ရူပါရုံမြင်ေ သာ စိန်ဂျိုးဇက် သီလရှင်အသင်းဂိုဏ်းအတွက် သီလရှင်အသစ် (၃) ပါးရရှိခဲ့ခြင်းသတင်း ။

ရူပါရုံမြင်သော စိန်ဂျိုးဇက်သီလရှင် အသင်းဂိုဏ်းအတွက်သီလရှင်အသစ် (၃)ပါးရရှိခြင်းသတင်း။


စိန်ဂျိုးဇက် သီလရှင်အသင်းဂိုဏ်းမှ သီလရှင် (၃)ပါး၏ ပထမကတိသစ္စာခံယူခြင်း မစ္ဆားတရားကို ၂၀၁၉ ၊ ဇွန်လ (၁၇) ရက်နေ့က ပြင်ဦးလွင်မြို့ ရွှေနှလုံးတော်ဘုရားကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။ မစ္ဆားတရားကို မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီး နီကောလားစ် မန်ထန်းမှ ဦးဆောင်ခဲ့ပြီး ရပ်နီး ရပ်ဝေးမှ ဘုန်းတော်ကြီး အပါး (၂၀) နီးပါး ပါဝင်ခဲ့ပါသည်။

အခမ်းအနားတွင် စိန်ဂျိုးဇက် အသင်းဂိုဏ်းဝင်များ ၊ ဂိုဏ်းအသီးသီးမှ သီလရှင်များ ၊ ကိုရင်များ ၊ စစ္စတာရ်လောင်းများ ၊ မိဘဆွေမျိုးများနှင့် ဓမ္မမိတ်ဆွေများ ပါဝင်တက်ရောက်ခဲ့ပါသည်။

မစ္ဆားတရားကို နံနက် (၆း၃၀)တွင် စတင်ခဲ့ပါသည်။

ဂိုဏ်းချုပ်ဆရာတော်ကြီး နီကောလားစ် မန်ထန်းမှ သြ၀ါဒ တရားရေအေး တိုက်ကျွေးခဲ့ရာ၌ “ မိမိတို့ လူသားများအကြား ၊ အဖွဲ့အစည်းများအကြား အချင်းချင်း လုပ်ငန်းဆောင်တာများ လုပ်ဆောင်ကြရာ၌ ချစ်ခြင်းမေတ္တာကို အခြေခံ၍ အချင်းချင်းကြား မေတ္တာထား လုပ်ဆောင်ကြရန် လိုအပ်ကြောင်း ၊ သူတော်စင်ဘ၀ဆိုတာ မိမိကိုယ်ကို ထက် အများအတွက် ပေးဆပ်လုပ်ဆောင်ရမယ့် ဘ၀ မျိုးဖြစ် ကြောင်း၊ မိမိစိတ်ဟာ မကောင်းတဲ့အရာ များမတွေးတော၊ မလုပ်ဆောင်မိရန်အတွက် စိတ်ကို အနားမပေးဘဲ ဆုတောင်းခြင်း ၊ ဘုရားသခင်ထံ အမြဲမပျက် အာရုံပြုခြင်းမျိုးဖြင့် နေထိုင်အသက်ရှင်ရန် လိုအပ်ကြောင်းကို တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။

သြ၀ါဒ တရားရေအေး တိုက်ကျွေးပြီးနောက် ပထမ ကတိသစ္စာခံယူခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့ ပါသည်။သီလရှင်လောင်းများသည် အသင်းဂိုဏ်းအကြီးအကဲများနှင့် ဆရာတော်ကြီးမှ မေးသော မေးခွန်းများကိုဖြေကြားခဲ့ပြီးနောက် သီလရှင်များအဖြစ်သို့ ရောက်ရှိခဲ့ကြပါသည်။ အသင်ဂိုဏ်းတည် ထောင်ခဲ့သူ စိန်အယ်မလီ ပြသခဲ့သော အသင်း၏ စိတ်ဓာတ်နှင့်အညီ မေတ္တာတရား လုပ်ငန်း အမျိုးမျိုး အား လုပ်ဆောင်မည့်အကြောင်းကို အသင်းတော်၏ ရှေ့မှောက်၌ တစ်နှစ်တာ ယာယီသစ္စာ ဆိုခဲ့ကြ ပါသည်။

