သာသနာပြုခြင်း၌ ဆရာတစ်ဆူ

သာသနာပြုခြင်း၌ ဆရာတစ်ဆူ

သာသနာပြုရာ၌ စိတ်အားထက်သန်ခြင်း ခေါင်းစဉ်နှင့် ဗုဒ္ဓဟူးနေ့လူထုပရိသတ်အား ဘုရားစကား သင်ကြားပေး နေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် သာသနာပြုရာ၌ ခရစ်တော်သည် ဆရာတစ်ဆူဖြစ်ကြောင်း ထောာက်ရှုဝေမျှခဲ့သည်။ ခရစ်တော်သည် မိမိ၏နေရပ်ဒေသသို့ပြန်အလာ တရားဇရပ်မှာ ဝင်၍ ပရောဖက်ဟေရှာယ၏ ကျမ်းချက်ကို ဖတ်ကြားခဲ့ပြီး စကားလေးတစ်ခွန်းနှင့် လူအများအား မိန်းမောအံ့အားသင့်စေခဲ့သည်။ ကိုယ်တော်မိန့်သည့် ဖြည့်စွက်စကားမှာ ယနေ့တွင် ဤကျမ်းချက်သည် ပြည့်စုံလေပြီ ဟူ၍။ ဆိုလိုသည်မှာ ပရောဖက်ကျမ်း သည် မိမိပြောလိုသော အချက်ကို ပြောကြားသွားပြီဖြစ်၍ မိမိအကြောင်း ထပ်လောင်းပြောကြားရန် မလိုအပ်တော့ပေ။

ပရောဖက်ဟေရှာယ၏ ဟောထားချက်မှာ အနှစ်သာရ အချက် (၅) ချက်ပါရှိသည်။ ပထမအချက်မှာ ပျော်ရွှင်ဝမ်းမြောက်ခြင်း ဖြစ်၏။ “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ကျွနု်ပ်အပေါ်၌ တည်၍ ဆင်းရဲသားတို့အား သတင်းကောင်းကို ဟောကြားရန် ငါ့အား ဘိသိတ်ပေးတော်မူ၏” သတင်းကောင်းသည် ဝမ်းသာစရာ ဖြစ်၏။ ပျော်ရွှင်ခြင်းမရှိဘဲ သတင်းကောင်းကို မပြောကြားနိုင်။ ခရစ်တော်၏ သတင်းကောင်းကို ပြောကြာမည်ဆိုလျှင် ဦးစွာပထမ ပျော်ရွှင်ဝမ်းမြောက်ခြင်းရှိရမည်။ ခရစ်တော်အား သက်သေခံရခြင်းမှာ ဝမ်းသာစရာပင်။ ဝမ်းသာစရာ သတင်း ကောင်းကို မပျော်ရွှင်ဘဲ ပြောကြားနိုင်သော်လည်း ဝမ်းနည်းစွာပြောလာသည့်သတင်းသည် ဝမ်းသာစရာ ကောင်းလွန်း တော့မည်မဟုတ်။ မပျော်ရွှင်တတ်သော ခရစ်ယာန်တစ်ယောက်၏ဘဝသည် အင်မတန် ဝမ်းနည်းစရာ ကောင်းလှသည်။

ဒုတိယအချက်မှာ လွတ်မြောက်စေခြင်း။ ချုပ်နှောင်ခံရသူတို့အား လွတ်မြောက်စေရန် ခရစ်တော်သည် စေလွှတ် ခြင်း ခံရသည်။ သတင်းကောင်းကို ပြောကြားသူသည် နားထောင်သူတို့အား ချုပ်နှောင်ရန်မဟုတ်ဘဲ လွတ်လပ်စေရမည်။ ဝန်တွေကို ပိုလေးစေရန်မဟုတ်ဘဲ ပေါ့ပါးသွားရန် ဟောကြားသူဖြစ်ရမည်။ တစ်ခုမှတ်ထားရမည်မှာ ခရစ်တော်နောက် လိုက်လျှောက်သည့်ဘဝမှာ ပင်ပမ်းခြင်း၊ ပေးဆပ်ခြင်းတို့နှင့် ကင်းကွာသွားလိမ့်မည်မဟုတ်ပေ။ ခရစ်တော်သည် ကျွနု်ပ်တို့အား အပြစ်၏ ဝန်ထုပ်မှ လွတ်မြောက်စေခြင်းဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပေမည်။

