ကာဒီနယ်ချားလ်စ်ဘို  ၏ (၂၈ )ကြိမ်မြောက်သာမန်တနင်္ဂနွေ ဩဝါဒ

ကာဒီနယ်ချားလ်စ်ဘို  ၏ (၂၈ )ကြိမ်မြောက်သာမန်တနင်္ဂနွေ ဩဝါဒ

ကာဒီနယ်ချားလ်စ်ဘို  ၏ (၂၈ )ကြိမ်မြောက်သာမန်တနင်္ဂနွေ ဩဝါဒ

အောက်တိုဘာ ၁၁၊ ၂၀၂၀

ခရစ်တော်၌ ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊

ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူရဲ့ ရှင်သန်လျက်ရှိတဲ့ ၀ိညာဉ်တော်မြတ်ဟာ ကျွန်ုပ်တို့ကို ယုံ ကြည်ခြင်း၌ ပေါင်းစည်းစို့ ဖိတ်ခေါ်နေပါတယ်။

ဒီနေ့ဖတ်ရှုရတဲဲ့ကျမ်းစာတွေထဲမှာ ကျွန်ုပ်တို့အတွက် နှစ်သိမ့်စရာသတင်းစကား(၃)ခု တွေ့ ရပါတယ်။ အဲဒီသတင်းစကားတွေကတော့

၁။       သတင်းဆိုးတွေချည်းပဲ ကြားနေရတယ်လို့ ထင်နေကြတဲ့သူတွေအတွက် စကြဝဠာ အလုံးစုံကို စိုးပိုင်တော်မူတဲ့ ဘုရားသခင်ရဲ့နှစ်သိမ့်စကားကို ပရောဖက် ဟေရှာယ ကနေတစ်ဆင့် ကျွန်ုပ်တို့ကြားခဲ့ရပါတယ်။ ““ထာဝရဘုရားသည် ခဲဖွယ်စားဖွယ်.. ကို လူခပ်သိမ်းတို့အဖို့ စီရင်တော်မူလိမ့်မည်။ ...ထာဝရဘုရားသည် ခပ်သိမ်း သောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။””

၂။       ဒုတိယကျမ်းမှာလည်း ဖိလိပိမြို့သားတွေကို ရှင်ပေါလုအားပေးစကားပြောကြား ထားတဲ့ ““ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်း သောအမှုတို့ကို ငါတတ်စွမ်းနိုင်၏””ဆိုတဲ့ဘုရားသခင်ရဲ့နှုတ်ကပါတ်တော်နဲ့ ကျွန်ုပ် တို့ခွန်အားရခဲ့ကြပါတယ်။

၃။       ပစ်ပယ်ခံထားရတဲ့စိတ်၊ စိုးရိမ်ပူပန်စိတ်တွေနဲ့ ဖိစီးနေတဲ့ ကျွန်ုပ်အားလုံးအတွက် ကောင်းသောသိုးထိန်းမြတ်ရဲ့သတင်းစကားကိုလည်း ဧဝံဂေလိကျမ်းမှာ ကျွန်ုပ်တို့ ကြားနာခဲ့ရပါတယ်။ ““ကိုယ်တော်သည် ပစ်ပယ်ခံရသူအားလုံးတို့ကို ဖိတ်ခေါ်တော် မူလေပြီ။””

ခရစ်ယာန်တွေအနေနဲ့ ဒီလိုခက်ခဲတဲ့ကာလမှာ ကုသခြင်းရဲ့အရှင် ဘုရားသခင်ဖြစ်တော်မူ တဲ့       ယေဇူးသခင်ရဲ့ နွေးထွေးတဲ့စကားတော်တွေကို ကြားနာပြီး ရှေ့ဆက်လျှောက်လှမ်းကြရမှာ ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရေးသားထုတ်ပြန်လိုက်တဲ့ စာချွန် တော်သစ် Fratelli Tutti ““ညီအစ်ကိုမောင်နှမအပေါင်း””ဆိုတဲ့ စာချွန်တော်မှာ ကျွန်ုပ်တို့တွေ့ ကြရမှာဖြစ်ပါတယ်။

