သာသနာပြုခြင်း၌ အတူတကွခရီးပြုနေသော သာသနာတော် Synod Report Part 2

သာသနာပြုခြင်း၌ အတူတကွခရီးပြုနေသော သာသနာတော် Synod Report Part 2

 
 

ပုပ်ရဟန်းမင်းကြီး၏ အမိန့်တော်အရ၊ ဘုရားသခင့်လူမျိုးတော်၏ အခြားအဖွဲ့ဝင်များသည် ဆရာတော်များ နှင့်အတူ ပါဝင်စုဝေးကြသည်ကို စည်းဝေးပွဲတွင် မြင်တွေ့ခဲ့ရသည်။ ဆရာတော်များသည် ရောမမြို့၏ ဆရာတော် ပုပ်ရဟန်းမင်းကြီးနှင့်သော်လည်းကောင်း မိမိတို့ဆရာတော် အချင်းချင်း သော်လည်းကောင်း စည်းလုံးခြင်းဖြင့် သာသနာတော်ကို သာသနာတော်များ၏ တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအဖြစ် ထင်ရှားစေခဲ့သည်။ သာမာန်ဘာသာတူအမျိုးသား၊ အမျိုးသမီးများ၊ သစ္စာသုံးပါးခံ သူတော်စင်များ၊ ဦးပဉ္ဇင်းကြီးများနှင့် ဘုန်းတော်ကြီးများတို့သည် ဆရာတော်ကြီးများနှင့်အတူ သာသနာတော်တစ်ခုလုံးနှင့် သာသနာတော်ရှိ လူပုဂ္ဂိုလ် တစ်ဦးချင်းစီ ပါဝင်ရန် ရည်ရွယ်ကြောင်း ဤလုပ်ငန်းစဥ်မှ သက်သေခံနေပါသည်။ ဤဓမ္မညီလာခံ သည် သီးခြား ဖြစ်ရပ်မဟုတ်၊ အတူတကွခရီးပြုနေသော သာသနာတော်အတွက် မရှိမဖြစ်လိုအပ်သော ခြေလှမ်းတစ်ခု ဖြစ်ကြောင်း သူတို့က ပြန်လည်အမှတ်ရစေသည်။ ပါဝင်ပတ်သက်မှုများ  များပြားခြင်းနှင့် ရပ်တည်ချက် ပေါများခြင်းတို့သည် အတူတကွ ခရီးပြုခြင်းပုံစံကို သင်ယူနေပြီး ၎င်းကို ပဲ့တင်ထပ်နေစေရန် သိရှိစေနိုင်သော သာသနာတော်အတွက် အသင့်တော်ဆုံးပုံစံကို ရှာဖွေနေသည့် သာသနာတော်၏ အတွေ့အကြုံ ဖြစ်သည်။

ဤဓမ္မညီလာခံ-ပထမပိုင်းသို့ ရောက်ရှိရန် စတင်ခဲ့သည်မှာ အချိန်ကာလ (၂)နှစ်ကျော်ရှိခဲ့ပါပြီ။ 2021 ခုနှစ် အောက်တိုဘာလ 9 ရက်နေ့တွင် ဓမ္မညီလာခံခရီးကို ဖွင့်ပွဲအပြီးတွင် သာသနာတော်များအားလုံးသည် ဂိုဏ်းချုပ်/ဂိုဏ်းအုပ် သာသနာအဆင့်၊ နိုင်ငံအဆင့်နှင့် ကမ္ဘာ့တိုက်ကြီးများအဆင့်များတွင် မတူညီသော အရှိန်အဟုန်ဖြင့် နားထောင်ခြင်းလုပ်ငန်းများကို တွေ့မြင်ခဲ့ရပြီး ၎င်းတို့၏ ရလဒ်များအဖြစ် သက်ဆိုင်ရာ စာရွက်စာတမ်းများ ထွက်ပေါ်လာခဲ့ပါသည်။ ဤဓမ္မညီလာ-ပထမပိုင်းတွင် သာသနာတော် တစ်ခုလုံးသည် ဆုတောင်းခြင်းနှင့် နှီးနှောဖလှယ်ခြင်းများ၌ ဝိညာဉ်တော်မြတ်ဘုရားက ကျွန်ုပ်တို့အား လျှောက်လှမ်းရန် တောင်းဆိုသောလမ်းကြောင်းများကို ဝေဖန်ပိုင်းခြားသိမြင်နိုင်စေရန်အတွက် ဤဆွေးနွေးမှု၏ အသီးအပွင့် များကို လက်ခံရရှိသည့်အဆင့်ကို ရောက်ရှိစေခဲ့ပါသည်။ ဤအဆင့်သည် 2024 ခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် ဓမ္မညီလာခံ-ဒုတိယပိုင်း ပြီးမြောက်သည့်အချိန်အထိ ကြာမြင့်မည်ဖြစ်သည်။ ထိုအခါ ရရှိလာသော စာတမ်းကို ပုပ်ရဟန်းမင်းကြီးထံ ပြန်လည်အပ်နှံမည်ဖြစ်သည်။

