စိန့်စီစီလျား St. Cecilia (နိုဝင်ဘာလ ၂၂)

စိန့်စီစီလျား St. Cecilia (နိုဝင်ဘာလ ၂၂)

စိန့်စီစီလျားသည် ဂီတသမားများ ကိုးစားရာ ရဟန္တာမ တစ်ဦးအဖြစ် ယေဘူယျအားဖြင့် မှတ်သားထားနိုင်သည်။ သူမအကြောင်း ရေးသားသည့် အခါတိုင်းတွင် သူမ၏ မင်္ဂလာဆောင်ပွဲတွင် ဂီတပညာရှင်များ တီးခတ်ဆိုမှုတ်နေချိန်၌ သူမသည် ဘုရားသခင်အား စိတ်နှလုံးသားအတွင်းမှ သီချင်းသီဆိုရင်း ဆုတောင်းသည်ဟု ရေးသားလေ့ရှိသည်။

စိန့်စီစီလျားအား ကက်သလစ် ခရစ်ယာန်အသင်းတော်၊ အရှေ့ပိုင်း ကက်သလစ် အသင်းတော်၊ အင်္ဂလိကန် အသင်းတော်၊ အရှေ့တိုင်း သြသိုဒေ့ါအသင်းတော်များက အသိအမှတ်ပြု လက်ခံကြကာ သူမ၏ ပွဲနေ့အား နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပကြသည်။ သူမသည် ကညာစင် အမိမယ်တော် မေရီ အပါအဝင် စိန့် ရဟန္တာ (၇) ပါးအား Canon of the Mass မစ္ဆား တရားဆိုင်ရာ ဥပဒေ စာအုပ်ကြီးတွင် ထည့်သွင်း ဖော်ပြထားခြင်း ခံရသည်။

စိန့်စီစီလျားအား စန္ဒယား၊ ပုလွေ၊ တယော၊ နှင်းဆီပန်းများ၊ စောင်းနှင့် သီချင်းသီဆိုမှုတို့ဖြင့် အမှတ်သင်္ကေတ ပြုသည်။ ကက်သလစ် အသင်းတော်၏ ဂီတသံစဉ်၊ နာမည်ကျော် ဂီတ အနုပညာသမားများ၊ ကဗျာဆရာများ၏ ကိုးစားရာ ရဟန္တာအဖြစ် သတ်မှတ်သလို ပြင်သစ်နိုင်ငံနှင့် (Archdioces of Omaha, Mar del Plata and Argentina) Omaha, Mar del Plata နှင့် Argentina သာသနာနယ်များ၏ ရဟန္တာ အဖြစ်လည်း သတ်မှတ်ကြသည်။

စိန့် စီစီလျား အကြောင်း ရာဇဝင်အဖြစ် အများလက်ခံကြသည်များ ရှိသော်လည်း ထိုအချက်အလက်များသည် သမိုင်းဝင် တည်ရှိနေသည်။ သူမကဲ့သို့သော ရဟန္တာများ အသက်အသေခံသည့် အကြောင်းအား ၅ ရာစု၊ ၆ ရာစုများတွင် ဖော်ပြသည်ဖြစ်၍ ၎င်းတို့သည် သမိုင်း အချက်အလက် အပေါ်တွင် အခြေခံသည်ဟု Johann Peter Kirsch က ဆိုခဲ့သည်။ စိန့်စီစီလျားနှင့် Valerianus ဗီလာရီရေးနုစ်၊ Tiburtius တိုင်ဘားတီးရပ်စ်နှင့် Maximus မက်ဆီမုဇ်တို့ အကြောင်းသည် သမိုင်း အခြေခံအချက်များ အရ Acts of the Martyrs အာဇာနည် ရဟန္တာများ အကြောင်းဟူသည့် စာအုပ်တွင် မှတ်တမ်းတင် ရေးသားထားသည်ဟု ယုံကြည်ကြသည်။

စိန့်စီစီလျား၏ ရဟန္တာပွဲနေ့ကို ၄ ရာစုကတည်းကပင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