စိန်ဖရန်စစ်အစီစီရဲ့ပွဲနေ့မှာ ထုတ်ပြန်လိုက်တဲ့ အဲဒီစာချွန်တော်ကို ပုပ်ရဟန်းမင်းကြီး ဖရန် စစ်က Fratelli Tutti, On fraternity and Social Friendship ““လူမှုရေးစိတ်ဓာတ်၊ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ပေါင်းဖော်ခြင်း””လို့ အမည်ပေးထားပါတယ်။ ဒီစာချွန်တော်ကို ““ပုပ် ရဟန်းမင်းကြီးရဲ့ရင်ထဲက အော်ဟစ်တောင်းလျှောက်သံ””လို့လည်း ဆိုကြပါတယ်။ ပုပ်ရဟန်းမင်း ကြီးဟာ ကမ္ဘာ့ကပ်ရောဂါကာလမှာ ကရုဏာစိတ်တွေတစ်စတစ်စနဲ့လျော့ပါးလာခြင်းမရှိဖို့ ကမ္ဘာသူ ကမ္ဘာသားအပေါင်းကို တောင်းဆိုနေသူလည်းဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ပရောဖက် ဟေရှာယနဲ့ ပရောဖက် အာမုတ်တို့ရဲ့ လမ်းစဉ် အတိုုင်း လျှောက်လှမ်းတဲ့ (၂၁)ရာစုရဲ့ပရောဖက်ဖြစ်တယ်ဆိုတာကို သက်သေပြလိုက်ပြန်ပါပြီ။ ဥပေက္ခာစိတ်ကြီးစိုးလာတဲ့ ကမ္ဘာကြီးမှာ ပုပ်ရဟန်းမင်းကြီးဟာ လူတွေရဲ့သြတ္တပ္ပစိတ်ကို ဆန်းစစ်နှိုး ဆော်ပေးနေတဲ့သူဖြစ်တဲ့အကြောင်း ထပ်မံပြီးသက်သေပြလိုက်တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံလို တိုင်းပြည်တွေအတွက် ပုပ်ရဟန်းမင်းကြီးရဲ့စာချွန်တော်က ဘာပြောထား သလဲဆိုတာ ကြည့်ကြရအောင်။

ပုပ်ရဟန်းမင်းကြီးက ကမ္ဘာ့ပြဿနာတွေကို ဖော်ပြထားပြီး အဓိကကျတဲ့အချက်(၃)ချက်ကို အလေးပေးပြောဆိုထားပါတယ်။ အဲဒါတွေကတော့

၁။ ယနေ့လူသားမျိုးနွယ်ကို လွှမ်းမိုးချုပ်ကိုင်ထားတဲ့ အမိုက်မှောင်၊

၂။ ထိခိုက်နာကျင်နေတဲ့ ကမ္ဘာလောကမှာ ကောင်းသောဆမာရီတန်အဖြစ် ကျင့်ကြံခြင်း၊

၃။ လူသားမျိုးနွယ်အားလုံး တစ်လုံးတစ်ဝတည်း ပေါင်းစည်းညီညွတ်ရေး တို့ဖြစ်ပါတယ်။

၁။ အမိုက်မှောင်ဖုံးလွှမ်းနေတဲ့ကမ္ဘာမြေ

ခက်ခဲကျပ်တည်းတဲ့ကာလကို ကျွန်ုပ်တို့ဖြတ်သန်းနေရတဲ့အချိန်မှာ အမိုက်မှောင်ဟာလည်း ကမ္ဘာလောကကို လွှမ်းမိုးချုပ်ကိုင်လာပါတယ်။ ကပ်ရောဂါဟာလည်း အမိုက်မှောင်တစ်ခုပါပဲ။ ကျွန်ုပ်တို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ အမိုက်မှောင်တွေကို ပုပ်ရဟန်းမင်းကြီးက ရေတွက်ပြထားပါတယ်။

