေ့တွေနဲ့ပတ်သက်ပြီး အခုလိုရေးသားခဲ့ပါတယ်။

          ““၀ိညာဉ်တော်၏အသီးအပွင့်များသည်ကား ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက်ရွှင်လန်းခြင်း၊ ငြိမ်း ချမ်းသာယာခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာရှိခြင်း၊ နူးညံ့ သိမ်မွေ့ခြင်း၊ မိမိကိုယ်ကို ချုပ်တီးခြင်း စသည်တို့ဖြစ်ကြ၏။...ငါတို့သည် ၀ိညာဉ်တော်အားဖြင့် အသက်ရှင်ကြပါလျှင် ၀ိညာဉ်တော်၏လမ်းညွှန်မှုအတိုင်း လျှောက်လှမ်းကြပါစို့။”” (ဂါ ၅း၂၂-၂၆)

          အဲဒီနောက်မှာ ရှင်ပေါလုဟာ မကောင်းတဲ့မျိုးစေ့နဲ့ပတ်သက်ပြီး အခုလိုရေးသားခဲ့ပါတယ်။

““အသွေးအသား၏လုပ်ဆောင်ချက်များသည် ထင်ရှားလှပေ၏။ ယင်းတို့သည်ကား ကာမဂုဏ် ကျူးလွန်ခြင်း၊ မစင်ကြယ်ခြင်း၊ အကျင့်တရားဖောက်ပြန်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ စုန်းကဝေ အတတ်ကို လိုက်စားခြင်း၊ မလိုမုန်းထားခြင်း၊ အမျက်ဒေါသထွက်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ အုပ်စုကွဲပြားခြင်း၊ သဝန်တိုခြင်း၊ လူ့အသက်သတ်ခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အပျော်အပါးလွန်ကြူးခြင်း စသည်တို့ဖြစ်ကြ၏။ ဤအမှုအရာများကို ပြုမူကျင့်ကြံသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံကြရလိမ့်မည်မဟုတ်။”” (ဂါ ၅း၁၉-၂၁)

မှန်ပါတယ်။ အခုလိုဆိုးဝါးတဲ့ကိုဗစ်ကာလမှာ ကျွန်ုပ်တို့လုပ်နိုင်တဲ့အကောင်းဆုံးရွေးချယ်မှု က ၀ိညာဉ်တော်ရဲ့အသီးအပွင့်တွေနဲ့ နေထိုင်ခြင်းပဲဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကိုယ်နှိုက်ကိုက မလိုသူက ကြဲချခဲ့တဲ့ မကောင်းတဲ့မျိုးစေ့လိုဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးမှာ ရောဂါကူးစက်ခံရသူ သန်း နဲ့ချီရှိပြီး ထောင်ပေါင်းများစွာလည်း သေဆုံးခဲ့ရပါတယ်။ လယ်ကွင်းရှင်ဖြစ်တော်မူတဲ့ ဘုရားသခင် ဟာ  ကောင်းတဲ့မျိုးစေ့တွေကို သက်သာရာရစေပြီး ကိုဗစ်ဆိုတဲ့ မကောင်းတဲ့မျိုးစေ့ကို ဖျက်ဆီးပစ် ဖို့ ကျွန်ုပ်တို့ဆုတောင်းပါတယ်။

ပထမကျမ်းစာနဲ့ ဒုတိယကျမ်းစာတွေက ၀ိညာဉ်တော်ရဲ့အသီးအပွင့်တွေကို ရွေးချယ်ဖို့ နည်းလမ်းတွေအကြောင်း ပြောထားပါတယ်။ ပထမကျမ်းဖြစ်တဲ့  ဉဏ်ပညာကျမ်းက ကျွန်ုပ်တို့ရဲ့ အပြစ်တွေအတွက် နောင်တယူဖို့၊ အားနည်းတဲ့လူ့သဘာဝကို သတိပြုပြီး နတ်ဆိုးရဲ့ မျိုးစေ့ကြဲခြင်း မခံရအောင် သတိပြုဖို့ ဆုံးမထားပါတယ်။

ဒုတိယကျမ်းစာဖြစ်တဲ့ ရောမသြဝါဒစာမှာလည်း ရှင်ပေါလုက ““၀ိညာဉ်တော်သည် စကားလုံးဖြင့် မဖော်ပြနိုင်သောညည်းတွားသံဖြင့် ငါတို့အတွက် ဘုရားသခင်ထံတော်သို့ ကိုယ်တော်တိုင် အသနားခံပေးတော်မူ၏””လို့ ဆိုပြီး ကျွန်ုပ်တို့လူသားတွေရဲ့အားနည်းချက်ကို ထောက်ပြထားပါ တယ်။