သူမသည် ရောမမြို့၏ သူကောင်းမျိုးနွယ်မှ ဆင်းသက်လာပြီး လွန်စွာ ချမ်းသာသော မိသားစုမှ ပေါက်ဖွားလာသည်။ အဝတ်အထည် အကြမ်းကို ဝတ်ဆင်ကာ ဆုတောင်းခြင်း၊ ဝါရှောင်ခြင်းကြီးကာ သူမ၏ အပျိုစင်ဘဝအား စောင့်ရှောက်ပေးပါရန် ရဟန္တာများ၊ ကောင်းကင်တမန် Angel များအား အစဉ်အမြဲ ဆုတောင်းတတ်သူ ဖြစ်သည်။ သူမသည် ဘုရားသခင်အား အမြဲ ဆုတောင်းတတ်ကာ ဘုရားသခင်အား သီချင်းသီဆို ဂုဏ်ပြုတတ်သူလည်း ဖြစ်သည်။

သူမ၏ မိဘများက အတင်းအကြပ် ပေးစား၍ ဘုရားမဲ့ဖြစ်သူ Valerian ဗီလားရီးယမ်းအား လက်ဆက်ခဲ့ရသည်။ သူမ၏ လက်ထပ်ပွဲတွင် သူမသည် ဘုရားသခင်အား နှလုံးသားမှ သီချင်းသီဆို ဆုတောင်းနေခဲ့သည်။ စီစီလျားသည် သူမ၏ အပျိုစင်ဘဝကို ထိန်းသိမ်းလိုသဖြင့် သူမ၏ ခင်ပွန်းလောင်းဖြစ်သူ ဗီလားရီးယမ်းအား သူမ၏ အပျိုစင် ဘဝကို ဖျက်ဆီးလျှင် ကောင်းကင်သိကြားတမန် Angel သည် သူ့အား ဒဏ်ခတ်နှိပ်စက်မည် ဖြစ်ပြီး သူမ၏ အပျိုစင် ဘဝကို ထိန်းသိမ်း လေးစားပါလျှင် သိကြားတမန်သည် သူ့အား ကောင်းကြီးပေးမည်ဟု ပြောခဲ့သည်။ ခင်ပွန်းဖြစ်သူ ဗီလားရီးယမ်းက သိကြားတမန်အား မြင်လိုပါသည်ဟု စီစီလျာအား ပြောသောအခါ စီစီလျာက Via Appia ဒေသသို့သွားပါ၊ ထိုနေရာတွင် သင် သိကြားတမန်အား တွေ့လိမ့်မည်။ သင့်အားလည်း ပုပ် အာဘန်က ဆေးကြောခြင်း ပေးလိမ့်မည်ဟု ပြောဆိုလိုက်သည်။ ထိုဒေသသို့ ခင်ပွန်းသည် ဗီလားရီးယမ်း သွားသောအခါ စီစီလျားအား သိကြားတမန်က နှင်းဆီပန်းနှင့် လီလီပန်းများဖြင့် ပြုလုပ်ထားသော သရဖူအား ခေါင်းပေါ်တင်ပေးသည်ကို မြင်တွေ့ခဲ့သည်။ ဤသို့ဖြင့် ဗီလားရီးယမ်းသည် ခရစ်ယာန်တစ်ဦး ဖြစ်လာသည်။

စီစီလျာ၏ ခင်ပွန်းဖြစ်သူ ဗီလားရီးယမ်း ခရစ်ယာန် တစ်ဦး ဖြစ်လာရုံမျှမက ညီဖြစ်သူ တိုင်ဘားတီးရပ်စ် Tiburtius သည်လည်း ခရစ်ယာန် ဖြစ်လာသည်။ စီစီလျာ၏ ခင်ပွန်း ညီအစ်ကို နှစ်ဦးသည် ခရစ်ယာန်များ ဖြစ်လာပြီးသည့်နောက် နေ့တဓူဝ အသတ်ခံနေရသော ခရစ်ယာန်များအား ဂူသွင်း မြေမြုပ်ပေးသည့် အလုပ်အား လုပ်ဆောင်ခဲ့သည်။ သို့သော် ဒေသခံ အုပ်ချုပ်သူ Prefect တာစီးယပ်စ် အယ်မားခီးယပ်စ် Turcius Almachius လက်ထက်တွင် ခရစ်ယာန်များအား ကွပ်မျက်ရန် အမိန့်ကြောင့် စီစီလျာ၏ ခင်ပွန်းနှင့် ညီဖြစ်သူတို့ ဖမ်းဆီးကာ ရောမနတ်ဘုရားများအား ပူဇော်ပသရန် ညွှန်ကြားခဲ့သော်လည်း ငြင်းဆန်သောကြောင့် သေဒဏ်ပေးခဲ့သည်။

