မြန်မာစာလုံး "ဘုရား" ဆိုသည်မှာ

မြန်မာစာလုံး "ဘုရား" ဆိုသည်မှာ

မြန်မာစာလုံး "ဘုရား" ဆိုသည်မှာ

ဘုရားတည်ရှိတော်မူခြင်း အကြောင်းကို စဉ်းစား ရှာဖွေသူ ဒဿနိကပညာရှင်တိုင်းက အဆုံးအစွန်ပြည့်စုံသော သဘောတစ်ခု (သို့) အတိတ်၊ အနာဂတ် ပစ္စုပ္ပန်ဆိုသည့် ကာလသုံး ပါးမှလွတ်ကင်းသော၊ သင်္ခါရတရားမရှိသော၊ အစအဆုံးမရှိသည့် အနာဒိ၊ အနန္တအဖြစ်တော်ရှင်အယူအဆသည် လူ့အတွေး၌ အမြဲသန္ဓေတည်ပါသည်ဟု တညီတညွတ်တည်း မှတ်ချက်ချကြပါသည်။ ထိုအယူအဆကို မည်သည့်ယဉ်ကျေးမှုကမှ ချည်နှောင်မထားနိုင်ပါ။ မည်သည့်ယုံကြည်ရာဘာသာကမှ ကန့်သတ်မထားနိုင်ပါ။ မည်သည့်ခေတ်အခါ၊ ကမ္ဘာ့ရေမြေတောတောင်သဘာဝ ခြားနားမှုကမှ လျစ်လျူရှုမထားနိုင်ကြပါ။

ထိုလောကုတ္တရာမှ အထူးအလွန်ပြည့်စုံကြွယ်ဝတော်မူ ခြင်း အဖြစ်တော်ကို စမ်းသပ်နိုင်ရန် သိပ္ပံနည်းပညာသည် မစွမ်းပါပေ။ ဆင်ခြင်တုံတရားသက်သက်ဖြင့် ပြည့်ပြည့်စုံစုံ မပေါက်မရောက်နိုင်ပါချေ။

ထိုသဘာဝလွန်သဘောတရားကို ခေတ်အဆက်ဆက်မှ လူတို့သည် ဘာသာစာမျိုးစုံဖြင့် ဋီကာဖွင့်ဆိုကြ၏။ စကားမျိုးစုံဖြင့် ကဗ္ဗည်းတပ်မှည့်ခေါ်ကြ၏။ ပုံသဏ္ဍာန်အထွေထွေဖြင့် ရှင်းဆို ကြလေသည်။ ထိုသောအခါ လူတို့၏ယုံကြည်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့တို့သည် ထိုလောကုတ္တရာမှ သစ္စာတရား ကို ညွှန်းဆိုမှုများ၌ လွှမ်းမိုးတတ်ပြန်ပါသည်။

ထို့ကြောင့် လူတို့၏ ဘုရားရှာပုံတော်ခရီးအစ၌ ဘာသာ စကားလုံးများကိုလေ့လာရပါမည်။ မြန်မာစကားလုံး ဘုရား ၏ဝေါဟာရဇစ်မြစ်ကို ဦးဦးဖြားဖြား လေ့လာရပါမည်။

ဂရိလူမျိုးဒဿနပညာရှင် အရစ်တိုတဲလ် (Aristotal) က လူစကားသည် သင်္ကေတတစ်ခုအဖြစ် ရပ်တည်ပါသည်။ စကားလုံး သည် ပစ္စည်းတစ်ခုခု (သို့) အကြောင်းအရာတစ်ခုခုကို ထုတ်ဖေါ် ပြပါသည်။ လူပြောလိုက်သောစကားလုံးများသည် လူ့အတွင်းစိတ် ခံစားမှု၏သင်္ကေတများဖြစ်၏။ လူရေးသားလိုက်သော ဘာသာ စာလုံးများသည် သူပြောသော စကားလုံးများ၏ သင်္ကေတများ ဖြစ်၏။ လူမျိုးတိုင်း၌ ပြောနည်းတစ်မျိုး၊ ရေးနည်းတစ်မျိုး ရှိတတ် ပါသည်။ သို့သော် စကားလုံးများသည် လူ့အတွင်းစိတ်၏ သင်္ကေတ နှင့်သရုပ်များဖြစ်၍ ထိုသင်္ကေတနှင့် သရုပ်ပုံများသည် လူသား အားလုံးအတွက် အတူတူပင်ဖြစ်နေပါသည်ဟု ဆိုလေသည်။ထို့ကြောင့် လူတို့ပြောသော စကားလုံးများသည် သူစဉ်းစား သောစိတ်ကူး (သို့) အတွေးအမြင်၏ သင်္ကေတ ဖြစ်၍ သူ့စိတ်ကူး (သို့) အတွေးအမြင်သည်ပင် လက်တွေ့၌ အပြင်မှတကယ့်အရာ ဝတ္ထုပစ္စည်းနှင့် ဆင်တူနေလေသည်။

ဒဿနပညာရှင် ဆိုခရာတေး (Socrate) က လည်း အမည်များနှင့် အမည်ပေးခံ ရသော အရာဝတ္ထုများ အကြားတွင်လည်း စိတ်ကူးနှင့် အပြင်ရှိဝတ္ထုမှာ ဆင်သကဲ့သို့ ဆင်တူကြလေသည်။ ထို့ကြောင့် နာမည်ဆိုသည်မှာ နာမည်ပေး လိုသော အရာဝတ္ထုပစ္စည်းတစ်ခုခုကို အသံဖြင့်တူအောင်ပြု ခြင်းဖြစ်၏ ဟု ဆိုလေသည်။ အဓိပ်ပါယ်မှာ စကားလုံးများနှင့် နာမည်များသည် အရာဝတ္ထုပစ္စည်းတစ်ခုခုကို စဉ်းစားတွေးခေါ် ဉာဏ်စိတ်ကူးဖြင့် ဖွင့် ဆိုထားသောအဓိပ္ပါယ်နှင့် ဆက်စပ်နေ၏။ ဥပမာ ဤစာအုပ်သည်ဖတ်၍ကောင်းသည် ဆိုရာ၌ စာအုပ်၏ ကောင်းခြင်းသည် လူ့စဉ်းစားတွေးခေါ်ဉာဏ်ဖြင့် အဓိပ်ပါယ် ဖွင့်ဆိုထားသော စာအုပ်အကြောင်းပင် ဖြစ်၏။ ထို့ကြောင့် ကောင်းခြင်းသည် စာအုပ်နှင့် ဆက်စပ်နေ၏။ ဤသီချင်းသည် နားဝင်ချို၏ ဆိုရာတွင် တေးသီချင်းဟုခေါ်သော စကားတစ်စုသည် မြူးစေ့အတက်အကျ၊ အနိမ့် အမြင့်ဖြင့်တီးခတ်သီဆိုညည်း လျက်ထွက်ပေါ်လာသော အသံဖြစ်၏။ တေးသီချင်းသည် လူ့ ဉာဏ်ဖြင့် စဉ်းစား အဓိပ္ပယ်ဖွင့်ဆိုထားသော သံစဉ်နှင့်စာသားတို့၏ အဓိပ္ပါယ်ဖြစ်၏။