သီလရှင် အသစ်သုံးပါးထဲမှ Sr.Veronica မာစိန် သည် လားရှိုးသာသနာမှဖြစ်ပါသည်။ Sr.Veronica သည် မောင်နှမဆယ်ဦးရှိသည့်အနက် ကိုးယောက်မြောက်သမီးရတနာတစ်ပါးဖြစ်ပါသည်။ ၎င်းတို့ မောင်နှမ ဆယ်ယောက်အနက် ညီမလေးယောက်သည် သီလရှင်များဖြစ်သည်ဟု သိရပါသည်။ Sr. Veronica က သူမအနေနဲ့ သူတော်စင်ဘောင်သို့ ၀င်ရောက်ရခြင်းမှာ “ လူတိုင်းက ကိုယ့်သမိုင်း ကိုယ်ရေးရတယ်။ ကျမကို သူများတွေက အမတွေက သီလရှင်ဖြစ်လို့ သူတို့ရဲ့ ပြောစကားတွေကြောင့် သူတော်စင်ဘောင်ဝင်တယ်လို့ထင်ကြတယ်။အဲ့ဒါက မဟုတ်ပါဘူး။ ကျမအနေနဲ့ သူတို့နဲ့ အဆက် အသွယ်ရှိပါတယ်။ သူတို့က ကျမကို သူတော်စင်ဘောင် ၀င်လို့လည်းမပြောဘူး ၊ မ၀င်နဲ့လို့လည်း မတားကြပါဘူး ။ ကျမစိတ်နဲ့ ကျမဆုံးဖြတ်ခဲ့တာဖြစ်တယ်။ဘာလို့ ရွေးချယ်ခဲ့လဲဆိုရင် ဘုရားသခင် ပေးထားတဲ့အသက်တာကို ဘုရားသခင်ကို ပြန်ဆက်ကပ်ချင်တဲ့ စိတ်ဆန္ဒတစ်ခုတည်းနဲ့ သူတော်စင်ဘ၀ကို လျှောက်လှမ်းခြင်းဖြစ်တယ် ” လို့ စစ္စတာရ် က သူမ၏ သူတော်စင်ဘောင်ဝင်ရခြင်း အကြောင်းအရင်းကိုပြောပြခဲ့ပါသည်။

Sr.Theresa Ja Seng Nan သည် လားရှိုးသာသနာမှဖြစ်ပါသည်။

စစ္စတာရ်က သူတော်စင်ဂိုဏ်းမြောက်များစွာရှိသည့်အထဲမှ  စိန်ဂျိုးဇက်အသင်းဂိုဏ်းကို ရွေးချယ်ရခြင်း ဟာ “ စိန်ဂျိုးဇက်မှာက မေတ္တာတရားနဲ့ အရင်းခံပြီး လုပ်တဲ့လုပ်ငန်းမှန်သမျှကို လုပ်လို့ရတယ်။ ရွေးချယ်စရာတွေများတယ် ကိုယ်က စက်ချုပ်တတ်ရင် စက်ချုပ်တဲ့အပိုင်း၊ စာသင်တတ်ရင် စာသင်တဲ့ အပိုင်း ၊ အဲ့ဒီလိုမျိုး ကိုယ်ကျွမ်းကျင်ရာ ၊ ကိုယ်ဝါသနာပါတဲ့အရာမျိုးမှာ မေတ္တာ စိတ် အပြည့်အ၀ ထားပြီး လုပ်လို့ရနိုင်တဲ့အတွက် ကိုယ်တတ်တဲ့ အရာနဲ့ အပြည့်အ၀ပြန်ပေးဆပ်နိုင်မယ်လို့ ယုံကြည်တဲ့ အတွက်  ဒီအသင်းဂိုဏ်းကိုရွေးချယ်ခဲ့ခြင်းဖြစ်တယ် ” လို့ စစ္စတာရ်က  စိန်ဂျိုးဇက်သီလရှင်တစ်ပါး လုပ်ဖြစ်ရခြင်းအကြောင်းကို ပြောပြခဲ့ပါသည်။

