ဝမ်းမြောက်ဖွယ်ရာနက်နဲလှစွာသောအချက်များအပေါ်ကာဒီနယ် မားရီယိုဂရက်၏ ထောက်ရှုဆင်ခြင်ချက်

ဝမ်းမြောက်ဖွယ်ရာနက်နဲလှစွာသောအချက်များအပေါ်ကာဒီနယ် မားရီယိုဂရက်၏ ထောက်ရှုဆင်ခြင်ချက် ဆရာတော်ကြီးများ၏ (၁၆)ကြိမ်မြောက် ဓမ္မညီလာခံကျင်းပသည့် အောက်တိုဘာလအတွင်း စနေနေ့တိုင်း ပြု လုပ်သွားမည်ဖြစ်သည့် စိပ်ပုတီးစိပ်ခြင်းအစီအစဉ်တွင် အောက်တိုဘာ ၇၊ ၂၀၂၃ ရက်နေ့၌ ကာဒီနယ် မားရီယိုဂရက်က ဦးဆောင်ခဲ့ပြီး ဝမ်းမြောက်ဖွယ်ရာနက်နဲလှစွာသောအချက်များကို အောက်ပါအတိုင်း ထောက်ရှုဆင်ခြင်ခဲ့ပါသည်။ ၁။ ကောင်းကင်တမန်တော်က မယ်တော်မာရိယာအား အမိန့်တော်ပြန်ခြင်း ပထမဝမ်းမြောက်ဖွယ်ရာနက်နဲလှစွာသောအချက်ဟာ ကျွန်ုပ်တို့ကို ခရစ် ယာန်တွေရဲ့သမိုင်းအစက ထူးခြားတဲ့ ဖြစ်ရပ်ဆီ ခေါ်ဆောင်သွားပါတယ်။ အဲဒီအချိန်မှာ ကောင်းကင်တမန်တော်ဟာ ကညာစင်မာရိယာကို အမိန့် တော်ပြန်ခဲ့ပြီး ဒီဖြစ်ရပ်ကို ကြည့်ရင် ဘုရားသခင်ဟာ မိမိရဲ့သားတော်အားဖြင့် လူ့ဇာတိကို ခံယူသည်အထိ လူသားတွေနဲ့ လွန်စွာ နီးနီး ကပ်ကပ်ရှိလိုတာကို ကျွန်ုပ်တို့သိခဲ့ရပါတယ်။ မယ်တော်မာရိယာဟာ ဘုရားသခင်ရဲ့အမိန့်တော်အတိုင်း နာခံခဲ့ပြီး မယ်တော်ရဲ့နာခံခြင်းကနေ အရာအားလုံး စတင်လာခဲ့ပါတယ်။ ယခု ဆရာတော်ကြီးများရဲ့ (၁၆)ကြိမ်မြောက် ဓမ္မညီလာခံကျင်းပနေတဲ့အချိန်မှာ ကျွန်ုပ်တို့ဟာလည်း မယ်တော်ရဲ့နာခံခြင်းကို ဆင်ခြင်ထောက်ရှုရင်း ကျွန်ုပ်တို့ကိုယ် တိုင်လည်း ဘုရားသခင်အပေါ် ထားရှိရမယ့် နာခံခြင်းပါရမီကို ပြန်လည်အား ဖြည့်လိုစိတ်ဖြစ်ပေါ်လာရပါတယ်။ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဓမ္မညီလာခံအစပြုတဲ့အချိန်မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မိန့်ကြားခဲ့သလို ပြောရမယ်ဆို ရင် ဓမ္မညီလာခံဟာ လွှတ်တော်ခေါ်သလို မိမိတို့ကိုင်စွဲထားတဲ့ဝါဒရေးရာတွေကို ငြင်းခုံဖို့ ကျင်းပနေတာမဟုတ်ဘဲ တစ်ဦးကိုတစ်ဦး နားထောင်ရင်း ဝိညာဉ်တော်ဘုရားရဲ့အသံတော်ကို နာခံဖို့ ကျင်းပခြင်းဖြစ်ပါတယ်။ ကောင်းကင်တမန် အမိန့်တော်ပြန်ချိန်မှာ မယ်တော်သခင်မအပေါ် လွှမ်းခြုံနေတာ ဒီဝိညာဉ်တော်မြတ်ဘုရားပဲဖြစ်ပါတယ်။ ယခုအခါမှာလည်း ဘုရားသခင်ကို ကျွန်ုပ်တို့နာခံဖို့အတွက် ဝိညာဉ်တော်ဘုရားကပဲ စွမ်းဆောင်တော်မူပါလိမ့်မယ်။ ၂။ မယ်တော်မာရိယာသည် ဧလိဇဘက်ကို နှုတ်ဆက်ရန် ကြွတော်မူခြင်း ဘုရား၏မယ်တော်အဖြစ်ကို ခံယူရမယ့်အကြောင်း အမိန့်တော်ပြန်ပြီးတဲ့နောက်မှာ မယ်တော်သခင်မ ပထမဆုံး "ဖြည့်ဆည်းလုပ်ဆောင်ခဲ့တဲ့ဝတ္တရား" ကတော့ "သွားရောက်အစေခံတဲ့ခရီး"ပဲဖြစ်ပါတယ်။ ဒီခရီးဟာ မယ်တော်သခင်မက အသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့ ဝမ်းကွဲအစ်မ ဧလိဇဘက်ကို ကူညီဖို့ မဆိုင်းမတွဘဲ သွားရောက်ခဲ့တဲ့ခရီးစဉ်ပါ။ ဒီအတွက်ကြောင့်ပဲ ဒုတိယဗာတိကန်ညီလာခံက ကညာစင်မာရိယာကို အသင်းတော်သွားရမယ့် "ပုံစံ"အဖြစ် ဖော်ပြခဲ့ ခြင်းဖြစ်ပါတယ်။ "လောကမှာ လျှောက်လှမ်းနေတဲ့ အသင်းတော်ရဲ့သဘောသဘာ၀ဟာ အဲဒီလိုပဲ သွားရောက်အစေခံရ မယ်"ဆိုတာကို ကညာစင်မယ်တော်က ပြသနေပါတယ် (AG 2)။ ဒါကြောင့် အတူတကွ ခရီးပြုခြင်းဆိုတဲ့အချက်ကို နေ့စဉ်နဲ့အမျှ ထောက်ရှုတဲ့နေရာမှာ ရည်ရွယ် ချက်ရှိပါတယ်။ အဲဒီရည်ရွယ်ချက်ကတော့ ဆေးကြောခြင်းခံယူပြီးသူတွေနဲ့ ဘုရားသခင်အကြား ပေါင်းစည်းဖို့နဲ့ ၎င်းတို့အချင်းချင်းအကြား ပေါင်းစည်းဖို့ပဲဖြစ်ပါတယ်။ ဒီလိုပေါင်းစည်းတဲ့နေရာမှာ လည်း ဘာသာဝင်တိုင်းက တက်တက်ကြွကြွ ပါဝင်ပြီး ပိုမိုလှုပ်ရှားသက်ဝင်နေတဲ့အသင်းတော်ကြီးဖြစ်လာမှသာ ခေတ်သစ်လူ့အသိုင်း အဝိုင်းကို ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ အလွယ်တကူ နားလည်အောင် ပြောရမယ်ဆိုရင် သာသနာပြုတွေရဲ့မိခင်ဖြစ်တဲ့ မယ်တော်မာရိယာရဲ့ စံနမူနာအတိုင်း သွားရောက်အစေခံလိုတဲ့၊ သာသနာပြုလိုတဲ့ အသင်းတော်ဖြစ်ရပါမယ်။ ၃။ ဘက်သလေဟင်မြို့နွားစားခွက်၌ ယေဇူးသခင်ဖွားမြင်တော်မူခြင်း ဇာတိမြေ နာဇရက်မြို့နဲ့ ဝေးကွာလှတဲ့ ဘက်သလေဟင်မြို့က တည်းခိုခန်းတစ်ခုရဲ့အပြင်ဘက်မှာရှိတဲ့ နွားစားခွက် အတွင်းမှာ ဘုရားရှင်ရဲ့သားတော်ဖွားမြင်တော်မူခြင်းဟာ နားမလည်နိုင်တဲ့နက်နဲရာအချက်ဖြစ်ပြီး အဲဒီအချက်ကပဲ ကျွန်ုပ် တို့အတူတကွ လျှောက်လှမ်းနေတဲ့ခရီးလမ်းကြောင်းကို ပိုမိုနားလည်စေဖို့ မီးမောင်းထိုးပြနေပါတယ်။ ညီလာခံရဲ့ပထမပိုင်း