ကမ္ဘာ့သာသနာပြုတနင်္ဂနွေနေ့အတွက် ကာဒီနယ်ချားစ်လ်မောင်ဘို၏ ​  ဩဝါဒ

ကမ္ဘာ့သာသနာပြုတနင်္ဂနွေနေ့အတွက် ကာဒီနယ်ချားစ်လ်မောင်ဘို၏ ​  ဩဝါဒ

“ငါတို့သည် ငါတို့ မြင်ခဲ့ကြားခဲ့ရသောအရာများကို မဟောပြောဘဲ မနေနိုင်” (တမန်တော်၀တ္တု ၄း)

၂၀၂၁ ခုနှစ်၊ ကမ္ဘာ့သာသနာပြုတနင်္ဂနွေနေ့အတွက် ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်၏ ဩဝါဒကို ဒေသခံအခြေအနေနှင့် စပ်ဆက်၍ ထောက်ရှုချက်

ကာဒီနယ်ချားစ်လ်မောင်ဘို၏ ​  ဩဝါဒ၊ ရန်ကုန်ဂိုဏ်းချုပ်သာသနာ၊ ရန်ကုန်၊ မြန်မာ။

 ပထမကျမ်း။ ။ ဟေရှယ ၅၂း၇-၁၀   

ဒုတိယကျမ်း ။ ။ ရောမ ၁၀း ၁၄-၁၈

ဧဝံဂေလိကျမ်း။ ။ မာသဲ ၂၈း ၁၆-၂၀  

ခရစ်တော်၌ ချစ်ခင်လေးစားရပါသော ညီအစ်ကိုမောင်နှမအပေါင်းတို့

ကြီးမြတ်သော ခရစ်တော်ယေဇူး၏နာမတော်မြတ်၌ နှုတ်ဆက်ပါတယ်။ ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်ဦးဆောင်လျက် ခရစ်တော်ရဲ့ သာသနာပြုတပည့်တော်များကြဖို့အတွက် ဒီနေ့ကျင်းပနေကြပါတယ်။ “ငါတို့သည် ငါတို့ မြင်ခဲ့ကြားခဲ့ရသောအရာများကို မဟောပြောဘဲ မနေနိုင်” ခေါင်းစဉ်အောက်မှာ ကမ္ဘာ့သာသနာပြုတနင်္ဂနွေနေ့လည်းကျင်းပနေကြပါတယ်။

ပြောဆိုဖို့ စိန်ခေါ်မှုအခိုက်အတန့်တွေဖြစ်ပါတယ်။ တမန်တော်၀တ္တုကနေကောက်နုတ်ထားတဲ့ “ငါတို့သည် ငါတို့ မြင်ခဲ့ကြားခဲ့ရသောအရာများကို မဟောပြောဘဲ မနေနိုင်”က ကျွန်ုပ်တို့ကို စိန်ခေါ်နေပါတယ်။ တမန်တော်ကြီးတွေက ခရစ်တော်အကြောင်းကို ကမ္ဘာအနှံ့ဟောပြောနိုင်ခဲ့ကြတာဟာ သူတို့ကိုယ်တိုင် ခရစ်တော်နဲ့ထိတွေ့ခဲ့ကြလို့ပဲဖြစ်ပါတယ်။ သာသနာပြုစိတ်ဓာတ် ဇွဲလုံလတွေရဲ့ နိုးဆော်မှုကြောင့် ကနဦး ခရစ်ယာန်တွေဟာ ချစ်ခြင်းမေတ္တာအကြောင်းကို ပြောရဲခဲ့ကြပါတယ်။ မတရားတဲ့ ရောမအင်ပါရာကို ဆန့်ကျင်ပြောရဲကြတယ်။ ကောင်းကင်နိုင်ငံတော်အကြောင်းကိုပြောရဲကြတယ်။ ဒါတွေဟာ ချစ်ခြင်းမေတ္တာအရှင်ဖြစ်တဲ့ ဘုရားနဲ့ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခဲ့ကြလို့ပဲဖြစ်ပါတယ်။

တမန်တော်ကြီးတွေနဲ့ ကနဦးခရစ်ယာန်တွေဟာ ဒေသခံအတွက် သင့်တော် လိုအပ်တဲ့သတင်းစကားကို ကောင်းကောင်းလေး နားလည် သဘောပေါက်ကြပါတယ်။

