ကာဒီနယ် ချာစ်းဘို၏ (၂၆)ကြိမ်မြောက်သာမန်တနင်္ဂနွေ ဩဝါဒ                       

ကာဒီနယ် ချာစ်းဘို၏ (၂၆)ကြိမ်မြောက်သာမန်တနင်္ဂနွေ ဩဝါဒ                       

ကာဒီနယ် ချာစ်းဘို၏ (၂၆)ကြိမ်မြောက်သာမန်တနင်္ဂနွေ ဩဝါဒ                       

 

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့...

 

          ယေဇူးသခင်ရဲ့တန်ခိုးကြီးနာမတော်ထံမှ ကောင်းချီးမင်္ဂလာများခံစားကြရပါစေ။ ကိုယ်တော် ရှင်ဟာ သင်တို့တစ်ဦးစီကို နှစ်သိမ့်မှုပေးပြီး ရောဂါအပေါင်းကို ကုသပေးတော်မူပါစေ။ ဒီအချိန်မှာ ကမ္ဘာလောကအတွက် အလိုအပ်ဆုံးအရာက ထာဝရကုသခြင်း၏အရှင်ထံတော်မှ သနားခြင်း ကရု ဏာတော်ပဲဖြစ်ပါတယ်။

          ယခုတစ်ဖန် ကျွန်ုပ်တို့ကို အိမ်မှာပဲ နေကြဖို့ တစ်ဖန်အမိန့်ထုတ်ခဲ့ရပါပြီ။ သခင်ဘုရားဟာ ကျွန်ုပ်တို့ရဲ့နိုင်ငံလေးကို ကပ်ရောဂါရဲ့ဖျက်ဆီးမှုဘေးဒဏ်ကနေ လွတ်ကင်းစေဖို့ (၆)လတိုင်တိုင် ကာကွယ်ပေးခဲ့ပါတယ်။ နောက်ဆုံးလမှာတော့ ကိုရိုနာဗိုင်းရပ်စ်က နည်းမျိုးစုံနဲ့ရအောင် ကူးစက် လာပြီး မြန်မာပြည်ရဲ့မြို့ကြီးတော်တော်များများကို ရောက်လာခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုခံနေရ တဲ့နေရာဒေသတွေအတွက် ကျွန်ုပ်တို့ဆုတောင်းပေးနေပါတယ်။

          ကပ်ရောဂါဒဏ်ကြောင့် ဝေဒနာခံစားကြရပြီး ဝမ်းနည်းပူဆွေးမှုနဲ့အတူ အတိဒုက္ခရောက် ကြရတဲ့ ထောင်ပေါင်းများစွာသော ပြည်သူပြည်သားတွေအားလုံး အမြန်ဆုံးပြန်လည်နလန်ထူနိုင်ဖို့ သခင်ဘုရားထံမှာ ကျွန်ုပ်တို့ဒူးထောက်ညွတ်တွားပြီး အသနားခံတောင်းလျှောက်ကြပါတယ်။ ပေါင် မုန့်ငါးလုံးကို တန်ခိုးတော်နဲ့တိုးပွားစေပြီး လူငါးထောင်ကျော်ကို ကျွေးမွေးတော်မူခဲ့တဲ့ သခင်ဘုရား ဟာ ယခုကာလမှာ အလုပ်အကိုင်ခက်ခဲပြီး စားဝတ်နေရေးကျပ်တည်းနေကြတဲ့ ပြည်သူသန်းပေါင်း များစွာကို ကြည့်ရှုစောင့်ရှောက်ဖို့ ကျွန်ုပ်တို့ဆုတောင်းကြပါတယ်။ ““အိုဘုရားသခင်၊ ကိုယ်တော်၏ သားသမီးတို့ကို ကျွေးမွေးစောင့်ရှောက်တော်မူပါ။ ရောဂါအပေါင်းမှ ကုသပျောက်ကင်းစေတော်မူ ပါ။ ကိုယ်တော်၏အဖိုးထိုက်လှသောအသွေးတော်အားဖြင့် ၎င်းတို့ကို သန့်ရှင်းစေတော်မူပါ။”” မြန်မာပြည် ကက်သလစ်သာသနာတော်ကလည်း ထပ်မံပြီး ပါဝင်ကူညီဖို့ ပြင်ဆင်နေပါတယ်။ ကျွန်ုပ်တို့ ရဲ့ဆုတောင်းမေတ္တာနဲ့ သဒ္ဓါရက်ရောခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ညီအစ်ကိုမောင်နှမတွေနဲ့အတူ ရပ်တည်ကြရပါလိမ့်မယ်။

