ကာဒီနယ်ချားစ်ဘို ၏ ခရစ်တော်ဘုရင်ပွဲတော်နေ့ကြီးဩဝါဒ တရားတော် 

ကာဒီနယ်ချားစ်ဘို ၏ ခရစ်တော်ဘုရင်ပွဲတော်နေ့ကြီးဩဝါဒ တရားတော် 

ကာဒီနယ်ချားစ်ဘို ၏ ခရစ်တော်ဘုရင်ပွဲတော်နေ့ကြီးဩဝါဒ တရားတော်   နိုဝင်ဘာ ၂၂၊ ၂၀၂၀

ခရစ်တော်၌ ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့၊

          ခရစ်တော်ဘုရင်ရဲ့ကောင်းချီးတော်အားလုံး သင်တို့အပေါ် သက်ရောက်ပါစေ။ ကိုယ်တော်ရှင် ရဲ့ အနန္တတန်ခိုးတော်ကြောင့် သင်တို့ရဲ့နှလုံးသားနဲ့ မိသားစုတွေဟာ ငြိမ်းချမ်းမှုကို ခံစားကြရပါစေ။ ကိုယ်တော်ရှင်ရဲ့နူးညံ့တဲ့လက်တော်ကြောင့် သင်တို့အားလုံး ကုသခြင်းကျေးဇူးကို ခံစားကြရပါစေ။ ကိုယ်တော်ရှင်ရဲ့တရားမျှတမှု ကြောင့် သင်တို့အားလုံး  ကြီးပွားချမ်းသာခြင်းကို ခံစားကြရပါစေ။

          အာဒ်ဝင်တူးကာလကို မဝင်ရောက်ခင်မှာ အသင်းတော်ဟာ ခရစ်တော်ကို ဘုရင်တစ်ပါးအနေနဲ့ ဖော်ပြလာပါတယ်။ ရှင်ဘုရင်တွေဟာ တိုင်းနိုင်ငံကို ပိုင်စိုးပြီးတော့ စစ်အင်အားနဲ့ အုပ်ချုပ်ကြပါတယ်။ ယေဇူးသခင်ကတော့ အဲဒီလိုဘုရင်မျိုးမဟုတ်ပါဘူး။ ကိုယ်တော်ရှင်ဟာ နွားစားခွက်ထဲမှာ ဖွားမြင်ခဲ့ပြီး ““လူသားမှာ ခေါင်းချစရာ နေရာမရှိ””လို့ ကြွေးကြော်ခဲ့ရတယ်။ ဆင်းရဲခြင်း၊ ငတ်မွတ်ခြင်းတွေ ကို ခံစားခဲ့ရပြီး နောက်ဆုံးမှာ ကားတင်သတ်ခြင်းကို ခံခဲ့ရတယ်။ အလောင်းတော်ကို သင်္ဂြိုလ်တာတောင်မှ သူများရဲ့ သင်္ချိုင်းထဲမှာ သင်္ဂြိုလ်ခြင်းကို ခံခဲ့ရတယ်။

          ကောင်းကင်တမန်တော် ဂါဗြီအဲလ်က ““ထာဝရဘုရားသည် သူ့အဖ ဒါ၀ိဒ်၏ရာဇပလ္လင်ကို သူ့ အား ပေးအပ်တော်မူလိမ့်မည်၊ သူသည် ယာကုပ်၏အမျိုးအနွယ်ကို အစဉ်ထာဝရအုပ်စိုးလိမ့်မည်။ သူ ၏နိုင်ငံတော်သည်လည်း အဆုံးရှိလိမ့်မည်မဟုတ်””လို့ အမိန့်တော်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ယေဇူးသခင် က ““ငါ၏နိုင်ငံတော်သည် ဤလောကနှင့်မဆိုင်”” (ယော ၁၈း၃၆) ဆိုပြီး ပီလာတုမင်းကို မိန့်ကြားခဲ့ပါ တယ်။