ထို့ကြောင့် လူသည် သူစဉ်းစားတွေးခေါ်နိုင်သော မည်သည့်အရာကိုမဆို နာမည်ပေးနိုင်၏။ ဥပမာ - မွေးကင်းစ ကလေးငယ်သည် အတော်အတန်နှင့်မငိုတတ်လျှင် မိဘများက သူ့ကို မောင်ကျောက်ခဲလေး (သို့) မောင်သဲမာဟု ခေါ်တတ်ကြ၏။ အချိန်မရွေးငိုတတ်သောကလေးကိုတော့ ဖိုးဆိုး ဟုခေါ်ကြ ပေမည်။ စိတ်ထားကောင်း၍ လူတိုင်းအား မေတ္တာရှေ့ထားကူညီ တတ်သူကို ကိုမေတ္တာ ဟုခေါ်ကြ၏။ ဥယျာဉ်၌ စိုက်ထားသော ပန်းပင်ကလေး၏ ဖြူ၊ နီ၊ ဝါ၊ ပြာ ရောင်စုံအပွင့်လေးများသည် အမြီးကော့ကော့၊ တောင်ပံကားကားနှင့်နားနေသော စာကလေး နှင့်တူ၍ စာကလေးပန်းဟု မြန်မာလူမျိုးများ နားလည်ကြ၏။ ဤသည်များမှာ လူ သည် သူ၏စဉ်းစားတွေးခေါ်ဉာဏ်ဖြင့် အရာရာတိုင်းကို အမည်နာမပေး၍ခေါ်ကြခြင်း ဥပမာများဖြစ် ပါသည်။ ဤသို့ဖြင့် လူသားသည် သဘာဝလွန်သဘောတရား တစ်ခုကို မိမိ၏စိတ်ကူးဉာဏ်ဖြင့် အမည်နာမပေးခြင်း ဖြစ်ပေါ်လာရပါသည်။

သမိုင်းဦးလူတို့မှသည် မျက်မှောက်သိပ္ပံခေတ်တိုင် အဆုံး အစွန်ပြည့်စုံသော ထိုသဘာဝလွန်တရား (သို့) ပုဂ္ဂိုလ်တော်မြတ် အကြောင်းကို ဤလောကအသက်တာ၌ ပြည့်ဝစွာနားမလည် နိုင်ပါ။ ထိုပုဂ္ဂိုလ်တော်မြတ်အကြောင်းကို သူတို့ တွေ့၊ မြင်၊ ထိ သိ၊ ဆုပ်ကိုင်နိုင်သော၊ စဉ်းစားချင့်ချိန်နိုင်သော အရာဝတ္ထု၊ ပစ္စည်း၊သာဓကများဖြင့် ညွှန်းဆိုကြ၏။ အံ့မခန်း စနစ်မှန်မှန် နည်းမှန်မှန် ဖြစ်ပေါ်နေသော ဥတုရာသီသဘာဝတရားကြီးကို ကြည့်ကာ ထို အ ရှင် ကို သဘာဝတရား၏အရှင်သခင် ဟု ခေါ်ကြ၏။ မိမိကိုယ်တိုင်မှစ၍ လောက၊ ရေ၊ မြေ၊ တော၊ တောင်၊ သတ္တဝါ ဥစ္စာပစ္စည်းများသည် ဖေါက်ပြန်ပျက်သုဉ်းနေသည်ကိုတွေ့၍ ထိုပုဂ္ဂိုလ်မြတ်သည် ထာဝရတည်တော်မူသော အရှင်ဟုခေါ်ကြ၏။ လူသားများအချင်းချင်း မေတ္တာတရား ခေါင်းပါးကာ လောဘ၊ ဒေါသ၊ မောဟဖုံးလွှမ်းနေမှုကြောင့် ထိုပုဂ္ဂိုလ်တော်မြတ်ကို မေတ္တာတော်ရှင်၊ ကယ်တင်တော်မူသော အရှင်၊ လောကအလင်းရှင် စသည်ဖြင့်ခေါ်ကြပြန်ပါသည်။ ဆရာမိုက်က္ခရီး (Macquarrie) ပြောလေ့ရှိသလို အကယ်၍ သာ လူသည် ဤစကြဝဠာကြီးကို အနန္တအဖြစ်တော်ရှင်၏ အံ့ဖွယ်ရာများအဖြစ် မမြင်ပဲမေ့ထား ခဲ့ပါလျှင် ဘာသာဗေဒ ပညာရှင်များအတွက် ဘာသာတရားနှင့် ဘုရားအကြောင်း လေ့လာပြောဆိုဖို့ အခက်ရောက်ပေတော့ပါမည်။

ထိုနည်းအတူ ဥရောပနှင့် အာရှအနောက်ပိုင်းနိုင်ငံများ တွင်ပြောဆိုသည့် ဘာသာစကားရပ်တို့တွင် ထိုပုဂ္ဂိုလ်တော်မြတ်ကို Zeus (ဇေးအု့စ်) " (theos) သေအု့စ်၊ Deus (ဒေအု့စ်) God (ဂေါက်)ဟုခေါ်ကြလေသည်။ ရှေးဟောင်းဂရိဘာသာနှင့် ဒဏ္ဍာရီ များတွင် Zeus (ဇေအုစ်)သည် ဒီ (di) ဆိုသည့် စကားလုံးမှ ဆင်းသက်လာပြီး အလင်းပေးသည်ဟု အဓိပ္ပါယ်ရ လေသည်။ ထို့ကြောင့် တန်ခိုးတော်ရှင်မြတ်ကို ကောင်းကင်ကြယ်နက္ခတ်တာရာ နှင့် ကျယ်ပြောလှသော အာကာသကြီး၏အရှင်ဘုရားဟု ခေါ်ကြ ၏။ သေအော့စ် ( " (theos) စကားလုံးသည် မည်သည့်စာလုံးမှ ဆင်းလာသည်ဟု အတိအကျမပြောနိုင်သော်လည်း အနန္တဘဝရှင် ကို ခေါ်ခြင်းဖြစ်၏။ အဓိပ်ပါယ်မှာ စကြဝဠာလောကကြီးနှင့် သဘာဝ တရားများတို့ကို ဖန်ဆင်းအုပ်ချုပ်သူ၊ ကောင်းကင်ဘုံ အရှင် စသည်ဖြင့် အဓိပ်ပါယ်ရ၏။ လာတင်းစကားလုံး အော့စ် (Deus, Dio, Dios, Dieu) ကြယ်နက္ခတ်တာရာအစုံအလင်နှင့် ကျယ်ပြော လှသောကောင်းကင်ယံ၊ များပြားလှသော ဂါလာစီများနှင့်လှပ သောကောင်းကင်ဟု အဓိပ္ပါယ်ရသော ဒီဗွန် (divum) မှဆင်းသက် လာ၏။ ဂေါ် (God) စကားလုံးသည် မူလအားဖြင့် လာတင်း စကားလုံး (numen အံ့ဩမိန်းမောခြင်း)နှင့် ဆက်စပ်၏။ အဓိပ္ပါယ်မှာ ရှိခိုးဦးညွှတ် ကိုးကွယ်ခံရသော အမြင့်မြတ်ဆုံး သူဟု အဓိပ်ပါယျ ရှိပါသည်။