သာသနာတော်ကြီး၏ ဓလေ့ထုံးတမ်းစဥ်လာတွင် အမြစ်တွယ်နေသည့် ဓမ္မညီလာခံခရီး တစ်ခုလုံးသည် သာသနာတော်၏ သွန်သင်ပိုင်ခွင့်အာဏာတွင် ဖြစ်ပျက်နေသည်။ ဒုတိယ ဗာတီကန်ကောင်စီသည် အမှန်စင်စစ်၊ ကမ္ဘာ့လယ်ကွင်းနှင့် သာသနာတော်လယ်ကွင်း၌ ကြဲချသော မျိုးစေ့နှင့် တူပါသည်။ ယုံကြည်သူများ၏ နေ့စဉ်ဘဝ အသက်တာများ၊ လူများနှင့်ယဉ်ကျေးမှုတိုင်းရှိ သာသနာတော်များ၏ အတွေ့အကြုံများ၊ သန့်ရှင်းမြင့်မြတ်ခြင်း၏ သက်သေခံချက်များစွာနှင့် ဓမ္မသင်္ဂြိုလ်ဆရာများ၏ ထောက်ရှုချက်များတို့သည် ထိုမျိုးစေ့ အပင်ပေါက်ပြီး ကြီးထွားလာသည့်မြေ ဖြစ်ပါသည်။ ဓမ္မညီလာခံ 2021-2024 သည် ထိုမျိုးစေ့၏ စွမ်းအင်ကို ထုတ်ယူကာ ၎င်း၏အလားအလာကို တိုးတက်စေသည်။ ဓမ္မညီလာခံလမ်းစဉ်သည် အမှန်စင်စစ်အားဖြင့် ကောင်စီမှ နက်နဲသောအရာနှင့် ဘုရားသခင်၏ လူများအဖြစ် သာသနာတော်အား သွန်သင်ထားသည့်အရာကို အကောင်အထည် ဖော်ဆောင်စေသည်။ ၎င်းတို့၏ သက်ဆိုင်ရာ အလုပ်များအလိုက် ဆေးကြောခြင်းခံယူပြီးသူအားလုံး၏ ရက်ရောမှုကို တန်ဖိုးထားကာ ဧဝံဂေလိတရားကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်ပြီး လက်တွေ့ လုပ်ဆောင် လာစေသည်။ ဤသဘောမျိုးဖြင့် ဓမ္မညီလာခံလမ်းစဉ်သည် ကောင်စီအား လက်ခံခြင်း၏ စစ်မှန်သော လုပ်ရပ်တစ်ခုဖြစ်ပြီး ၎င်း၏လှုံ့ဆော်မှုကို ကြာရှည်စေကာ ယနေ့ကမ္ဘာအတွက် ၎င်း၏ ပရောဖက်ပြုချက် စွမ်းအားကို ပြန်လည်စတင်စေသည်။

လုပ်ဆောင်မှုများ တစ်လကြာပြီးနောက်၊ ယခု ကျွန်ုပ်တို့ လုပ်ဆောင်မှု၏ အသီးအပွင့်များကို သင်တို့ အားလုံးထံ ဖြန့်ဝေရန်နှင့် အတူတကွ ခရီးပြုကြရန်နှင့် ကျွန်ုပ်တို့၏သာသနာတော်များဆီသို့ ပြန်လာရန် သခင်ဘုရားက ကျွန်ုပ်တို့ကို ခေါ်တော်မူသည်။ ရောမမြို့၌ ကျွန်ုပ်တို့သည် အနည်းငယ်မျှသာရှိသော်လည်း ပုပ်ရဟန်းမင်းကြီးမှ ခေါ်ဝေါ်သော ဓမ္မညီလာခံလမ်းစဉ်၏အဓိပ္ပာယ်မှာ ‌ဆေးကြောခြင်းခံယူပြီးသူအားလုံး ပါဝင်ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤသို့ဖြစ်ရန် လိုလားတောင့်တပြီး ဖြစ်နိုင်စေရန်အတွက်လည်း မိမိကိုယ်ကို ကတိပြုလိုပါသည်။ ဤအနှစ်ချုပ်အစီရင်ခံစာ (Synthesis Report) တွင် ယနေ့ခေတ်ကာလကို ထင်ဟပ်စေသော ဆုတောင်းခြင်းနှင့် ဆွေးနွေးမှုများမှ ထွက်ပေါ်လာသည့် အဓိက အစိတ်အပိုင်းများကို စုစည်းထားပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဇာတ်ကြောင်းများသည် မည်သည့်စာမျက်နှာတွင်မှ ပြန်မရနိုင်သည့်အတွေ့အကြုံဖြင့် ဤအနှစ်ချုပ်ကို ပိုမိုအဓိပ္ပါယ်ရှိစေမည်ဖြစ်သည်။ ထို့ကြောင့် တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့် နားထောင်ခြင်း၊ မျှဝေခြင်းနှင့် ဆုတောင်းခြင်းတို့သည် မည်မျှကြွယ်ဝကြောင်း ကျွန်ုပ်တို့သက်သေခံနိုင်မည်ဖြစ်သည်။ မတူညီသောအယူအဆများကို ချက်ချင်းတုံ့ပြန်ရန် သွေးဆောင်မှုကို လက်မခံဘဲ နားထောင်ရန်နှင့် မိမိတို့၏ အယူအဆများမှာ အကြွင်းမဲ့ မှန်ကန်သည်ဟု မယူဆဘဲ သူတစ်ပါး၏ အယူအဆများကိုလည်း အများအတွက် ကျေးဇူးတော်အဖြစ် လက်ခံရန် မလွယ်ကူကြောင်း ကိုလည်း မျှဝေပါမည်။ ကျွန်ုပ်တို့၌ ကန့်သတ်ချက်များရှိသော်လည်း၊ ဘုရားသခင်၏ ကျေးဇူးတော်သည် ကျွန်ုပ်တို့အား ထိုသို့လုပ်ဆောင်နိုင်ရန် ကူညီပေးခဲ့ပါသည်၊ ၎င်းသည် ကျွန်ုပ်တို့အတွက် အမှန်တကယ် အတူတကွ ခရီးပြုနေသော အတွေ့အကြုံတစ်ခုဖြစ်သည်။ ဤအရာကို လိုက်ကျင့်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ပိုမိုနားလည်ပြီး ၎င်း၏တန်ဖိုးကိုလည်း ဆုပ်ကိုင်ထားပါသည်။