မကောင်းဆိုးဝါးတွေ လမ်းမပေါ် ခုန်ပေါက်နေတဲ့အချိန် ကျွန်ုပ်တို့ မပြောမဆိုပဲ ငြိမ်းနေခြင်းက ဒုစရိုက်အပြစ်ကို ကျူးလွန်နေခြင်းပဲဖြစ်ပါတယ်။ သေမင်းကိုယ်စားလှယ်တွေက ရန်လိုသောင်းကြမ်းနေတဲ့  သေခြင်းနဲ့ရှင်ခြင်းတွေအတွက် ဆုံးဖြတ်လုပ်ယူဖို့အခွင့်ရေးရှိတယ်လို့ခံယူနေတဲ့အချိန် ကျွန်ုပ်တို့ ပြောရဲဖို့လိုပါတယ်။ အမုန်းတရားနဲ့မဟုတ်ပဲ ချစ်ခြင်းမေတ္တာနဲ့ပြောရဲဖို့ဖြစ်ပါတယ်။ အဆိုးဆုံး ရန်သူတောင် သူ့ရဲ့ လူ့ဖြစ်စဉ်ကို လိုအပ်ပါတယ်။ သူ့ကို ပစ်ပယ်ထားဖို့မဟုတ်ပါ။ 

ဒီနှစ် ကမ္ဘာ့သာသနာပြုတနင်္ဂနွေရဲ့ခေါင်းစဉ်ကို ဖတ်တဲ့အခါ- ခရစ်တော်ရဲ့ ဒုက္ခဝေဒနာကို ခံစားမိကြမှာပါ။ အပြစ်မဲ့တဲ့ နှလုံးသားဟာ အာဏာရဲ့ ရန်လိုမှုအောက်မှာ ကွဲအက်ခြင်းခံရတယ်။ စစ်သားတွေက ပါးရိုက်တဲ့အခါ ခရစ်တော်က အာဏာအကြောင်းကိုပြောပါတယ်။ ခရစ်တော်က တပည့်တော်ကြီးတွေက အကြိမ်ပေါင်း ခုနစ်ဆယ် ခုနစ်လီ ခွင့်လွတ်ဖို့ အကြံပြုသွန်သင်ခဲ့ပါတယ်။ ရန်လိုတဲ့ စစ်သားကို ကျန်တဲ့ပါးတစ်ခြမ်းကို ပေးအပ်ဖို့လည်း ပြောပြထားပါတယ်။

ယေဇူးက ငါပြောသောစကားမှားလျှင် မှားကြောင်းကို ထောက်ပြပါလော့။ ငါ၏စကားမှန်လျှင်မူကား အဘယ်ကြောင့် ငါ့ကို ရိုက်သနည်းဟု ပြန်ပြောတော်မူ၏ (ယောဟန် ၁၈း ၂၃)

ဒီဖြစ်စဉ်ကို သမိုင်းက အကြင်နာမဲ့စွာ ပြသနေပါတယ်။ ရာစုများစွာကြာလာတော့ ကမ္ဘာ့ ဒေသ တော်တော်များများမှာ အလားတူဖြစ်စဉ်တွေ ဖြစ်ပျက်နေပါတယ်။

ထိပ်တိုက်ရင်ဆိုင်မှုတွေကြောင့် လက်တလော ဂယက်ရိုက်မူတွေ ရှိခဲ့ပါတယ်။ အာဏာပိုင်တွေကို အမှန်တရားပြောခြင်းဟာ တကယ်ပဲ အန္တရာယ်များပါတယ်။ ဂျွန်ဗတ္တိဇံဟာ အာဏာပိုင်တွေကို ပြောတဲ့အခါ  ခေါင်းဖြတ်ခြင်းခံရပါတယ်။ ခရစ်တော်က အမှန်တရားတွေဟာ နာကျင်စွာပဲ ဒီနေ့လမ်းမပေါ်မှာ ပဲ့တင်ထပ်နေပါတယ်။

ငါ၏စကားမှန်လျှင်မူကား အဘယ်ကြောင့် ငါ့ကို ရိုက်သနည်း”

 ခရစ်တော်ကို ပါးရိုက်တဲ့စစ်သားက ဘာမှ ပြန်မဖြေနိုင်ခဲ့ပါဘူး။ စစ်သားဆိုတာ လက်နက်နဲ့ပဲ ပြောဆိုနိုင်တာပါ။ အမှန်တရားကို ရင်ဆိုင်ရတဲ့အခါ သူတို့ နုတ်ဆိတ်နေခဲ့ပါတယ်။ ခရစ်တော်က ရောမအင်ပါရာကိုယ်စားလှယ် ပီလာတူးကို ရင်ဆိုင်ရတဲ့အခါ သူဘာမှ မပြောစရာမရှိခဲ့ပါ။ အမှန်တရားရဲ့အာဏာတွေ ဖြာဆင်းလာတဲ့အခါ လောကရဲ့အာဏာတွေဟာ တိတ်ဆိတ်နေခဲ့ပါတယ်။ အပြစ်ဒုစရိုက်ရဲ့မလုံခြုံမှုတိတ်ဆိတ်ခြင်းပေါ့။