          ဒီအချိန်ဟာ ဆုတောင်းပေးရမယ့်အချိန်၊ သနားကြင်နာခြင်းပြသရမယ့်အချိန်ဖြစ်ပါတယ်။ နာဂစ်ဆိုင်ကလုံးဒဏ်ခံခဲ့ရတဲ့အချိန်တုန်းကလည်း ဘာသာပေါင်းစုံက ကရုဏာတရားကို လက်ကိုင် ပြုပြီး ပေါင်းစည်းကူညီခဲ့ကြတဲ့အတွက် ဆိုးဝါးလှတဲ့သဘာဝဘေးဒဏ်ကနေ ကျွန်ုပ်တို့ပြန်လည် ရုန်းထနိုင်ခဲ့ကြပါတယ်။

          ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်က လူသားမျိုးနွယ်အပေါ် စစ်ကြေညာတဲ့အခါမှာ ကျွန်ုပ်တို့ဟာ ကရုဏာတရားကိုပဲ လက်ကိုင်ပြုပြီး ပြန်လည်တွန်းလှန်ကြရပါလိမ့်မယ်။ ကမ္ဘာသူကမ္ဘာသားအား လုံးဟာ လူမျိုးနွယ်တစ်ခုအဖြစ် ပေါင်းစည်းပြီး ပြန်လည်အနိုင်ယူကြရပါလိမ့်မယ်။ ဒီကာလမှာ ပဋိပက္ခတွေအားလုံးကို ရပ်စဲပြီး လူသားအချင်းချင်း ကူညီရိုင်းပင်းလိုစိတ်ကို မွေးမြူကြရပါလိမ့်မယ်။

          အစ္စရာအဲလ်လူမျိုးတွေကို အီဂျစ်ပြည်ကနေ ကယ်ထုတ်တော်မူတဲ့ ဘုရားသခင်ဟာ ကျွန်ုပ် တို့နိုင်ငံရဲ့အခြေအနေကို ကြည့်ပြီး ““ငါ၏သားသမီးတို့ ဒုက္ခဝေဒနာဖြင့် ငိုကြွေးတောင်းလျှောက်သံ ကို ငါကြားရပြီ””လို့ မိန့်တော်မူပါတယ်။ သမ္မာကျမ်းစာထဲမှာ လူသားတွေကြုံခဲ့ရတဲ့ ကပ်ဘေး (၁၀)ခုအကြောင်း တွေ့ရပါတယ်။ ကပ်ဘေးကျရောက်ချိန်တိုင်းမှာ ဘုရားသခင်ဟာ မိမိရဲ့သား သမီးများအပေါ် သနားကြင်နာခြင်းအပြည့်နဲ့ ကူညီကယ်မခဲ့တာကိုလည်း တွေ့ရပါတယ်။ အဲဒီလို သနားကရုဏာတော်ကို ပြသဖို့ ဖန်ဆင်းရှင်ဘုရားသခင်ထံ ကျွန်ုပ်တို့ဆုတောင်းနေကြပါတယ်။