စီစီလျာသည် သူမ၏ ခင်ပွန်း ညီအစ်ကိုတို့ အသတ်ခံပြီးသည့်နောက် တရားဒေသနာ ဟောပြောခြင်းကို စဉ်ဆက်မပြတ် ပြုခဲ့သည်။ သူမ၏ ဟောပြောချက်ကြောင့် လူပေါင်း ၄၀၀ ခရစ်ယာန်များ ဖြစ်လာကြပြီး ၎င်းတို့အားလုံးကို ပုပ်ရဟန်းမင်းကြီး အာဘန် Urban က ဆေးကြောခြင်းပေးခဲ့သည်။ ရောမအာဏာပိုင်များက စီစီလျားအား တွေ့ရှိခဲ့ပြီး သူမကို သေဒဏ်စီရင်ခဲ့သည်။ ရှေးဦးစွာ သူမအား ရေချိုးရာ အများသုံး ရေကန် အဆောက်အအုံအတွင်း ပိတ်၍ မီးခိုးများ၊ မီးပြင်း မီးတောက်များဖြင့် မွန်းကြပ်သေစေရန် တစ်ရက် တစ်ည ပိတ်လှောင်ထားခဲ့သည်။ ယင်းနောက် သူမအား စစ်ဆေးသောအခါ အသက်ရှင်နေရုံမက ချွေးပင် တစ်စက် မပြန်သည်ကို သတိပြုမိသဖြင့် Almachius အယ်မားခီးယပ်စ်သည် စီစီလျားအား ခေါင်းဖြတ်စီရင်ရန် အမိန့်ချပြန်သည်။

ဒဏ္ဍာရီအရ သူမအား ခေါင်းဖြတ်ရာ ခုတ်ချက် (၃) ချက်အထိ မသေသဖြင့် သေဒဏ်စီရင်သူက သူမအား ချန်ထားခဲ့သည်။ စီစီလျာသည် လည်ပင်းတွင် ခုတ်ပြတ်ဒဏ်ရာ (၃) ချက်ဖြင့် (၃) ရက်တိုင်တိုင် မသေမရှင် ဖြစ်နေခဲ့သည်။ စီစီလျာသည် မသေဆုံးမီ သူမအား လာရောက်ကြည့်ရှုသော လူအများအား တရားဟောပြောခြင်း၊ ဆုတောင်းခြင်းများ ပြုလုပ်ရင်း နေခဲ့သည်။ လူအများသည် သူမ ကိုယ်မှ စီးထွက်လာသော သွေးများအား အမြတ်တနိုး ယူဆောင်ကြသည်။ ၃ ရက်ပြည့်သောနေ့တွင် စီစီလျာသည် ဒဏ်ရာကြောင့် သေဆုံးခဲ့ပြီး ပုပ်ရဟန်းမင်းကြီး အာဘန်နှင့် ဒီကန်များ၊ လက်ထောက် ကိုရင်ကြီးများက မြုပ်နှံပေးခဲ့သည်။

စီစီလျားအား ဂီတသံစဉ်၏ ရဟန္တာအဖြစ် သတ်မှတ်သည့် နောက်အကြောင်းရင်းမှာ သူမ၏ နှလုံးသားတွင် ကောင်းကင်မှ တေးသံစဉ်များအား ကြားနေရသည်ဟု ဆိုစမှတ်ရှိသောကြောင့် ဖြစ်သည်။ သူမသည် သူမ၏ အိမ်အား ဘုရားကျောင်း အဖြစ် ပြောင်းလဲပစ်ရန် မသေခင် ပုပ်ရဟန်းမင်းကြီး ပထမမြောက် Urban အာဘင်အား ပန်ကြားခဲ့သည်။ ထိုစဉ်ကတည်းမှ စီစီလျာအိမ်သည် ဘုရားကျောင်း အဖြစ် အသင်းတော်မှ အစဉ်အဆက် သတ်မှတ်ကာ လှပခန့်ညားသော ဘုရားကျောင်းကြီးကို သူမ အိမ် အပေါ်တွင် ဆင့်ကာ တည်ဆောက်ခဲ့သည်။