ဒီနေ့ ကမ္ဘာ့သာသနာပြူတနင်္ဂနွေကဆင့်ခေါ်နေတာကတော့-

“ငါတို့သည် ငါတို့ မြင်ခဲ့ကြားခဲ့ရသောအရာများကို မဟောပြောဘဲ မနေနိုင်”

ကျွန်ုပ်တို့တိုင်းပြည်မှာ ဘာတွေမြင့်ခဲ့ကြားခဲ့သလဲ။ ဘာတွေကိုပြောဆိုသင့်သလဲ။

ပြီးခဲ့တဲ့ နှစ်လအတွင်း ကက်သလစ်အသင်းတော်ထဲမှာ အရေးကြီးတဲ့ ဖြစ်စဉ် နှစ်ခု ရှိပါတယ်။ ပထမကတစ်ခုက- အပြည်ပြည်ဆိုင်ရာ ကိုယ်တော်မြတ်ပွဲတော်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့-ရောမမြို့မှာကျင်းပတဲ့ ညီလာခံအစည်းအဝေးဖြစ်ပါတယ်။

ကိုယ်တော်မြတ်ပွဲတော်က စိတ်ရှည်သည်းခြင်းကို ဟောကြားဖို့ အခွင့်အရေးပေးပါတယ်။ စိတ်ရှည်သည်းခံခြင်းဆိုတာ  တရားမျှတခြင်းနဲ့အမှန်တရားအတွက် ရပ်တည်ရဲတဲ့ ပါရမီတစ်ပါးဖြစ်ပါတယ်။

အထွေထွေညီလာခံက ကျွန်ုပ်တို့ကို တောင်းဆိုနေတာကတော့- သူတို့ရဲ့ခရီးစဉ်မှာ လူတွေနဲ့အတူတကွခရီးပြုဖို့၊ သူတို့ကို စိတ်ဝင်တစားနားထောင်ပေးဖို့ဖြစ်ပါတယ်။ အသင်းတော်ဟာ နားထောင်နေပါတယ်။

မကောင်းမှုတွေကို ရင်ဆိုင်ရတဲ့ချိန် လူတွေဟာ စိတ်ရှည်သည်းခံဖို့ အခက်တွေ့ကြပါတယ်။ ပြီးခဲ့တဲ့ ခုနစ်လ အတွင်း ဘာတွေမြင်ခဲ့ကြားခဲ့သလဲ၊ ကျွန်ုပ်တို့လူတွေက ဘယ်နေရာဘယ်လမ်းမှာ နေရာယူကြသလဲ။ ဘာတွေနားထောင်ခဲ့သလဲ။

မကြာခဏကျွန်ုပ်ပြောတာကတော့- ကျွန်ုပ်တို့လူတွေရဲ့လမ်းဟာ အဆုံးမရှိတဲ့ ကားတိုင်လမ်းဖြစ်ပါတယ်။ ခရစ်တော်လိုပဲ ကျွန်ုပ်တို့လူတွေဟာ အနာတရငါးမျိုးနဲ့ နာကျင်နေကြရပါတယ်။ ကိုဗစ်၊ ပဋိပက္ခများ၊ထွက်ပြေးတိမ်ရှောင်ခြင်း၊ စီးပွားရေးချွတ်ခြုံကျခြင်း၊ သဘာ၀ဘေးအန္တရာယ်။ မဆုံးနိုင်တဲ့ ပြသနာအခက်ခဲများ။

ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်ကပြောတယ်- လူတွေရဲ့ အကူညီမဲ့တဲ့ အခြေအနေထဲ၊ စိန်ပူပန်းမှုတွေကြား၊ အမှောင်ကြီးစိုးချိန်များမှာ ညီလာခံအသင်းတော်ကြီးက နားထောင်နေပါတယ်။ အတူခရီးပြုနေပါတယ်။ အဖော်မွန်ကောင်းအဖြစ်တည်ရှိနေပါတယ်။ ကမ္ဘာ့သာသနာပြုတနင်္ဂနွေက ကျွန်ုပ်တို့ကို - လူတွေနဲ့ အတူလမ်းလျှောက်ဖို့ ဖိတ်ခေါ်နေပါတယ်။ အထူးသဖြင့် ဒုက္ခအတိရောက်နေတဲ့လူတွေနဲ့၊ သားသမီးတွေ ဆုံးရှုံးရလို့ အငိုမစဲတဲ့ မိခင်တွေနဲ့ အတူခရီးပြုဖို့ ဖိတ်ခေါ်နေပါတယ်။  