ပထမအမိုက်မှောင်ကတော့ ဒီမိုကရေစီ၊ လွတ်လပ်မှု၊ တရားမျှတမှု စတာတွေကို လိုရာဆွဲ ပြီး အဓိပ္ပာယ်ဖော်လာခြင်းပဲဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံအတော်များများမှာ ခရစ်ယာန်ဘာသာဟာ ခက်ခဲတဲ့စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဟောင်ကောင်လိုနိုင်ငံမှာ ဒီမိုကရေစီစနစ်ပျက်သုဉ်းသွားပြီး အာဏာရှင်တွေဟာ မိမိတို့ကိုယ်ကို ကယ်တင်ရှင်အဖြစ် ပုံဖော် လာကြပါတယ်။ ဟောင်ကောင်ရဲ့ဖြစ်စဉ်ကို ကြည့်ရင် များမကြာမီ နိုင်ငံတော်တော်များများမှာ လည်း ဒီမိုကရေစီဆိုတာ စိတ်ကူးပုံရိပ်သက်သက်လောက်ပဲ ဖြစ်လာတော့မယ်ဆိုတာ သတိပေးနေ ပါတယ်။ တရုတ်ပြည်လို နိုင်ငံမျိုးမှာ ဘာသာရေးလွတ်လပ်ခွင့်ဆိုတာ တဖြည်းဖြည်းနဲ့ပျောက်ကွယ် လာနေပါပြီ။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းစဉ်ကို ကြိုးစားလျှောက်လှမ်းနေတဲ့အတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ရပါမယ်။

ဒုတိယအမိုက်မှောင်ကတော့ လူမှုအဖွဲ့အစည်းစိတ်ဓာတ်နဲ့ သမိုင်းကြောင်းတွေ ပျက်စီးပြီး အတ္တစိတ်နဲ့ ဥပေက္ခာစိတ်ကြီးစိုးလာခြင်းဖြစ်ပါတယ်။ ပိုပြီးရှင်းအောင် ပြောရမယ်ဆိုရင် ဘုရား သခင်က လူသားအားလုံးအတွက် ကမ္ဘာကြီးကို ဖန်ဆင်းခဲ့တာဖြစ်ပေမဲ့ ကမ္ဘာလောကဟာ ၀ါဒ တရားအမျိုးမျိုးနဲ့ ခွဲခြားခြင်းခံနေရပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေက နယ်စပ်တံခါးတွေကို ပိတ် ပစ်ပြီး တံတိုင်းတွေကာရံထားလိုက်ကြတယ်။ ““တိုင်းတစ်ပါးသား””ဆိုရင် မုန်းလာကြတယ်၊ ကြောက် လာကြတယ်။ ““ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုသာလျှင် အကောင်းဆုံး””ဆိုတဲ့မူကို စွဲကိုင်လာကြတယ်။ ဒီ လိုအနေအထားမှာ နိုင်ငံရွှေ့ပြောင်းအခြေချသူတွေဟာ မြေစာပင်တွေဖြစ်ကြရပါတယ်။ တကယ် တော့ လူသားမျိုးနွယ်ကို တိုက်ခိုက်နေတာက ကိုဗစ်ကပ်ရောဂါမဟုတ်ဘဲ အတ္တဝါဒကြီးစိုးလာခြင်း ပဲဖြစ်ပါတယ်။ အဲဒီအတ္တဝါဒဟာ နိုင်ငံခေါင်းဆောင်တွေနဲ့ တိုင်းနိုင်ငံတွေကို ကူးစက်ပျံ့နှံ့နေပါပြီ။ နိုင်ငံတိုင်းက ကိုယ့်နိုင်ငံတစ်ခုထဲ ကောင်းစားဖို့ အာရုံစိုက်နေသရွေ့ အဲဒီအတွက် ဖြေဆေးမရှိပါ ဘူး။ ““လူသားအားလုံးကောင်းကျိုး””ဆိုတဲ့စိတ်ဓာတ်လျော့ပါးလာတဲ့အတွက် ပုပ်ရဟန်းမင်းကြီးက ဝမ်းနည်းစကားဆိုလာရပါတယ်။ တစ်ဦးနဲ့တစ်ဦး သဟဇာတရှိရှိ နေထိုင်ရှင်သန်ခြင်းရဲ့စံနမူနာဖြစ် တော်မူတဲ့ ပုဂ်္ဂိုလ်သုံးပါး တစ်ဆူဘုရားကိုလည်း မေ့လျော့လာကြပါတယ်။ နိုင်ငံအချင်းချင်း ပြိုင် ဆိုင်ဖို့လောက်ကိုပဲ အာရုံပြုလာကြပါတော့တယ်။ လက်ရှိကမ္ဘာလောကအတွက် လိုအပ်နေတဲ့ ဖြေ ဆေးက သနားကြင်နာခြင်းနဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ သဒ္ဓါတရားနဲ့ပတ်သက်လာရင် သမိုင်းကြောင်းကောင်းပါတယ်။ ကပ်ရောဂါကာလမှ လိုအပ်နေသူ တွေကို အကူအညီပေးကြတာတွေ၊ ကွာရင်တင်းစင်တာတွေမှာ စေတနာ့ဝန်ထမ်းလုပ်ကိုင်နေကြတဲ့ ရာနဲ့ချီတဲ့လူငယ်တွေဟာ ကျွန်ုပ်တို့စိတ်နှလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။

