ကက်သလစ်ရဟန်းတော်

ဒီကနေ့အတွက်ကက်သလစ်ရဟန်းတော်ဆိုတဲ့အကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

"ရဟန်းသိက္ခာမင်္ဂလာ" ကို ဖန်ဆင်းပေးထားခဲ့ခြင်းဟာ လူသားတွေအတွက် ဘုရားရဲ့ အကြီးမားဆုံး ကျေးဇူးတော်တွေထဲက တစ်ခုပါပဲ။

"ကက်သလစ်ရဟန်းတော်" ဆိုတာ အားနည်းတတ်တဲ့ အပြစ်သား လူသားတွေအတွက် ပြန်ကုစားဖို့ အသက်သွေးကြောတစ်ခုဖြစ်တယ်လို့ပြောရင် မှားမယ်မထင်ပါဘူး။

ကက်သလစ်ရဟန်းတစ်ပါးဟာ ရဟန်းဝိနည်းတွေအတိုင်းနေထိုင်ကျင့်ကြံမယ်ဆိုရင် ဝိညာဉ်ရေးပိုင်း မှာရော၊ ပညာ၊ ဗဟုသုတအပြင်၊ ပါရမီပိုင်းတွေမှာပါ သာမန်လူဝတ်ကြောင်တွေထက် သာကိုသာနေရမှာ ဖြစ်တယ်။

ဘာ့ကြောင့်လဲဆိုတော့ သူက ဝိညာဉ်ရေးရာနဲ့ပတ်သက်လာရင် ဆရာဝန်တစ်ယောက်ပဲလေ။

စိတ်ဒဏ်ရာရနေတဲ့သူတွေ၊ ဝန်လေးပြီးပင်ပန်းနေတဲ့သူတွေ၊ အပြစ်သည်တွေ၊ အားငယ်တတ်သူတွေ၊ ပစ်ပယ်ခံရသူတွေ၊ အသိမ်ငယ်ဆုံးသောသူတွေ၊ မတရားစွပ်စွဲခံရသူတွေ စသဖြင့်ပေါ့လေ၊ ဒီလိုလူတွေ အားလုံးကို ကုသပေးရမယ့်သူပဲဖြစ်ပါတယ်။

ဒါကြောင့် ဘုရားကလည်း သူ့အလိုတော်အတိုင်းဆောင်ရွက်ပေးမယ့်ရဟန်းမျိုး၊

သူ့ရွှေစိတ်တော်နဲ့ တွေ့တဲ့ရဟန်းမျိုးကိုသာ အလိုရှိတော်မူပြီး သူတို့ကို ပညာအလိမ္မာတွေနဲ့ပြည့်စုံစေမယ်၊

ပြီးတော့ အားနည်းသူ အပြစ်သည် လူသားတွေအတွက် စေလွှတ်ပေးမယ်လို့လည်း ကတိထားတော်မူခဲ့တာကိုလည်း တွေ့ရပတယ်။ (I shall give you shepherds after my own heart, who will pasture you wisely and discreetly.)

အဲဒါကြောင့် ကက်သလစ်ရဟန်းတော်တွေဟာ သာမန်လူသားတွေ နေထိုင်သွားလာအသက်ရှင် နေကြတဲ့ ပုံစံထက်ကိုပိုပြီး သိသိသာသာ ကွဲပြားနေရမှာဖြစ်သလို၊ ကျင့်ကြံဆောက်တည်ရမယ့် ပါရမီပိုင်းမှာ ရော၊

ပညာအလိမ္မာပိုင်းမှာပါ သာမန်လူတွေထက် လုံးဝ သာလွန်နေရမှာ ဖြစ်ပါတယ်။ စွန့်လွှတ်စွန့်စားရဲတဲ့ သတ္တိတွေရှိဖို့ ပြီးတော့ ကျမ်းတတ်ဆရာတွေ၊ ဖာရေဇေဦးတွေထက် သာအောင်ကျင့်ကြံဖို့ဆိုပြီး တကယ်လို အပ်လို့ သွန်သင်ထားတာတွေလည်းရှိပါတယ်။

ဒီလိုမျိုးမဟုတ်ဘဲ တကယ်လို့သာ တစ်စုံတစ်ယောက်ကို၊ ဒါမှမဟုတ် အရာဝတ္ထု၊ ဥစ္စာပစ္စည်းတစ်ခုခုကို ခရစ်တော်ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်ထက် ပိုပြီးတန်ဖိုး ထားနေမယ်ဆိုရင် အဲဒီ ရဟန်းဟာ ဘုရားနဲ့ လုံးဝမထိုက်တန်သူလို့ ကျမ်းစာနဲ့အညီဆိုရပေလိမ့်မယ်။