သာသနာပြုခြင်းဆိုတာ သတင်းကောင်းကို ကြောငြာဟောပြောခြင်းပဲဖြစ်ပါတယ်။ လူသားမဆန်တဲ့ လုပ်ရက်ကြောင့် အပြစ်မဲ့သူတွေ ဒုက္ခရောက်နေတဲ့ ဒီတိုင်းပြည်မှာ သတင်းကောင်းက ဘာဖြစ်မလဲ။

ရဟန်းမင်းကြီး ဖရန်စစ်က တမန်တော်ကြီးတွေဆီက ဒီလိုမျိုးအဖြစ်ပျက်တွေကို လေးလေးနက်နက် စဉ်းစားဆင်ခြင်တယ်။

သူတို့တွေက ဘုရားသခင်ကို ကိုယ်တိုင်တွေ့ ခဲ့ကြပြီး သူရဲ့မေတ္တာကို ရရှိခံစားခဲ့ ကြရပါတယ်။

ဘုရားသခင်နဲ့ ခင်မင်ခွင့်ရခဲ့တဲ့ အတွေ့ အကြုံတွေ၊ ဖျားနာသူတွေကို ကုသတာတွေကို မြင်ခဲ့ရတယ်၊ အပြစ်သားတွေနဲ့ အတူ စားသောက်ခဲ့တယ်၊ ဆာလောင်မွတ်သိပ်သူတွေကို ကျွေးမွေးခဲ့တယ်၊ အပယ်ခံတွေကို ဆွဲခေါ်တယ်၊ အနာကြီးရောဂါသည်တွေနဲ့ ထိတွေ့ခဲ့တယ်၊ လိုအပ်သူတွေနဲ့ အတူရှိခဲ့တယ်။ မင်္ဂလာရှစ်ပါးကို လမ်းစဉ်သစ်တွေ နဲ့ သွန်သင်ပေးခဲ့တယ်။ နောက်ပြီး ကြီးမားတဲ့ပျော်ရွှင်မှုတွေ၊ အံ့ဖွယ်ရာတွေနဲ့ နက်ရှိုင်းလှတဲ့ ကျေးဇူးတရားတွေကို ပေးထားခဲ့တယ်။

ဒါပေမယ့် သူတိုဟာ သာသနာပြုခြင်း ခရီးကို စတင်လျှောက်လှမ်းတဲ့ အခါမှာ အမှောင်ထုကြီးကို ရင်ဆိုင်တွေ့ကြုံခဲ့ရပါတယ်။ သူတို့ဟာ အသက်ရှင်တဲ့ ဘုရားနဲ့ တွေ့ခဲ့ရပြီးတာတောင်မှ အရာရာတိုင်းဟာ အလွယ်တကူ မရရှိနိုင်ပါဘူးဆိုတာကို မီးမောင်းထိုးပြနေပါတယ်။ ရှေးဦးခရစ်ယာန်တွေက ရန်လိုမှုတွေ၊ ခါးသီးမှုတွေကြားမှာ သူတို့ရဲ့ ယုံကြည်ခြင်းကို စတင်ခဲ့ကြပါတယ်။ အတွင်းစိတ်ကော အပြင်ပန်းပါ ရုန်းကန်ခဲ့ရတဲ့ နယ်မြေခွဲခြားမှု တွေ ထောင်ချခံခဲ့ရတာတွေကို အတွေ့အကြုံတွေက သူတို့ကြားခဲ့ မြင်ခဲ့ရတဲ့အရာတွေနဲ့ ပြောင်းပြန် ဖြစ်နေခဲ့ပါတယ်။

အလားတူ လူမဆန်တဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ၊ သေခြင်းတရားတွေနဲ့ ကြောက်တရားတွေက ကျွန်ုပ်တို့လူတွေကို အထူးသဖြင့်တော့ လူငယ်တွေကို ခြောက်လှန့်ခဲ့ပါတယ်။ စစ်တမ်းအရ ကမ္ဘာ့အစားအသောက်စီစစ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေ လူခြောက်သန်းနီးပါးလောက်ဟာ ငတ်ပြတ်နေကြပါတယ်။ နှစ်အကုန်လောက်မှာပဲ ကမ္ဘာ့လူဦးရေ ထက်ဝက်လောက်က အားနည်းနေ ကြပါလိမ့်မယ်လို့ ၎င်း အဖွဲ့ အစည်းကပဲ သတိပေးထားပါတယ်။ မှန်ပါတယ်။