          ဒီတနင်္ဂနွေဟာ ““(၁၀၆)ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရွှေ့ပြောင်းအခြေချသူများနဲ့ ဒုက္ခသည်များနေ့””ဖြစ်တာကြောင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ နိုင်ငံရွှေ့ပြောင်းအခြေချသူတွေ နဲ့ ဒုက္ခသည်တွေကို အထူးသတိရကြဖို့ ကျွန်ုပ်တို့ကို တောင်းဆိုနေပါတယ်။ အမုန်းတရားနဲ့ ဆင်းရဲ ငတ်မွတ်ခြင်းကပ်ဘေးကြောင့် လူသန်းပေါင်း(၄၀)ကျော်ဟာ မိမိတို့အိုးအိမ်ကို စွန့်ခွာခဲ့ရပါတယ်။ ကျွန်ုပ်တို့နိုင်ငံထဲက စစ်ဘေးရှောင်စခန်းတွေ၊ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ ပြည်သူ ပြည်သားတွေ ငြိမ်းချမ်းရေးအသီးအပွင့်ကို ခံစားရဖို့၊ ဂုဏ်သိက္ခာရှိစွာနဲ့ နေရပ်ပြန်နိုင်ကြဖို့ ရဟန်း မင်းကြီးနဲ့အတူ ကျွန်ုပ်တို့ဆုတောင်းကြရအောင်။ ယေဇူးသခင်ကိုယ်တော်တိုင် အီဂျစ်ပြည်ကို ပြောင်းရွှေ့အခြေချခဲ့ရဖူးပါတယ်။ ဒုက္ခသည်ဘဝနဲ့ နေခဲ့ရဖူးတယ်။ ကျွန်ုပ်တို့မြန်မာပြည်က လူတွေ လို ဒုက္ခတွေနဲ့ ရှင်သန်ကြီးပြင်းခဲ့ရပါတယ်။ ဒါကြောင့် ကိုယ်တော်ရှင်ဟာ ကျွန်ုပ်တို့ကျတဲ့မျက်ရည် ကို ကောင်းကောင်းနားလည်ပါလိမ့်မယ်။ ယေဇူးသခင်ကို ကျွန်ုပ်တို့လိုလိုလားလားလက်ခံသလိုမျိုး ဒုက္ခရောက်နေသူတွေကို ကျွန်ုပ်တို့လက်ခံပြီး အကူအညီပေးကြရအောင်။

          ဒီကနေ့ဖတ်ရှုရတဲ့ သမ္မာကျမ်းစာမှာ ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာရဲ့အရှင်၊ ခွင့်လွှတ် တတ်တဲ့အရှင်၊ လမ်းမှားပျောက်ဆုံးသူတွေကို ရှာဖွေတတ်တဲ့အရှင်ဖြစ်တော်မူကြောင်း ထပ်မံဖော် ပြထားပါတယ်။ အစွန်းရောက်တဲ့တရားဟောဆရာတွေက ကိုဗစ်ကပ်ရောဂါကို ဘုရားသခင်က ဒဏ်ခတ်တာလို့ ပြောဆိုဟောပြောကြပါတယ်။ ဒီကနေ့ဖတ်ရှုခဲ့တဲ့ ပထမကျမ်းမှာ ဖြောင့်မတ်သူနဲ့ တရားမျှတသူတွေကို ဘုရားသခင်က ဘေးဒဏ်ကနေ လွတ်မြောက်စေတဲ့အကြောင်း ဖော်ပြထား ပါတယ်။ ဘုရားသခင်ဟာ ပျောက်သောသားပုံဥပမာထဲက ဖခင်လိုမျိုး ကျွန်ုပ်တို့ရဲ့ပြန်အလာကို စောင့်မျှော်နေပါတယ်။ ဘုရားသခင်ဟာ မေတ္တာတော်ရှင်ဖြစ်ပါတယ်။ ဘုရားသခင်ဟာ ကလဲ့စား ချေမယ့်အရှင်မဟုတ်ပါဘူး။ ကိုဗစ်ကပ်ရောဂါဟာ ဘုရားသခင်ရဲ့ဒဏ်ခတ်ခြင်းမဟုတ်ပါဘူး။ ဒီ အချိန်က မေတ္တာပြသရမယ့်အချိန်ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ဒဏ်ခံနေရတဲ့အချိန်မှာ ကျွန်ုပ်တို့အချင်း ချင်း ဘုရားသခင်ရဲ့မေတ္တာကရုဏာတော်ကို ပြသရမယ့်အချိန်ဖြစ်ပါတယ်။

