အဆိုးတွေအမှားတွေကိုပဲအာရုံမစိုက်စေချင်ပါ

အဆိုးတွေ အမှားတွေ ကိုပဲ အာရုံစိုက်မိတဲ့ အခါ..

.

ကျွန်တော်တို့ လူသားတွေ ရဲ့ ဗီဇ မှာကိုက တစ်ခုခု ကြုံလိုက်ပြီ ဆိုရင် အဆိုး ဖက်ကနေ အရင်တွေးမိ ကြလေ့ရှိပါတယ်။

ပုံမှန် လက်တွေ့အနေအထားကနေ ကင်းကွာ နေတဲ့ ၊ ရုတ်တရက် နားမလည်နိုင်တဲ့ ၊

အသစ်အဆန်း တစ်ခုခု ဖြစ်နေတဲ့ အတွေးအခေါ် ၊ သတင်းစကား၊

အိုင်ဒီယာ တစ်ခုခု ကို ပထမ ဆုံးကြားလိုက် ကြုံလိုက်ရတဲ့ အခါမှာ ဒါဟာ မဖြစ်နိုင်လောက်ဘူး ဆိုတဲ့ Negative ဖက်က စတွေးမိ ကြလေ့ ရှိပါတယ်။

ဒါဟာ ဟိုးကျောက်ခေတ် လောက်ကထဲက လူသားတွေဟာ အသက်ရှင်ကျန် ရပ်တည်ဖို့အတွက် တစ်ခုခု ဆိုရင်

ထွက်ပြေးမယ် ရှောင်ဖယ်မယ် မကောင်းတာ ဆိုးတာတွေကို အရင် တွေးမိပြီး ပြင်ဆင်မယ် ဆိုတဲ့ အကျင့် ကြောင့်လဲ ဖြစ် နိုင်ပါတယ်။

ဒါကြောင့် တစ်ခုခု ဆိုရင် ကြိုကာဖို့ အတွက် ဦးဆုံး စတင်မိကြတော့တာပါပဲ။ လက်ရှိအခြေအနေလေးက ရှင်သန်ရပ်တည်မှုလေး ပျက်သွားမှာကို စိုးရိမ်တာ ကိုး။

.

ဒါပေမယ့် လူသား တိုင်းသာ ဒီလို အသစ်အဆန်းတွေကို မကောင်းမြင်နေမယ်၊

ဖြစ်ရပ် တစ်ခုခု ရဲ့ အဆိုးတွေ ချည်းကိုပဲ မြင်နေမယ်ဆိုရင် လူဘောင်လောက ဟာ တိုးတက်ထွန်းကား လာဖွယ်ရာ သိပ်မရှိပါဘူး။

ကျွန်တော်တို့နေတဲ့ ကမ္ဘာကိုက Duality World ဆိုတဲ့ ဆန့်ကျင့်ဖက်တွေ နဲ့ ပေါင်းစည်းထားတဲ့ နေရာဖြစ်ပါတယ်။

အပူရှိရင် အအေးရှိမယ်၊ အမာ ရှိရင် အပျော့ရှိမယ်၊ ဖိုဓာတ် ရှိတယ် မဓာတ် ရှိတယ် ကောင်းတာ ရှိ တယ်ဆိုးတာ ရှိတယ် စသည်ဖြင့်ပါပဲ။

ကိစ္စ တစ်ခုခု ဖြစ်ရပ်တစ်ခုခုဟာ လည်း ဒီလိုပါပဲ အကောင်းနဲ့ အဆိုးတွေ ဒွန်တွဲနေလေ့ရှိပါတယ်။

ကြုံလာတဲ့ ဖြစ်ရပ်မှာ အဆိုးတွေကိုပဲ တွေး နေမိရင် အကောင်းတွေကို လက်ခံရယူဖို့ အချိန်မရှိ အသင့်မပြင် နိုင်ဖြစ်သွားတတ်ပါတယ်။

ဒါကြောင့် ကြုံလာတဲ့ အခြေအနေတွေ မှာ ဆိုးတာတွေ ကိုလဲ တွေ့သလို ဘယ်လိုကောင်းတာတွေ ရှိ တယ်ဆိုတာကို ပါ မြင်အောင်ကြည့်တတ်မှ ဘ၀ ဟာ တစ်ဆင့်ချင်းတိုးတက်လာမှာ ဖြစ်ပါတယ်။

.