          ““ခရစ်တော်ဘုရင်””လို့ ဆိုလိုက်ရင် ကျွန်ုပ်တို့တွေ့နေမြင်နေကျဖြစ်တဲ့ မင်းဝတ်တန်ဆာနဲ့ သရဖူကို ဧကရာဇ်မင်းလို ဆင်မြန်းထားတဲ့ခရစ်တော်ကို မျက်စိထဲ မြင်ယောင်လာကြတယ်။ ဘုရား ကျောင်းအတော်များများမှာ အဲဒီလိုခမ်းခမ်းနားနားပုံတော်တွေ၊ ရုပ်တုတွေရှိကြပါတယ်။

          ဒါပေမဲ့ ပထမရာစုမှာ ခရစ်တော်ကို ဘုရင်အဖြစ် ပုံဖော်ထားခဲ့တဲ့အထောက်အထားကို ကျွန်ုပ် တို့မတွေ့ခဲ့ရပါဘူး။ အဲဒီအစား Trigram လို စာသားတွေ၊ ငါးပုံတွေကိုပဲ တွေ့ခဲ့ရပါတယ်။ ပါစကား သိုးငယ်တော်ပုံ၊ စစ်မှန်တဲ့စပျစ်နွယ်ပုံ၊ ကောင်းသောသိုးထိန်းပုံတွေနဲ့ ခရစ်တော်ကို ပုံဖော်ခဲ့ကြတာကို လည်း တွေ့ရပါတယ်။

          ရှေးဦးခရစ်ယာန်တွေအတွက်ကတော့ ““ရှင်ဘုရင်””လို့ ဆိုလိုက်တာနဲ့ လောကီအာဏာနဲ့ သူတို့ ကို ဖိနှိပ်တဲ့သူ၊ သတ်ဖြတ်တဲ့သူ၊ မှားယွင်းတဲ့ဘုရားတွေကို အတင်းအကြပ်ကိုးကွယ်စေသူလို့ မြင်ကြပါ တယ်။ ဒါကြောင့် ခရစ်တော်ကို သူတို့မုန်းတီးတဲ့ ““ရှင်ဘုရင်””လိုမျိုး မမြင်ဘဲ သူတို့လို သေသည့်တိုင် အောင် သစ္စာရှိတဲ့ အစေခံမျိုး၊ သူတို့ရဲ့နေ့စဉ်ဘဝနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သိုးသူငယ်၊ သိုးထိန်း၊ ငါး၊ စပျစ်နွယ် စတာတွေနဲ့ တွဲပြီး မြင်ခဲ့ကြပါတယ်။

          ကက်သလစ်သာသနာတော်မှာ ပုပ်ရဟန်းမင်းကြီး ပီဦး(၁၁)က ၁၉၂၅ ခုနှစ်မှာ ဒီပွဲနေ့ကို စတင်သတ်မှတ်ပေးခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးက "Pax Christi in regno Christi"  ““ခရစ်တော်၏ အုပ်စိုးခြင်း၌ တည်သော ခရစ်တော်၏ငြိမ်းချမ်းခြင်း””ဆိုပြီး ကြေညာခဲ့ပါတယ်။ ဒါဟာ ““ဘုရားသခင် တစ်ပါးတည်းသာလျှင် အသက်ကို ပေးပိုင်တော်မူသောအရှင်””ဆိုတဲ့အမှန်တရားကို ပြန်လည်ဖော် ထုတ်ခြင်းလည်းဖြစ်ပါတယ်။ သူ့ခေတ်အခါက မူဆိုလီနီ၊ ဟစ်တလာ၊ စတာလင် စတဲ့အာဏာရှင် အစိုးရတွေဟာ လူသန်းပေါင်းများစွာကို သေကြေပျက်စီးစေတဲ့အတွက် လူတွေဟာ အသက်ကို မပိုင် ကြောင်း၊ ဖျက်ဆီးပိုင်ခွင့်လည်း မရှိကြောင်း၊ ခရစ်တော်သာလျှင် အသက်ကိုပေးပိုင်သောဘုရင်ဖြစ် ကြောင်း ပြန်လည်သတိရစေဖို့ ပုပ်ရဟန်းမင်းကြီး ပီဦး(၁၁)က ခရစ်တော်ဘုရင်ပွဲနေ့ကို သတ်မှတ်ပေး ခဲ့ခြင်းဖြစ်ပါတယ်။ ဘုရားသခင်ဟာ အသက်ရဲ့ဘုရင်၊ စကြဝဠာတစ်ခုလုံးကို ပိုင်စိုးတဲ့ဘုရင်ဖြစ်ပါ တယ်။