          ဒုတိယကျမ်းစာမှာလည်း ကပ်ရောဂါဘေးဒဏ်ကို အရိပ်အမြွက်ပြောထားပါတယ်။ ကမ္ဘာ့ နိုင်ငံအနှံ့ ရောဂါပြန့်ပွားနေချိန်မှာ အာဏာရှင်ခေါင်းဆောင်တွေ၊  ခေါင်းမာပြီး စိတ်ကြီးဝင်နေတဲ့ ခေါင်းဆောင်တွေကြောင့် ပြည်သူတွေထောင်နဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။ ဒုတိယကျမ်းဖြစ်တဲ့ ဖိလိပိသြဝါဒစာမှာ ရှင်ပေါလုက ဒီလိုခေါင်းဆောင်တွေနဲ့ပတ်သက်ပြီး ““တစ်ကိုယ်ကောင်းစိတ်နှင့် ထင်ပေါ်ကျော်ကြားလိုသောစိတ်တို့ဖြင့် မည်သည့်အမှုကိုမျှ မပြုကြလေနှင့်””လို့ သတိပေးထားပါ တယ်။

          ပြည်သူပြည်သားတွေရဲ့အသက်ဘေးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေမှာ အမျိုး သမီးခေါင်းဆောင်တွေ အတော်များများပါနေတာကို တွေ့ရပါတယ်။ သူတို့ဟာ တခြားသူတွေကို မိမိတို့ထက် ပိုပြီးဂရုစိုက်တတ်ကြတဲ့ နှိမ့်ချစိတ်ထားရှိသူတွေဖြစ်ပါတယ်။ မောက်မာတဲ့ခေါင်း ဆောင်ရှိတဲ့နိုင်ငံတွေ၊ ကိုယ်ကျိုးကိုပဲကြည့်ကြတဲ့နိုင်ငံတွေမှာ ကိုဗစ်ကပ်ရောဂါဟာ အကြီးအကျယ် ခေါင်းထောင်နေပါတယ်။ နယူးဇီလန်ဝန်ကြီးချုပ်ဖြစ်တဲ့ Miss Jacinda Ardern လို ရိုးသားနှိမ့်ချတဲ့ ခေါင်းဆောင်တွေဟာ ကပ်ရောဂါကို အောင်နိုင်မယ့် ခေါင်းဆောင်မှုမျိုးပေးနိုင်တာကို တွေ့ရပါ တယ်။ ကိုယ်ကျိုးစွန့်ပြီး ရှေ့တန်းကနေ ကာကွယ်ပေးကြတဲ့သူတွေကြောင့် လူသန်းပေါင်းများစွာ ရဲ့အသက်တွေကို ကယ်တင်နိုင်ခဲ့ပါတယ်။

          ဒီလိုစွန့်လွှတ်အနစ်နာခံခြင်းဟာ ယေဇူးသခင်ကို သက်သေခံခြင်းဖြစ်ပါတယ်။ ဒါနဲ့ပတ် သက်လို့ ရှင်ပေါလုက သြဝါဒစာမှာ ““ကိုယ်တော်သည် ဘုရားအဖြစ်တော်၌ ရှိသော်လည်း ဘုရား သခင်နှင့် တန်းတူညီတူအဖြစ်ကို ရယူအပ်သည်ဟု ထင်မှတ်ခြင်းမရှိဘဲ မိမိ၌ ရှိသမျှကို စွန့်လွှတ်ပြီး လျှင် အစေခံဘဝကိုယူ၍ လူတို့၏ပုံသဏ္ဌာန်အတိုင်း မွေးဖွားခြင်းကို ခံတော်မူ၏””လို့ ဆိုခဲ့ပါတယ်။

