ကြေးစားဘောလုံးသမားဘဝမှ ရဟန်းတစ်ပါးဖြစ်လာသူ Chase Hilgenbrinck

ကြေးစားဘောလုံးသမားဘဝမှ ရဟန်းတစ်ပါးဖြစ်လာသူ Chase Hilgenbrinck

Chase Hilgenbrinck သည် အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် ကွင်းစီမြို့တွင် ၁၉၈၂ ခုနှစ် ဧပြီလ ၂ ရက် နေ့တွင် မွေးဖွားခဲ့သူဖြစ်သည်။ ငယ်ရွယ်စဉ်ကတည်းက မိဘနှစ်ပါးမှ Chase တို့ ညီအစ်ကိုအား တနင်္ဂနွေနေ့ တိုင်း ဘုရားကျောင်းခေါ်သွားသည်။ ညီအစ်ကိုနှစ်ယောက်လုံးက မစ္ဆားတရားတွင် တရားထောက်လေ့ရှိသည်။

ငယ်ငယ်ကတည်းက ဘောလုံးကစားသည်ကို ဝါသနာပါသဖြင့် မိမိတက်ခဲ့ရသော စာသင်ကျောင်းများ၊ တက္ကသိုလ်ကျောင်းများ၊ ကလပ်အသင်းများ၌ ပါ၀င်ယှဉ်ပြိုင် ကစားခဲရာ ထူးချွန်ဆုများ ရရှိခဲ့သည်။ ၂၀၀၄ ခုနှစ် ဘွဲ့ရပြီးသည့်နောက် ချီလီနိုင်ငံရှိ ဘောလုံးကလပ်များ၌ စာချုပ်ချုပ်ဆိုပြီး သွားရောက်ပါ၀င်ကစားခဲ့သည်။ ချီလီ နိုင်ငံတွင် ဘောလုံးရာသီ လေးရာသီ ကစားပြီးနောက် အမေရိကသို့ပြန်လာကာ အမေရိကန်၏ အဓိက ဘောလုံးအသင်းဖြစ်သော Colorado Rapids အသင်း၌ ၀င်ကစားခဲ့သည်။ မကြာခင်မှာပင် New England Revolution အသင်းက ခေါ်၍ ထိုအသင်းနှင့် လက်မှတ်ထိုး စာချုပ်ချုပ်ဆိုခဲ့သည်။

Chase Hilgenbrinck ၏ နောက်ဆုံးကစားပွဲမှာ ၂၀၀၈ ခုနှစ်
ဇူလိုင်လ (၁၃) ရက်နေ့ မက်ဆီကန် ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားသောပွဲဖြစ်သည်။ နာမည်ကျော် နောက်တန်းကစား ဘောလုံးသမားဘ၀နှင့် အနာဂတ်လှပနေသော Chase သည် ၂၀၀၈ ခုနှစ် ဇူလိုင် (၁၄)ရက်နေ့တွင် ကက်သလစ်ရဟန်းတစ်ပါးဖြစ်ရန် ကြေးစားဘောလုံးသမားဘ၀မှ အနားယူလိုက်တော့သည်။

ရင်တွင်း၌ ရဟန်းတစ်ပါးဖြစ်လိုသောစိတ် တဖွားဖွားဖြစ်နေသဖြင့် ခေါ်တော်မူခြင်း လမ်းညွှန်ဘုန်းတော် ကြီးအား ရဟန်းဖြစ်လိုသည်ဟ ဖွင့်ဟပြောကြားသောအခါ ဘုန်းတော်ကြီးက Chase အား အလွန်များပြားသော မေးခွန်းထုတ်ကို ပေးလိုက်သည်။ ထိုမေးခွန်းများစွာကို ဖြေရသည်သာမက မိမိဘ၀အကျဉ်းချုပ်အကြောင်းကို စာမျက်နှာ ၂၀ နီးပါးရေးရသည်။ တစ်ရက်အတွင်းမှာပင် ရေးဖြေ (၅) ခု ပြုလုပ်ခဲ့ရပြီး ထိုအဖြေလွှာကို စိတ်ပညာရှင်သုံးဦးက လေ့လာ အကဲဖြတ်ခဲ့ကြသည်။

"ဘာကြောင့် ဒီလောက်ပျော်စရာကောင်းတဲ့ ဘောလုံးသမားဘ၀ကို စွန့်လွှတ်ရတာလဲ" ဟု သူ၏ သူငယ်ချင်းများက မေးသောအခါ "ဘုရားသခင်က သူပေးထားတဲ့ ကျေးဇူးတော်တွေကို ဖျက်သိမ်းတာ မဟုတ် ပါဘူး။ နောက်ပုံစံတစ်မျိုးအဖြစ်အသုံးပြုဖို့ တောင်းဆိုတာ ဖြစ်မှာပါ။ အခု ရဟန်းဖြစ်တက္ကသိုလ်မှာလည်း ကျွန်တော်ဟာ ရဟန်းဖြစ်တက္ကသိုလ်တွေကြား ယှဉ်ပြုင်ကြရသည့်အတွက် သူတို့ကို ဦးဆောင်လေ့ကျင့်ပေးနေ သူဖြစ်နေပါတယ်။ မကြာခဏဆိုသလိုလည်း လူငယ်အားကစားသမားများကို ယုံကြည်ခြင်းနှင့် အားကစားတို့ရဲ့ တစ်ခုနဲ့တစ်ခု အကျိုးပြုကြတဲ့အကြောင်းတွေကို ပြောဖို့ ဖိတ်ခေါ်ခံရပါတယ်" ဟု Chase က ပြန်ရှင်းပြလေ့ရှိသည်။
"အားကစားအပေါ် ကျွန်တော်ထားရှိတဲ့ အမြင်က ပြောင်းလဲသွားပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း ပြောင်းလဲသွားပြီ။ ဒီလို ပြောင်းလဲမှုတစ်ခု ကျွန်တော့်ဘ၀မှာ လိုအပ်နေတယ်ဆိုတာ ဘုရားသခင်က ကြိုသိပြီးသားပါ။ ကက်သလစ်ရဟန်းတစ်ပါးဖြစ်ရတာ ကျွန်တော်အရမ်းပျော်ပါတယ်"

Chase Hilgenbrinck သည် ၂၀၁၄ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ကက်သလစ်ရဟန်းသိက္ခာတော်မြတ်ကို ခံယူကာ Diocesean ရဟန်းတစ်ပါးဖြစ်လာခဲ့ပါသည်။

Ref; www. Catholic Post.com
လူငယ့်မိတ်ဆွေ
အတွဲ(၄) အမှတ်စဉ် (၁၆)၊ ၂၀၁၃ ခုနှစ်အား ကိုးကားပြန်လည်ဖော်ပြသည်။

Add new comment

4 + 3 =