ဂရိဒဿနပညာရှင် ပလေတို (Plato) အတွက်မူ divine (သို့) အနန္တတန်ခိုးတော်ရှင်သည် မနှိုင်းယှဉ်အပ်တော်မူခြင်း (အပ္ပမေယျ)၊ စဉ်းစားမမှီနိုင်သော (အစိန္တေယျ)၊ အတုလံအတု မရှိခြင်း အဓိပ္ပါယ်ရှိပါသည်ဟုဝန်ခံ၏။ အရှင်မြတ်သည် အကောင်းမှ အဆိုးသို့ အဆုံးမရှိ ပျက်စီးယိုယွင်းပြောင်းလဲနေသော ဤမြင်ရ သမျှ လောကကြီးထက်သာလွန်သော ထာဝရအဖြစ်တော်အရှင်ဟု လက်ခံ၏။

အရစ်တိုတယ် (Aristotle) အတွက်မူ ထိုအနန္တတန်ခိုး တော်ရှင်ကို ထာဝရတည်တော်မူ၍ တခြားအရာများဖြစ်ပေါ်စေ သော ပထမဆုံးသောဖန်ဆင်းရှင် (The First Unnnoved Mover)ဟု ခေါ်၏။ ဤနာမည်များအားဖြင့် လေ့လာသိရှိရသည်မှာ ရှေးဦး လူတို့သည် အနန္တတန်ခိုးတော်ရှင် (သို့) ဘုရားကို ပုဂ္ဂိုလ်တစ်ဦး အဖြစ် ယူဆခေါ်ဝေါ်ကြခြင်းအပြင် အမည်နာမများသည် အံ့ဩ စရာများ၊ ချီးမွမ်းဖွယ်ရာများနှင့် ဆက်စပ်နေသော နာမများအဖြစ် လေ့လာရပါသည်။

မြန်မာစာ၌ ဘုရား ဆိုသည့်စကားလုံးကို အစိန္တေယျ အပ္ပမေယျ၊ အတုလံ၊ အတုမဲ့ အထွတ်အထိပ်၌ရှိသော အမြင့်ဆုံး သောအနန္တဘုန်းတော်မြတ်ရှင်၊ အစအဆုံးမရှိသော အနာဒိ အနန္တ အဖြစ်တော်ရှင်ကိုခေါ်ပါသည်။ ဘုရား ဆိုသည့် စကားလုံး သက်သက်သည် ပူဇော်ထိုက်ခြင်း၊ ဂုဏ်အသရေနှင့် ပြည့်စုံခြင်း၊ ဘုန်းတော်ကြီးမြတ်ခြင်း၊ မြင့်မြတ်ခြင်း (excellent, noble, exalted) ဆိုသည့် အဓိပ္ပါယ်ရှိပါသည်။

ကမ္ဘာ့ဘာသာစကားတိုင်းသည် ခေတ်ရေစီးကြောင်းအတိုင်း ပြောင်းသွားတတ်ကြစမြဲဖြစ်သောကြောင့် မြန်မာဘာသာစာ သည်လည်း ခေတ် အခါအလိုက် ရေးသွားတတ်ကြပါသည်။ ထို့ကြောင့် ဘုရား စကားလုံးသည် ခေတ်ကိုလိုက်၍ သတ်ပုံ သတ်ထုံး ပြောင်းလဲလာခဲ့သည်ကို တွေ့နိုင်ပါသည်။ ထိုကြောင့် ပုဂံမြို့တောင်ဖက် မြင်းကပါရွာရှိ ကျန်စစ်သား မင်း၏သားတော် ရာဇာကုမာရ်မင်းသား၏ အေဒီ ၁၁၁၃ခုနှစ်က ရေးထိုးခဲ့သော မြစေတီကျောက်စာ (သို့) ဂူပြောက်ကြီးကျောက်စာ စာကြောင်းရေ ၁-၁၆-၁၈-၂ဝ တို့တွင် ဘုရားကို ပုရှာဟု ရေးထိုးထားပါသည်။ ထို့အတူ အေဒီ ၁၃၈၈ ခုနှစ်ခန့်တွင် ရေးထိုးထားသော စစ်ကိုင်းတိုင်း မြောင်မြို့ နယ် ကျောက်ရစ်ရွာ ရွှေပေါင်လောင်ဘုရား ကျောက်စာတွင်လည်း ဘုရားကို ပုရှာ ဟူ၍ရေးထိုးလေသည်။ ပုဂံမြို့ လေးထောင့်ကန်အရပ် တုရင်းပုထိုးတံတိုင်းအတွင်း တောင်ဖက် အုတ်ပြာသာဒ်ကျောင်းတွင်ရှိသော သံပျင်လက်ဆောင် ကျောင်း ကျောက်စာကြောင်းရေ ၁၂ တွင် ဘုရားကို ဖုရှားဟု ရေးသားကြောင်း တွေ့ရသည်။ တဖန်မြန်မာသက္ကရာဇ် ၅၂၇ထိုး ပုဂံမြို့ ဓမ္မာရံကြီး ကျောက်စာနှင့် နဘဲဘုရားကျောက်စာ ပုဂံပြတိုက် ကျောက်တိုင် အမှတ် ၁၁၆ တွင် ဘုရား ကို ပုတြာ ဟုရေးထိုးထားသည်ကိုတွေ့ရပြန်ပါသည်။