          ဧဝဂေလိကျမ်းကို ကြည့်တဲ့အခါမှာလည်း ဖာရီရှဲနဲ့ ဇာဒူကဲတွေရဲ့မာနကို တွေ့ရပါတယ်။ သူတို့ဟာ မိမိတို့ကိုယ်ကို ဘုရားသခင်ရဲ့နိုင်ငံတော်အမွေကို ခံထိုက်သူများအဖြစ် မှတ်ယူကြပြီး သနားကရုဏာပြသဖို့ မေ့လျော့ခဲ့ကြပါတယ်။ သူတို့ဟာ စည်းမျဉ်းဥပဒေတွေထုတ်ပြီး အပြစ်မဲ့ဘာ သာဝင်တွေကို ဝန်ပိစေခဲ့ကြပါတယ်။ နှိမ့်ချခြင်းမရှိတဲ့သူတို့ရဲ့စိတ်ကို အကြောင်းပြုပြီး ယေဇူးသခင် က ““အခွန်ခံသူများနှင့် ပြည့်တန်ဆာများသည် သင်တို့ရှေ့မှနေ၍ ကောင်းကင်နိုင်ငံတော်သို့ ဝင် ရောက်ကြလိမ့်မည်””လို့ သတိပေးခဲ့ပါတယ်။ ဒါ့အပြင် ““နောက်ဆုံးသောသူတို့သည် ပထမဦးဆုံး ဖြစ်ကြလိမ့်မည်။ ပထမဦးဆုံးသောသူတို့သည်လည်း နောက်ဆုံးဖြစ်ကြလိမ့်မည်””လို့ အတိအလင်း ပြောဆိုဆုံးမခဲ့ပါသေးတယ်။

          ဗိုင်းရပ်စ်အန္တရာယ်ကြုံလာရတော့မှ လူသားတွေရဲ့ဘဝဟာ ဘယ်လောက်ထိခိုက်လွယ်သလဲ ဆိုတာကို ကျွန်ုပ်တို့သိလာကြရတယ်။ လွန်ခဲ့တဲ့တစ်လလောက်က ဗိုင်းရပ်စ်ကြောင့် သေဆုံးရသူ (၆)ယောက်ရှိနေရာကနေ အခု (စက်တင်ဘာ ၂၅ မှာ) (၁၅၅)ယောက်ရှိနေပါပြီ။ ထောင်နဲ့ချီတဲ့လူ တွေလည်း ရောဂါကူးစက်ခံနေကြရပါတယ်။ ဒီဖြစ်ရပ်က ကျွန်ုပ်တို့ကို သင်ခန်းစာတစ်ခုပေးနေပါ တယ်။ အဲဒါကတော့ လူ့ဘဝဟာ တန်ဖိုးရှိပါတယ်။ ဒီလိုတန်ဖိုးရှိတဲ့လူ့ဘဝကို အမုန်းတရားတွေနဲ့ အချိန်မဖြုန်းဘဲ ကျွန်ုပ်တို့ကို ယေဇူးသခင်ချစ်တော်မူသလို ကျွန်ုပ်တို့ကလည်း တစ်ပါးသူတွေကို ချစ်ဖို့ ကြိုးစားရပါမယ်။