ကတိပေးထားတဲ့ ဒီရွှေနယ်မြေလည်း သူ့ရဲ့ သားသမီးတွေကို သည်းထိတ်ရင်ဖိုစီးရတဲ့(ရိုလာကိုစတာ) မှာလို မျက်ရည်တွေ ပျက်စီးမှုတွေနဲ့ ပစ်ထားပါတယ်။

လူမဆန်တဲ့ မုန်းတီးမှု သဲကန္တာရမှာလို ကျွန်ုပ်တို့ လူငယ်တွေရဲ့ အိမ်မက်တွေကို နေပူလောင်စေတဲ့ ဒီမြေမှာ ဘုရားသီချင်းကို ကျွန်ုပ်တို့ ဘယ်လိုများသီဆိုပြီး လွတ်မြောက်အောင်လုပ်နိုင်ကြမှာလဲ။ လူတွေရဲ့ အသက်နဲ့ ရင်းပြီး မရပ်မနားဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုကြောင့် အကောင်းမြင် ဝါဒတွေ မြေမြှုပ်သဂြိုလ်ခံရတဲ့ နယ်မြေ မှာ ကျွုန်ုပ်တို့ ဘယ်လိုများ ခရစ်တော်ရဲ့ သတင်းကောင်းကို ဟောကြားနိုင်မှာလဲ။

မျှော်လင့်ချက်တွေ မီးရှို့ ဖျက်ဆီးခြင်းခံရတဲ့ ကြားမှာ အသင်းတော်ရှိတဲ့ နေရာတိုင်း၌ မျှော်လင့်ခြင်းထားဖို့နဲ့ တပည့်တော်ကြီးတွေရဲ့ အံ့ဩဖွယ် ပုံဥပမာ တွေကို အတုယူဖို့ ပုပ်ဖရန်စစ်အရှင်မြတ်က တိုက်တွန်းထားပါတယ်။   တပည့်တော်ကြီးတွေကို ရှေ့ဆက်လှမ်းဖို့ ပိတ်ပင်ပြီး နောက်ကိုတွန့်ဆုတ်စေတဲ့ အခက်အခဲ၊ အတားအဆီးတွေ ရှိပါရက်နဲ့ အဲဒီ အတွေ့ အကြုံတွေကပဲ သူတို့ ရဲ့ ပြသနာတွေ၊ မဋိပက္ခတွေ၊ အခက်အခဲတွေကို သာသနာပြုလုပ်ငန်းအတွက် အခွင့်အရေးအဖြစ်အသုံးချပြီး ဒီပြသနာတွေကို ဖြေရှင်းဖို့ နည်းလမ်းပေးပါတယ်။

ကျွန်ုပ်တို့ ပြည်သူတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် အမုန်းပွား ဖျက်စီးခြင်းကို ဦးတည်တဲ့ လမ်း၊ လူငယ်တွေရဲ့ အိမ်မက်တွေကို ဖျက်ဆီးတဲ့ လမ်း၊ လူတွေအားလုံးကို ဦးတည်တဲ့လမ်းဖြစ်တဲ့ ဂုဏ်သိက္ခာကြောင့် အသေခံကြတဲ့ သူတွေနဲ့ သူတို့ရဲ့ အနာဂါတ် ငြိမ်းချမ်းဖို့နဲ့ ချမ်းသာ ကြွယ်၀မှုအတွက် အပြစ်မဲ့ ပြည်သူတွေကို သတ်ခွင့်ရှိတယ်လို့ အထင်မှားတဲ့သူတွေရဲ့ အကြောင်းဟာ သမိုင်းလမ်းကြောင်းတစ်လျှောက်ထင်ကျန်နေမှာပါ။