နေ့ရက်တွေမှာ အသင်းတော်အနေနဲ့ ဆင်းရဲ နွမ်းပါးသူတွေ၊ လျစ်လျူရှုခံထား ရသူတွေ၊ ဝေးလံခေါင်ဖျားဒသေမှာ နေထိုင် သူတွေ၊ အထူးဂရုစိုက်ဖို့ လိုအပ်တဲ့ ရွှေ့ပြောင်းအခြေချသူတွေ၊ ဒုက္ခသည်တွေ စတာတွေကို ပိုမိုနေရာပေး လုပ်ဆောင်ဖို့ လိုအပ်နေတယ်ဆိုတာ တွေ့ရှိရပါတယ်။ ဒါဟာ ကမ္ဘာ့တိုက်ကြီးအသီးသီးမှာ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ရပ်လည်း ဖြစ်ပါတယ်။ ဓမ္မညီလာခံမှာ သုံးနှုန်းနေတဲ့စကားနဲ့ပြောရမယ်ဆိုရင် ရွှေ့ပြောင်းအခြေချသူတွေများလာခြင်းဟာ ခေတ်ကာလ အခြေအနေကို ပြသနေတာပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ကျွန်ုပ်တို့ယုံကြည်သူဘာသာဝင်တွေအနေနဲ့ အခက်အခဲကြုံတွေ့ နေရတဲ့ညီအစ်ကို မောင်နှ မတွေရဲ့လိုအပ်ချက်တွေကို ဘယ်လိုဖြည့်ဆည်းပေးရမလဲဆိုတာ နားလည်နိုင်ဖို့သာမကဘဲ အသင်းတော်ထဲမှာ သူတို့ကို ကြိုဆိုနိုင်ဖို့ကိုလည်း စိန်ခေါ်နေပါတယ်။ ဒီလိုလုပ်မှသာလျှင် အတိ ဒုက္ခရောက်သူတွေဟာ နွေးထွေးမှုခံစားရပြီး သူတို့ကိုယ်တိုင် သာသနာပြုလုပ်ငန်းမှာ အစေခံဖို့ ပါဝင်လာကြမှာဖြစ်ပါတယ်။ ၄။ သူငယ်တော်ယေဇူးကို ဗိမာန်တော်၌ စီမေအုံသူမြတ်က ပူဇော်ခြင်း သူငယ်တော်ယေဇူးကို ဗိမာန်တော်မှာ ပူဇော်ခြင်းနဲ့ ကညာစင်မာရိယာ မိမိကိုယ်ကို ပြန်လည်သန့်စင်ခြင်းအမှု တွေဟာ လက်ဝါးကပ်တိုင်ရဲ့အမှတ်လက္ခ ဏာတွေဖြစ်တယ်ဆိုတာ အသက် အရွယ်ကြီးရင့်ပြီဖြစ်တဲ့ စီမေအုံသူမြတ်ရဲ့ ပရောဖက်ပြုဟောထားချက်အရ ကျွန်ုပ်တို့သိလာရပါတယ်။ စီမေအုံက ယေဇူးသခင်ကို အများတကာရဲ့မျှော် လင့်ချက်နဲ့ ဆန့်ကျင်သူဖြစ်မယ့်အကြောင်းနဲ့ သံလျက်ဟာ မယ်တော်ရဲ့စိတ်နှလုံးကို ထိုးဖောက်မယ့်အကြောင်း ဖော်ပြခဲ့ပါတယ်။ ဘုရားရှင် လူ့ဇာတိအဖြစ်ကို ယူဆောင်ခြင်းနဲ့ ကားတိုင်လမ်းဟာ ခွဲထားလို့ မရသလိုပဲ ဝမ်း မြောက်ဖွယ်ရာနက်နဲလှစွာ သောအချက်နဲ့ ဝမ်းနည်းဖွယ်ရာနက်နဲလှစွာသောအချက်တွေဟာလည်း ဆက်နွယ်နေပါတယ်။ ဓမ္မပညာရှင်ကြီး ဟန်စ်ဦး ဗွန်ဘာလ်သဇာက "ဘုရားရှင် လူ့ဇာတိအဖြစ်ယူတော်မူတဲ့အကြောင်း ပြောတဲ့သူတိုင်းဟာ ကားတိုင်လမ်းအကြောင်းကို ပြောတာနဲ့ အတူတူပါပဲ"လို့ ဆိုခဲ့ပါတယ်။ ဒီစိပ်ပုတီးတစ်ဆယ်ကို