          ဗိုင်းရပ်စ်ပိုးရဲ့လွှမ်းမိုးမှုဒဏ်ခံနေရတဲ့ကာလမှာ ဒီပွဲနေ့ကနေ ကျွန်ုပ်တို့ကို ပေးတဲ့သတင်းစကား ကတော့ ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့အဖ၊ ခရစ်တော်ဟာ ကျွန်ုပ်တို့ရဲ့အစ်ကို၊ ဘုရင်တကာတို့ရဲ့ ဘုရင်ဖြစ်ပြီး ကျွန်ုပ်တို့အားလုံးကို ထာဝရအဆက်ဆက် ဘုရားသခင်ရဲ့သားသမီးများဖြစ်အောင် လုပ် ဆောင်ပေးခဲ့သူဖြစ်ပါတယ်။

          လူနှစ်ယောက်ရဲ့အဖြစ်အပျက်လေးတစ်ခုကြားဖူးပါတယ်။ သူတို့ဟာ ပြင်သစ်ဘုရင် မင်းခမ်း မင်းနားနဲ့ထွက်လာတာကို ကြည့်နေကြတယ်။ ဘုရင်က ခမ်းနားတဲ့ဝတ်စုံနဲ့ ရွှေမြင်းရထားကို စီးလာပြီး လူတွေအားလုံးက သူ့ကို ဦးညွှတ်အရိုအသေပေးနေကြပါတယ်။ အဲဒီအချိန်မှာ တစ်ယောက်က ““မင်း မျိုးမင်းနွယ်တွေကို သာမန်ပြည်သူလို ဆက်ဆံတဲ့နေ့မျိုးမြင်ရဖို့ ငါမျှော်လင့်တယ်””လို့ ပြောလိုက်တယ်။ ဒါနဲ့ ကျန်တဲ့တစ်ယောက်က ပြုံးလိုက်ပြီး ““ငါကတော့ သာမန်ပြည်သူတွေကို မင်းမျိုးမင်းနွယ်လို ဆက် ဆံတဲ့နေ့မျိုးမြင်ရဖို့ မျှော်လင့်တယ်””လို့ ပြန်ပြောလိုက်ပါတယ်။

          ခရစ်တော်သခင်ဟာ ကားတိုင်ပလ္လင်အားဖြင့် သင်နဲ့ ကျွန်ုပ်တို့လို သာမန်လူတွေကို ““ဘုရား သခင်ရဲ့သားသမီးများဘဝ””ကို ရောက်အောင် မြှင့်တင်ပေးခဲ့ပါတယ်။ ကျွန်ုပ်တို့ဟာ ဘုရားသခင်ပိုင်ဆိုင် တော်မူတဲ့သူတွေဖြစ်လာကြတဲ့အတွက် ကိုယ်တော်ရှင်ရဲ့ ကောင်းကင်ဘုံနန်းမှာ ပါဝင်ခွင့်လာကြ ပါတယ်။ တစ်နည်းပြောရရင် သာမန်လူတွေဟာ မင်းမျိုးမင်းနွယ်လို ဆက်ဆံခံရတာနဲ့ အတူတူပါပဲ။ ရှင်ပေတရုက ဝမ်းမြောက်ဝမ်းသာနဲ့ အခုလိုကြွေးကြော်ခဲ့ပါတယ်။

