သာသနာပြုခြင်း၌ အတူတကွခရီးပြုနေသော သာသနာတော် Synod Report Part 1

သာသနာပြုခြင်း၌ အတူတကွခရီးပြုနေသော သာသနာတော် Synod Report Part 1 

 
 

 

နိဒါန်း

 

ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့

“ငါတို့အားလုံးသည် ဝိညာဉ်တော်မြတ်ဘုရား တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းအဖြစ် ဆေးကြောခြင်းကို ခံယူခဲ့ကြ၏။” (၁ကော ၁၂:၁၃)။ ဤသည်မှာ “အတူတကွ ခရီးပြုနေသော သာသနာတော် အတွက်၊  တစ်လုံးတစ်ဝ တည်းဖြစ်ခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ သာသနာပြုခြင်း”ဆောင်ပုဒ်ဖြင့် 2023 ခုနှစ်၊ အောက်တိုဘာလ 4-28 ရက်အထိ ကျင်းပခဲ့သော ဓမ္မညီလာခံ-ပထမပိုင်း စည်းဝေးပွဲကြီးတွင် ဝမ်းမြောက်ကျေးဇူးတင်စိတ်ဖြင့် ပြည့်နှက်နေသော အတွေ့အကြုံ ဖြစ်ပါသည်။ ဆေးကြောခြင်းမင်္ဂလာ၏ ဘုံကျေးဇူးတော်အားဖြင့်၊ ကျွန်ုပ်တို့သည် နောက်ခံ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများကွဲပြားနေသော်လည်း စိတ်နှလုံးတစ်ခုတည်းနှင့် အတူတကွနေထိုင်နိုင်ခဲ့သည်။ သံစုံအဖွဲ့ကဲ့သို့ပင်၊ ကျွန်ုပ်တို့၏ အမျိုးမျိုးသောအသံများနှင့် ဝိညာဉ်များ၏ စည်းလုံးမှု ကို သီဆိုရန် ကြိုးစားခဲ့ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်မြတ်ဘုရားသည် ကျွန်ုပ်တို့အား သူတစ်ပါးတည်းသာ ထုတ်ပေးနိုင်သောသဟဇာတဖြစ်မှုကို တွေ့ကြုံခံစားရန် ပေးဆောင်ခဲ့သည်- ၎င်းသည် စုတ်ပြတ်ပြီး ကွဲပြားနေသော ကမ္ဘာကြီးတွင် လက်ဆောင်တစ်ခုနှင့် သက်သေဖြစ်သည်။

ကမ္ဘာပေါ်တွင် မရေမတွက်နိုင်သော သားကောင်များ၏ အဓိပ္ပါယ်မဲ့ဒရာမာများဖြင့် စစ်ပွဲအဟောင်းများနှင့် အသစ်များ ပြင်းထန်နေချိန်တွင် ကျွန်ုပ်တို့၏ ဓမ္မညီလာခံကို ကျင်းပခဲ့ပါသည်။ ဆင်းရဲနွမ်းပါးသူများ၊ အတင်းအကျပ် ရွှေ့ပြောင်းနေထိုင်ကြရသူများ၊ အကြမ်းဖက်မှုကို ခံစားနေရသူများ သို့မဟုတ် ရာသီဥတု ဖောက်ပြန်မှု၏ ဆိုးရွားသော အကျိုးဆက်များကို ခံစားနေကြရသူများတို့၏ ငိုကြွေးမြည်တမ်းသံများသည် မီဒီယာအားဖြင့်သော်လည်းကောင်း ဤကြေကွဲဖွယ်ဖြစ်ရပ်တွင် ၎င်းတို့၏ မိသားစုများနှင့် လူအများနှင့် ကိုယ်တိုင်ပါဝင်ပတ်သက်နေသူများ၏ အသံများကြောင့် လည်းကောင်း ကျွန်ုပ်တို့ကြားတွင် ပဲ့တင်ထပ် နေခဲ့ပါသည်။ ကျွန်ုပ်တို့၏ သာသနာတော်သည် ပြန်လည်သင့်မြတ် ကျေအေးရေး၊ မျှော်လင့်ချက်၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးလမ်းစဉ်များကို မည်သို့ မွေးမြူနိုင်သည် ဆိုသည်ကို ကျွန်ုပ်တို့၏စိတ်နှလုံးများနှင့် ဆုတောင်းမေတ္တာ များထဲတွင် အမြဲနှလုံးသွင်း ထားလျက် ရှိပါသည်။

ကျွန်ုပ်တို့၏ ယုံကြည်ခြင်း၌ တည်ကြည်ပြီး သာသနာပြုခြင်း၌ ရဲရင့်မှုရှိရန် တိုက်တွန်းခဲ့သော စိန်ပီတာ၏ အရိုက်အရာကို ဆက်ခံသူ ပုပ်ရဟန်းမင်းကြီးနှင့်အတူ ကျွန်ုပ်တို့၏ ဓမ္မညီလာခံကို ရောမမြို့တွင် ကျင်းပခဲ့ပါသည်။ သာသနာတော် တစ်ခုလုံးနှင့်ဆိုင်သော ဓမ္မညီလာခံအဖိတ်နေ့၌  ပုပ်ရဟန်းမင်းကြီးနှင့် အတူ၊ အခြားခရစ်ယာန် ဂိုဏ်းဂဏများ၏ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များတို့သည် စိန်ပီတာ၏ သင်္ချိုင်းဂူဗိမာန်တွင်၊ အတူတကွ ဆုတောင်းသည့် မြင်ကွင်းဖြင့် ဤဓမ္မညီလာခံခရီးကို အစပြုခဲ့ရသည်မှာ ကျေးဇူးတော်ပင် ဖြစ်ပေသည်။ စည်းလုံးညီညွတ်မှုသည် ဘုရားရှင်၏ သန့်ရှင်းသောသာသနာတော်အတွင်း တိတ်တဆိတ် ပေါက်ဖွားလာသည်ကို ကျွန်ုပ်တို့၏ မျက်စိနှင့် တပ်အပ်မြင်ရ၍ ဝမ်းမြောက်ခြင်းအပြည့်နှင့် သက်သေခံကြပါသည်။ "ညီအကိုတို့သည် တစ်လုံးတစ်ဝတည်း စိတ်သဘောညီညွတ်စွာ နေထိုင်ကြသည် မှာ လွန်စွာ ကောင်းမြတ်၍ နှစ်သက်ဖွယ်ဖြစ်ပေ၏။"

(ဆာ ၁၃၃:၁)။

Add new comment

5 + 1 =