မြန်မာသက္ကရာဇ် ၆၅၆ခုနှစ်ထိုး ပုဂံမြို့ တုရင်ပုထိုး ကျောက်စာနှင့် မန္တလေးမြို့ နန်းရုံကျောက်တိုင် အမှတ် ၂၈၊ စာကြောင်းရေ - ၃ တွင်မူ ဘုရားကို ဖုရာ ဟု ရေးလေသည်။ စစ်ကိုင်းတိုင်း အနိမ့်တောကျောင်း ရွှေကူကျောက်စာတွင်လည်း ဖုရာ့မွတ်စွာတော်တမူ...ဟူ၍ရေးထိုးကြောင်းတွေ့နိုင်လေသည်။ မြန်မာသက္ကရာဇ် ၅၆၄ ခုနှစ်ထိုး ပုဂံမြို့ သံပျင်ရင်ကောင် ဘုရားကျောက်စာတွင်မူ ဘုရားကို ဖုရှာဟု ရေးထိုး၏။ အမှတ် ၁၁၆ တွင် ဘုရား ကို ပုတြာ ဟုရေးထိုးထားသည်ကို တွေ့ရပြန်ပါသည်။ မြန်မာသက္ကရာဇ် ၆၅၆ခုနှစ်ထိုး ပုဂံမြို့ တုရင်ပုထိုး ကျောက်စာနှင့် မန္တလေးမြို့ နန်းရုံကျောက်တိုင် အမှတ် ၂၈၊ စာကြောင်းရေ - ၃ တွင်မူ ဘုရားကို ဖုရာ ဟု ရေးလေသည်။ စစ်ကိုင်းတိုင်း အနိမ့်တောကျောင်း ရွှေကူကျောက်စာတွင်လည်း ဖုရာ့မွတ်စွာတော်တမူ...ဟူ၍ရေးထိုးကြောင်းတွေ့နိုင်လေသည်။ မြန်မာသက္ကရာဇ် ၅၆၄ ခုနှစ်ထိုး ပုဂံမြို့ သံပျင်ရင်ကောင် ဘုရားကျောက်စာတွင်မူ ဘုရားကို ဖုရှာဟု ရေးထိုး၏။ မြန်မာသက္ကရာဇ် ၅၀၁ ခုနှစ်ထိုး ပုဂံမြို့ တိုင်းချွတ်ဘုရား ကျောက်စာတွင် ဘုရားကို ဘုရာဟု ရေးထိုးလေသည်။စစ်ကိုင်းတိုင်း အမြင့်ရွာ မင်းရဲကျောင်း ကျောက်စာတွင် ဘုရာမှတ်စွာ...ဟု ရေးသားကြောင်း မှတ်သားရပါသည်။

ဤတွင် မြန်မာစာခေတ်ဦးရေးထုံးများဖြစ်သည် ရှေးခေတ် ကျောက်စာများအရ ဘုရားကို ပုရှာ သာမက ပု၊ ပုတြာ၊ဖုရာ၊ ဖုရှာ၊ ဖုရှား၊ ပုရှာ၊ ဘုရာ စသည်ဖြင့်ရေးထိုးကြောင်းတွေ့နိုင်ပါသည်။ ထို့အပြင် မြန်မာစာခေတ်ဦးကာလ ဖြစ်သည်အလျောက် မြန်မာစကားသံများကို အက္ခရာဖြင့် သရုပ်ဖေါ် ရသည် မှာ လွယ်ကူမှုမရှိကြောင်း သိသာလှပေသည်။ ထိုသို့ ရှေ့သွား ရေးထုံးအဖြစ် ရေးသားနေစဉ် ရေးထုံးများမှန်ရလေအောင် စမ်းသပ် နေဟန်များ တွေ့နိုင်ပေသည်။ ထို့ကြောင့် စကားသံတစ်ရပ်တည်း ကိုပင် စံချိန်တစ်ခုတည်းမဟုတ်ဘဲ မတည်မငြိမ်ရေးနေဟန်များကို မြင်တွေ့ကြရပေသည်။ ဤသည်မှာ ရေးထုံးများတစ်နေရာနှင့် တစ် နေရာ မညီမညွတ်ဖြစ်နေရခြင်း၏ အကြောင်းရင်းဖြစ်ပါသည်။

နောက်ပိုင်းခေတ်များတွင် ဘုရား ဟု ရေးသားလာကြ လေသည်။ ဥပမာ- မဟာဇနကပျို့တွင် ငယ်လင်သက်ထား၊ တို့ဘုရားတည်၊ ...ဟုလည်းကောင်း၊ ရွှေဟင်္သာဖို့ ၆၈တွင် နတ်လူအများ၊ နောင်ဘုရား၌၊ ..ဟုရေးသားကြပါသည်။ မျက်မှောက်ခေတ်တွင်လည်း ဘုရားကို ဘကုန်းတစ်ချောင်းငင် နှင့်ပေါင်းကာ ဘုရား (Bhura)ဟု ရေးသားကြလေသည်။ ဘုရား စကားလုံးကို ဖတ်တော့အသံ၊ ရေးတော့အမှန် ဆိုထုံး အတိုင်း ဘုရားကို ဘကုန်းသံ မထွက်ပဲ ဖဦးထုပ်ကို တစ်ချောင်းငင်သံ ( )ဖြုတ်ကာ ဖယားဟု အသံထွက်ကြပါသည်။

ထီးချိုင့်မြို့တည်တောဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၏ အဆိုအရ ပုရှာ (ပုရဟာ) စကားလုံးသည် ပူဇာရဟပုဒ်ရင်းက ပျက်လာတာကြောင့် ပူဇာရဟပုဒ်သည် သဗ္ဗညုတဘုရားကိုချည်း မရည်ရွယ်ဘဲ၊ အတတ်ပညာဖြင့် မြင့်မြတ် ခြင်းကြောင့် ပူဇော်ထိုက်သူ၊ ဗိုလ်ပါခွန်အားကြီးမားခြင်းကြောင့် ပူဇော်ထိုက်သူ၊ ဥစ္စာစပါးပေါများခြင်းကြောင့် ပူဇော်ထိုက်သူ၊ ရဟန်း၊ ပုဏ္ဏား၊ မင်းနှင့် အများကြီးပွားတိုးတက်ရေး၊ အများအကျိုး သယ်ပိုးဆည်းကပ်တတ်ခြင်းကြောင့် ပူဇော်ထိုက်သူ အားလုံးကို ရည်ရွယ်သုံးနှုန်းလေသည်။ ထို့ကြောင့်ပင် ရှေးအခါမှစ၍ ပုရှာ၊
ပုတြာ၊ ဘုရား ဆိုသည့် စကားလုံးများသည် ပူဇော်ရှိခိုးဦးညွှတ် ထိုက်သောပုဂ္ဂိုလ်နှင့် ကိုးကွယ်ထိုက်သော အရာဝတ္ထုတိုင်းကို ခေါ်သောကြောင့် အနန္တဘုန်းတော်ရှင်ကိုလည်း ဘုရား စေတီ ကိုလည်း ဘုရား ဟု သုံးနှုန်းခဲ့ကြသည်။ ရဟန်းသံဃာတို့နှင့် စကားပြောဆိုရာ၌ တဖက်လူသည် ဘုရား တပ်၍ပြောရသည်။ ဘုရား တပ်၍ထူးကြရလေသည်။