          ““သင်တို့သည်ကား ရွေးကောက်ခြင်းခံရသောလူမျိုး၊ တော်ဝင်ရဟန်းမျိုး၊ သန့်ရှင်းမြင့်မြတ်သောလူမျိုးနှင့် ဘုရားသခင်ပိုင်ဆိုင်တော်မူသောလူမျိုးဖြစ်ကြ၏။ ဤသို့ဖြင့် သင်တို့ကို မှောင်မိုက်ထဲမှ နေ၍ ကိုယ်တော်၏အံ့ဖွယ်ရာအလင်းတော်သို့ ခေါ်ထုတ်တော်မူသောသခင်၏ ချီးမွမ်းထိုက်သောအမှု တော်တို့ကို သင်တို့ကြေညာဟောပြော ကြရပေလိမ့်မည်။”” (၁ ပေ ၂း၉)

          ဒါဆိုရင် ယေဇူးသခင်ဟာ ဘယ်လိုဘုရင်မျိုးလဲ။ ကိုယ်တော်ရှင်ဟာ သိုးထိန်းပုံစံနဲ့ကြွလာပြီး ကျွန်ုပ်တို့ကို ရှာဖွေတယ်၊ ကျွန်ုပ်တို့လိုအပ်ရာကို ဖြည့်ဆည်းပေးတယ်။ ကိုယ်တော်ရှင်ဟာ ကျွန်ုပ်တို့ ကို သွန်သင်ဆုံးမပြီး ကျွန်ုပ်တို့ လျှောက်ရမယ့်လမ်းအတိုင်း လိုက်ပါပြီး ပဲ့ပြင်လမ်းညွှန်တော်မူတဲ့ ဘုရင်မျိုးဖြစ်ပါတယ်။

          ဒီနေ့ဖတ်ရှုခဲ့တဲ့ပထမကျမ်းမှာ ဒီလိုဘုရင်မျိုးရဲ့ နူးညံ့သိမ်မွေ့တဲ့ချစ်ခြင်းမေတ္တာကို တွေ့ရပါတယ်။ ပရောဖက် ဧဇက်္ကီအဲလ်က ““ပျောက်သောသိုးကို ငါရှာမည်၊ သူတစ်ပါးနှင်သောသိုးကို လိုက်၍ ငါဆောင်ခဲ့မည်။ အရိုးကျိုးသောသိုးကို အဝတ်နှင့်စည်းမည်။  ထိခိုက်အနာတရဖြစ်သူတို့ကို ငါစည်း နှောင်ပေးမည်။ အားနည်းသောသိုးကို ငါမစမည်””လို့ ဆိုခဲ့ပါတယ်။ မှန်ပါတယ်။ ဒီနေ့ ကျွန်ုပ်တို့ဆီကို ကြွလာတဲ့အရှင်က ကုသခြင်းရဲ့ဘုရင်ပဲဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကို ကြောက်လို့ အိမ်မှာ နေတဲ့သူတွေ၊ ဆေးရုံကုတင်ပေါ်မှာ အသက်လုနေရတဲ့သူတွေအားလုံးရဲ့အနားမှာ သိုးထိန်းတော်ဘုရင်ရှိနေပြီးတော့ ““နာမကျန်းသူတို့ကို ငါကုသမည်””လို့ မိန့်ကြားနေပါတယ်။

          ကိုယ်တော်ရှင်ဟာ သိုးစုအတွက် မိမိအသက်ကိုတောင် ပေးဖို့ ဝန်မလေးတဲ့ သိုးထိန်းကောင်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆာလံကျမ်းရေးဆရာက ယုံကြည်ခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ အခုလို ရေး ဖွဲ့ခဲ့ပါတယ်။

          ““ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါ၌ လိုလေသေးရှိမည်မဟုတ်။ စိမ်းလန်း သောကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏။”” (ဆာလံ ၂၃)