ဦးစိုင်းထီး ရဲ့ သီချင်းလေး တစ်ပုဒ်ကို အတော်သဘောကျပါတယ်။

"လူတစ်ယောက်ရဲ့ ကောင်းကွက် ချည်းပဲ... လိုချင်လို့တော့မရဘူးရယ်... ဒွန်တွဲတဲ့ ဆိုးကွက်လဲပါမယ်... အံဝင်ဂွင်ကျ ဆုတောင်းသမျှ ပြည့်စုံအောင် ဘယ်ဘုရားမှ မစွမ်းနိုင်ဘူး" ဆိုတဲ့ စာသားပါတဲ့ သီချင်းလေးပါပဲ။

လူတွေ မှာလည်း ကောင်းတာချည်း စုပေးထားသလို မရနိုင်သလို Dark Side ဆိုတဲ့ မကောင်းတဲ့ ဖက်ခြမ်း အဆိုးခြမ်းတွေ လဲ ရှိ တတ်ပါတယ်။

.

စက္ကူ ဖြူတစ်ရွက် ပေါ်မှာ အမည်းရောင် မှင် စက်ကလေး တစ်စက် ကျနေမယ် ဆိုပါစို့။

ဒါကို ညွှန်ပြပြီး ဘာမြင်သလဲ လို့မေးလိုက်ရင် လူ ၁၀၀ မှာ အများစုက အမဲစက်ကလေး ရှိတယ်လို့ ဖြေကြပါလိမ့်မယ်။

သေးငယ်လှတဲ့ အမည်းစက် ကလေးဟာ ဘေးနားက ကျယ်ပြောလှတဲ့ စက္ကူရွက်ရဲ့ အဖြူရောင် နယ်ပယ် နဲ့ ယှဉ်လိုက်ရင် နှိုင်းယှဉ်စရာ ကိုမလိုလောက်အောင် သေးငယ်နေပေမယ့်

လူတွေက ဒါလေးကို သာထောက် ပြကြပါလိမ့်မယ်။ ဒါဟာ သဘာ၀ ဖြစ်နေလို့ပါပဲ။ ဆိုတော့ နှစ်ပိုင်း ပေါ့။

ကိုယ်က ကြည့်တဲ့ သူဖြစ်တဲ့ အခါ အမည်းစက် အပြင် အဖြူရောင်ကိုပါ မြင်နိုင်ဖို့လိုပါတယ်။

ကိုယ်က စာရွက် ဖြူ ဖြစ်တဲ့ အခါမှာလည်း လူတိုင်း လက်ညှိုးဝိုင်းထိုးနေတဲ့ အမည်းစက်ကြောင့် ကျန် ဧရိယာ ကြီးတစ်ခုလုံးကို စွန့်ပစ် လက်လျော့လိုက်တာမျိုး မလုပ်မိဖို့လိုအပ်ပြန်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့တွေ အနေနဲ့ ဖြစ်ရပ် တစ်ခုခုကို ကြုံလာတဲ့အခါမှာ စက္ကူ ဖြူ တစ်ရွက်ပေါ်က အမည်းစက်လေး ဥပမာကို သတိရပြီး အမည်းစက်ကိုလဲ တွေ့သလို ကျန်တဲ့ အဖြူနေရာတွေ ကိုပါ သတိပြုမိအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

.

ပြောင်းပြန်အားဖြင့် မိမိ က ခံ ရသူ သို့မဟုတ် ဖြစ်ရပ်တစ်ခုအတွင်းက အာရုံစိုက်ခံရသူဖြစ် နေမယ် ဆိုရင်လဲ လူအများရဲ့ သဘာ၀ ဟာ မကောင်းတာ တစ်ခုလေးကိုပဲ ကွက်ပြီးမြင်တတ် တယ်ဆိုတာကို သိထား ဖို့လိုအပ်ပြန်ပါတယ်။

ကောင်းတာ ဆယ်ခါရှိပေမယ့် မကောင်းတစ်ခါလေးကိုပဲ မြင်ပြီး ဝေဖန်ကဲ့ရဲ့ ကြတဲ့ ပတ်ဝန်းကျင် ကလူတွေရဲ့ ပါးစပ်ဖျားလေးမှာ ကိုယ့်ဘဝကို အရှုံးမပေးလိုက်ဖို့လဲ လိုအပ်ပါ သေး တယ်။

.

အချုပ်အားဖြင့်ကတော့ ဘယ်လိုဖြစ်ရပ်မဆို အကောင်းအဆိုး ဒွန်တွဲ နေတာဖြစ်တဲ့ အတွက် မကောင်းတာကိုဖယ် ထုတ်ကာ ကောင်းတာကို ယူဆောင် အသုံးချနိုင်ရင်ဘဝတိုးတက်မှု တွေ မြန်ဆန်လာမှာ ဖြစ် ပါတယ်ဆိုတဲ့အကြောင်းကို ပြောချင်ပါတယ်ခင်ဗျား။

.

လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကိုလွယ်ကူစွာ ကျော် ဖြတ် စေနိုင်ပါတယ်။

.

Add new comment

2 + 2 =