အကောင်းနဲ့အဆိုးကိုနေ့စဉ်နေ့တိုင်း ရွေးချယ်ပြီးအသက်ရှင်နေရတဲ့ လူသားအားလုံးရဲ့ဘဝတွေ အတွက် ဘုရားသခင်ရဲ့အလိုတော် (စီမံကိန်း) ဟာဘယ်လိုရှိနေသလဲဆိုတာကိုသိရှိဖို့ သွန်သင်လမ်းပြပေးမယ့်

သူတွေဟာ အဲဒီ ကက်သလစ်ရဟန်းတွေဖြစ်နေသလို၊ သူတို့သွန်သင်လမ်းပြပေးဖို့အတွက်လည်း သူတို့ တတွေဆီမှာ အဓိကတာဝန်ရှိနေပါတယ်။

ဘာကြောင့်လည်းဆိုတော့ "ကက်သလစ်ရဟန်းတော်" ဆိုတာ ဘုရားရှင်ရဲ့ သီးသန့်ရွေးကောက်ခြင်းခံထားရသူ (ဘိသိတ်ပေးထားခြင်းခံရသူ) ဖြစ်နေလို့ပါပဲ။

ကက်သလစ်ရဟန်းတော်တွေဟာ ဒီကမ္ဘာလောကထဲမှာ အသက်ရှင်နေကြပေမယ့်၊ ဒီကမ္ဘာလောကနဲ့ ဆိုင်သူတွေတော့ မဟုတ်ကြပါဘူး။

ဒါပေမယ့် သူတို့တတွေဟာလည်း လူသားထဲကလူတွေဖြစ်နေကြ ပြန်တော့ "ဆား" ရဲ့အရသာတွေ လျော့သွားတာတို့၊ ဓါတ်ပြယ်သွားတာတို့ ဖြစ်နိုင်ပါတယ်။

ရှိလည်းရှိတတ်ပါ တယ်။ ဖြစ်လည်းဖြစ်နေပါတယ်။ ဖြစ်လည်းဖြစ်နေဦးမယ်။

ကက်သလစ်ရဟန်းတစ်ပါးကို သူ အမှားထဲမှာ ရှိနေတာတောင်မှ သူ့ကို ဘယ်တော့မှ မတိုက်ခိုက် ပါနဲ့။

ဒါပေမယ့် အဲဒီရဟန်းကို သူ့အပြစ်တွေကို သူပြန်သိလာပြီး၊ နောင်တရ၊ ပြန်ပြုပြင်စေဖို့ အဲဒီရဟန်းရဲ့ အပြစ်အမှားအားနည်းချက်တွေကို တွေ့ရှိထားသူတွေ၊ သိရှိထားသူတွေအနေနဲ့ အဲဒီရဟန်းကို ကူညီပေးကြ ရမှာဖြစ်တယ်။

ယုံကြည်သူညီအစ်ကိုမောင်နှမများအနေနဲ့ အဲဒီရဟန်းအတွက် တထူးတခြားဆုတောင်း ပေးခြင်းနဲ့၊ ခြိုးခြံခြင်းတွေပြုလုပ်ပေးခြင်းအားဖြင့် သူ့ကိုဝိုင်းဝန်းကူညီကြမယ်ဆိုရင် ဘုရားရှင်က အဲဒီရဟန်းကို ပြုပြင်ပြောင်းလည်းပေးတော်မူမှာဖြစ်တယ်။

လူတစ်ယောက်အကျင့်တရား ပြောင်းလဲဖို့ဆိုတာ က ဘုရားနဲ့ အဲဒီပုဂ္ဂိုလ်နဲ့ပဲဆိုင်တယ်။

အပြစ်သည် လူသားတစ်ယောက် နောင်တရပြီး ပြုပြင်ပြောင်းလဲဖို့ ဘုရားရှင်ကအလိုရှိတော်မူသလို၊ လူတို့ရဲ့ လွတ်လပ်မှုကိုလည်း ဘုရားရှင်က လေးစားတော်မူပါသေးတယ်။

ဘုရားက လူသားတစ်ယောက် အပြစ်ထဲကရုန်းထွက်လွတ်မြောက်ဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ ကြိုးစားနေ တာကိုလည်း လူသားတွေဆီမှ တောင်းခံသူလည်းဖြစ်ပါတယ်။

ခရစ်တော်ဘုရားရှင်ဟာ သာသနာတော်ကြီးကို စတင်တည်ထောင်ခဲ့တဲ့အချိန်မှာ ရဟန်းတော်တွေ လိုက်နာကျင့်ကြံဖို့အတွက် လမ်းညွှန်ချက်တွေ လုံလုံလောက်လောက်နဲ့ကို ပေးထားခဲ့ပြီးဖြစ်ပါတယ်။

ကျမ်းတတ်ဆရာတွေ၊ ဖာရီဇေဦးတွေလိုမကျင့်ကြဖို့၊ ကောင်းတဲ့သိုးထိန်းတွေဖြစ်ကြဖို့၊ ကောင်းတဲ့အစေခံ တွေဖြစ်ကြဖို့ စသည်ဖြင့်ပေါ့လေ ....