သို့သော် ပုဂံကျောက်စာများ၌ လောကုတ္တရာအတွက်
ပူဇော်ရှိခိုးဦးညွှတ်ထိုက်သော ပုဂ္ဂိုလ်များနှင့် ဘုန်းတော်ရှင်များ (ဥပမာ- ဘုရား၊ ရဟန်းသံဃာ)ကိုလောက၌ ပူဇော်ရှိခိုးဦးညွှတ် ထိုက်သော ပုဂ္ဂိုလ်များနှင့် ဘုန်းတော်ရှင်များ (ဥပမာ-ဘုရင်) ခွဲခြားရေးသားလေ့ရှိသည်ကိုလည်း တွေ့ရပါသည်။ ဥပမာအစိန္တေယျ၊ အပ္ပမေယျ၊ အတုလံ အတုမဲ့ဘုရားကို မွတ်စွာသော ဖုရား (မြတ်စွာသော ဘုရား) ဟုရေးပြီး၊ ဘုရင်ကိုရည်ရွယ်သော အခါ ဖုရားရှင် ဖုရားလောင်း ဟု ရေးလေ့ရှိပါသည်။
ထို့ကြောင့် ရှေးမြန်မာစာအုပ်များတွင် ဘုရားကို မြတ်စွာဘုရားဟု လည်းကောင်း၊ ဘုရင်ကို ဘဝရှင်မင်း တရားကြီး၊ ရှင်ဘုရင်၊ ဘုန်းတော်ရှင်၊ အရှင်မင်းဘုရား၊ မင်းဘုရား၊ ဘုရားရှင်၊ မင်းဘုရားကြီး စသည်ဖြင့် သုံးနှုန်းပြီး၊ တိုင်းသူ ပြည်သားများက ဘုရားကျွန်တော်၊ ဘုရားတပည့်တော်၊ ကျွန်တော် မျိုး ဟု သုံးနှုန်းတတ်လေသည်။ ဘုရင်က မိမိနာမည်ကိုခေါ်လျှင် ဘုရား ဟုထူးရသည်။ မှန်လျှင် မှန်ပါ့ဘုရား၊ မှားလျှင် မှားပါ့ဘုရား ဟုပြောရ၏။

မျက်မှောက်ခေတ် အရေးအသားတွင် ဘု ရားကို ရည်ညွှန်းလိုသော် ဘကုန်းနှင့်ပေါင်း၍ ဘုရင်၏ မိန်းမကို ဖဦးထုပ် နှင့်ရေးကာ ရှေ့မှ မိ (သို့) အမိ ထပ်ပေါင်း၍ပြီး မိဖုရား ဟုသာ ခေါ်ဆိုရေးသားကြောင်း တွေ့ရပါသည်။ ဤသို့ဖြင့် ဘုရားနှင့်လူ၊
ယောက်ျားနှင့်မိန်းမကိုရည်ရွယ်ပြီး ပြောလိုသောအခါ စကားလုံး အဆင့်ဆင့်သုံးပုံကို မှတ်သားရပါသည်။

ထို့ကြောင့် မြန်မာ့ဗုဒ္ဓဘာသာသမိုင်း၌ ဒေါက်တာ သန်းထွန်း မှတ်ချက်ချသကဲ့သို့ ဘုရား (သို့) ဖုရား (purha, bhura) ဆိုသည် စကားလုံးသည် ချီးမြှင့်ထိုက်သော၊ ရိုသေထိုက်သော ပုဂ္ဂိုလ်တို့၏ ဘွဲ့ ၊ရာထူး ( a title for all exalted persons) အဖြစ် သုံးလာသည်ကိုတွေ့ရပါသည်။

ဤနေရာ၌ မြန်မာစကားလုံး ဘုရား နှင့် ယိုးဒယားတို့၏ဘုရားကိုခေါ်သော စကားလုံးများ ဆင်တူနေသည်ကို
တွေ့ရပါသည်။ ယိုးဒယားဘာသာစကား၌ ဘုရားနှင့်ဘုန်းကြီးကို ဗရားဟုရေး၍ ဖရား (Prah) ဟုဖတ်လေသည်။ အဓိပ်ပါယျမှာ ကောင်းသော၊မြင့်မြတ်သော၊ ကြီးမြတ်သော၊ ရှစ်ခိုးကိုးကွယ် ထိုက်သော ဟုအဓိပ်ပါယ်ရ၏။ ဤအဓိပ္ပါယ် ဖွင့်ရင် ရဟန်းသံဃာ တို့ကိုလည်းခေါ်၏။ ဤအဓိပ်ပါယ်ပိုမို၍ လောကုတ္တရာ ဆန်ပါသည်။ ဘုရင်နှင့်မိဖုရားကိုလည်း ရှေ့၌ ဖရား တပ်၍ ခေါ်ခြင်းဖြင့် လောကီရေးရာ၌ အဆင့်၊ သိက္ခာမြင့်မားခြင်း၊ ရိုသေထိုက်ခြင်း သဘောဖြစ်လေသည်။ ဘား (သို့) အဆင့်အတန်း ကို ဖေါ်ပြနေ၏။ ထို့ကြောင့် ရဲနှင့် ပုလိပ်တို့ ပုခုံးမှ ဘားကို ဖုရား ဟုလည်းခေါ်လေသည်။ အသံဆင်သကဲ့သို့ အဓိပ္ပါယ် အင်မတန်မှ ဆင်လှသော စကားလုံးများပါပေ။
ဘုရား ဆိုသည့်စကားလုံး မည်သည့်စကားမှ ဆင်းသက် လာသည်ကို ရှင်းပြရာ၌ တော်တော် ဝိဝါဒကွဲနေပါသည်။ ကဝိမျက်မှန်သတ်ပုံကျမ်း -၂၄၉ တွင် ဘုရားဟု မြန်မာလို ခေါ် ဝေါ်ရေးသားခြင်းကား ဘူ ဟူသော မဂဓပုဒ်ပျက်စကားဖြစ် သည်။ ဘူ ၌ ဣသရ (အစိုးရသူ)ကိုအားပြု၍ ဘုရားဟုခေါ်ဝေါ်ရေးသား အပ်သည်ဟုဆိုပါသည်။

တချို့ပညာရှင်များ၏အဆို အရ ဘုရား အခေါ် ရှေးမြန်မာစကားလုံး ပုရှာ (ပုရဟာ)သည် ပူဇော်ခြင်းကို ခံထိုက်သူဟု အဓိပ်ပါယ်ရှိသော ပါဠိစာလုံး ပူဇာရဟ ပုဒ်ရင်းက ပျက်လာခြင်းဖြစ်သည်ဟု ဆိုပါသည်။၁၈ ထို့ကြောင့် ပထမပိုင်းတွင် ပူဇာရဟမှ ပူရဟပုရဟ> ပုရှမ်းပုရှာ> ဖုရှာ> ဖုရာ> ဖုရား> ဘုရား ဖြစ်လာသည်ဟု ဆိုကြ၏။

