အတုယူရမည့် သိုးထိန်းနှလုံးသား

အတုယူရမည့် သိုးထိန်းနှလုံးသား

ဗုဒ္ဓဟူးနေ့ လူထုပရိသတ်အား ဘုရားစကားသင်ကြားရာတွင် သာသနာပြုရန် စိတ်အားပြင်းပြခြင်း ခေါင်းစဉ်ဖြင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ဆက်လက်သင်ကြားပေးခဲ့သည်။

သာသနာပြု ရာတွင် အတုယူစံထားရမည့်သူမှာ ခရစ်တော်ဘုရားကိုယ်တိုင်ပင်ဖြစ်သည်။ ရှင်ယောဟန်ကျမ်းစာတွင် ခရစ်တော်အား နှုတ်ကပါတ်တော်ဟု ဖွင့်ဆိုမိန့်မြွက်ထားသည်။ ခမည်းတော်ဘုရားဆောင်ရွက်တော်မူသမျှ ကယ်တင်ခြင်း လုပ်ငန်းတိုင်းမှာ နှုတ်ကပါတ်တော်နှင့် မကင်းနိုင်ပေ။ နှုတ်ကပါတ်တော်သည် သီးသန့်ဖြစ်တည်နေခြင်းမဟုတ်ဘဲ ဆက်နွယ်ပတ်သက်မှုရှိ နေသည်။ ကမ္ဘာဦးအစကတည်းက တည်ရှိခဲ့သော နှုတ်ကပါတ်တော်သည် ပြောင်းလဲ ဆင်းသက်လာခဲ့ ပေသည်။ ခရစ်တော်၌ အသက်ပေးစကား ရှိရုံတင်မက ကိုယ်တော်၏ဘဝအသက်တာကိုက နှုတ်ကပါတ်တော်ဖြစ်လာသည်။ နှုတ် ကပါတ်တော်သည် ဆုံမှတ်တစ်ခုပမာ ခမည်းတော်ဘုရားအား ညွှန်ပြသကဲ့သို့ လူသားဘဝအသက်တာများထံသို့ ချဉ်းနင်း ဝင်ရောက်ထိတွေ့နေလေသည်။

ဧဝံဂေလိကျမ်းစာတော်များမှာ ခရစ်တော်သည် ခမည်းတော်နှင့် ပေါင်းစည်းမှုကို တွေ့မြင်ရသည်။ ခမည်းတော် နှင့် ဆုံဆည်းပေးသော ဆုတောင်းခြင်းကို ထူးထူးခြားခြားတွေ့ရသည်။ အရေးကြီးဆုံးဖြတ်ချက်များ၊ ရွေးချယ်ခြင်းများကို ခရစ်တော်က ဆုတောင်းပြီးမှ ပြုလေ့ရှိသည်။ ဆုတောင်းခြင်းအားဖြင့် သားတော်ဘုရားက ဝိညာဉ်တော်ဘုရားနှင့်အတူ ခမည်းတော်ဘုရားနှင့် ပေါင်းစပ်သည်။ ခရစ်တော်က မိမိ၏ ကြွလာရခြင်းကို ဆုတောင်းခြင်း၌ အဓိပ္ပါယ်ရှာတွေ့ သူဖြစ်သည်။ ကိုယ်တော်ကြွလာခြင်းက အကြောင်းမဲ့သက်သက်မဟုတ်ပါ။ ခမည်းတော်က ကျွနု်ပ်တို့ထံသို့ ကယ်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရန် စေလွတ်လိုက်ခြင်းဖြစ်သည်။