          လောကီဘုရင်တွေက စစ်အင်အားနဲ့ တိုက်ခိုက်အနိုင်ယူပြီး အုပ်စိုးကြတယ်။ ခရစ်တော်ဘုရင် ကတော့ မေတ္တာနဲ့ အုပ်စိုးဖြစ်ပါတယ်။ လူသားတွေက အဲဒီမေတ္တာကို ခံယူပြီးတဲ့အခါ ခရစ်တော်ဟာ သူ့ရဲ့နိုင်ငံတော်ကို ခမည်းတော်ဘုရားဆီ လွှဲပြောင်းပေးပါလိမ့်မယ်။ ရှင်ပေါလုက ““လောကရဲ့ပန်းတိုင်ဟာ အာဏာ၌ မတည်ဘဲ မေတ္တာ၌သာ တည်တယ်””လို့ မိန့်ကြားခဲ့ပါတယ်။ မေတ္တာဟာ တိုင်း နိုင်ငံတွေရဲ့အုပ်စိုးမှုအာဏာတွေအားလုံးကို အောင်နိုင်တဲ့ပါရမီဖြစ်ပါတယ်။ ဘုရားသခင်ရဲ့နိုင်ငံတော် ရောက်လာပြီဆိုရင် မျက်ရည်နဲ့ သေခြင်းလည်း မရှိတော့ဘဲ ထာဝရအသက်နဲ့ မေတ္တာတရားသာ ရှင်သန်နေမှာဖြစ်ပါတယ်။ ဒီလိုကောင်းကင်နိုင်ငံတော်မှ စံမြန်းနိုင်ဖို့အတွက် ခရစ်တော်ဘုရင်ပွဲနေ့ကို ကျွန်ုပ်တို့ကျင်းပရခြင်းဖြစ်ပါတယ်။

          ဒုတိယကျမ်းထဲမှာ ရှင်ပေါလုက ကော်ရိန့်သုမြို့သားတွေကို အခုလိုမိန့်ကြားခဲ့ပါတယ်။

          ““လူအားလုံးတို့သည် ခရစ်တော်၌ အသက်ရှင်ကြရလိမ့်မည်။... ထို့နောက် ကမ္ဘာကုန်ဆုံး ချိန်ရောက်လာပြီးလျှင် ကိုယ်တော်သည် ရှိသမျှသော မင်းများ၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များကို ဖျက်ဆီး၍ နိုင်ငံတော်ကို ခမည်းတော်ဘုရား၏လက်တော်သို့ ပေးအပ်တော်မူလိမ့်မည်။”” (၁ ကော် ၁၅း၂၀-၂၈)

          နိုင်ငံကို ဦးဆောင်မယ့်အစိုးရကို ရွေးချယ်ခဲ့ပြီးဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းက အစိုးရ တွေကို ဒီပွဲနေ့က အုပ်ချုပ်သူအစိုးရမှာ ရှိရမယ့် ပါရမီ(၃)ရပ်ကို မီးမောင်းထိုးပြနေပါတယ်။

          အဲဒါတွေကတော့         ၁။       ခရစ်တော်ဟာ ငြိမ်းချမ်းခြင်းရဲ့အရှင်ဖြစ်တယ်။

                                         ၂။       ခရစ်တော်ဟာ အလုပ်အကျွေးပြုပြီး ဦးဆောင်တဲ့သူဖြစ်တယ်။

                                         ၃။       ခရစ်တော်ဟာ သနားခြင်း၊ ခွင့်လွှတ်ခြင်းရဲ့အရှင်ဖြစ်ပါတယ်။

၁။ ခရစ်တော်ဟာ ငြိမ်းချမ်းခြင်းရဲ့အရှင်ဖြစ်တယ်။ ငြိမ်းချမ်းခြင်းဆိုတာ ခရစ်တော်ဟောကြားတော်မူ တဲ့တရားတော်ရဲ့အနှစ်သာရပါပဲ။ ကိုယ်တော်ရှင်မွေးဖွားမယ့်အကြောင်းနဲ့ပတ်သက်လို့ ပရောဖက် အီဇာအိယက   ““အကြောင်းမူကား ငါတို့အဖို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော် မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်ကား အံ့သြဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်”” (ဟေ ၉း၆) လို့ ကြိုတင်ဟောကြားခဲ့ ပါတယ်။