          ဒီချစ်ခြင်းမေတ္တာဟာ ကပ်ရောဂါဖိစီးမှုခံနေရတဲ့သူတွေအတွက် ဖြေဆေးတစ်ခွက်ပါပဲ။ ချစ် ခြင်းမေတ္တာနဲ့ ကုသဖို့ လိုပါတယ်။ ဘုရားသခင်ရဲ့တရားတော်ဟာလည်း ချစ်ခြင်းမေတ္တာတရားပါပဲ။ ကျမ်းစာထဲမှာ ““ချစ်ခြင်းမေတ္တာ”” (Love) စကားလုံးက သမ္မာကျမ်းစာထဲမှာ အကြိမ်ပေါင်း (၅၀၀) ကျော်ပါပါတယ်။ ဒါဟာ ““သေခြင်း”” ““ငရဲ”” စတဲ့စကားလုံးတွေထက် အကြိမ်ပိုများပါတယ်။ ဆိုလို တာက ကျွန်ုပ်တို့ဟာ မေတ္တာတရားနဲ့ရှင်သန်ရမယ်ဆိုတာပါပဲ။ အသက်ဘယ်လောက်အထိ နေရ မလဲဆိုတာထက် လူဘယ်နှယောက်အထိ မေတ္တာပြခဲ့ပြီလဲဆိုတဲ့အချက်က ပိုပြီးအရေးကြီးပါတယ်။

          ကိုဗစ်ကပ်ရောဂါက လုပ်ပိုင်ခွင့်အာဏာနဲ့ပတ်သက်ပြီး မေးခွန်းတွေထွက်ပေါ်လာစေပါ တယ်။ လုပ်ပိုင်ခွင့်အာဏာဆိုတာ လွှမ်းမိုးချုပ်ကိုင်ဖို့ မဟုတ်ပါဘူး။ အလုပ်အကျွေးပြုဖို့ပါ။ ပုပ် ရဟန်းမင်းကြီး ဖရန်စစ်က စစ်မှန်တဲ့အာဏာဟာ အလုပ်အကျွေးပြုခြင်းမှာပဲ တွေ့ရပါတယ်လို့ မိန့် ကြားခဲ့ပါတယ်။ ကပ်ရောဂါအလွန်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ တိတိကျကျမသိကြ ပါဘူး။ ဒါပေမဲ့ ကပ်ရောဂါတိုင်းကတော့ လူသားတွေကို သင်ခန်းစာပေးလေ့ရှိပါတယ်။ ကျမ်းစာထဲ က ဖာရီရှဲနဲ့ ကျမ်းတတ်ဆရာတွေက ယေဇူးသခင်ပေးတဲ့သင်ခန်းစာကို မယူတတ်ခဲ့ပါဘူး။ ဒါပေမဲ့ အခွန်ခံတွေ၊ ပြည့်တန်ဆာတွေကတော့ ယူတတ်ခဲ့ပါတယ်။ ဒီကူးစက်ရောဂါက ကျွန်ုပ်တို့ကို သင် ခန်းစာပေးနေပါတယ်။ အဲဒါကတော့ ကျွန်ုပ်တို့အားလုံးဟာ တစ်ဆူတည်းသောဘုရားသခင်ရဲ့သား သမီးတွေဖြစ်ပြီး နှိမ့်ချစိတ်ရှိဖို့ပါပဲ။

          ကျမ်းစာထဲမှာ ဖခင်တစ်ယောက်နဲ့ သားနှစ်ယောက်အကြောင်း ကျွန်ုပ်တို့ကြားဖူးကြပါ တယ်။ သားကြီးဖြစ်သူဟာ ဖခင်ပြောတာကို ခေါင်းမညိတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ စိတ်ပြောင်းလဲပြီး လယ်ထဲမှာ သွားအလုပ်လုပ်ခဲ့ပါတယ်။ သားငယ်ဖြစ်သူကတော့ ဖခင်ပြောတာကို လုပ်ပါ့မယ်လို့ ခေါင်းညိတ်ခဲ့ပြီး တကယ်တမ်းကျတော့ အလုပ်သွားမလုပ်ခဲ့ပါဘူး။