ဒီနေ့ မျှော်လင့်ခြင်းရှိဖို့ ဟောပြောရခြင်းဟာ စွန့်စားမှု တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ခရစ်ယာန်တွေဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်ခဲ့ ကြတယ်။ အသင်းတော်ဟာ မျှော်လင့်ခြင်းကို မွှေးထုတ်ပေးတဲ့ ဌာနတစ်ခုပါ။ ရှေးဦးခရစ်ယာန်တွေရဲ့ သတင်းဟာ ဩဇာကြီးပါတယ်လို့ ပုပ်ရဟန်းမင်းကြီးအရှင်မြတ်က ကျွန်ုပ်တို့ အားလုံးကိုပြောသလိုပဲ ကန့်သတ်ခြင်းတွေ၊ အတားအဆီးတွေဟာ ဘုရားရဲ့ ဝိညာဉ်တော်နဲ့ အရာတိုင်း၊ လူတိုင်းကို မင်္ဂလာဆီ လိမ်းပေးတဲ့ အထူးအခွင့်အရေးဖြစ်လာခဲ့ပါတယ်။ ဘယ်သူကမှ၊ ဘယ်အရာကမှ လွတ်မြောက်ခြင်း သတင်းကောင်းကနေ ပယ်ချခြင်းခံရဖို့ မဟုတ်ပါဘူး။

အသင်းတော်ဟာ သာသနာပြုဖို့ တည်ရှိလာတယ်လို့ ရဟန်းမင်းကြီး ၆ ဦးမြောက် ပေါလ် (Pope Paul the sixth) ကပြောခဲ့ပါတယ်။ သာသနာပြုခြင်း ဟာ ဘုရားရဲ့သတင်းကောင်းပါ။ အဲဒီ သတင်းကောင်းဟာ အမြဲတမ်း ဆက်စပ်စဉ်းစားရမဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံ အခြေနေအရဆိုရင် ကျွန်ုပ်တို့ မှာ သတင်းကောင်းတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ အနာဂါတ် လှပရေး မျှော်လင့်ချက်ထားဖို့ပါပဲ။

ကျွန်ုပ်တို့ မျှော်လင့်ချက်ပျောက်ဆုံးရင် အရာရာတိုင်း ဆုံးရှုံးပါပြီ။ ကမ္ဘာ့သာသနာပြူတနင်္ဂနွေနေ့က ပေးတဲ့သတင်းစကားဟာ အဖခမည်းတော်ဘုရားဆီက လာတဲ့သတင်းစကားဖြစ်တယ်။ ကမ္ဘာပေါ်ရှိ မျော်လင့်ချက်ပျက်သုဉ်းနေတဲ့ သူတွေအတွက် ပြောနေခြင်းဖြစ်ပါတယ်။

သောကြာနေ့ကြီးနဲ့ သန့်ရှင်းတဲ့ စနေနေ့ကြီးတွေဟာလည်း စိတ်မကောင်းဖွယ်ရာဖြစ်ခဲ့ပါတယ်။ အဲဒီ စနေနေ့ကြီးဟာ သင်္ချိုင်းဂူကို တိတ်ဆိတ်စေခဲ့ပါတယ်။ အဲဒီတိတ်ဆိတ်ခြင်းက လူတွေရဲ့ နှလုံးသားတွေကို ထိခိုက်စေခဲ့ပါတယ်။

ကမ္ဘာ့သာသနာပြု တနင်္ဂနွေသတင်းကောင်းမှာ  ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်ပြောတဲ့ ကမ္ဘာတစ်ဝှမ်းလုံးရှိ မျှော်လင့်ချက်ပျက်သုန်းနေတဲ့ သူတွေကို  နှစ်သိမ့်ခြင်းပေးတဲ့ အကြောင်းပဲဖြစ်ပါတယ်။