          ကိုယ်တော်ရှင်ဟာ လူသားတွေကို ခမည်းတော်နဲ့ ပြန်လည်ကြေအေးစေခဲ့ပါတယ်။ လူသား တွေနာကျင်ခံစားရတာတွေကို နှစ်သိမ့်ပေးခဲ့ပါတယ်။ အသက်တာတစ်လျှောက်လုံးမှာလည်း ငြိမ်းချမ်း ရေးအကြောင်း ဟောပြောခဲ့ပါတယ်။ မကြာခဏ နှုတ်ဆက်တဲ့အခါ၊ ဆုတောင်းတဲ့အခါမှာ ““သင်တို့၌ ငြိမ်းချမ်းခြင်းရှိစေသတည်း””လို့ မိန့်ကြားခဲ့ပါတယ်။

          ကျွန်ုပ်တို့နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့လည်း အလုံးစုံငြိမ်းချမ်းရေးရဖို့ရန်အတွက် ကြိုးစားကြဖို့ အရေးကြီးပါတယ်။ အမုန်းတရားတွေ၊ တိုက်ပွဲတွေ၊ အိုးအိမ်စွန့်ပစ်ထွက်ပြေးရတဲ့အဖြစ်တွေနဲ့ ကျွန်ုပ်တို့နေလာခဲ့ရတာ အတော်ကြာခဲ့ပါပြီ။ ဒီရွှေနိုင်ငံမှာ ငြိမ်းချမ်းရေးရောင်ခြည်သမ်းမယ့်အချိန်ကို ကျွန်ုပ်တို့ စောင့်မျှော်နေကြပါတယ်။ အသစ်ဖွဲ့စည်းမယ့်အစိုးရအနေနဲ့ နိုင်ငံအတွင်း ငြိမ်းချမ်းရေးရပြီး ဖွံ့ဖြိုးတိုးတက်အောင် အစွမ်းကုန်လုုပ်ဆောင်နိုင်ဖို့ ကျွန်ုပ်တို့ဆုတောင်းပါတယ်။

၂။ အလုပ်အကျွေးပြုပြီး ဦးဆောင်ရပါမယ် ။ ခရစ်တော်ဘုရားရှင်ဟာ မိမိတပည့်တွေရဲ့ခြေကို ဆေး ပြီး ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့နှိမ့်ချခြင်းပါရမီကို သွန်သင်ခဲ့ပါတယ်။

          ““သင်တို့သည် ငါ့ကို ဆရာဟူ၍လည်းကောင်း၊ သခင်ဟူ၍လည်းကောင်း ခေါ်ကြ၏။ ငါသည် လည်း ထိုသို့ဖြစ်သောကြောင့် သင်တို့ဆိုသည်မှာ မှန်ပေ၏။ သို့ဖြစ်၍ သင်တို့၏သခင်နှင့် ဆရာဖြစ် သော ငါသည် သင်တို့၏ခြေများကိုဆေးလျှင် သင်တို့သည်လည်း အချင်းချင်း တစ်ဦး၏ခြေကို တစ်ဦး က ဆေးရမည်။”” (ယော ၁၃း၁၃)

          စစ်မှန်တဲ့ခေါင်းဆောင်မှုဆိုတာ ဥစ္စာရှိသူ၊ အာဏာရှိသူတွေနဲ့ မပေါင်းဖက်ဘဲ အားနည်းသူ၊ ထိလွယ်ခိုက်လွယ်ရှိသူတွေနဲ့ ပေါင်းဖက်ခြင်းပဲဖြစ်ပါတယ်။

          ““လူသားသည် သူတစ်ပါးကို စေခိုင်းခြင်းငှာ မဟုတ်ဘဲ အစေခံခြင်းငှာလည်းကောင်း၊ မိမိ၏ အသက်ကို စွန့်၍ လူအများကို ကယ်တင်ခြင်းငှာလည်းကောင်း ကြွလာတော်မူသည်”” (မာ ၂ဝး၂၈)