ခရစ်တော်၏ တရားဒေသနာစတင်ဟောကြားခြင်းအစမှာ ကြီးကြီးမားမား တန်ခိုးလက္ခဏာများကို ချက်ချင်း မပြုခဲ့ပါ။ ထူးဆန်းသော သတင်းစကားများကိုလည်း အလောတကြီး မဟောကြားခဲ့။ ကိုယ်တော်လုပ်ခဲ့သည်မှာ ဆုတောင်းမေတ္တာ၌ ခမည်းတော်နှင့် ပေါင်းစည်းပြီးသည့်အခါ လူတွေနှင့် တစ်သားတည်းဖြစ်အောင် ရောဝင်ပေါင်း ဖက်လိုက်ခြင်းဖြစ်သည်။ ဆေးကြောခြင်းပေးသည့်ယောဟန်ထံမှာ မိမိကိုယ်ကို အပြစ်သားတွေနှင့် တစ်သားတည်းပမာ ခံယူပြီး လုပ်ငန်းကို စတင်သည်။ လူတွေကြားမှာ မိမိဘဝကို အပြည့်ဝနေထိုင်လိုက်ခြင်းဖြင့် သိုးထိန်းကောင်းသည် သိုးတို့အဖို့ အသက်ကို စွန့်တတ်၏ ဟူသော ကျမ်းစကားကို နေပြခဲ့သူဖြစ်သည်။

သိုးထိန်းဘဝသည် အချိန်ပိုင်းမဟုတ်။ တခဏသာမဟုတ်ဘဲ တစ်ဘဝစာ ပေးဆပ်ရသော စွန့်လွှတ်ခြင်းမျိုးဖြစ်သည်။ သိုးများနှင့်အတူနေပြီး စိမ်းလန်းသော ကျက်စားရာအရပ်မှာ ပို့ဆောင်ကာ အားနည်းသော သိုးကို ပုခုံးထက်ချီယူစောင့်ရှောက်သော သိုးထိန်းကောင်းခရစ်တော် သည် သူ့ဘဝတစ်ခုလုံးအား ပေးခဲ့သူဖြစ်သည်။

အနှစ်ချုပ်ရသော် သာသနာအတွင်းမှာ “သိုးထိန်း” “သိုးထိန်းလုပ်ငန်း” ဟူသော စကားလုံးများကို တွင်တွင်ကျယ် ကျယ်သုံးကြသည်။ သာသနာလုပ်ငန်းကို ပြန်လည်သုံးသပ်ကြည့်လျှင် စံထားစရာ ခရစ်တော်နှင့် နှိုင်းယဉ်ဆန်းစစ်ရန် လိုသည်။ ကျွနု်ပ်တို့၏ သာသနာပြုခြင်းမှာ ခရစ်တော်အား နေ့စဉ် အတုယူနေကြပါသလော။ ဆုတောင်းခြင်းစမ်းအိုင်မှ ဘုရားရှင်နှင့် ပေါင်းဖက်နေကြပါသလော။ ပြန်စဉ်းစားကြည့်ပါ။ ဘုရားနှင့်ကင်းကွာလျှင် အဘယ်အရာမျှ ကျွနု်ပ်တို့ မတတ်နိုင်ပါ။ သာသနာပြုရာတွင် ခရစ်တော်အား စံနမူနာထားရမည်။ အားနည်းသူများအား အားဖြည့်ပေး၍ ဆင်းရဲသား၊ အပယ်ခံ၊ သိမ်ငယ်သူများအား ကူညီလက်တွဲခေါ်ဆောင်ခဲ့ခြင်းများကို အတုယူလိုက်ကျင့်ရပေမည်။

သိုးထိန်းနှလုံးသားဖြင့် ဒဏ်ရာရနေသူအား ကုစားပေးကာ ဝေဒနာသည်၏ ဒဏ်ရာသည် သိုးထိန်း၏ ဒဏ်ရာအဖြစ် ခံစားသိမြင်နိုင်စွမ်းရှိရန်လို သည်။ ပျောက်ဆုံးနေသူများအား ပစ်မထားဘဲ ပြန်လည်ရှာဖွေကြရမည်။ မိမိကိုယ်ကို စောင့်ရှောက်သော သိုးထိန်းများ မလိုအပ်ပါ။ သူတစ်ပါးကို စောင့်ရှောက်သော သိုးထိန်းများသာ အလိုရှိပါသည်။

ခရစ်တော်၏ နှလုံးသားအား အတုယူ၍ မေတ္တာပြည့်ဝသော သိုးထိန်းများ၊ စွန့်လွှတ်အနစ်နာခံသော သိုးထိန်းများဖြစ်လာရန် ဆုကျေးဇူးတော်များ တောင်းခံကြပါစို့။
 

သီကိုရှင်း

Photo courtesy of Google images

Photo 

https://bit.ly/419vSWX

Add new comment

1 + 4 =