တတိယအချက်မှာ အလင်း ဖြစ်သည်။ စက္ခုအလင်းကွယ်သူများအား ပြန်မြင်စေရန် သူကြွလာခြင်းဖြစ်သည်ဟု ကိုယ်တော်က မိန့်ခဲ့သည်။ ခရစ်တော်မကြွာလာခင်မှာ ဓမ္မဟောင်းမှာ မျက်မမြင်အား ကုသခြင်းတန်ခိုးလက္ခဏာနှင့် ပတ်သက်၍ လုံးဝမကြားဖူးခဲ့။ စက္ခုအလင်းပြန်ပေးခြင်းသည် ကယ်တင်ခြင်း၏ နိမိတ်ကို ဆောင်သည်။ ခန္ဓာမျက်စိအား ကုစားရုံသက်သက်မဟုတ်ဘဲ လမ်းသစ်ဘဝသစ်ကို လျှောက်ရန် မြင်စေသော အလင်းဖြစ်၏။ မျက်ကန်းတောတိုး လျှောက်လှမ်းသည့်ဘဝမျိုးမဟုတ်ဘဲ အနာဂတ်လမ်းကို မြင်တွေ့ရန်ပြသပေးသည့်အလင်း လိုအပ်သည်။ ကံကိုယုံ၍ ဆူးခြုံတိုးသည့် ဘဝမျိုးလည်းမဟုတ်ပေ။ ဘုရားရှင်၏ မေတ္တာတရားအပေါ်မှာ တည်ဆောက်ထားသည့် လူ့ဘဝကို ကောင်းခြင်း ဆိုးခြင်း ကြုံရသော်လည်း မှန်ကန်စွာလျှောက်လှမ်းနိုင်ရန် ကျွနု်ပ်တို့သည် အလင်းကို လိုအပ်သည်။

ပရောဖက်ဟောချက်၏ စတုတ္ထအချက်မှာ ကုသခြင်းဖြစ်သည်။ ဖိနှိပ်ခံရသူအား လွတ်မြောက်ခြင်းကို ပေးရန်ကြွ လာသည် ဟုဆိုရာတွင် အနာရောဂါ အမျိုးမျိုးကြောင့် ဖိစီးခံစားနေရသော သူများ၊ မဆင်ခြင်နိုင်သော ဘ၀ အမှားများ အောက်မှာ ယူကြုံးမရ ခံစားနေရသူများ အားလုံးကို ပြောခြင်းဖြစ်သည်။ အားနည်းသူလူသားတိုင်း အပြစ်ပြု တတ်ကြ၏။ လူ့အပြစ်များကို သူ့အချစ်များဖြင့် ကုစားခွင့်လွှတ်ပေးရန် ခရစ်တော်က လက်ဆန့်ခေါ်ဖိတ်လျှက်ရှိသည်။

နောက်ဆုံး ပဉ္စမအချက်မှာ ဆင်းရဲသားများ ဟု ဖော်ပြထားသည်။ ဆင်းရဲသားများသည် မကြာခဏ မေ့လျော့ခံရ တတ်သည်။ သို့သော်ဘုရားရှင်က မမေ့လျော့ဘဲ အလွန်ချစ်မြတ်နိုးသောသူများဖြစ်သည်။ ခရစ်တော်ကို လက်ခံလိုလျှင် ဆင်းရဲသားများအား လျစ်လျူရှုထား၍ မရပေ။ ကျွနု်ပ်တို့ကိုယ်တိုင်လည်း အရာရာမှာ ချို့တဲ့နေကြသူများ၊ ဆင်းရဲကြသူများ ဖြစ်သည်။ တချို့မှာ ခွင့်လွတ်ခြင်းကို လိုအပ်ကောင်း လိုအပ်မည်။ တချို့မှာ ခွန်အားများလိုအပ်ကောင်း လိုအပ်နေမည်။ ကိုယ့်အဖို့ လုံလောက်ပြီဟူ၍ ဘယ်တော့မှ မဆိုနိုင်။ မိမိကိုယ်တိုင်က လိုအပ်ချို့တဲ့သူဖြစ်သည့်အတွက် ဘုရားရှင်၏ ချစ်မြတ်နိုးခြင်းကို ခံနေရသူဖြစ်နေပါပြီ။
 

သီကိုရှင်း

Photo courtesy of Google images

https://bit.ly/4180rw6

Add new comment

4 + 2 =