ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ ၂၀၂၀ ခုနှစ်အတွက် ဝါတွင်းသတင်းစကား အပိုင်း (၁)

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ ၂၀၂၀ ခုနှစ်အတွက် ဝါတွင်းသတင်းစကား အပိုင်း (၁)

"သင်တို့သည် ဘုရားသခင်နှင့် ပြန်လည် ကျေအေးသင့်မြတ်ကြမည့်အကြောင်း ခရစ်တော်၏ကိုယ်စား ငါတို့ တောင်းပန်ပါ၏" (ဒု ကောရိန်သု - ၅ း ၂၀)

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့၊

ဘုရားသခင်ပေးအပ်တော်မူသော ယခုနှစ်သည် ယေဇူးဘုရား၏ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း နက်နဲဖွယ်ရာကို အသစ်သော နှလုံးသားများဖြင့် ကျင်းပအောက်မေ့ရန် ပြင်ဆင်ရမည့် ကျေးဇူးတော် အချိန်အခါအဖြစ် ရောက်ရှိလာပြန်ပါသည်။ ယင်းသည် ကျွန်ုပ်တို့ တစ်ဦးချင်းဖြင့်သော်လည်းကောင်း၊ အများနှင့်သော်လည်းကောင်း သက်ဆိုင်နေသည့် ခရစ်ယာန်ယုံကြည်ခြင်း၏ ထောင့်ချုပ်ကျောက် တစ်ခုလည်း ဖြစ်ပေသည်။ ၄င်းနက်နဲဖွယ်ရာ၏ ဝိဉာဉ်ခွန်အားများကို ရယူပြီး လွတ်လပ် ရက်ရောစွာ တုန့်ပြန်သည့် ပမာဏအတိုင်း ကျွန်ုပ်တို့အတွင်း၌ ရှင်သန်ကြီးထွားလျှက် ရှိနေသည်မို့ ကျွန်ုပ်တို့သည် ထိုနက်နဲဖွယ်ရာသို့ စိတ်ရောကိုယ်ပါ အစဉ်မပြတ် ပြန်လှည့် ထောက်ရှုနေရပေမည်။

၁။ အကျင့်တရားပြောင်းလဲခြင်း၏ အခြေခံဖြစ်သော ပါစကားနက်နဲဖွယ်ရာ

ခရစ်ယာန်ပျော်ရွှင်ခြင်းသည် ယေဇူးဘုရား၏ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းသတင်းကောင်းကို နားထောင်လက်ခံခြင်းမှ စီးဆင်းလာသည်။ ၄င်းသည် အလွန်စစ်မှန်၍ နက်ရှိုင်းသော မေတ္တာတရား၏ နက်နဲဖွယ်ရာကို အနှစ်ချုပ်ထားခြင်းဖြစ်ကာ ကျွန်ုပ်တို့အားလည်း ပွင့်လင်းလျှက် သီးပွင့်ဖြစ်ထွန်းသော အပြန်အလှန်ပြောဆိုနားထောင်တတ်ရန် ဖိတ်ခေါ်နေသည်။ ဤသတင်းစကားကို လက်ခံယုံကြည်သောသူ ဟူသမျှသည် ကျွန်ုပ်တို့ဘ၀ကို ကျွန်ုပ်တို့ ကြိုက်သလို ချယ်လှယ်ပြုမှုနိုင်သည်ဟူသော မှားယွင်းသော အလိမ်အညာ အယူအဆကို ငြင်းပယ်သောသူဖြစ်သည်။ အမှန်ကား ကျွန်ုပ်တို့ဘ၀အသက်တာသည် အသက်ကို ကြွယ်၀စွာ ရရှိစေလိုသော အဖခမည်းတော်ဘုရား၏ မေတ္တာတော်မှ ဖြစ်တည်လာခြင်းပင်။ လိမ်ညာဖြားယောင်းတတ်သော နတ်ဆိုး၏ သွေးဆောင်စကားကို နားထောင်မည်ဆိုလျှင် လောက ငရဲကဲ့သို့သော ကြေကွဲဖွယ် အနိဌာရုံများကိုလည်း ၀မ်းနည်းစွာ တွေ့ကြုံရင်ဆိုင်ရသည့်အခါ နစ်မြုပ်ကျရှုံးခြင်း သို့ ဦးတည်ကျရောက်သွားနိုင်သည်။