          တချို့နိုင်ငံ့ခေါင်းဆောင်တွေဟာ “နိုင်ငံတော်လုံခြုံရေး”လို့ ပါးစပ်ကမချ တဖွဖွပြောနေပြီး ကပ်ရောဂါကျရောက်တဲ့အခါ ပြည်သူပြည်သားတွေရဲ့လုံခြုံရေးကိုတော့ လျစ်လျူရှုထားကြပါတယ်။ ဧဝံဂေလိတရားတော်ကို နားထောင်ရုံမျှမက ပြန်လည်ဟောပြောကြပေမဲ့ လက်တွေ့ကျင့်ဆောင်မှု မရှိဘူးဆိုရင်တော့ ကျမ်းစာထဲက ဖခင်ရဲ့စကားကို နားထောင်သလို ခေါင်းညိတ်ခဲ့ပြီး ဘာမှမလုပ် တဲ့သားငယ်နဲ့ပဲ တူနေပါလိမ့်မယ်။

          အပြစ်ရှိတဲ့အခွန်ခံသူတွေနဲ့ ပြည့်တန်ဆာတွေက ကောင်းကင်နိုင်ငံတော်ကို အရင်ဆုံးဝင် ရောက်ကြမယ့်အကြောင်း ယေဇူးသခင်မိန့်ကြားခဲ့တာကို ပြန်ကြည့်ကြည့်ပါ။ ဒီလူတွေဟာ ဘုရား သခင်ရဲ့ပညတ်တော်တွေကို အပြည့်အဝ လိုက်နာခဲ့ကြတဲ့သူတွေမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့တွေ ဟာ ယေဇူးသခင်နဲ့ဆုံတွေ့ရပြီးတဲ့နောက် ဘဝမှာ စစ်မှန်တဲ့ပြောင်းလဲမှုဖြစ်ပေါ်ပြီး ကိုယ်တော်ရှင် ရဲ့တရားတော်အတိုင်း နေထိုင်ကျင့်ကြံခဲ့ကြပါတယ်။ ဒီလိုလူတွေဟာ ဖခင်ဖြစ်သူလုပ်စေချင်တာ ကို ဖြစ်အောင် လုပ်ပေးခဲ့တဲ့သားကြီးနဲ့ အလားသဏ္ဌာန်တူပါတယ်။

          ကျွန်ုပ်တို့ခရစ်ယာန်တွေကိုလည်း ဖာရီရှဲတွေလို မကျင့်ကြံဖို့ ခရစ်တော်ဘုရားရှင်က သတိ ပေးခဲ့ပါတယ်။ အပေါ်ယံယုံကြည်ခြင်းရှိပြနေရုံနဲ့ မလုံလောက်ပါဘူး။ ““ငါ့အား “သခင်၊ သခင်”ဟု ခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံသို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်အတိုင်း လုပ်ဆောင်သောသူတို့သည်သာလျှင် ကောင်းကင်နိုင်ငံတော် သို့ ဝင်ရလိမ့်မည်””ဆိုတဲ့ ခရစ်တော်ရဲ့စကားတော်ကို နှလုံးသွင်းရလိမ့်မယ်။ ရှင်ယာကုပ်ကလည်း ““အကျင့်မပါသောယုံကြည်ခြင်း””ရဲ့အနှစ်သာရကင်းမဲ့ပုံကို သွန်သင်ခဲ့တာ သတိပြုရပါမယ်။