တတိယအမိုက်မှောင်ကတော့ အကျိုးအမြတ်ရဖို့ တစ်ခုတည်းကြည့်တဲ့ စျေးကွက်နည်းစနစ်၊ မလိုအပ်ဘဲ ဖြုန်းတီးမှု၊ အလုပ်အကိုင်ဆုံးရှုံးမှု၊ လူမျိုးရေးခွဲခြားမှု၊ ဆင်းရဲမွဲတေမှုတွေပဲဖြစ်ပါတယ်။ စျေးကွက်မှာ အကျိုးအမြတ်ရဖို့တစ်ခုတည်းအတွက်ကိုပဲ တစိုက်မတ်မတ်လုပ်ဆောင်လာခြင်းက အဆိုးဝါးဆုံးအမိုက်မှောင်ဖြစ်တဲ့အကြောင်း ပုပ်ရဟန်းမင်းကြီးက ထောက်ပြခဲ့ပါတယ်။ ချမ်းသာတဲ့ သူတွေက ချမ်းသာပြီးရင်း ချမ်းသာလာကြတယ်။ စျေးကွက်မှာ အကျိုးအမြတ်ရဖို့ကိုပဲ ဦးစားပေး လာကြတဲ့အတွက် အများစုမှာ ထိခိုက်မှုတွေရှိလာပါတယ်။ ကျိကျိတက်ချမ်းသာကြွယ်ဝသူတွေဟာ ကိုဗစ်ကပ်ရောဂါကာလမှာ အကျိုးအမြတ်ရခဲ့ကြပေမဲ့ သန်းနဲ့ချီတဲ့လူတွေကတော့ ဆင်းရဲတွင်းထဲ ရောက်ခဲ့ကြရပါတယ်။ ဆင်းရဲမွဲတေမှုဟာ သဘာဝအတိုင်း ဖြစ်လာတာမဟုတ်ဘဲ လူ့ပယောဂ အများကြီးပါပါတယ်။