စိပ်တဲ့အချိန်မှာ ဓမ္မညီလာခံအနေနဲ့ မျက် မှောက်ခေတ် လူတွေကြုံတွေ့နေရတဲ့ဒုက္ခအခက်အခဲကို မျှဝေခံထမ်းနိုင်ဖို့၊ အမျိုးမျိုးသော မျှော်မှန်းချက်နဲ့ ရှု ထောင့်တွေကို လက်ခံနိုင်ဖို့၊ ဓမ္မညီ လာခံကနေ မပေးနိုင်တဲ့၊ မပေးရမယ့် ဆုံး ဖြတ်ချက်တွေကို မျှော်လင့်နေကြတဲ့သူတွေရဲ့ အထင်အမြင်လွဲမှားမှုကို မရှောင်လွှဲဘဲ ခံယူနိုင်ဖို့ ဘုရားရှင်ထံပါး ကျွန်ုပ်တို့တောင်းလျှောက်ပါတယ်။ ကိုယ်တော်ဘုရားရှင်ဟာ ဒီအရာတွေအားလုံး ကနေ အသင်းတော်နဲ့ လူသားတွေအတွက် ကောင်းကျိုးချမ်းသာပေါ်ထွက်လာစေဖို့ လုပ်ဆောင်တော်မူပါလိမ့်မယ်။ ၅။ သူငယ်တော်ယေဇူးကို ဗိမာန်တော်၌ ပြန်လည်တွေ့ရှိခြင်း ဝမ်းမြောက်ဖွယ်ရာနက်နဲလှစွာသောအချက်တွေထဲက နောက်ဆုံးအချက်ဟာ လှပတာနဲ့အညီ အသက်(၁၂)နှစ် အရွယ် ယေဇူးသူငယ်တော်ရဲ့ ဉာဏ်ပညာတော်အကြောင်း မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။ ဒီနေရာမှာ ဂျေရု ဆလင်မြို့ ဗိမာန်တော်ထဲက ကျမ်းတတ်ပုဂ္ဂိုလ်တွေဟာ ကမ္ဘာလောကရဲ့ပညာတတ်လူတန်းစားကို ကိုယ်စားပြုတာဖြစ်ပြီး ကိုယ်တော်ရှင်ရဲ့ ဉာဏ်ပညာတော်နဲ့ ရင်ဆိုင်တွေ့ရတဲ့အခါ မိမိတို့ရဲ့ပညာအဆင့်အတန်းဟာ နိမ့်ကျလွန်းပြီး ကိုယ်တော်ရှင် ရဲ့တပည့်အဖြစ် ရောက်ရှိသွားပုံကို တွေ့ရပါတယ်။ ညီအစ်ကိုမောင်နှမအပေါင်းတို့၊ အထက်ပါအံ့ဖွယ်ဖြစ်ရပ်မျိုး ယခု ဓမ္မညီလာခံမှာလည်း ဖြစ်လာဖို့အတွက် ဆုတောင်းပေးကြပါလို့ ကျွန်ုပ်တောင်းဆိုပါတယ်။ ကာဒီနယ်တွေ၊ ဆရာတော်တွေ၊ ဘာသာဝင်တွေနဲ့ ဓမ္မပညာရှင်တွေအပါအဝင် အားလုံးဟာ "ဉာဏ်ပညာ"လို့ မိမိတို့ယူဆထားတာတွေကို စွန့်လွှတ် ကြရပါမယ်။ ဒီအရာတွေဟာ လူတို့ရဲ့ဆင်ခြင်ဉာဏ်ရှိသလောက်သာ ထွက်ပေါ်လာတဲ့အရာတွေဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ မပြည့်စုံတဲ့အတွေးအမြင်တွေကို ကျော်လွှားပြီး ယခုအတူတကွလျှောက်လှမ်းနေတဲ့ခရီးစဉ်မှာ ဘုရားရှင်ဟာ မိမိရဲ့အသင်း တော်အတွက် ထားရှိတဲ့ရည်ရွယ်ချက်ကို အားလုံးသိရှိနားလည်ကြဖို့ ယေဇူးဘုရားရှင်ရဲ့ ဉာဏ်ပညာတော်ကနေ လေ့လာ သင်ယူကြရမှာပဲဖြစ်ပါတယ်။ Translated by Francis Aung Min Naung

Add new comment

8 + 0 =