အေဒီ ၅၀၀ တွင် ကက်သလစ် အသင်းတော်၏ သာသနာ့ အစည်းအဝေးကြီးကို ထို စိန့်စီစီလျာ ဘုရားကျောင်းတွင် ပုပ်ရဟန်းမင်းကြီး Symmachus က ဦးဆောင်ကျင်းပခဲ့သည်။ အစဦးတွင် စီစီလျား၏ ရုပ်ကလာပ်အား St. Callistus Catacombs စိန့် ကာလစ်တုစ် အမည်ရ မြေအောက်သချိုင်း အတွင်း မြုပ်နှံခဲ့သည်။ နှောင်းပိုင်း စိန့်စီစီလျား ရုပ်ကလာပ်အား Trastevere ဒေသရှိ Church of Santa Ceciilia ဘုရားကျောင်းသို့ ပြောင်းရွေ့ခဲ့သည်။

ခရစ်သက္ကရာဇ် ၁၅၉၉ ခုနှစ်တွင် စီစီလျာ၏ ရုပ်ကလာပ်သည် မပျက်မစီး မပုပ်မသိုးပဲ တည်ရှိနေသည့် အပြင် စီစီလျာ၏ ရုပ်သည် အိပ်ပျော်နေသကဲ့သို့ ဖြစ်နေကြောင်း မှတ်တမ်းများက ဖော်ပြခဲ့သည်။ စိန့်စီစီလျားသည် မပုပ်မသိုးသည့် စိန့်များထဲတွင် ပထမဆုံး စိန့်ဖြစ်သည်။

ထိုဘုရားကျောင်းသည် စိန့်စီစီလျား နေခဲ့သော အိမ်နေရာတွင် စဉ်ဆက်မပြတ် ထပ်ခါထပ်ခါ တည်ဆောက်နေခဲ့သော ဘုရားကျောင်း ဖြစ်သည်။ စိန့် စီစီလျား ဘုရားကျောင်းကို ၄ ရာစုတွင် စတင် တည်ဆောက်ထားခဲ့သည်။ ၉ ရာစုတွင် ပုပ်ရဟန်းမင်းကြီး Paschal ပထမမြောက် ပါစကယ်သည် စိန့် စီစီလျား၏ ရုပ်ကလပ်အား ထိန်းသိမ်းထားခဲ့သည်။ ယင်းနောက် သက္ကရာဇ် ၁၅၉၉ ခုနှစ်တွင် စိန့်စီစီလျာ၏ ရုပ်ကလာပ်အား ပုပ်ဂရေဂိုရီ ၁၄ ၏ တူတော်စပ်သူ ကာဒီနယ် Paolo Emilio Sfondrati ပေါ်လို အီမီးလီယို စဖွန်ဒရာတီက ထိန်းသိမ်းထားသည်။ ထိုနှစ် ၁၅၉၉ တွင်ပင် စိန့်စီစီလျား ဘုရားကျောင်းအား အသစ် ပြန်လည် တည်ဆောက်ခဲ့သည်။