          ကိုဗစ်ကပ်ရောဂါကြောင့် ဘာသာရေးအလေ့အကျင့်တွေမှာ စိန်ခေါ်မှုတွေကြုံခဲ့ရပါတယ်။ ဒါပေမဲ့ ဒီကပ်ရောဂါကြောင့်ပဲ လှုပ်ရှားသက်ဝင်နေတဲ့ယုံကြည်ခြင်းကို ပြသခွင့်ရလာကြပါတယ်။ ရောဂါကြောင့် လူတွေဟာ စိုးရိမ်ကြောက်လန့်နေကြပေမဲ့ အကူအညီလိုသူကို ကူညီဖို့ နည်းလမ်း တွေရှာကြံကြရပါလိမ့်မယ်။ ရာပေါင်းများစွာသော ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်း တွေဟာ လူတွေရဲ့အသက်ကို ကယ်တင်ဖို့အတွက် ရှေ့တန်းကနေ ကိုယ်ကျိုးစွန့်ပြီး တိုက်ပွဲဝင်နေ ကြပါတယ်။ ဘယ်နေရာမှ ဝင်မပါဘဲ ထိုင်နေပြီးတော့ ကိုဗစ်ကို ““အပြစ်ဖို့””နေကြသူတွေထက် ဒီလို လူတွေက ဘုရားသခင်ရဲ့ကောင်းချီးတော်ကို ပိုပြီးရရှိကြပါလိမ့်မယ်။ ““ဘာဖြစ်လို့ ဒီလိုဖြစ်ရတာ လဲ””ဆိုတဲ့မေးခွန်းနောက်မှာ ရောဂါဒဏ်ခံနေကြရသူတွေအတွက် ““ဘယ်လိုဆက်လုပ်ကြမလဲ””ဆိုပြီး တတ်နိုင်တဲ့နေရာကနေ ပါဝင်လှုပ်ရှားကြဖို့ လိုပါတယ်။ ဖခင်လုပ်စေချင်တာကို လုပ်သွားခဲ့တဲ့ သားကြီးလိုပဲ ကျွန်ုပ်တို့လည်း စိုးရိမ်စိတ်တွေရှိပေမဲ့ လိုအပ်နေသူတွေကို ကူညီနိုင်တဲ့ဘက်ကနေ ကူညီပေးဖို့ လိုပါတယ်။

          ငွေကြေးဥစ္စာအားဖြင့် မကူညီနိုင်ရင်တောင်မှ ဆုတောင်းမေတ္တာအားဖြင့် ကူညီနိုင်ပါသေး တယ်။ ဆုတောင်းခြင်းကြောင့် အကျိုးယုတ်လျော့သွားတာမျိုး မရှိခဲ့ပါဘူး။ ကြောက်စိတ်ကို ဖယ် ရှားဖို့အတွက် ကိုယ်တော်ရှင်ရဲ့မေတ္တာတရားကို လက်ကိုင်ထားပါ။ ““ ကိုယ့်ရဲ့အပြောအဆိုထက် ကိုယ့်ရဲ့အပြုအမူကနေ ချစ်ခြင်းမေတ္တာကို ခံစားကြရပါစေ””လို့ မိန့်ကြားခဲ့တဲ့ စိန်သြဂုတ်စတင်းရဲ့ ဆုံးမစကားကို သတိရကြပါ။

          ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းဘောင်ထဲကနေ ဆင်းရဲသားနဲ့ ထိလွယ်ခိုက်လွယ်ဖြစ်သူ တွေအတွက် ကျွန်ုပ်တို့တတ်နိုင်သလောက် အကူအညီတွေပေးကြပါ။ နောက်ဆုံးမှာ ကျွန်ုပ်တို့ အောင်မြင်ကျော်လွှားနိုင်ပါလိမ့်မယ်။ ဘယ်အရာမဆို အချိန်တန်ရင် ချုပ်ငြိမ်းသွားမှာပဲဖြစ်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှင်သန်ခြင်းရဲ့သခင်၊ လွတ်မြောက်ခြင်းရဲ့အရှင်၊ မေတ္တာတော်ရှင် ဘုရားသခင်ဟာ အရာရာကို စိုးပိုင်တော်မူသောအရှင်ဖြစ်လို့ပါပဲ။

          ဘုရားသခင်ဟာ သေခြင်းရဲ့သခင်မဟုတ်ဘဲ အသက်ရဲ့သခင်ဖြစ်တော်မူတယ်။

          ကျွန်ုပ်တို့နဲ့အတူ ရှိတော်မူတဲ့ ““ဧမာနူအဲလ်””ဘုရားသခင်ဟာ ကျွန်ုပ်တို့၌ အစဉ်အမြဲ ကိန်းဝပ်တော်မူပါစေ။

Add new comment

10 + 4 =