တချို့ကလည်း (ဥပမာ - ဦးဖိုးလတ်) ဘုရားစာလုံးသည် တိဗက်-မြန်မာ စကားလုံး ပုမှဆင်းသက်လာသည်ဟု ဆိုကြ၏။ ဤတွင်ပု၏ အနက်ရင်းမှာ ဦးခေါင်း၊ မြင့်မြတ်သော၊ မြတ်သော၊ ကြီးသော၊ ကဲသောဖြစ်၏။ မှာ တိဗက်-မြန်မာ များ ဗုဒ္ဓဝါဒီမဖြစ်မီက ကိုးကွယ်သောနတ်ဟု အဓိပ်ပါယ်ရှိ လေသည်။ ထိုကြောင့် မြင့်မြတ်သောနတ်၊ နတ်အကြီးဟု အဓိပ်ပါယ်ရသော စကားလုံး ပုမှ ပု ပုရှာ) ဖုရှာ) ဖုရာဖုရား ဘုရား ဖြစ်လာပါသည်ဟုလည်းဆိုကြ၏။
တချို့ပညာရှင်များကလည်း ကြီးသော၊ မြတ်သော၊ အဖိုးတန်သော၊ ထင်ရှားသောဟု အဓိပ်ပါယ်ရသော ပါဠိနှင့်သက္ကတ စကားလုံး ဝ ရေးထုံးပြောင်းလာကာ ဘုရား ဟု ရေးကြောင်းဆိုကြလေသည်။

တချို့ပညာရှင်များကလည်း ဘုရားရေးထုံးသည် ရှေ့၊ ရှေ့ဆောင်၊ လမ်းညွှန်၊ အကြီးအကဲ၊ ရှေ့ဆောင်သူ အဓိပ်ပါယ်ရှိ
သော ပါဠိစကားလုံး ပုရမှ သံစဉ်ပြောင်းလာခဲ့ခြင်း ဖြစ်ပါသည်ဟု ဆိုကြပြန်ပါသည်။

တချို့ကလည်း ပညာရှိ၊ ပညာကြီးသူ၊ ပညာရှိသူ ဟု အဓိပ်ပါယ်ရှိသော ပါဠိနှင့် သက္ကတ စကားလုံး ဘူမှ ဘုရားရေး ထုံးဖြစ်ပေါ်လာခဲ့ပါသည်ဟု လက်ခံကြလေသည်။

တချို့ပညာရှင်များ (ဥပမာ - မစ္စတာတော်စိန်ကို Mr. Taw Sein Ko) အဆိုအရ ဘုရား စကားလုံးတွင် ယား (သို့) ယေးသည် အဖ၊ မြတ်သော၊ ရိုသေထိုက်သော နှင့် ဖုသည် ဗုဒ္ဓကို ရည်ရွယ်သော တရုတ်စကားလုံး ဖုယား (Fu-ya) (သို့မဟုတ်) ဖိုယေး (fo-yeh) မှဆင်းသက်ခဲ့သည်ဟုဆို၏။သို့သော် စီ၊ အို၊
ဘလာဒင်ကမူ တရုတ်စကားလုံး ဖုယား မှ ယ ပက်လက်သံ သည် မြန်မာ့စကားလုံး ဘုရားမှ ရကောက်သံနှင့် သံနေ သံထားကွဲနေသည်ဟု မှတ်ချက်ချပါသည်။ သို့သော်လည်း မြန်မာ စကားလုံးသည် ဘုရား တွင် ရေးသားရာ၌ ရကောက်သံနှင့် ရေးသော်လည်း ဖတ်ရာ၌ ရကို လျှာမလိပ်ပဲ ယ ပက်လက်သံနှင့် ဖယား ဟုအသံထွက်သောကြောင့် တိဗက်စကား၊ မာရုနှင့် လိုလိုစကားများကဲ့သို့ သံတူကြောင်း ဖြစ်နိုင်ဖွယ်လည်း ရှိပါ၏ဟုဆိုလေသည်။

စီ၊ အို၊ ဗလာဒင်အဆို အရ ထိုဘုရား ဆိုသည် စကားလုံး၏ ဝေါဟာရဇစ်မြစ်အနေအထားအရ ဂုဏ်သိက္ခာ ကြီးမြင့်သော အလွန်ဘုန်းတော်ကြီးမြတ်သော၊ မြင့်မြတ်သော (excellant, noble, exalted)ဟု အဓိပ်ပါယျရှိသော သက္ကတ (သို့) သင်္သကရိုက် (Sanskrit) နှင့် ပါဠိ (Pali) စကားလုံး ဗားရာ (Vara မှဆင်းသက် လာပါသည်ဟုဆိုလေသည်။ ဤအဆိုသည် အများစု လက်ခံသော အဆိုလည်းဖြစ်၏။ သူကဆက်၍ပြောသည်မှာ ဤ ဗားရာ စကားလုံးမှ သံစဉ်ပြောင်းစကားလုံးများအဖြစ် အရှေ့တောင်အာရှနှင့် ဂျာဗား (အင်ဒိုနီးရှား) ဘာသာစကားများ၌
လည်းတွေ့ နိုင်၏။ ဗားရာ စကားလုံးသည် ရှေးအကျဆုံးဖြစ်ပြီး လေယူလေသိမ်း သံစဉ်ပြောင်းကာ ပုတြာ၊ ပု၊ ပုရဟာ၊ ပုရာ၊ ပုရှာ၊ ဖုရှာ၊ ပုရှား၊ ဖုရားစသည်ဖြင့်ပြောင်းလာရာ နောက်ဆုံးတွင် ဘုရား ဖြစ်လာသည်ဟု ဆိုပါသည်။

တဖန် မြန်မာစကားလုံး ဘုရား (Purha)သည် ဗားရာ (Vara)မှ ဆင်းလာသည် ဆိုပါလျှင်လည်း တစ်ချောင်းငင် (-) - ဥပမာ - ဘု (သို့) ဖု အသံသည် ဗားရာ (Vara) အသံထွက်၌ ဆင်မတူပါချေ။ အဘယ့်ကြောင့်ဆိုသော် ဗားရာကို အသံထွက် ရာ၌ တစ်ချောင်းငင်အသံမပါသောကြောင့် ဖြစ်ပါသည်။ သို့သော်မြန်မာ စကားလုံးများတွင် ဝဆွဲ၊ အသတ်၊ ရေးချမပါသော နှုတ် ဖျားသ(labial) များတွင် တစ်ချောင်းငင်(-)အသံ မထွက်ပဲ ရိုးရိုး ဘ (သို့) ဖ သံကိုသာထွက်လေ့ရှိပါသည်။ ဥပမာ- ဘုရင်ဂျီ၊ ဘုရင်၊ ဘုရင်မ၊ ဘုရားကျောင်း၊ ပုဆိုး၊ ပုဆစ်တုပ်၊ ပုလင်း၊ ပုဆိန်၊ ပုဂံ၊ ပုလဲ၊ ပုထိုး၊ ပုခက်၊ ပုစဉ်း၊ ပုစွန်၊ ပုရစ် စသည်ဖြင့် မြောက်များစွာရှိကြောင်း တွေ့ရပြန်ပါသည်။