ဧဝံဂေလိကျမ်းက သတင်းစကားနဲ့ အာဇာနည်နေ့ရဲ့သတင်းစကားကို ပြန်ကြည့်ကြရ အောင်။

ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့အတွက်ဆိုပြီး ကျွန်ုပ်တို့တောက်လျှောက်ဆုတောင်းခဲ့ကြတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေအသက်စွန့်ခဲ့ရတာနဲ့တင်မပြီးဘဲ ဒီတိုင်းပြည်မှာ ကျန်ခဲ့တဲ့ (၇၂)နှစ် လုံးလုံး သွေးတွေ၊ ချွေးတွေစီးခဲ့ရတယ်။ ဘုရားသခင်ဟာ သူချစ်မြတ်နိုးတော်မူတဲ့ မြန်မာနိုင်ငံသား တွေအတွက် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတတွေပေးထားပြီး ဒီမြေကို သူ့ရဲ့ ကိုယ်ပိုင်မြေအဖြစ် ဖန်တီးခဲ့တာပါ။ ဒီမြေဟာ သယံဇာတတင်ပေါကြွယ်ဝတာမဟုတ်ဘဲ လူမျိုးစုကြီး (၈)ခု၊ တိုင်းရင်းသားလူမျိုးငယ် (၁၃၅)ခုပါဝင်တဲ့ ထူးခြားတဲ့ပြည်သူပြည်သားတွေကိုပါ ပိုင်ဆိုင်ထား ပါတယ်။ အလည်အပတ်လာကြတဲ့တိုင်းတစ်ပါးသားတိုင်းဟာ မြန်မာပြည်က ယဉ်ကျေးမှုနဲ့ ကျက် သရေမင်္ဂလာရှိခြင်းအပေါ် ရင်သပ်ရှုမောကြရပါတယ်။ ဘာသာရေးသမိုင်းအစဉ်အလာကြီးတဲ့နိုင်ငံ လည်းဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ကောင်းတဲ့မျိုးစေ့တွေအများကြီးကြဲချခဲ့ပြီးပါပြီ။

ဒါပေမဲ့ အာဏာမက်တာ၊ ပဋိပက္ခဖြစ်ပွားတာ၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ကိုယ်ကျိုးကြည့် အမြတ်ထုတ်တာတွေကြောင့် ကျွန်ုပ်တို့တိုင်းပြည်ဟာ ဝမ်းနည်းကြေကွဲမှုတွေနဲ့ ပြည့်နေရပါတယ်။ ဒီမိုကရေစီမျိုးစေ့ဟာ ဖြည်းဖြည်းချင်းပဲ ရှင်သန်ကြီးထွားလာနေပါတယ်။ လွတ် လပ်မှုနဲ့ လူ့အခွင့်အရေးမျိုးစေ့ဟာလည်း ဖြည်းဖြည်းချင်းပဲ ရှင်သန်ကြီးထွားနေပါတယ်။ ပြည်သူ ပြည်သားတိုင်း အခြေခံလူ့ဂုဏ်သိက္ခာနဲ့ ရှင်သန်နေထိုင်ပြီး လွတ်လပ်မှုကို လုံခြုံစွာ ခံစားရတဲ့အခါ မှသာလျှင် အာဇာနည်ခေါင်းဆောင်တွေရဲ့စိတ်ဝိညာဉ်ဟာ ငြိမ်းချမ်းစွာ အနားယူနိုင်မှာဖြစ်ပါ တယ်။ ဒါကြောင့် မကောင်းတဲ့ပေါင်းမြက်တွေကို နုတ်ပြီး သမိုင်းမှာပဲ ချန်ထားခဲ့ရမယ့်အချိန် ရောက်လာပါပြီ။

အဲဒီအခါမှသာ တပည့်တော်ကြီးတွေကို ပုံဥပမာအကြောင်း ရှင်းပြချိန်မှာ မိန့်ကြားခဲ့တဲ့ ယေဇူးသခင်ရဲ့နှုတ်တော်ထွက်စကားဟာ ပြည့်စုံခြင်းကို ရောက်မှာဖြစ်ပါတယ်။

““ထို့နောက် ဖြောင့်မတ်သောသူတို့သည် မိမိတို့၏အဖနိုင်ငံတော်၌ နေကဲ့သို့ထွန်းလင်းကြ လိမ့်မည်။ ကြားခြင်းငှာ နားရှိသောသူသည် ကြားပါစေ။”” (မာတေဦး ၁၃း၄၃)

Add new comment

2 + 5 =