ပိုပြီးအရေးကြီးတဲ့အချက်တစ်ချက်ကတော့ ဘုရားက သိုးသားရေခြုံထားတဲ့ဝံပုလွေ (နောက်လိုက်တွေ) တွေကို အရွံရှာဆုံးပဲ။

လူတစ်ဦးတစ်ယောက်ကိုပဲဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကိုပဲဖြစ်စေ လမ်းမှားပြီး မဦးဆောင်သွားဖို့က အရမ်းအရေးကြီးပါတယ်။

ဘုရားရဲ့သားသမီးတွေကို လမ်းမှားအောင် ဦးဆောင်နေတဲ့သူတွေကို လည်ပင်းမှာကြိတ်ဆုံဆွဲစေပြီး ပင်လယ်နက်ထဲမှာ အစဖျောက်လိုက်တာ

အကောင်းဆုံးပဲလို့ ဆိုဆုံးမထားတာကလည်း တစ်နေ့တစ်ချိန် ဖြစ်လာနိုင်တယ်ဆိုတာ ဘုရားက သိနေလိုပါပဲ။

ကက်သလစ်ရဟန်းတော်တွေဟာ ဘုရားကို ကိုယ်စားပြုတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် ရဟန်းတော်များအနေနဲ့ ဘုရားသခင်စိတ်တော်တွေ့အောင်၊

ဘုရားရှင်ရဲ့အလိုတော်အတိုင်း ကျင့်ကြံအား ထုတ်ကြိုးစားနေထိုင်ကြရမှာဖြစ်တယ်။ ဒါပေမယ့် ရဟန်းတော်တွေက အကြောင်းအမျိုးမျိုးကြောင့် လမ်းမှား ရောက်နေရင်တောင်မှ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနေပါသေးတယ်။

ကက်သလစ်ရဟန်းတစ်ပါး ပါရမီပိုင်းမှာ ကျင့်ကြံအားထုတ်မှုနည်းပြီး လဲကျသွားတဲ့အခါမှာ ဆုတောင်းပေးခြင်းအားဖြင့်၊

စိတ်ဓာတ်ရေးရာအားပေးခြင်းအားဖြင့် အဲဒီရဟန်းကိုဝိုင်းဝန်းကူညီဖေးမရမှာဖြစ် တယ်။ အဲဒီ ရဟန်းကို ပြစ်တင်၊ ဝေဖန်၊ ရှုတ်ချရမှာမဟုတ်ဘူး။

အပြစ်မရှိတဲ့သူက အပြစ်ရှိတဲ့သူကို အရင်ခဲနဲ့ထု လို့ဆိုထားတာကို ပြန်လည်သတိရသင့်သလို၊

အခြေနေတွေ ဒီထက်ပိုမဆိုးသွားအောင် အောက် ခြေမှာပြေလည်အောင် ပြုပြင်ပြောင်းလည်း ညှိယူဆွေးနွေးသင့်တယ်ဆိုတာတွေလည်း

ဘုရားကိုယ်တိုင် သင်ကြားပေးထားပြီးသားဖြစ်ပါတယ်။ ကရုဏာသနားခြင်းနဲ့ပြီးပြည့်စုံပြီး၊ တရားမျှတတော်မူတဲ့ ဘုရားရှင် ကသာလျှင်

သူ့ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ အဲဒီရဟန်းကို ဘုရားရှင်ကိုယ်တိုင်ပဲ စီရင်တော်မူမှာဖြစ်တယ်။ ရဟန်းတစ်ပါးကို စီရင်ဆုံးဖြတ်ကြတယ်ဆိုရင်

ဘုရားရှင်ကို စီရင်ဆုံးဖြတ်တာနဲ့ အတူတူပါပဲ။ အဲဒီလို လုပ်ကြမယ့်အစား ရဟန်းဘက်ကနေ ရပ်တည်ကူညီပေးပြီး ဝိုင်းဝန်းပြုပြင်ပေးကြရမှာဖြစ်တယ်။

မိမိတို့ရဲ့အပြစ်များအခွင့်လွှတ်ခြင်းရရန်အတွက် အာပတ်ဖြေနားထောင်ပေးသူ ရဟန်းတစ်ပါးကို လည်း ဘယ်တော့မှ မစီရင်၊ မဆုံးဖြတ်သင့်ပါဘူး။