ကျွန်ုပ် တို့ အတွက်မြန်မာစကားလုံး ဘုရားသည် မြန်မာစကားစစ်စစ် မဟုတ်နိုင်မှန်း ခန့်မှန်းနိုင်ပါသည်။ သို့သော် မည်သည်စကားမှ ဆင်းသက်လာပါသည်ကိုလည်း တိတိကျကျ ဆုံးဖြတ်ချက်ချ ပြောရန်ခက်ခဲပါသည်။

သို့သော် ဆရာဇော်ဂျီ၏အဆိုအရ မြန်မာစာပေသည် ဗုဒ္ဓစာပေကို အကြောင်းပြု၍ ဖြစ်ထွန်းစည်ကားလာခဲ့ပါသည်။
မောင်ခင်မင် (ဓနုဖြူ)ကလည်း ဗုဒ္ဓဘာသာသည် မြန်မာစာဟူ၍ မပေါ်ပေါက်မီကပင် မြန်မာနိုင်ငံ၌ ပျူလူမျိုး၊ မွန်လူမျိုးတို့ နေထိုင်ရာဒေသတွင် အခြေစိုက်မိနေပြီး ဖြစ်ပါသည်။ သက္ကရာဇ် ၁၀၄၄-၁၀၇၃ အနော်ရထာမင်းလက်ထက်တွင် ထေရဝါဒဗုဒ္ဓ ဘာသာနှင့် ပိဋိကတ်စာပေများ ပုဂံသို့ရောက်လာပြီးသည့်နောက် မရှေးမနှောင်းတွင် မြန်မာစာစတင်ပေါ်ပေါက်သည်ဟု ဆိုနိုင် ပါသည်။ ပုဂံ ကျန်စစ်သားမင်း နတ်ရွာစံပြီးနောက် မြန်မာ သက္ကရာဇ် ၄၇၅ ခု (ခရစ်နှစ် ၁၁၁၃) ခန့်တွင် ရေးထိုးသော ရာဇကုမာရ်ကျောက်စာသည် ယနေ့ထိတွေ့ရသမျှ သက္ကရာဇ်အခိုင် အမာပါသော အစောဆုံးမြန်မာစာဖြစ်ပါသည်ဟု မြန်မာပညာရှင်တို့ကဆိုပါသည်။ ထိုကျောက်စာကို ပါဠိ၊ ပျူ၊ မွန်၊ မြန်မာ ဟူသော ဘာသာစကားလေးမျိုးဖြင့် ရေးထိုးထားကြောင်း တွေ့ရ ပါသည်။

ထို့ အပြင် မောင်ခင်မင်(ဓနုဖြူ)၏ ရှေးခေတ်မြန်မာ့ ဂန္တဝင်စာပေစာတမ်း၌ မြန်မာစာအရေးအသားတွင် ပါဠိစာပေ အသုံးတွင်ကျယ်စွာလွှမ်းမိုးပုံကို ယခုကဲ့သို့တင်ပြပါသည်။

မြန်မာစာအရေးအသား မပေါ်ပေါက်မီကာလတွင် ပုဂံ၌ ပါဠိ၊ သက္ကတ၊ ပျူနှင့် မွန် ဘာသာတို့သည် စာပေ အရေးအသားရှိနေပြီ ဖြစ်သော ဘာသာစကားများ ဖြစ်ပါသည်။ ထိုကာလတွင် ထိုဘာသာစကားများကို မြန်မာတို့ အသုံးပြုနေကြောင်းကို ရွှေစာပေ၊ အုတ်ခွက် စာ၊ စ၌ ကွင်းစာ၊ ကျောက်စာ စသည့် အထောက် အထားများအရ သိရသည်။ ရာဇကုမာရ်ကျောက်စာကို ပင်လျှင် ပါဠိ၊ ပျူ၊ မွန်၊ မြန်မာ ဟူသော ဘာသာစကား လေးမျိုးဖြင့် ရေးထိုးထားကြောင်း အထင်အရှား တွေ့နိုင်ပါသည်။ ထို ဘာသာစကားတို့မှ စကားလုံးများကို မွေးစားသုံးနှုန်းခြင်း၊ ဘာသာပြန် သုံးနှုန်းခြင်းတို့ဖြင့် မြန်မာစကားဖွံ့ဖြိုး ကြွယ်ဝလာရသည့်အတွက် ထိုဘာသာ စကားတို့က မြန်မာဘာသာစကားကို များစွာကျေးဇူးပြု ပါသည်။ အထူးသဖြင့် ပါဠိဘာသာနှင့် မွန်ဘာသာတို့ သည် မြန်မာစာပေါ်ပေါက်ပြီးချိန် အထိ အသုံးတွင်ကျယ်နေဆဲ ဖြစ်ပါသည်။ ပါဠိစာပေနှင့် မွန်စာပေအရေး အဖွဲ့များသည် ပေါ်ပေါက်လာမည့် မြန်မာစာပေ အရေး အဖွဲ့များအတွက် လမ်းခင်းပေးသော ရှေ့ပြေးသဖွယ်ဖြစ်
ပါသည်။ ထို့ကြောင့် မြန်မာစာလုံး ဘုရားသည် ပါဠိစာလုံး ဗားရာ (Varaမှ သော်လည်းကောင်း၊ ရှေးကျသောမူလရေးနည်း ပု
မှသော် လည်းကောင်း၊ ပူဇာရဟစာလုံးမှသော်လည်းကောင်း၊ မွေးစား သုံးနှုန်းခြင်း၊ ဆင်းသက်လာခြင်း ဖြစ်မည်ဟုသာ ခန့်မှန်းအဖြေပေး နိုင်ပါသည်။

ထိုနည်းတူစွာ အရှေ့တောင်အာရှမှ ဗုဒ္ဓဘာသာနှင့် ပါဠိစာလွှမ်းမိုးသော ဘာသာစာများတွင် (Vara) စကားလုံးအရေးပါခဲ့ သည်ဟု မှတ်ချက်ချနိုင်ပါသည်။ ဥပမာ - မြန်မာစာလုံး ဘုရား ယိုးဒယားစာလုံး ဖရာ့၊ ကမ္ဘောဒီယားစာလုံး ဖရား (Prah)၊ တရုတ်စာလုံး ဖုယား (Fuyaတို့သည် ပူဇော်ခံထိုက်သူ၊ ကိုးကွယ် ဦးညွတ်ထိုက်သူ၊ မြင့်မြတ်သူ၊ အထွတ်အထိပ်၌ရှိသူ၊ စသည်ဖြင့် အဓိပ္ပါယ်ဖွင့်စေပါသည်။