““ယူ၍ စားကြလော့””ဆိုတဲ့ ခရစ်တော်ရဲ့စကားတော်ကို ကြားနာပြီး မစ္ဆားတရားနာယူနေကြ တဲ့ခရစ်ယာန်တွေအနေနဲ့ လူသန်းပေါင်း(၁၄၀)ကျော်ဟာ ကိုဗစ်ကပ်ရောဂါကြောင့် ငတ်မွတ်ခေါင်း ပါးတဲ့ဘဝကို ရောက်နေပြီဆိုတာကို မေ့မထားသင့်ပါဘူး။ မကြာမီကာလမှာ ငတ်မွတ်ခြင်းကပ် ဘေးကြောင့် သေတဲ့သူအရေအတွက်ဟာ ကိုဗစ်ကပ်ဘေးကြောင့် သေတဲ့သူအရေအတွက်ထက် ပိုများလာပါတော့မယ်။ ကိုဗစ်အလွန်ကာလမှာ တရားမျှတမှုနဲ့ ညီတူမျှတူရှိတဲ့ကမ္ဘာကို ထူထောင်ဖို့ လိုအပ်နေပါပြီ။

မြန်မာနိုင်ငံမှာလည်း အလုပ်အကိုင်ဆုံးရှုံးမှုနဲ့ စားရေးသောက်ရေးပြဿနာကြုံနေရတာကို ဝမ်းနည်းစွာနဲ့ တွေ့မြင်နေရပါပြီ။ ခရစ်ယာန်တွေအနေနဲ့ ဘုရားကျောင်းတွေပိတ်ထားရတဲ့အတွက် ဝမ်းနည်းကြရပေမဲ့ ““စားပွဲတော်မှာ”” အတူတကွ ဝေမျှစားသောက်ကြတဲ့ဓလေ့စရိုက်ကောင်းကို တော့ ပိတ်ပင်ထားလို့ မဖြစ်ပါဘူး။ အစာအိမ်ကို Lockdown ချလို့ မရတဲ့အတွက် ကျွန်ုပ်တို့မှာရှိ တဲ့အရာကို ကျွန်ုပ်တို့ရဲ့ညီအစ်ကိုမောင်နှမတွေနဲ့ ဝေမျှကြဖို့ လိုပါတယ်။ ဒါကြောင့် လမ်းတွေဟာ ““မစ္ဆားပလ္လင်သစ်””ဖြစ်လာပါစေ။ ဆာလောင်နေတဲ့သူတွေကို မျှဝေပေးတဲ့ ကျွန်ုပ်တို့ရဲ့အစားအစာ တွေဟာလည်း ““ကိုယ်တော်မြတ်အသစ်””ဖြစ်လာပါစေ။

စတုတ္ထအမိုက်မှောင်ကတော့ အခွင့်အရေးညီတူမျှတူမရရှိခြင်းပဲဖြစ်ပါတယ်။ အဲဒီအထဲမှာ ခေတ်သစ်ကျွန်စနစ်၊ လူကုန်ကူးမှု၊ အငှားကိုယ်ဝန်ဆောင်ခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းနဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းမှောင်ခိုရောင်းဝယ်ခြင်း စတဲ့အရာတွေပါဝင်ပါတယ်။ အာဏာရှင်ခေါင်းဆောင်တွေနဲ့ ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ရာဇဝတ်မှုတွေက လူ့ဂုဏ်သိက္ခာကို စော်ကားနေကြပါတယ်။ ကမ္ဘာလောက ဟာလည်း အထီးကျန်ဖြစ်ရခြင်းနဲ့ ကြောက်ရွံ့စိတ်တွေနဲ့ ထိခိုက်နာကျင် နေပါပြီ။ တိုင်းတစ်ပါးယဉ် ကျေးမှုကို ကြောက်ရွံ့ရာကနေ မုန်းတီးတဲ့အဆင့်အထိ ဖြစ်လာနေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လူ အားလုံးကို တန်းတူညီမျှဆက်ဆံဖို့ လိုပါတယ်။