ချိနှဲ့သူတွေ နဲ့ အားနည်းသူတွေက ဒီထက်တောင်ပိုပြီး ခံစားကြရပါသေးတယ်။ ကျွန်ုပ်တို့လည်း စိတ်ဓာတ်ကျခြင်း၊  အမှန်အတိုင်းသိမြင်လာခြင်းနဲ့ မောပန်းခြင်းတွေကို တွေ့ကြုံနေကြရပါတယ်။ မျှော်လင့်ချက်ကို ဖျက်စီးတဲ့ အပျက်သဘော ကြီးထွားခြင်းကနေလည်းမလွတ်ကင်းကြပါဘူး။
ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ပြောသလို ခရစ်ယာန်အသက်တာမှာ ရဲရင့်တဲ့ မျှော်လင့်ချက်ရှိပါတယ်။ ကျွန်ုပ်တို့က ကမ္ဘာကြီးကို တစ်ယောက်တည်း ရင်ဆိုင်နေရတာမဟုတ်ပါဘူး။ သတင်းကောင်းသယ်ဆောင်လာသူက ခရစ်တော် ပဲဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်ုပ်တို့ အနေနဲ့  “အကြောင်းမူကား ငါတို့သည် မိမိတို့ အကြောင်းကို ဟောပြောကြခြင်းမဟုတ်ဘဲ ခရစ်တော်ယေဇူးမှာ အရှင်သခင်ဖြစ်တော်မူကြောင်းကို ဟောပြောကြခြင်းဖြစ်၏။ ဟောပြောရာတွင်လည်း ငါတို့သည် ခရစ်တော် အတွက် သင်တို့၏ အစေခံများအနေဖြင့် ဟောပြောကြခြင်းဖြစ်၏” (ဒု ကောရိသု ၄း ၅)။  သတင်းကောင်းပေးသူနှင့် ဂရုဏာမေတ္တာရဲ့ ကိုယ်စားလှယ် အနေနဲ့  လူတွေကို ကမ္ဘာ့ နယ်စွန်နယ်ဖျားအထိ သွားဖို့ လှုံ့ဆော်ပေးပြီး ခေါ်တော်မူခြင်းကို မေတ္တာပုံပြင်တစ်ပုဒ်အဖြစ်နဲ့ တွေ့ကြုံ လက်ခံနိုင်တဲ့ နှလုံးသားတွေကို ခရစ်တော်သခင်လိုအပ်ပါတယ်။ ဟုတ်ပါတယ်။ ခရစ်ယာန်တွေကို ခေါ်ခြင်းဟာ (သတင်းကောင်းပေးသူအဖြစ်၊ ဂရုဏာမေတ္တာရဲ့ ကိုယ်စားလှယ်တော်တွေ အဖြစ်နဲ့ နယ်စွန်နယ်ဖျားတွေကို သွားဖို့ပါပဲ။)

ထောင်ပေါင်းများစွာသောလူတွေကို သတ်ဖြတ်မြှုပ်နှံပြီး ထောင်ပေါင်းများစွားသောလူတွေကို အိုးမဲ့အိမ်မဲ့ ဖြစ်စေတဲ့ နိုင်ငံတစ်နိုင်ငံမှာ ချစ်ခြင်းမေတ္တာ ဆိုတာ ရက်စက်တဲ့စကားလုံး တစ်လုံးသာသာပဲရှိပါတယ်။ ခရစ်ယာန်တွေရဲ့ တရားမျှတခြင်း ခရီးလမ်းမှာ ချစ်ခြင်းမေတ္တာကို ဖယ်မထားပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ ပဲ စတင်ရပါတယ်။  ခရစ်တော်က တရားမမျှတမှုကို လုံး၀လက်မခံခဲ့ပါဘူး။ ကျွန်ုပ်တို့လည်း လက်မခံပါဘူး။ တရားမျှတမှု မရှိခြင်းက  တရားမျှတမှုကို လူပုဂ္ဂိုလ်အဖြစ် တင်စားထားတဲ့ ဓမ္မဟောင်းက ထာ၀ရဘုရားသခင် (Yahweh)ကို ဆန့်ကျင်ခြင်းပါပဲ။ တရားမမျှတခြင်းကို ဖက်တွယ်နေတဲ့ သူတွေဟာ ယုံကြည်ခြင်းပျောက်ဆုံးနေတဲ့ သူတွေပါပဲ။

သူကို ပါးရိုက်ခဲ့တဲ့ စစ်သားရဲ့ ရန်လိုတဲ့ အာဏာကို ရင်ဆိုင်တဲ့အခါ ခရစ်တော်က အနာတရဖြစ်စေတဲ့ ဒုက္ခပေးနိုင်တဲ့ သူတိုရဲ့အာဏာ အပေါ် တာဝန်ခံ တာဝန်ယူမှုရှိတဲ့ အာဏာအကြောင်းကို စိန်ခေါ်ပါတယ်။  အာဏာကိုင်ထားတဲ့သူတွေကို မေးခဲ့ပါတယ်။ ပျက်စီးလိုပျက်စီးနေတဲ့ သူတို့ရဲ့အာဏာအတွက် တစုံတစ်ခုကို စဉ်းစားတွေးတောတက်ဖို့အခွင့်ရေးပေးခဲ့ပါတယ်။