အချုပ်ဆို ရပါလျှင် ဘုရား ဗျည်းအက္ခရာသတ်ပုံ
သတ်ထုံးသည် မည်သည်စကားလုံးကပင် ဆင်းသက်လာခဲ့စေကာမူ ထိုဗျည်းအက္ခရာကို ကိုးကွယ်ခြင်းမဟုတ်ပါချေ။ မည်သည် ဗျည်းအက္ခရာက ဆင်းသက်လာသည်ကိုလည်း အတိအကျသိရန် မလိုပါပေ။ အရေးကြီးသည်မှာ ထိုဗည်းအက္ခရာသည် မည်သည် အနကျအဓိပ်ပါယ်ကို ရည်ညွှန်းသည်ကို သိပါလျှင် လုံလောက် ပါသည်။ ထို့ကြောင့် ဖယားဖြစ်စေ၊
ပုရှာဖြစ်စေ၊ ပုတြာဖြစ်စေ၊ ဖုရာဖြစ်စေ၊ ဗားရာဖြစ်စေ၊ ပုရှားဖြစ်စေ၊ ဖုရားဖြစ်စေ၊ ဘုရားဖြစ်စေ သတ်ပုံကိုအဓိကအလေးမထားပဲ ထိုစကားလုံးသည် သဗ္ဗညုတ ဉာဏ်တော်ရှင်၊ အန္တတန်ခိုးတော်ရှင်၊ မြတ်စွာဘုရားသခင်ကို ရည်ရွယ်ပါသည်ဟု သိခဲ့ပါလျှင် လုံလောက်ပါသည်။

အေဒီ ၂ ရာစုအစပိုင်းလောက်ကမူ ဘုရား သည် အထူးအလွန်မြင့်မြတ်တော်မူလှသောကြောင့် ထိုအရှင်ကို လူ့စကား လုံးများဖြင့် ခေါ်ဆိုနိုင်စွမ်းမရှိပါဟု ဆိုလာခဲ့ကြပြန်ပါသည်။ အမှန် တွင်မည်သည်ဘာသာစကား၏ ဝိသေသနှင့်မျှပြည့်စုံစွာ မညွှန်း ဆိုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသည် ကောင်းခြင်းလည်း မဟုတ်။ ဆိုးခြင်းလည်းမဟုတ်။ ဘုရား ကို အဖြစ်တော်အစစ် အမှန်၌ လူသည်မသိနိုင်စွမ်းပါ။ အဘယ့်ကြောင့်ဆိုသော် ဘုရား သည် လူတို့ရည်ညွှန်းပြောဆို ရေးသားသောစာ၊ စကားများထက် ကျော်လွန်သောကြောင့်ဖြစ်၏။

မည်သို့ပင်ဆိုစေ အနန္တအဖြစ်တော်ရှင် ဘုရား ကို မည်မျှပင် အဓိပ်ပါယ် ပြည့်စုံလှသော စာလုံးများဖြင့်ခေါ်စေကာမူ ဤစာလုံး များသည် ဘုရား ၏ကြီးမြင့်မြတ်တော်မူခြင်း ဘုန်းတော်အနန္တကို ပြည့်ပြည့်စုံစုံ ရည်ညွှန်းနိုင်စွမ်းမရှိပါချေ။ ဘု ရား ကို အဓိပ်ပါယ် ဖွင့်ဆို ရန် မပြည့် စုံ သေးသော စကားလုံးများသာဖြစ်ပါ၏။

အမှန်၌ ဤလောကကြီး၏ အံ့မခန်းရာတို့ သည် လည်းကောင်း၊ စကြဝဠာကြီး၏ ချီးမွမ်းဖွယ်အလှတို့ သည် လည်းကောင်း၊ သဘာဝတရားကြီး၏ နက်နဲ ရာတို့ သည် လည်းကောင်း၊ ဘုရား၏ အံ့ဖွယ်၊ နက်နဲကြီးမြတ်ဖွယ်ကို ပြည့်စုံစွာမဖေါ်ကြူးနိုင်သေးပါ။ ရည်ညွှန်းနိုင်စွမ်း မရှိသေးပါ။ ထို့ကြောင့် တချို့သောလူမျိုးစုများတွင် ထိုတန်ခိုးတော်ရှင်ကို နာမည်ပေးလျက် မခေါ်ထိုက်၊ မခေါ်အပ်ဟု ယူဆကြပါသည်။ မှန်ပါသည်။ လူ့ဦးနှောက်သည် ဘုရားကို ပြည့်စုံစွာ နားမလည် နိုင်ပါ။ လူ့စကား လူ့စာလုံးများဖြင့် မခေါ်ထိုက် မခေါ်အပ်ပါ။ မှန်ပါသည်။ လူ့စကားသည် မပြည့်စုံနိုင်ပေ။ မတိကျနိုင်ပါပေ။ သို့သော် လူသည် ဘုရား အကြောင်းပြောရန် လူ့စကား သာရှိပါသည်။ လူ့စကားဖြင့်သာ ခေါ်ကြရပါမည်။ ဤသို့ လူ့စကား ဖြင့် ဘုရား ဟုအမည်ပေးခေါ်စေကာမူ လူ့စကား၏ မပြည့်စုံ မထိုက်တန်မှုကြောင့် ဘုရား၏ ဘုန်းတော်ဂုဏ်တော်တို့သည် လျော့နည်း၍ မသွားပါပေ။
သို့သော် လူသားတို့သတိပြုရမည်မှာ ဘုရား ဆိုသည်မှာ
အစုံလင်ဆုံး၊ အပြည့်စုံဆုံး၊ အမြင့်မြတ်ဆုံး၊ အသန့်ရှင်းဆုံး၊ အမြင့်ဆုံးဖြစ်၏။ ထို့ကြောင့် ဘာသာအားလုံးတို့သည် ထိုအနန္တ တန်ခိုးတော်ရှင်ကိုညွှန်ပြကြပါသည်။ လူတိုင်း ထိုအရှင်ကိုတွေ့
အောင်ရှာဖွေရပေမည်။ မည်သည့်အရာ၊ မည်သည့်ပုဂ္ဂိုလ်၌မဆို အဆုံးအစွန်၊ အမြင့်မြတ်ဆုံး၊ အထွတ်အဖျားမဟုတ်သေးလျှင် ထိုအရှင်ကို တွေ့အောင်ရှာရပေမည်။ အကယ်၍ သာ သမိုင်းဦးမှ လူသားဘာသာ ယနေ့ထိရှိပါနေပါသေးလျှင် ဘု ရားကို တွေ့အောင်ရှားရပါမည်။ အကယ်၍ နေ၏စွမ်းအင်ကို အံ့ဩမိန်း မောလျက် နေကို ဘုရားအဖြစ် ရှိခိုးနေသေးလျှင် ထိုနေ၏ စွမ်းအင်ရှင်၊ ဖန်ဆင်းရှင်သည် နေထက်မြင့်မြတ်၍ ဘုရား ဖြစ်ရမည်ဟု လက်ခံရပေမည်။ ရှာဖွေရပါမည်။

ဆရာတော်မာကု(ဒဿန)

 

Add new comment

7 + 2 =

Please wait while the page is loading