၂။ ထိခိုက်နာကျင်နေတဲ့ ကမ္ဘာလောကမှာ ကောင်းသောဆမာရီတန်အဖြစ် ကျင့်ကြံခြင်း

တစ်နည်းအားဖြင့် ပြောရရင် ဒီလိုအမိုက်မှောင်တွေရှိနေခြင်းက ခရစ်ယာန်တွေအဖို့ မိမိတို့ ရဲ့ယုံကြည်ခြင်းကို သက်သေခံဖို့ အခွင့်အလမ်းရှိလာပါတယ်။ ခရစ်ယာန်တွေဟာ အမိုက်မှောင်ကို အပြစ်မဖို့ပါဘူး။ ညတာဘယ်လောက်ပဲရှည်ရှည် အရုဏ်ဦးအလင်းရောက်လာမယ်ဆိုတာ ကျွန်ုပ် တို့သက်သေပြနိုင်ပါတယ်။ စိန်ခေါ်မှုတွေများပြားတာမှန်ပေမဲ့ ရရှိတဲ့ကျေးဇူးတော်တွေဟာလည်း မနည်းလှပါဘူး။ မကောင်းတဲ့လူ့အသိုင်းအဝိုင်းဟာ မြေနိမ့်ရာကို လှံစိုက်ချင်ကြပြီး အကူအညီလို အပ်နေသူတွေကို ကူညီထောက်ပံ့ဖို့ ပျက်ကွက်ကြပါတယ်။ ကောင်းသောဆမာရီတန်လိုမျိုး ကျွန်ုပ် တို့အားလုံးဟာလည်း ပုဂ်္ဂိုလ်စွဲ၊ ၀ါဒစွဲမရှိဘဲ သမိုင်းကြောင်းယဉ်ကျေးမှုအတားအဆီးတွေကိုကျော်  လွန်ပြီး မိမိနဲ့နီးစပ်သူကို ကူညီပေးဖို့ လိုအပ်ပါတယ်။ မေတ္တာတရားဟာ တံတားခင်းပေးပါတယ်။ ကျွန်ုပ်တို့အားလုံးဟာ ချစ်ခြင်းမေတ္တာပြသကြဖို့ မွေးဖွားလာကြတာဖြစ်ပြီး အကူအညီလိုအပ်နေသူ တိုင်းရဲ့မျက်နှာမှာ ခရစ်တော်ကို မြင်တတ်ဖို့ ပုပ်ရဟန်းမင်းကြီးက ခရစ်ယာန်တိုင်းကို တိုက်တွန်း ထားပါတယ်။ မြန်မာပြည်ကက်သလစ်သာသနာတော်ဟာ ကပ်ရောဂါကြောင့် နိုင်ငံအတွင်း ဒုက္ခ ရောက်နေကြတဲ့ညီအစ်ကိုမောင်နှမအတွက် ကောင်းသောဆမာရီတန်လို အကူအညီပေးခွင့်ရတဲ့ အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။

 

၃။       လူမှုကွန်ယက်မီဒီယာဟာ အမုန်းတရားတွေဖြစ်ပေါ်စေတဲ့အတွက် အဲဒါကို ဆန့်ကျင်တုံ့ပြန် တဲ့အနေနဲ့ ကျွန်ုပ်တို့ဟာ လူမှုကွန်ယက်မှာ မေတ္တာတရားကို ပြသဖို့ လိုအပ်ပါတယ်။ လူတိုင်း ရဲ့လက်ထဲမှာရှိတဲ့ စမတ်ဖုန်းဟာ နှလုံးသားချင်းဆက်သွယ်ပြီး စည်းလုံးတဲ့လူသားမျိုးနွယ်မိသားစု ဖြစ်လာစေဖို့ အသုံးပြုသင့်ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက လူတချို့ဟာ လူမှုကွန်ယက်ကို အသုံးပြုပြီး သတင်းမှားနဲ့ အမုန်းစကားတွေကို ဖြန့်ဝေနေကြပါတယ်။ ဒီအစွမ်းထက်တဲ့လက်နက် ကို ငြိမ်းချမ်းရေးနဲ့ လူသားတို့စည်းလုံးညီညွတ်ရေးအတွက် အသုံးပြုကြဖို့ ပုပ်ရဟန်းမင်းကြီးက ကျွန်ုပ်တို့အားလုံးကို တောင်းဆိုနေပါတယ်။ မျက်မှောက်ခေတ်ဆက်သွယ်ရေးနည်းပညာတွေဟာ အချင်းချင်းမျှဝေကြဖို့၊ အမှန်တရားပေါ်ပေါက်စေဖို့၊ ဆင်းရဲနွမ်းပါးသူတွေကို စာနာနားလည်တတ် ဖို့၊ လူသားအားလုံးကောင်းကျိုးအတွက် လုပ်ဆောင်ဖို့အတွက်ပဲ အသုံးပြုသင့်တဲ့အကြောင်း ပုပ် ရဟန်းမင်းကြီးက ဆုံးမထားပါတယ်။