          ဒီနေ့ဖတ်ရှုရတဲ့ဧဝံဂေလိကျမ်းကလည်း ဒီအချက်ကို အဓိကသွန်သင်ထားပါတယ်။ ဆင်းရဲသား တွေကို မေ့လျော့ထားတဲ့သူဟာ ဘုရားသခင်ရဲ့မေ့လျော့ထားခြင်းကို ခံရပါလိမ့်မယ်။ ထာဝရရှင်ဘုရင် ဘုရားသခင်က တရားစီရင်တော်မူတဲ့နေ့မှာ ကျွန်ုပ်တို့အားလုံးကို စီရင်ပါလိမ့်မယ်။ အဲဒီအခါကျရင် ကျွန်ုပ်တို့ဟာ မိမိတို့ရဲ့အစွမ်းကို အသုံးပြုပြီး ဆင်းရဲသားတွေ၊ ဒုက္ခကြုံနေရတဲ့သူတွေကို ကူညီပေးခဲ့ပါ သလားလို့ မေးမြန်းခြင်းခံရပါလိမ့်မယ်။

          ““အသိမ်ငယ်ဆုံးသော ဤငါ၏ညီအစ်ကိုတို့တွင် တစ်ဦးကို သင်တို့ပြုစုခဲ့ကြလျှင် ငါ့ကိုပင် ပြုစုခဲ့ကြပြီ”” (မာတေဦး ၂၅း၄၀)လို့ ဆိုထားတဲ့အတွက် ဒုက္ခရောက်နေသူတွေကို ကူညီတဲ့အစိုးရဟာ ယခုဘဝမှာမကဘဲ နောင်ဘဝမှာပါ ဘုရားသခင်ရဲ့ကောင်းချီးဆုကျေးဇူးတော်ကို ခံစားရပါလိမ့်မယ်။

၃။ သနားခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ ဦးဆောင်အုပ်ချုပ်ရပါမယ်။ ကိုဗစ်ကပ်ရောဂါဟာ လူသားတွေရှင်သန် ရေးအတွက် အရေးကြီးတဲ့ပါရမီတစ်ရပ်ကို သင်ခန်းစာပေးခဲ့ပါတယ်။ အဲဒီပါရမီကတော့ ကရုဏာ မေတ္တာပါပဲ။ (လု ၆း၃၆)မှာ ““သင်တို့၏အဖခမည်းတော်သည် သနားကြင်နာတော်မူသည့်နည်းတူ သင် တို့သည်လည်း သနားကြင်နာခြင်းရှိကြလော့””လို့ သွန်သင်ထားပါတယ်။ (ဟောရှေ ၆း၆)မှာ ““ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို...ငါနှစ်သက်၏””လို့ ထာဝရဘုရားက မိန့် တော်မူခဲ့ပါတယ်။ ကရုဏာမေတ္တာတရားကြီးစိုးမှသာ လူသားတွေရှင်သန်နိုင်မှာဖြစ်ပါတယ်။ ဒါ ကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေဟာလည်း ကရုဏာတရားပြသကြဖို့ လိုအပ်ပါတယ်။

          မှားယွင်းတဲ့နိုင်ငံရေးမူဝါဒတွေကြောင့် လူသန်းပေါင်းများစွာဟာ ငတ်မွတ်ခြင်း၊ သေခြင်းတွေနဲ့ ကြုံနေရပါတယ်။ ခရစ်တော်ရဲ့နိုင်ငံတော်မှာတော့ ဘာသာ၊ လူမျိုးခွဲခြားမှုမရှိဘဲ အကြိမ်ပေါင်း ခုနစ်ဆယ် ခုနစ်လီတိုင်အောင် ခွင့်လွှတ်ခြင်းသာ ရှိနေပါလိမ့်မယ်။