မေတ္တာဂရုဏာ ကြီးမားတဲ့မျှော်လင့် ခြင်းဟာ ကျွန်ုပ်တို့ရဲ့ အနာဂါတ်ပဲဖြစ်သလို၊ ကျွန်ုပ်တို့ရဲ့ တာဝန်လည်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ သာသနာပြုလုပ်ငန်းလည်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ သာသနာပြုစရာ အများကြီးရှိပါတယ်။ အိုးမဲ့ အိမ်မဲ့ ဖြစ်နေသူတွေ၊ တောထဲမှာ ဆင်းဆင်းရဲရဲ နေနေရတဲ့ သူတွေ၊ အကြမ်းဖက်မှုကြောင့် ချစ်ခင်သူတွေကို ဆုံးရှုံး ရပြီး စိတ်ဒါဏ်ရာရနေသူတွေကို သာသနာပြုရပါမယ်။ နာကျင်မှု ဝေဒနာကို ခံစားရပြီး ရက်စက်စွာအသတ်ခံခဲ့ရတဲ့ လူသားတွေအတွက် ခရစ်တော်ဟာ မျှော်လင့်ခြင်းသတင်းကောင်းကို ယူဆောင်လာပေးတယ် ဆိုတာကို ကျွန်ုပ်တို့ ကြွေးကြော်ရပါမယ်။

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က နောက်ဆုံးလမ်းညွှန်ချက်ကို သူ့ရဲ့ သာသနာပြုတနင်္ဂနွေ သတင်းစကားထဲမှာ ကျွန်ုပ်တို့ကို ပေးထားပါတယ်။ ခရစ်တော်သခင်က ကျွန်ုပ်တို့ရဲ့ ကမ္ဘာကြီးတစ်ခုလုံးနဲ့ ကယ်တင်ခြင်းအတွက် လိုအပ်ချက်တွေကို သိတယ်ဆိုတာဟာ ခရစ်တော်အကြောင်းဖော်ပြတဲ့ အရာတိုင်းက ကျွန်ုပ်တို့ကို သတိပေးနေပါတယ်။ ဒီသာသနာပြုလုပ်ငန်းမှာ တက်ကြွစွာ ပါဝင်ဖို့ ကျွန်ုပ်တို့ကို ခေါ်နေပါတယ်။ “ထို့ကြောင့် လမ်းဆုံလမ်းမများသို့ သင်တို့သွားကြ၍ တွေ့လေသမျှသောသူတို့ကို မင်္ဂလာပွဲသို့ ခေါ်ဖိတ်ကြလော ဟုဆို၏”(ရှင်မာသဲ ၂၂း ၉)။ ဘယ်သူမှဖယ်ထားခြင်းမခံရပါဘူး။ ဘယ်သူ့မှ ဘုရားသခင်ရဲ့ ဂရုဏာကြီးမားတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဝေးကွာခွင့် မရှိပါ။ ဖယ်ထားခြင်းခံရတယ်လို့ ခံစားဖို့ မလိုပါဘူး။

ဟုတ်ပါတယ်။ မြန်မာပြည်အသင်းတော်ဟာ နေရာထိုင်ခင်းမဲ့နေတဲ့လူတွေဆီ၊ ဝမ်းနည်းကြေကွဲ ပူဆွေးနေတဲ့အိမ်တွေဆီ၊  သေခြင်းတရားကနေ သူတို့ရဲ့ ကလေးတွေကို ကာကွယ်ဖို့ ဝေးလံတဲ့ တောထဲ ပုန်းနတဲ့သူတွေဆီ အဝေးပြေးလမ်းမပေါ် အမြန်ဆုံး ရွေ့နေဖို့ လိုအပ်နေပါတယ်။ မကောင်းတဲ့လမ်းကို ရွေးတဲ့သူတွေကို ရဟန်းမင်းကြီး ဖရန်စစ်ပြောတာကတော့- “ဘယ်သူမှပစ်ပယ်ထားခြင်းမပြုရ” ရန်သူကိုတောင် လူ့သားဖြစ်စဉ်ရဲ့အကျိုးတရားကို ပြသရပါမယ်။ တပည့်တော်ကြီးတွေက အခက်ခဲတွေကြား ကြိုးစားရုန်းကန်ပြီမှ ရရှိလာတဲ့ လမ်းစဉ်ကို ကျွန်ုပ်တို့လည်း ရဲရင့်တဲ့ မျှော်လင့်ခြင်းရဲ့ ဦးဆောင်မှုအောက်မှာ ကျော်လွှာရရှိလာမှာပါ။

ဂရုဏာနဲ့ ကြင်နာသနားတဲ့ စူးရှတဲ့ချစ်ခြင်းမေတ္တာတရားအောက်မှာမြန်မာပြည်ကြီးလည်းတဖန် ပြန်လည်နိုးထ အသက်ခွင့်ရမှာပါ။ 

မျှော်လင့်ခြင်း ခွန်အားတန်ခိုးတော်အောက် ကျွန်ုပ်တို့အားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေ။

Add new comment

6 + 2 =