ဘုရားသခင်ရဲ့ အားလုံးအပေါ်ထားရှိတဲ့ မေတ္တာတော်ကို ဝေမျှပေးတဲ့သူဖြစ်အောင် ကျွန်ုပ် တို့ကြိုးစားကြရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ Fratelli Tutti လို့ ဆိုထားတဲ့အတိုင်း ကျွန်ုပ်တို့ အားလုံးဟာ ညီအစ်ကိုမောင်နှမတွေဖြစ်လို့ပါပဲ။

ပုပ်ရဟန်းမင်းကြီးရဲ့စာချွန်တော်ဟာ ကိုဗစ်ကာလအလွန်မှာ ထွက်ပေါ်လာတဲ့ အရုဏ်ဦး အလင်းရောင်လိုပါပဲ။ ကိုဗစ်အလွန်မှာ လူသားအားလုံးကို ညီအစ်ကိုမောင်နှမအဖြစ် ရှုမြင်တဲ့ တန်းတူညီမျှရေး၊ တရားမျှတရေးစနစ်သစ်ထွန်းကားလာဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းနေခြင်း ဖြစ်ပါတယ်။ ပိုမိုပြီးတရားမျှတတဲ့ကမ္ဘာဖြစ်လာစေဖို့ ကျွန်ုပ်တို့ဆုတောင်းကြရပါလိမ့်မယ်။

ဒီနေ့ဖတ်ရှုခဲ့ရတဲ့ကျမ်းတွေကလည်း ဘုရားသခင်ရဲ့မေတ္တာတော်ကို ခံစားရဖို့ နှိုးဆော်နေပါ တယ်။ ပထမကျမ်းမှာ ဂျူးလူမျိုးတွေခံစားနေရတဲ့ဒုက္ခဝေဒနာတွေကို ဖော်ပြထားပြီး ပရောက် ဟေ ရှာယက  ““ထာဝရဘုရားသည် ခဲဖွယ်စားဖွယ် ...ကို လူခပ်သိမ်းတို့အဖို့ စီရင်တော်မူလိမ့်မည်။ ...ထာဝရဘုရားသည် ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်””ဆိုတဲ့ နှစ် သိမ့်စကားနဲ့ မျှော်လင့်ချက်ကို ရှင်သန်စေခဲ့ပါတယ်။ ““ကိုယ်တော်သည် သေခြင်းကိုလည်း နစ်မွန်း ဆုံးရှုံးစေတော်မူလိမ့်မည်””လို့တောင် ဆိုထားပါသေးတယ်။ (၁၀)လအတွင်းမှာ လူ(၁)သန်းကျော် သေဆုံးခဲ့ရပါပြီ။ ကျွန်ုပ်တို့ရဲ့နိုင်ငံမှာ မိသားစုပေါင်း (၅၀၀)ကျော်ဟာ မိမိတို့ချစ်ခင်ရတဲ့သူတွေ ကပ်ရောဂါကြောင့် သေဆုံးခဲ့ရတာကို ကြုံခဲ့ရပါပြီ။ လူဦးရေ(၂၀၀၀၀)ကျော်ဟာလည်း ရောဂါပိုး ကူးစက်ခံထားရတယ်ဆိုတာ ကျွန်ုပ်တို့သတိရပြီး ဆုတောင်းပေးရပါမယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာလက်တော်ဟာ ကြောက်ရွံ့စိုးရိမ်စိတ်ကြီးစိုးနေတဲ့ သူတို့ရဲ့မျက်ရည်တွေကို သုတ်ပေးတော်မူ ပါစေ။

ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာနဲ့ပြည့်ဝတဲ့၊ ပိုမိုပြီးကျန်းမာတဲ့၊ ပိုမိုပြီး တရားမျှတတဲ့ ကမ္ဘာ သစ်ကို ကျွန်ုပ်တို့စောင့် မျှော်နေပါတယ်။ ရှင်ပေါလုကလည်း အဲဒီလိုမျိုးမျှော်လင့်ချက်နဲ့ ရှင်သန်ဖို့ ကျွန်ုပ်တို့ကို တိုက်တွန်းနှိုးဆော်နေပါတယ်။ ထိခိုက်နာကျင်နေတဲ့ကမ္ဘာကို ကုစားဖို့ ဘုရားသခင်က ယေဇူးသခင်ကို စေလွှတ်တော်မူခဲ့ခြင်းဖြစ်ပါတယ်။ ““ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏””လို့ ရှင်ပေါလုဟစ်ကြွေးခဲ့သလို ကျွန်ုပ်တို့တစ်ဦးစီကို ခရစ်တော်ဘုရားရှင်ထိတွေ့ပြီး ခွန်အားပေးဖို့ ဆုတောင်းကြရအောင်။

ဘုရားသခင်ဟာ အားလုံးသောလူသားတွေကို ဖိတ်ခေါ်နေပါတယ်။ ကိုယ်တော်ရှင်ဟာ ဘယ်သူ့ကိုမှ ပစ်ပယ်မထားပါဘူး။ ဘယ်သူ့ကိုမှလည်း မျက်နှာမလိုက်ပါဘူး။ ဧဝံဂေလိကျမ်းထဲမှာ မင်္ဂလာဆောင်စားပွဲတော်ကို နာမကျန်းသူတွေ၊ နိမ့်ကျသူတွေ၊ လမ်းပျောက်နေသူတွေအားလုံးတက် ရောက်ဖို့ ဖိတ်ခေါ်တာကို တွေ့ရပါတယ်။ ကောင်းကင်နိုင်ငံရဲ့စားပွဲတော်မှာ နောက်ဆုံးသောသူ ဟာ အရင်ဦးဆုံးဖြစ်လာပါလိမ့်မယ်။ ပုပ်ရဟန်းမင်းကြီးရဲ့စာချွန် တော်သစ်ထဲမှာ အဲဒီအကြောင်းကို အသေအချာရေးသားထားပါတယ်။ ကျွန်ုပ်တို့အားလုံးဟာ မေတ္တာတော်ရှင် ဘုရားသခင်တစ်ပါး တည်းက ဖန်ဆင်းထားတဲ့ ညီအစ်ကိုမောင်နှမတွေပဲဖြစ်ကြပါတယ်။

စစ်ပွဲတွေမရှိတဲ့ကမ္ဘာ၊ ကပ်ဘေးတွေမရှိတဲ့ကမ္ဘာ၊ ဘုရားသခင်ရဲ့မေတ္တာတော်လွှမ်းမိုးတဲ့ ကမ္ဘာဖြစ်ဖို့ ကျွန်ုပ်တို့ဆုတောင်းကြရအောင်။

အိုယေဇူးဘုရားရှင်၊ ကြွလာတော်မူပါ။ ကျွန်ုပ်တို့အား ကုသပေးတော်မူပါ။ ကျွန်ုပ်တို့အား အကောင်းပကတိဖြစ်စေတော်မူပါ။

ဘုရားသခင် သင်တို့နဲ့အတူ ရှိတော်မူပါစေ။

ဘုရားရှင်ရဲ့ကောင်းချီးတော်ကို ခံစားရပြီး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

Add new comment

1 + 2 =