၂၀၂၀ခုနှစ် ဤဝါတွင်းသတင်းစကားထဲ၌ "ခရစ်တော်သည် အသက်ရှင်လျှက်ရှိသည်" ဟူသော လူငယ်များအတွက် ဦးတည်ထုတ်ပြန်ထားသည့် ကျွန်ုပ်၏ စာချွန်တော်ထဲမှ ကောက်နုတ်ကာ ခရစ်ယာန်ဘာသာ၀င်များနှင့် ဝေမျှသွားလိုပါသည်။ "ကားစင်ပေါ်၌ ဆန့်တန်းနေသော ခရစ်တော်၏ လက်များကို အာရုံစိုက်၍ ကြည့်ပါ။ ၄င်းအားဖြင့် သင်ကိုယ်တိုင် အကြိမ်ကြိမ် ကယ်တင်ခြင်းခံရပါစေ။ သင့်အပြစ်များကို အာပတ်ဖြေ ၀န်ခံသည့်အခါမှာ ကိုယ်တော်၏ သနားကရုဏာသည် သင်၏ အပြစ်အား ဖြေလွတ်ပေးသည်ကို ယုံကြည်ပါ။ ကြီးမားသော မေတ္တာအဟုန်ဖြင့် စီးထွက်လာသော ကိုယ်တော်၏ အသွေးတော်ကို ထောက်ရှုကြည့်ပါ။ ၄င်းအားဖြင့် သင့်အပြစ်တွေ သန့်စင်ပါစေ။ ထိုနည်းအားဖြင့် လူသစ် တဖန် ပြန်လည်မွေးဖွားနိုင်ပေသည်" (နံပါတ် ၁၂၃)။ သခင်ယေဇူး၏ ပါစကားနက်နဲဖွယ်ရာသည် အတိတ်က အဖြစ်ပျက်ကို ပြန်အောက်မေ့ခြင်းသက်သက်မဟုတ်ပေ။ သန့်ရှင်းသောဝိဉာဉ်တော်၏ တန်ခိုးတော်အားဖြင့် အမှန်တကယ် ဖြစ်တည်နေသည်။ ခရစ်တော်၏ ကိုယ်ခန္ဓာကို ဝေဒနာခံစားနေရသူများ၌ ယုံကြည်ခြင်းဖြင့် တို့ထိ၊ မြင်တွေ့ရနိုင်သည်။

ကျွန်ုပ်တို့ ဝါတွင်းကာလကို အောက်မေ့ ကျင်းပခြင်းသည် ဘုရားရှင်၏အသံကို ကြား၍ ဘုရားနှင့်လူ ကျေအေးသင့်မြတ်ကာ ပါစကားနက်နဲဖွယ်ရာများကို ထောက်ရှုဆင်ခြင်ပြီး အကျင့်တရားများ ပြောင်းလဲလျှက် ဘုရားသခင်နှင့် ရိုးသားပွင့်လင်းစွာ တွေ့ဆုံပြောဆိုနိုင်သည့် အချိန်ကာလ ဖြစ်စေမည့်အကြောင်း အလွန်မွန်မြတ်သော မယ်တော်မာရီယားအား ကျွန်ုပ်တို့အဖို့ ဆုတောင်းပေးမည့်အကြောင်း တောင်းခံပါသည်။ ထိုနည်းအားဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်သခင် တပည့်တော်ကြီးတို့အား မှာကြားခဲ့သော "လောက၏ဆား၊ လောက၏အလင်းများ" ဖြစ်လာကြပါလိမ့်မည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်
------------------------------------------
ဘာသာပြန်ဆိုသူ
- သီကိုရှင်း

#RVAMyanmarLentenSeason

http://bit.ly/2UfC1Pv

Add new comment

10 + 4 =