Sr.Lucy ဒမ်ဒိတ်ဟောက်သည် ကလေးသာသနာမှဖြစ်ပါသည်။ စစ္စတာရ်က “ သူတော်စင်ဘ၀ကို ရွေးချယ်တဲ့အခါမှာ အခက်အခဲတွေတော့ ရှိတာပေါ့ ။ ကိုယ့်ကိုကိုယ် လုပ်နိုင်ပါ့မလားဆိုတဲ့ စိတ်တွေ လည်းဖြစ်မိခဲ့တယ်။ ရွေးချယ်ပြီး တဲ့အခါမှာလည်း ကိုယ့်ကိုကိုပေးဆပ်ရတာတွေ အများကြီးရှိတယ်။ အပြင်လူတွေကိုကြည့်ပြီး အားကျတာတွေလည်းရှိခဲ့တယ်။ ဒါပေမယ့် ကိုယ်ရွေးရမယ့်လမ်းဟာ သူတော်စင် ဘ၀ဖြစ်နေတဲ့အတွက် ကိုယ့်ရဲ့စိတ်ဆန္ဒကို အရင်ဆုံး စွန့်လွှတ်ရတယ်။ ငြင်းပယ်ရတယ်။ ကိုယ့်ရဲ့အလိုဆန္ဒတွေကိုပူဇော်ရတယ်။သူတော်စင်ဘ၀ကိုမြတ်မြတ်နိုးနိုးနဲ့ လျှောက်လှမ်းနိုင်ဖို့အတွက် ကိုယ်တစ်ဦးတစ်ယောက်ထဲနဲ့မဖြစ်နိုင်ပါဘူး။ဘုရားမပါရင်ဘယ်အရာမှမပြီးဘူးဆိုတာကိုယ့်စိတ်ထဲမှာ အမြဲတမ်းသွင်းထားပြီးတော့ ဘုရားနဲ့ အမြဲပေါင်းစပ်ပြီး အခြားသူဆီမှာလည်းဆုတောင်း မေတ္တာကို ခံယူတယ်။သူတို့ရဲ့ဆုတောင်းမေတ္တာအားဖြင့်ဒီဘ၀ကိုချောချောမောမောလျှောက်လှမ်းနိုင်မှာဖြစ်တယ်။နောက်ကိုယ့်ကိုကြည့်တဲ့ အကြီးအကဲတွေရဲ့ ဆုတောင်းမေတ္တာ သူတို့ရဲ့လမ်းပြမှုတွေ အားဖြင့် ဒီသူတော်စင်ဘ၀ကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။   ဒီနေ့လိုမျိုး ပထမသစ္စာ ခံယူ နိုင်ဖို့ရန် အတွက် ပထမဦးဆုံး ဘုရားဆီကနေ ခွန်အားတောင်းရတယ်။ အဓိကတော့ ကိုယ်နဲ့ဘုရားနဲ့ အမြဲပေါင်းစပ်နေဖို့လိုအပ်တယ် ” ဟု စစ္စတာရ်က သူတော်စင်ဘ၀ရွေးချယ်ရာမှာ အခက်ခဲတချို့နှင့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းပုံကို ပြောပြခဲ့ခြင်းဖြစ်ပါသည်။

စိန်အယ်မလီပြောကြားခဲ့သော “ သွား၍ သင်တို့၌ရှိသမျှနှင့် အကောင်းပြကြလော့ ” ဆိုသည့်အတိုင်း သီလရှင်သစ် သုံးပါးအား မြန်မာနိုင်ငံလုံးဆိုင်ရာ စိန်ဂျိုးဇက် သီလရှင်အသင်းဂိုဏ်းအကြီးအကဲ Sr.Madagline Lim မှ စေလွှတ်ခြင်းပြုရာ၌ Sr.Veronica မာစိန်သည် မြစ်ကြီးနားသို့၎င်း၊ Sr.Theresa Ja Seng Nan သည် မန္တလေးသို့၎င်း၊ Sr.Lucy ဒမ်ဒိတ်ဟောက်သည် ဇော်ဂျီသို့၎င်း အသီးသီး တာဝန်ပေးအပ်ခြင်းကို ခံရပါသည်။

Pinky (MDY-OSC / RVA Myanmar)

 

Add new comment

1 + 7 =