ကာဒီနယ်က သချိုင်းဖွင့်ကြည့်သောအခါ စိန့်စီစီလျား၏ ရုပ်ကလာပ်သည် အကောင်းအတိုင်း ရှိသေးကြောင်း မှတ်တမ်းပြုစုထားခဲ့သည်။ သူမ၏ ရုပ်ကလာပ်အား ပိုးထည်များဖြင့် ပတ်စည်းထားကာ ရွှေကွပ်ထားသည့် အကျီင်္အား ဝတ်ဆင်ထားသည်ဟု သူမ သချိုင်္င်းဖွင့်သည့် အရာရှိများက မှတ်တမ်းတင်ထားသည်။ ထိုအရာရှိများသည် စိန့်စီစီလျာ၏ အသွင်အပြင် မပုပ်သိုး မပျက်စီးပဲ ရှိသည်ကို တွေ့ရှိပြီးနောက် မည်သည့် ဆန်းစစ်မှုများကိုမှ ဆက်လက် မလုပ်တော့ပေ။ သူမ၏ ရုပ်ကလာပ်မှလည်း အလွန် မွှေးကြိုင်သည့် အနံ့အသက်ရကြောင်း မှတ်တမ်းတင်ဖော်ပြခဲ့သည်။ ထိုရုပ်ကလာပ်အား Trastevere ဒေသရှိ Church of Santa Ceciilia ဘုရားကျောင်းတွင် မစ္ဆားစင်၌ တည်ထားသည်။

စီစီလျား အမည်၏ အဓိပ္ပာယ်

စီစီလျားသည် ရောမ လက်တင် အမည် “Caicilii” မှာ ဆင်းသက်လာသည်။ စာရေးစရာ Chaucer ချော်ဆာ၏ “The Second Nun’s Tale” ဝတ္ထုတွင် စီစီလျားဟူသည့် အဓိပ္ပာယ်အား မိုးကောင်းကင်၏ လီလီပန်း၊ မျက်မမြင်များအား အတွက် လမ်းအပြင် အခြား အဓိပ္ပာယ်ဖွင့်ဆို ဖော်ပြထားသည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၅၀ ခန့် အေဒီ ၁၅၇၀ ခုနှစ်၌ နော်မန်ဒီရှိ Evreux ဒေသတွင် စိန့်စီစီလျားအား အစွဲပြုကာ ဂီတပွဲတော်ကို စတင် ကျင်းပခဲ့သည်။ ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး ဂီတကျောင်းကို အီတလီနိုင်ငံ ရောမမြို့တွင် စီစီလျားအား အမည်ပြုကာ Accademia Nazionale di Santa Cecilia (National Academy of Saint Cecilia) ဖြစ်သည်။ ထို စိန့်စီစီလျား ဂီတကျောင်းအား ၁၅၈၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ပုပ်ရဟန်းမင်းကြီး Sixtus V ဆစ်တုစ် (၅)၏ Ratione Congruit အမည်ရ စာချွန်တော်ဖြင့် အမိန့်ရ တည်ဆောက်ခဲ့သည်။ ထိုစာချွန်တော်တွင် စိန့် ရဟန္တာ နှစ်ဦးအား ဂီတအနုပညာ၏ ကိုးစားရာ ရဟန္တာများ အဖြစ် သတ်မှတ်ခဲ့သည်။ ၎င်းတို့မှာ ဂရီဂိုးရီးယမ်း ဆုတောင်းသံစဉ်အား အစွဲပြုထားသော စိန့် ပုပ် မဟာ ဂရီဂိုရီ Gregory the Great နှင့် စိန့် စီစီလျားတို့ ဖြစ်သည်။

စီစီလျား ပွဲနေ့သည် ဂီတပွဲများ ကျင်းပကြသလို ကဗျာစပ်ဆိုခြင်းများကိုလည်း ကျင်းပကြသည်။ ထိုကဗျာပွဲများတွင် နာမည်ကျော် ကဗျာဆရာကြီးများ ဖြစ်သော Alexander Pope အလက်ဇန်းဒါး ပုပ်နှင့် John Dryden ဂျွန် ဒရိုင်ဒင်တို့လည်း ပါဝင်လေ့ရှိခဲ့သည်။ ဂီတသီချင်းများတွင် Henry Purcell က စိန့်စီစီလျား ဂုဏ်ပြုတေး (Ode to St. Cecilia)၊ George Frideric Handel ကမ္ဘာကျော် ဂီတဆရာ ဟန်ဒဲ Handel က (Ode for St. Cecilia’s day, Alexander’s feast)ဟူ၍ လည်းကောင်း၊ Charles Gounod က (St. Cecilia Mass)ဟူ၍ လည်းကောင်း အသီးသီး စပ်ဆိုခဲ့သည်။