အမှန်တကယ်တွင် ဆေးကြောခြင်းခံပြီးသူများ၊ ကွဲပြားသော ကျေးဇူးတော်များ၊ အလုပ်အကိုင် များနှင့် ဓမ္မအမှုတော်ဆောင် ခြင်းများတွင် အတူတကွ လျှောက်လှမ်းခြင်းသည် ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းအတွက် သာမက ကမ္ဘာအတွက်ပါ အရေးကြီးကြောင်း ကျွန်ုပ်တို့နားလည်ပါသည်။ ဧကန်စင်စစ် ဧဝံဂေလိ အမှုတော်ဆောင် ညီအစ်ကိုများသည် တောင်းဇလားအောက်၌ မထားဘဲ ဆီမီးခုံပေါ်တွင် ထားခြင်းဖြင့် တစ်အိမ်လုံး ထွန်းလင်းစေသောမီးခွက်နှင့်တူသည် ( မာတေဦး ၅:၁၅ )။ ယနေ့ကမ္ဘာကြီးသည် ဤကဲ့သို့သော သက်သေခံခြင်းကို ယခင်က ထက် ပိုမိုလိုအပ်နေပါသည်။ သခင်ယေဇူး၏ နောက်လိုက်တပည့်များအနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် နူးညံ့သိမ်မွေ့မှုကို ဒဏ်ရာရနေသောလူသားများအား ပြသရန် တာဝန်ကို ရှောင်လွှဲ၍မရပါ။

လုပ်ထုံးလုပ်နည်းလမ်းညွှန် (Instrumentum labouris) မှ တင်ပြထားသော စီမံကိန်းအတိုင်း ဤဓမ္မညီလာခံ-ပထမပိုင်း၏ လုပ်ငန်းစဥ်သည် အတူတကွ ခရီးပြုနေသော သာသနာတော်၏ ဝိသေသလက္ခဏာများနှင့် ၎င်းကျင့်သုံးနေသော တစ်လုံးတစ်ဝတည်းဖြစ်ခြင်း၊ သာသနာပြုခြင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ အပေါ် ဆင်ခြင်ကြည့်ရန် ဖိတ်ခေါ်ပါသည်။ အဆိုပြုမေးခွန်းများအပေါ် ဆွေးနွေးခြင်းသည် အလုံးစုံ ပြင်ဆင်ထားသော စီမံကိန်း၏ ကောင်းမွန်မှုကို ခိုင်မာစေခဲ့သည်။ ကျွန်ုပ်တို့သည် အတွင်းကျကျ လေ့လာရန် လိုအပ်သည့် အကြောင်းအရာများကို ဖော်ထုတ်နိုင်ကာ အဆိုပြုချက်များ၏ ကနဦးမူလရင်းမြစ်ကို တင်ပြရင်း မေးခွန်းများ၏ အကျိုးကျေးဇူးများထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ တိုးတက်မှုအနေဖြင့်၊ အနှစ်ချုပ် အစီရင်ခံစာ (Synthesis Report) သည် Instrumentum labouris ၏ အကြောင်းအရာအားလုံးကို ထပ်တလဲလဲပြောဆိုခြင်း သို့မဟုတ် ထပ်လောင်း ပြောဆိုခြင်း မပြုဘဲ ဦးစားပေးသတ်မှတ်ထားသည့်အရာ များကိုသာ ပြန်လည်စတင်ပါသည်။ ၎င်းသည် အပြီးသတ် စာတမ်းမဟုတ်သော်လည်း ဆက်လက် လုပ်ဆောင်ရမည့် ဝေဖန်ပိုင်းခြားသိမြင်မှုဆိုင်ရာ ကိရိယာ တန်ဆာပလာတစ်ခုဖြစ်သည်။

Add new comment

3 + 1 =