အမိမယ်တော်မာရီးယားထံမှတစ်ဆင့် အဲဒီရဟန်းအတွက် အမြဲဆုတောင်းပေးတာ ပိုပြီးကောင်းမွန်ပါလိမ့်မယ်။

ရဟန်းတစ်ပါးရဲ့ အပြစ်တွေကိုလည်း သွားပုပ်လေလွင့် မပြောမိပါစေနဲ့။

အဲဒီ ရဟန်းရဲ့ လုပ်ရပ်တွေဟာ မှားနေတဲ့အခါ လူသိရှင်ကြား ဝေဖန်ရှုတ်ချလိုက်ခြင်းဟာ

လူသားခြင်းတစ်ယောက်အပေါ်တစ်ယောက် ထားရှိသင့်တဲ့ ကရုဏာသနားခြင်းက ဘယ်ရောက်သွားတုန်း။

ကက်သလစ်ရဟန်းတွေဟာ ဘုရားရှင်ရဲ့ကိုယ်စားလှယ် (ဘုရားသားတော်) တွေဖြစ်တာကြောင့် ရဟန်းတော်များကို ကဲ့ရဲ့၊ ပြစ်တင်၊ ဝေဖန်၊ ရှုတ်ချလိုက်ခြင်းဟာ ဘုရားရှင်ရဲ့စိတ်တော်ကို ထိခိုက်ညှိုးနွမ်း စေတာနဲ့တူပါတယ်။

တကယ်လို့များ တစ်စုံတယောက်ယောက်က ရဟန်းတစ်ပါးကို ဝေဖန်ပြစ်တင်သံများ ကြားမိခဲ့ရင် အဲဒီရဟန်းတော်အတွက် "ဂုဏ်ကျေးဇူးတော်နှင့်ပြည့်စုံတော်မူသော" မေတ္တာဖြင့် ရွတ်ဆို ဆုတောင်းပေးလိုက်တာ ပိုပြီးကောင်းမွန်ပါလိမ့်မယ်။

ကက်သလစ်ရဟန်းတစ်ပါးဟာ မထိုက်တန်ဘဲနဲ့ မစ္ဆားတရားတော်ကို ကျင်းပနေတာကိုတွေ့မြင်၊ သိမြင်လိုက်တဲ့အခါ သူ့အကြောင်းကို ဘုရားထံသာ တိုင်တည်၍ပြောလိုက်ပါ။

ဘာဖြစ်လို့လဲဆိုတော့ ဘုရားကိုယ်တိုင်က အဲဒီ ရဟန်းနဲ့အတူ ယစ်ပလ္လင်တော်မှာ စံပယ်တည်ရှိနေလို့ပါပဲ။

ကက်သလစ်ရဟန်းတော်တွေဟာ ဖြူစင်စွာနဲ့ သူတို့တွေရဲ့ဘဝတွေကို စောင့်ထိန်းနိုင်ဖို့ ဝိုင်းဝန်း ဆုတောင်းပေးကြပါ။

အဲဒါမှ ကက်သလစ်ရဟန်းတွေဟာ သန့်ရှင်းမြင့်မြတ်တဲ့ မစ္ဆားပူဇော်ခြင်းကို ဖြူစင်တဲ့နှလုံးသားနဲ့အတူ၊ သန့်ရှင်းတဲ့လက်တစ်စုံနဲ့ ထိုက်တန်စွာကျင်းပနိုင်မှာဖြစ်တယ်။

ဒါပေမယ့်လည်း မသန့်ရှင်း၊ မထိုက်တန်တဲ့ ရဟန်းတစ်ပါးက မစ္ဆားတရားတော်ကို ကျင်းပနေတယ်ဆိုရင်တောင်မှ မစ္ဆားတရားတော်တွင် တက်ရောက်ပါဝင်ဆုတောင်းနေတဲ့ ယုံကြည်သူသားသမီးတို့ ခံစားရရှိမယ့်

ကျေးဇူး တော်များဟာ တစ်ပြားမှမလျော့သွားနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ စက္ကရမင်းတူးတစ်ပါးရဲ့ တရားဝင် ဖြစ်မှု၊

ထမြောက်အောင်မြင်မှုဟာ ရဟန်းတစ်ပါးရဲ့သန့်ရှင်းမြင့်မြတ်ခြင်းအပေါ်၌ မူတည်ခြင်းမဟုတ်ပါ။

သို့ပေမယ့် အဆိုပါ ရဟန်းတော်မှာ မှန်ကန်သောရည်ရွယ်ချက်ပါရှိရခြင်းနဲ့အတူ အသင်းတော်ကနေ ချမှတ် ထားတဲ့ ဝိနည်းဥပဒေများအတိုင်း လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

ကက်သလစ်ရဟန်းတော်များအတွက် ဆုတောင်းပေးကြပါစို့ ...................................

Add new comment

2 + 4 =