          မြန်မာပြည်သူအများစုက မိမိတို့ကို အုပ်ချုပ်မယ့်အစိုးရကို ရွေးချယ်ခဲ့ကြတဲ့အတွက် အစိုးရ အနေနဲ့ သမိုင်းက ဒဏ်ရာဒဏ်ချက်တွေကို ကုစားပေးဖို့ အခွင့်သာနေခဲ့ပါပြီ။ ၂၁ ရာစု ပင်လုံငြိမ်း ချမ်းရေးခရီးကို ကျွန်ုပ်တို့ဆက်သွားရပါလိမ့်မယ်။ ကျွန်ုပ်တို့အားလုံးဟာ ဘုရားသခင်ရဲ့သားသမီးတွေ ဖြစ်ပြီး ““လူများစု၊ လူနည်းစု”” ဆိုတာမျိုး မရှိရပါဘူး။ ဘုရားသခင်ဟာ လူမျိုး၊ အသားအရောင် မခွဲ ခြားဘဲ အားလုံးအပေါ်မှာ ““နေသာ၊ မိုးရွာ”” စေတော်မူတဲ့ဘုရားသခင်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရဖို့ အလားအလာကောင်းတွေရှိပါတယ်။ ငြိမ်းချမ်းရေးလမ်းစဉ်သာလျှင် တစ်ခုတည်းသောလမ်းစဉ်ဖြစ်ပါ တယ်။ ယေဇူးသခင်က ““ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏သားများဟု အခေါ်ခံကြရလိမ့်မည်”” (မာတေဦး ၅း၉) လို့ သွန်သင်ခဲ့ပါတယ်။

          ခရစ်တော်ရဲ့မေတ္တာနဲ့ ကရုဏာကို အကောင်းဆုံးပြသသက်သေခံခဲ့တဲ့ စိန့်မာသာရ်ထရေဇား ရဲ့ ဆုတောင်းမေတ္တာနဲ့ ခရစ်တော်ဘုရင်ပွဲနေ့ကို အဆုံးသတ်ချင်ပါတယ်။

““မျက်မှောက်ကာလ၌ လူအမြောက်အမြားသည် သာမန်အစားအစာရဖို့ ငတ်မွတ်နေကြပါ သည်။ သို့ရာတွင် ငတ်မွတ်ခြင်း နောက်တစ်မျိုးရှိနေပါသေးသည်။ ယင်းငတ်မွတ်ခြင်းမှာ မိမိအား လိုလိုချင်ချင်ရှိရန်၊ ချစ်ရန်၊ အသိအမှတ်ပြုရန် ငတ်မွတ်ခြင်းပင်ဖြစ်သည်။ ကမ္ဘာပေါ်၌ ကြုံတွေ့နေရ သောအဆိုးဝါးဆုံးရောဂါမှာ ငြိုငြင်ခံရခြင်းနဲ့ ပစ်ပယ်ခံရခြင်းပင်ဖြစ်သည်။ အဆိုးဝါးဆုံး မကောင်းမှုမှာလည်း မေတ္တာတရား ခေါင်းပါးခြင်းနှင့် နီးစပ်သူအပေါ် လျစ်လျူရှုထားခြင်းပင်ဖြစ်သည်။ အိုဘုရားသခင်၊ ကျွန်ုပ်တို့၏ အေးစက်မာကြောသော နှလုံးသားကို ကိုယ်တော်၏ ကျေးဇူးတော်ဖြင့် နွေးထွေးပျော့ပြောင်းစေတော်မူပါ။ သို့မှသာလျှင် ကိုယ်တော်၏ တပည့်စုဖြစ်သော ကျွန်ုပ်တို့သည် ချစ်ခြင်းမေတ္တာ ပွားများနိုင်ပြီး ကိုယ်တော်သွန်သင်တော်မူသည့်အတိုင်း ကိုယ်တော်၏ မေတ္တာကရုဏာနိုင်ငံတော်ကို တည်ထောင်နိုင်ကြပါလိမ့်မည်။ အာမင်။””

ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ဘဝကို စိုးပိုင်တော်မူတဲ့အရှင်ဖြစ်ပါတယ်။ ကိုယ်တော်ရဲ့ ကောင်းချီးမင်္ဂလာတော်ကို ခံစားကြရပါစေ။ ကျန်းမာချမ်းသာကြပါစေ။

Add new comment

5 + 0 =