ကဗျာဆရာ၊ ဂီတပညာရှင်များသည် စိန့်စီစီလျားအား ဂုဏ်ပြုတေးများအား စဉ်ဆက်မပြတ် မရေမတွက်နိုင်အောင် စပ်ဆိုခဲ့ကြပေသည်။ ၁၉၉၄ ခုနှစ် ပိုလန်နိုင်ငံ Police ဒေသတွင် ၁၉၉၄ ခုနှစ်မှ စ၍ ဘာသာရေးအခမ်းအနားများတွင် သီဆိုသည့် သံပြိုင်တေးများ အပြင် အမျိုးမျိုးသော ဂီတပွဲများကို စိန့် စီစီလျားကို အစွဲပြု နှစ်စဉ်အလိုက် ကျင်းပလာပေသည်။ ထိုပွဲတော်ကို စိန့်စီစီလျား စကားလုံးမှ ဆင်းသက်လာသည့် Cecyliada စီစီလီယာဒါဟု အမည်ပေးထားသည်။

"စိန့် စီစီလျာ၏ အောက်မေ့ဖွယ်ရာနှင့် အမွေအနှစ်"

စီစီလျာအား မစ္ဆားတရားတွင် သီဆိုသည့် ဂီတသံသာတွင် Music to the Liturgy အဓိက အခန်းကဏ္ဍ အဖြစ် သတ်မှတ်ကြသည်။

ဤတွင် ကက်သလစ် အသင်းတော်၏ လှပသော လုပ်ထုံးလုပ်နည်း ထုံးတမ်း အစဉ်အလာ တစ်ခုအား ဖော်ပြလိုပါသည်။

Archbishops of Metropolitan လူနေထူထပ်သော ဒေသ၏ ဆရာတော်ချုပ်များ အသစ်ခန့်အပ်သည့် အခါတွင် ဆရာတော်များ၏ လည်ပင်းတွင် ဆွဲသည့် Pallium အား စိန့်စီစီလျား စစ္စတာ အသင်းဂိုဏ်းမှ စစ္စတာများက သိုးမွှေးမှ ချုပ်လုပ်လေ့ရှိသည်။ စိန့်စီစီလျား စစ္စတာအသင်းမှ ချုပ်လုပ်ရန် သိုးများအား ရောမမြို့၏ Tre Fontane (Three foundations) Abbey ရသေ့ကျောင်းမှ Tappist တစ်ပစ် ဘုန်းတော်ကြီးများမှ မွေးမြူထားသည့် သိုးများ ဖြစ်သည်။ ထိုမွေးမြူသည့် သိုးငယ်များအား ပုပ်ရဟန်းမင်းကြီးက နှစ်စဉ် နှစ်တိုင်း စိန့်အဂ္ဂနက်စ် St. Agnes ပွဲနေ့ဖြစ်သော ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကောင်းကြီးပေးပါသည်။ ဤသို့ဖြင့် စိန့်စီစီလျား စစ္စတာများ ရက်လုပ်ထားသော ဆရာတော်သင်္ကန်းတွင် သုံးသည့် လည်စည်း Pallia ကို ပုပ်ရဟန်းမင်းကြီးက ဆရာတော်ကြီးများ Archbishops အား ဇွန်လ ၂၉ ရက်နေ့၊ စိန့် ပီတာနှင့် စိန့် ပေါလ် ပွဲနေ့ကြီးတွင် ပေးအပ်ပါသည်။

စိန့်စီစီလျား စစ္စတာ အသင်းဂိုဏ်းအကြောင်း ပြောရမည်ဆိုလျှင် ၎င်းအသင်းအား Isle of Wight ကျွန်းတွင် ၁၈၈၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ စစ္စတာရ်များသည် စိန့်ဘက်နဒစ်၏ ကျင့်စဉ်စည်းကမ်းအား လိုက်နာကာ ဆုတောင်းခြင်း၊ အလုပ်နှင့် လေ့လာ ဆည်းပူးမှုများဖြင့် ရသေ့ကျောင်းပုံစံ နေထိုင်ကျင့်ကြံကြပါသည်။

Credit: Lawrence Jangma Mung Song

 

Add new comment

10 + 1 =